ဆောင်းပါး

အဂတိ တိုက်ဖျက်ရေး ကော်မရှင် တနှစ်ပြည့်ပြီ

Want create site? Find Free WordPress Themes and plugins.

လာဘ်စားသည့် နိုင်ငံရေးရာထူး ယူထားသူများနှင့် အစိုးရဌာန အရာရှိများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ပြီးခဲ့သည့် တနှစ်ခွဲကျော်အတွင်း ဖမ်းဆီးစစ်ဆေး အရေးယူခဲ့ခြင်းကြောင့် လူထုက ကော်မရှင်အပေါ် အကျင့်ပျက်ခြစားမှုများကို အမှန်တကယ် တိုက်ဖျက်မည့် အဖွဲ့အစည်းအဖြစ် ယုံကြည်မှု တိုးလာခဲ့သည်။

ကော်မရှင်သို့ ပြည်သူများ ပေးပို့ခဲ့သည့် များပြားလှစွာသော တိုင်ကြားစာများက ထိုမျှော်မှန်းချက်ကို သက်သေ ပြနေသည်။

၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က ရရှိခဲ့သည့် တိုင်ကြားစာမှာ ၁၀၅၄၃ စောင်ရှိပြီး ၂၀၁၇ ခုနှစ်ကထက် ငါးဆကျော် ပိုမိုမြင့်မားသည်။ ထိုအရေအတွက်သည် ကော်မရှင်က လက်ခံရရှိခဲ့သည့် နှစ်အလိုက် တိုင်ကြားစာများတွင်လည်း အမြင့်ဆုံးဖြစ်သည်။

သို့သော် ကော်မရှင်၏ ၂၀၁၈ ခုနှစ် နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို မကြာသေးခင်က လွှတ်တော်တွင် ဆွေးနွေးရာတွင် ကော်မရှင်၏ တိုင်ကြားစာများအပေါ် ဆောင်ရွက်မှုများနှင့် ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုအပေါ် စုံစမ်းစစ်ဆေးမှုများကို လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ကြသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်ချက်အရ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း တရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံ၏ အရင်းအမြစ်များကို လွဲမှားစွာ စီမံခန့်ခွဲမှု၊ ပြည်သူ့ ဘဏ္ဍာကို နစ်နာဆုံးရှုံးစေမှု တို့သည် အဂတိလိုက်စားမှု မြောက်သော ပြစ်မှုဖြစ်သည်။

ှထိုနှစ်ပတ်လည် အစီရင်ခံစာအရ ကော်မရှင်သည် ၂၀၁၈ ခုနှစ်အတွင်း ရရှိခဲ့သည့် တိုင်ကြားစာ ၁၀၅၄၃ စောင်အနက် ၄၆ စောင်ကိုသာ စုံစမ်းစစ်ဆေး အရေးယူနိုင်ခဲ့ပြီး ၁၇၉၅ စောင်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်နယ်၊ တိုင်း အစိုးရအဖွဲ့များသို့ လွှဲပြောင်းပေးပို့ခဲ့သည်။

ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် သက်ဆိုင်ခြင်း မရှိသောကိစ္စများ၊ တရားရုံး ရင်ဆိုင် စစ်ဆေးဆဲ ကိစ္စများ၊ အရေးကြီးသော သက်သေခံချက် တစုံတရာပါဝင်မှုမရှိခြင်း၊ တိုင်ကြားသူ အချက်အလက် မပြည့်စုံသော တိုင်ကြားမှုများ အပါအဝင် တိုင်ကြားစာ ၈၀၉၂ စောင်ကို ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပေ။

ထို တိုင်ကြားမှုများကို မည်သည့်အတွက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်းကို ပြည်သူများထံ ပြန်ကြားခဲ့သည်ဟု ကော်မရှင်က ဆိုသည်။ ကျန်တိုင်ကြားစာ ၆၁၀ ကိုမူ ဆက်လက် စိစစ်နေဆဲဟု သိရသည်။

နိုင်ငံအနှံ့ အဂတိလိုက်စားမှုများ ပြန့်နှံနေသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ကော်မရှင်၏ တနှစ်တာအတွင်း ဖော်ထုတ် စစ်ဆေးအရေးယူ နိုင်ခဲ့မှုသည် လူထုက မျှော်လင့်ချက် ကြီးသလောက် နည်းပါးနေသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြခဲ့ကြသည်။

သို့သော် ကိုယ်စားလှယ်အများစု ဝေဖန်ခဲ့ကြသည်က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့် တိုင်းအစိုးရများသို့ ကော်မရှင်က လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာများ အပေါ် ဆောင်ရွက်မှုပင် ဖြစ်သည်။

“အဂတိနဲ့ ပတ်သက်ပြီး တိုင်ကြားစာတွေကို လွှဲပြောင်းပေးတာ အများကြီး တွေ့ရပါတယ်။ အဲဒီဌာနတွေဟာ ကိုယ့်ဌာနမှာ အဂတိ လိုက်စားမှု ကျူးလွန်နိုင်တဲ့ ယိုပေါက်တွေကို သူတို့တွေ အသိဆုံးပါ။ ဘယ်နေရာမှာ ဘယ်လို အဂတိတရားတွေ ဖြစ်ပေါ်နိုင်တယ် ဆိုတာသိတယ်။ တကယ်လို့သာ အဲဒီ ဌာနတွေအားလုံးက အဂတိ လိုက်စားမှုကို တာဝန်သိသိနဲ့ အရင်ကတည်းက လုပ်ခဲ့ရင် ဒီ ကော်မရှင်တောင် ဖွဲ့စရာမလိုပါဘူး” ဟု စစ်ကိုင်းတိုင်းမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ္ဋ် က လွှတ်တော်သို့ပြောသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က လွှတ်တော် ကိုယ်စားလှယ်များ စိုးရိမ်သကဲ့သို့ ဌာနတွင်း အဂတိလိုက်စားမှု ရှိနေသည့်အခါ ဌာနများ၏ တုံ့ပြန်မှုများက အားရစရာ မကောင်းတာ ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို တနင်္လာနေ့က ပြန်လည် ရှင်းလင်းစဉ် ပြောဆိုခဲ့သည်။

ဝန်ကြီးဌာနများနှင့် ပြည်နယ်တိုင်း အစိုးရများသို့ လွှဲပြောင်းပေးခဲ့သော တိုင်ကြားစာ ၁၇၉၅ စောင်အနက် နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားလာသည်က ၅၃၆ မှုသာရှိသည်။

အစီရင်ခံစာအရ ရန်ကုန်တိုင်း အစိုးရသည် ပြည်နယ်တိုင်း အစိုးရများတွင် အမှုအများဆုံး လွှဲပြောင်း ပေးအပ်ခံရပြီး ၁၉၇ မှု လွှဲပြောင်း ပေးအပ်ခံရကာ ၎င်းတို့အနက် ၂၅ မှုကိုသာ ဖြေရှင်းခဲ့သည်။

ဝန်ကြီး ဌာနများတွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် တိုင်ကြားစာ အများဆုံး လွှဲပြောင်းပေးအပ်ခံရပြီး ၂၄၉ မှု လွှဲပြောင်း ပေးအပ်ခံရကာ ၁၄၉ မှုကို အရေးယူ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် လွှဲပြောင်းပေးပို့လိုက်သည့် အမှုများကို ဝန်ကြီးဌာနနှင့် ပြည်နယ်နှင့်တိုင်း အစိုးရများက အရေးယူရာတွင် စာဖြင့် သတိပေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဌာနပြောင်းခြင်း၊ ရာထူးတိုး ဆိုင်းငံ့ခြင်း စသဖြင့် အရေးယူခဲ့ပြီး အနည်းငယ်ကိုသာ အလုပ်မှ ထုတ်ပယ်ခဲ့သည်။

“ဝန်ကြီးဌာနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေက အရေးယူတာမှာ သက်သက်ညှာညှာ အရေးယူပေးခဲ့တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာက ဝန်ကြီးဌာနတွေ တိုင်းနဲ့ပြည်နယ် အစိုးရ နယ်ပယ်အသီးသီးမှာ အဂတိ လိုက်စားမှု မရှိလို့လား၊ ရှိလျက်နဲ့မသိလို့လား၊ သိလျက်နဲ့ ဖုံးဖိထားတာလား၊ ဒါမှမဟုတ် ကိုယ်တိုင် ပါဝင်ပတ်သက် နေလို့လားလို့ တွေးမိပါတယ်” ဟု ရခိုင်ပြည်နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေက ဝေဖန်သည်။

ထိုကဲ့သို့ ဌာနတွင်း သက်ညှာသော အရေးယူမှုများက ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ကြသည်။

ကော်မရှင် အနေဖြင့် လွှဲပြောင်း ပေးပို့လိုက်သည့် အမှုများကို စောင့်ကြည့်ရန်နှင့် အဆိုပါ ဝန်ကြီးဌာနများနှင့် ပြည်နယ်တိုင်း အစိုးရများက ဆောင်ရွက်မှုများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်များက တိုက်တွန်းကြသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက် များတွင်လည်း ဌာနများအတွင်း အောက်မှ အထက်သို့ ပံ့ပိုးပေးမှုများ တွေ့နေရသလို၊ အောက်ခြေက အကျင့် ဖောက်ဖျက်မှုကို ကျူးလွန်သည့်အခါ အထက်က လာစစ်ဆေးသည့် အရာရှိများ ကိုယ်တိုင်က ဖြစ်ရပ်မှန်ကို ဖော်ထုတ် စစ်ဆေး အရေးယူရမည့်အစား ကျူးလွန်သည့် အပြစ်များကို ဖုံးဖိပြုပြင်ပေးပြီးမှ ပေါ့လျော့အောင် ပြုလုပ်ပေးခြင်း များကိုလည်း တွေ့ရှိရကြောင်း တနင်္လာနေ့က ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက ကော်မရှင်သည် ထိုသို့ ဖုံးကွယ်ပေးမှုများကိုလည်း အရေးယူနိုင်ရန် ဆောင်ရွက် နေကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

ကော်မရှင်၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပထမတနှစ်တာ ဆောင်ရွက်ချက်သည် အားရစရာ တိုးတက်မှု မရှိကြောင်း ဧပြီလ ၂၉ ရက်နေ့က နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်တွင် ဖတ်ကြားစဉ် ဦးအောင်ကြည်က ပြောခဲ့သည်။

အဂတိ လိုက်စားမှုများကို အမြဲမပြတ် စောင့်ကြည်ရေးနှင့် သုံးသပ် အကဲဖြတ်နိုင်ရေး အတွက် ကော်မရှင်သည် တတိယ အဖွဲ့အစည်း တခုကို လုပ်ငန်းအပ်နှံ၍ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလကုန် အထိ ချင်းပြည်နယ်မှ အပ မြန်မာနိုင်ငံ တဝန်းလုံးတွင် စစ်တမ်းတခုကို ကောက်ယူခဲ့သည်။

ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က “အဆိုပါ စစ်တမ်းအရ အဂတိ လိုက်စားမှုဟာ ၂၀၁၈ ခုနှစ် အကုန်အထိ သိသိသာသာ ကျဆင်းသွားခြင်း မရှိသေးဘဲ၊ အရင်အတိုင်း ဆက်ရှိနေတာ တွေ့ရပါတယ်” ဟု လွှတ်တော်တွင် ပြောသည်။

စစ်တမ်းတွင် ဖြေဆိုသူများက အဂတိလိုက်စားမှု ဖြစ်စေသည့် အဓိက အကြောင်းရင်းမှာ ထိရောက်စွာ အရေးယူမှု အားနည်းခြင်းနှင့် တချို့နေရာများတွင် တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့ ဖြစ်သည်ဟု မြင်ကြပြီး ကိုယ်ကျိုးရှာ စိတ်ဓာတ်နှင့် အပြောင်းအလဲကို ခုခံခြင်းတို့သည်လည်း အဂတိ လိုက်စားမှု ဖြစ်စေသော အခြားအကြောင်းအရင်း အဖြစ် မြင်ကြသည်။

ကော်မရှင် ဥက္ကဋ္ဌက ယခုနှစ်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ကတိပြုသည်။

အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက် ခြစားမှုများကို ထုတ်ဖော် သတင်းပေးသူများအား အကာအကွယ်ပေးရေး ဥပဒေကြမ်း ကိုလည်း ကော်မရှင်က ဦးဆောင်ပြီး ရေးဆွဲနေကြောင်းလည်း ပြောသည်။

“စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်းကိုလည်း ပိုမိုထိရောက်စွာ တိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ဦးအောင်ကြည်က ပြောသည်။

ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် ရဲ၊ တရားရုံး၊ ထွေအုပ်၊ လဝက၊ မြေစာရင်း ကျန်းမာရေး ဌာန စသည်တို့၏ အဂတိလိုက်စားမှုများက ထင်သာမြင်သာ ရှိသည့်အတွက် အရေးယူခံရသော်လည်း ငွေလုံးငွေရင်း ဘတ်ဂျက်ကို ကိုင်တွယ် သုံးစွဲနေသည့် ဌာနများ၏ အဂတိတရားကို လူသိနည်းပြီး အတိုင်ခံရမှု နည်းနေကြောင်း မွန်ပြည်နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောသည်။

စီမံခန့်ခွဲမှု အလွဲများကြောင့် ဖြစ်ပေါ်လာရသည့် ကိစ္စတော်တော်များများကို လွှတ်တော်ထဲတွင် လွှတ်တော် ကိုယ်စားလှယ်များက မကြာခဏ ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့ခြင်းများ ရှိကြောင်း သူကပြောသည်။

“ပြည်သူ့ဘဏ္ဍာကို သုံးစွဲနေတဲ့ ဌာနတွေရဲ့စီမံခန့်ခွဲမှုအလွဲ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းအတိုင်း မဆောင်ရွက်ခဲ့တဲ့ အလွဲတွေကြောင့် နိုင်ငံရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေ ဆုံးရှုံးရတာ၊ ပြည်သူတွေ ထိခိုက်နစ်နာ ခဲ့ရတာ အများအပြား ရှိပါတယ်။ အခုထိလည်း ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ကော်မရှင်ကလည်း ဒီထက်ပိုပြီး အလေးဂရု ပြုစေချင်ပါတယ်” ဟု သူက ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (က) ၂ အရ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း တရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံ၏ အရင်းအမြစ်များကို လွဲမှားစွာ စီမံခန့်ခွဲမှု၊ ပြည်သူ့ဘဏ္ဍာကို နစ်နာ ဆုံးရှုံးစေမှုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဖြင့် အရေးယူ ဆောင်ရွက်နိုင်သည်။

တံစိုးလက်ဆောင် ရယူခြင်းမျိုး မဟုတ်ဘဲ နိုင်ငံဘဏ္ဍာ ဆုံးရှုံးနစ်နာအောင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး တည်ဆဲဥပဒေ စည်းမျဉ်း တရပ်ရပ်ကို ချိုးဖောက်နေမှုများက ပုဒ်မ ၃ (က) ၂ အရ အဂတိမြောက်သဖြင့် တိုင်ရဲဖို့ လိုသလို၊ မတိုင်ပါကလည်း အရေးယူနိုင်ရေးအတွက် နည်းလမ်းရှာရန် ကချင်ပြည်နယ်မှ NLD လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ကော်မရှင်ကို တိုက်တွန်းသည်။

“စာရင်းစစ်လိုက်လို့ မသမာမှုတွေ့တာနဲ့ တိုင်တာကို စောင့်မနေဘဲ၊ ကော်ရှင်အနေနဲ့ စုံစမ်းစစ်ဆေးဖို့လိုတယ်” ဟုလည်း သူက ပြောသည်။

၂၀၁၈ ခုနှစ် ဇွန်လက ပြဋ္ဌာန်းခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ စတုတ္ထ ပြင်ဆင်ချက်အရ ကော်မရှင်သည် ကျော်စောသတင်းအရ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်းတရပ်ရပ်တွင် တယောက်ယောက်က အဂတိလိုက်စားမှုနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား ရှိနိုင်သည်ဟု ယုံကြည်လျှင် စုံစမ်းစစ်ဆေးနိုင်ရန် ကျယ်ပြန့်သော အခွင့်အာဏာလည်း ရရှိခဲ့သည်။

ယခင်က ကော်မရှင်သည် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် တိုင်ကြားသူရှိမှသာ အဂတိလိုက်စားမှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနိုင်သည်။

ရန်ကုန်တိုင်းအစိုးရ၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်အပေါ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသော ပြည်သူ့ဘဏ္ဍာ ကျပ် ဘီလျံပေါင်းများစွာ ဆုံးရှုံးမှုကို ကျော်စောသတင်းအဖြစ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုကို ကော်မရှင်က ၂၀၁၈ ခုနှစ် အောက်တိုဘာလက လက်ခံရရှိခဲ့သည်။ ထို တိုင်ကြားမှုကို ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးဖြစ်ပြီး Yangon Watch အဖွဲ့ကို တည်ထောင်သူ ဒေါ်ညိုညိုသင်းက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကော်မရှင်က စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာပါ စုံစမ်းတွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြပြီးနောက် သက်ဆိုင်ရာ အစိုးရဌာနတို့က လိုက်နာပြုပြင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ရှိပြီး အဆိုပါလုပ်ငန်းစဉ်များ မပြီးပြတ်သေးသည့် ကိစ္စဖြစ်နေခြင်းနှင့် စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေမပြဌာန်းမီက ကိစ္စ ဖြစ်နေခြင်း တို့ကြောင့် အဆိုပါတိုင်ကြားစာကို အရေးယူ ဆောင်ရွက်ရန် မရှိသေးကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ယခုအချိန်အထိ စာရင်းစစ်ချုပ်အစီရင်ခံစာပါ တွေ့ရှိချက်များနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက ၎င်းတို့ အရေးယူဆောင်ရွက်ထားမှုများအပေါ် တရားဝင်ပြန်လည်ရှင်းလင်းခြင်း မရှိသေးပေ။

“ကော်မရှင်အနေနဲ့ အရေးယူမှုတချို့ ပြုလုပ်နိုင်တာကို အသိအမှတ် ပြုရမှာဖြစ်ပေမယ့် ပြည်သူလူထုရဲ့ ယုံကြည်အားထားမှု ရရှိဖို့ဆိုရင်တော့ ကျောသားရင်သား မခွဲခြားဘဲ ပိုမိုထိရောက်စွာ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အကြံပြုလိုပါတယ်” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး လှနိုင်က လွှတ်တော်တွင် ပြောသည်။

NLD လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ၎င်း၏ မဲဆန္ဒရှင်များက တပ်မတော်နှင့် ပတ်သက်သော တိုင်ကြားမှု ရှိလာပါက ကော်မရှင်က အရေးယူနိုင်ခြင်း မရှိသည်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်နေကြောင်း လွှတ်တော်တွင် ပြောသည်။

ကော်မရှင် ဥပဒေအရ အဂတိလိုက်စားကြောင်း တွေ့ရှိရသူ မည်သူကိုမဆို ပြစ်ဒဏ်ချမှတ်ခံရမည် ဆိုသော်လည်း လက်တွေ့တွင် ဝန်ကြီးဌာနသုံးခုကို ကိုင်ထားပြီး တပ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ဆောင် နေသည့် တပ်မတော်နှင့် ပတ်သက်သော တိုင်ကြားမှုများ ရှိလာပါမူ မည်သို့မှ အရေး ယူနိုင်ခြင်း မရှိသောကြောင့် တပ်မတော်နှင့် ပတ်သက်သော အမှုများသည် ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ပါဝင်ခြင်း မရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပြောဆို ထားသည်။

စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သည် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုမှ ကင်းလွတ်ခွင့် ရနေပြီး စစ်ဘက် တရားစီရင်ရေးဖြင့်သာ အရေးယူခွင့်ရှိသည်။

“ဥပဒေရဲ့ အထက်မှာ တဦးတယောက် တစုတဖွဲ့ မရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော် ပြဌာန်းထားတဲ့ ဥပဒေအောက်မှာ တန်းတူညီမျှ ရှိဖို့လိုပါတယ်။ တဦးတယောက် တစုတဖွဲ့က ဥပဒေအထက် ရောက်နေရင်တော့ နိုင်ငံသားများရဲ့ ဥပဒေမှာ တန်းတူညီမျှမှု မရှိဘဲ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အမျိုးသား တာဝန်က အောင်မြင်နိုင်မှာ မဟုတ်ပါဘူး” ဟု တနင်္သာရီတိုင်းမှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

(San Yamin Aung ၏ A Look at Anti-Graft Body’s First-Year Performance  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You May Also Like These Stories:

လွှတ်တော်တွင် ဝင်ပါနေ၍ ပြည်သူ မနစ်နာကြောင်း တပ်မတော် ပြော 

အဂတိလိုက်စားမှုများကို မျက်နှာမလိုက်ဘဲ ဖော်ထုတ်ပေးရန် တပ်မတော် တောင်းဆို 

အဂတိမှုများ တိုက်ဖျက်သော်လည်း သိသိသာသာ မကျဟု ကော်မရှင် ဥက္ကဋ္ဌ ပြော

ညွှန်ချုပ်၊ ဒုညွှန်ချုပ်နှင့် ညွန်ကြားရေးမှူး သုံးဦးကို အဂတိမှုဖြင့် အရေးယူ

အဂတိ အမှုဖြင့် အများဆုံး အတိုင်ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို ကော်မရှင်က သင်တန်းပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading