လူအများအပြား လမ်းမများထက် ကားကြိုကားကြားတွင် ဟိုဘက်မှ ဒီဘက်၊ ဒီဘက်မှ ဟိုဘက် စသဖြင့် ဥဒဟို ဖြတ်သန်း နေသည်မှာ ရန်ကုန်မြို့လယ်ကောင် ဆူးလေ ဘုရားလမ်းမ အပါအဝင် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွတိုင်း လိုလိုဖြစ် သည်။
ဆူးလေ ဘုရားလမ်း လူကူးခုံးကျော် တံတားပေါ်မှ ထိုင်ကြည့်လျှင် မီးစိမ်း၍ ဖြတ်သန်း မောင်းနှင်သွားသော ယာဉ်များ ရှေ့ မှပင် လူအများ အပြေးအလွှား ဖြတ်ကူးနေသည်ကို ကြိမ်ဖန်များစွာ တွေ့မြင်နိုင်ပေသည်။
သို့သော် ယခုလအတွင်း ပေါ်ထွက်လာသော သတင်းတခုကြောင့် လူအများကြား လှုပ်လှုပ် ခတ်ခတ် ဖြစ်သွားခဲ့သည်။
မြို့လယ်ရှိ ဆူးလေ လူကူးခုံးကျော် တံတားမှ ဖြတ်သန်းခြင်း မပြုဘဲ လမ်းစည်းကမ်း ဖောက်ဖျက်သူများကို မေလ ၁၅ ရက် မှ စတင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေ ချိုးဖောက်မှုဖြင့် အမြင့်ဆုံး ဒဏ်ငွေ ကျပ် ၃ သောင်း အထိ တပ်ကာ ဒဏ်ရိုက် အပြစ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့က အသိပေး နှိုးဆော်လိုက်ခြင်း ဖြစ်သည်။
ထို့နောက်ပိုင်း မေလ ၁၉ ရက်ဝန်းကျင်က စတင်၍ အပြေးအလွှား လမ်းကူးသူများ မတွေ့ရဘဲ ယာဉ်ထိန်းရဲများ၊ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များကို ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် အုပ်စုလိုက် မြင်တွေ့ နေရ သည်။
ခုံးကျော်တံတားပေါ်မှ ဖြတ်ကူးသူ တဦး ဖြစ်သည့် ကိုထွန်းထွန်းမင်းကို မေးမြန်းကြည့်ရာ“ဖေ့စ်ဘုတ်မှာ တွေ့လို့ မကူးရဲ တာနဲ့ အပေါ်က ကူးတာ။ အောက်က မကူးရဲတော့ဘူးပေါ့။ မကူးရဲဘူး ဆိုတာက ဒဏ်ရိုက်မယ်ဆိုရင် ၃ သောင်းလေ၊ ၃ သောင်းဆိုတာက ကျနော်တို့ တနေကုန် အလုပ်လုပ်ရင် ၃ သောင်းတောင် မရဘူးဆိုတော့ မကူးရဲဘူးပေါ့”ဟု ပြောသည်။
ထို့ကြောင့်ထင်သည် ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရား အနီးတွင် လေးဘက် လေးတန် ဆက်သွယ်ထားသည့် ခုံးကျော် တံတားပေါ်သို့သာ လမ်းသွားလမ်းလာ အများအပြား တက်ရောက် သွားလာနေသည်ကို တွေ့ရသည်။
ထို့ပြင် ယာဉ်ထိန်းတပ်ဖွဲ့နှင့် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များက ခရီးသွားလာသူများ စည်းကမ်းတကျ လမ်းကူးတတ်စေ ရန် ယာဉ်ထိန်းရဲများက ပညာပေးသည့် လုပ်ငန်းစဉ် ပြုလုပ်နေသည်ကိုလည်း တွေ့မြင်ရသည်။
သို့သော်လည်း ညနေပိုင်းသို့ ရောက်သောအခါ မြင်ကွင်းမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ ခုံးကျော် တံတားများ ပေါ်သို့ တက်ရောက်သူ အလွန် နည်းပါးသွားသည်။ ထိုအချိန်တွင် တာဝန်ကျ မီးပွိုင့် စောင့်ကြပ်သူမှ အပ ယာဉ်ထိန်းရဲ အများစု မရှိတော့ပေ။
လူအများစုသည် ယာဉ်ထိန်းရဲများနှင့် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များ ရှိနေသည့်အချိန်တွင်သာ ခုံးကျော်တံတားမှ လမ်း ကူးသော်လည်း ကျန်အချိန်များတွင် လမ်းမများထက်မှပင် ကူးနေဆဲ ဖြစ်သည်။
ခုံးကျော် တံတားများ အသုံးမပြုဘဲ လမ်းဖြတ်ကူးသူများကို ဒဏ်ငွေရိုက်ခြင်း၊ တရက်တာ ဖမ်းဆီးထားပြီး ပညာပေးခြင်း၊ ပညာပေး ဗီဒီယိုများ ပြသခြင်း တို့ကို အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့ အချိန်အထိ မအောင် မြင်သေးပေ။

မအောင်မြင်ရသည့် အကြောင်းရင်းတွင် ခုံးကျော် တံတားများ၏ လိုအပ်ချက်လည်း တစိတ်တပိုင်း ပါဝင်ကြောင်း သိရှိရ သည်။
ကိုထွန်းထွန်းမင်းကပင်“လူငယ်တွေ အတွက်ကတော့ အပေါ်က ကူးရတာက ပြဿနာ မရှိဘူး။ အန္တရာယ်လည်း ကင်း တယ်ပေါ့။ ဒါပေမယ့် အသက်အရွယ် ရတဲ့သူတွေ ကျန်းမာရေး မကောင်းတဲ့သူတွေကတော့ တက်ရဆင်းရတာတော့ မလွယ်ဘူး”ဟု ဆိုသည်။
နောက်ပိုင်း ဆောက်လုပ်သော လူကူးခုံးကျော် တံတား တချို့တွင် စက်လှေကားများ ထည့်သွင်း တပ်ဆင်လာသည် ကိုတော့ တွေ့ရသည်။
သို့သော်လည်း အဆိုပါ စက်လှေကားများကို အတက် အတွက်သာ တပ်ဆင်ထားသည်မက အကြောင်းပြချက် ကြေညာ ထားခြင်း မရှိဘဲ ရပ်တန့်နေတတ်သည့် အချိန်များလည်း ရှိနေပါသည်။
စက်လှေကား တပ်ထားသော ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းအနီးရှိ လူကူး ခုံးကျော်တံတားကို ညွှန်ပြရင်း တာမွေ မြို့နယ် နေထိုင်သူ ကိုမျိုးသော်က“မီးပျက်လို့လား ဘာလား မသိ။ ဒီတံတား ရောက်တိုင်း ကြည့်လိုက်ရင် စက်လှေကား ကတော့ ရပ်နေတာပဲ”ဟု ပြောသည်။
အသုံးပြုသူ နည်းပါးလွန်းသည့် လမ်းမတော်မြို့နယ် လမ်းဆုံရှိ လမ်းမတော် စတုဂံ လူကူးခုံးကျော်တံတား ဆိုလျှင် လှေခါးထစ်ပေါင်း ၅၀ ခန့်ဖြင့် တည်ဆောက်ထားပြီး စက်လှေကားလည်း ပါဝင်ခြင်း မရှိချေ။
အဆိုပါ တံတား အပါအဝင် ရန်ကုန်မြို့တွင် ထပ်မံ တည်ဆောက်ထားသည့် လူကူးခုံးကျော်တံတား အများစုသည် ကျပ် သိန်း ထောင်ချီ အကုန်ကျ ခံတည်ဆောက်ထားခြင်း ဖြစ်သည့်အပြင် ထပ်မံ၍ တည်ဆောက်ရန် အစီအစဉ် ရှိနေကြောင်း လည်း သိရသည်။
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပန်းဆိုးတန်း လူကူး ခုံးကျော်တံတား၊ ဂမုန်းပွင့် လူကူး ခုံးကျော်တံတား၊ အောင်ဆန်း သူရိယ လှသောင်း လူကူး ခုံးကျော်တံတား၊ လမ်းမတော် လမ်းသစ် လူကူးခုံးကျော်တံတား၊ လှည်းတန်း လူကူး ခုံးကျော် တံတား၊ ပြည်လမ်း (တံတားဖြူ) လူကူး ခုံးကျော်တံတား၊ လမ်းမတော် စတုဂံ လူကူးခုံးကျော်တံတား၊ ဆူးလေ လူကူး ခုံးကျော် တံတား၊ ဗဟန်း (၃)လမ်း လူကူးခုံးကျော်တံတား စသည့် တံတား ၁၀ စင်းကို တည်ဆောက်ခဲ့သည်။
ဦးသိန်းစိန် လက်ထက် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ကာလအတွင်း တည်ဆောက်ခဲ့သည့် အဆိုပါတံတား ၁၀ စင်း၏ ကုန်ကျစရိတ် စုစုပေါင်း မြန်မာကျပ်ငွေ သန်း ၃၄၀၀ နီးပါး အသုံးပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ စာရင်းဇယားများ အရ သိရသည်။
လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင်မူ လူကူးခုံးကျော်တံတားများ၏ အသုံးစရိတ် ပိုမို များပြားလာပြီး လေးထောင့်ကန် လမ်းမကြီးရှိ လူကူး ခုံးကျော်တံတား၊ ဗိုလ်တထောင် ခုံးကျော်တံတား၊ မဟာမြိုင် ခုံးကျော် တံတား ၃ စင်း တည်ဆောက်မှု အတွက်ပင် ကျပ်သန်းပေါင်း ၁၅၀၀ နီးပါး ကုန်ကျသည်ဟု ဆိုသည်။
ထို့ပြင် ယခု ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း လူကူးခုံးကျော်တံတားများ ထပ်မံတည်ဆောက်ရန် အတွက် ကုန်ကျ စရိတ် ကျပ်သန်း ၄၀၀၀ ကျော်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဘတ်ဂျက်အတွင်း ထည့်သွင်း ရေးဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။

၂၀၁၈ – ၂၀၁၉ ၌ လူကူး ခုံးကျော်တံတား တည်ဆောက်ရန် ဒေါပုံမြို့နယ် ယမုံနာလမ်းတွင် ကျပ်သန်း ၁၀၀၀၊ ကမာရွတ် ဘုရင့်နောင်လမ်းနှင့် နာနတ်တော လမ်းဆုံတွင် သန်း ၂၀၀၀၊ ပြည်လမ်း တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ဆောက်မည့် ခုံးကျော် တံတားတစင်း အတွက် သန်း ၈၅၀၊ မရမ်းကုန်း ၈ မိုင်တံတား အဆင်း ပြည်လမ်း မြောက်ဘက်ခြမ်းတွင် တည် ဆောက်မည့် တံတားအတွက် ၁၈၈.၆၃၈ သန်း တို့ကို အသုံးပြုမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ပြည်သူလူထု အနေဖြင့်လည်း အသုံးပြုမှု နည်းပါးသည့် အဆိုပါ လူကူး ခုံးကျော်တံတားများကို ကျပ် သန်းထောင်ချီ အသုံး ပြု တည်ဆောက်မည့် စီမံကိန်းများကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက် ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။
လူကူး ခုံးကျော်တံတားများကို ကျပ်သန်းထောင်ချီ အသုံးပြု တည်ဆောက်နေမှုနှင့် ပတ်သက်ပြီး သဘောမတူသူများတွင် ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ လည်း ပါဝင်သည်။
ဦးကျော်ဇေယျက“ကိုယ်စားလှယ်တွေက တံတားဆောက်ပြီ ဆိုရင် စက်လှေကား တပ်ပေး၊ အဲဒါက စတာ။ အမှန် တကယ် က သေချာ လေ့လာသင့်တယ်။ အစိုးရပိုင်း ကလည်း သေချာလေး သုတေသန လုပ်သင့်တယ်။ မိုးပျံလမ်းတွေ လည်း လုပ် မယ်။ နှစ်ထပ်လမ်းတွေလည်း လုပ်မယ် ဆိုရင် အဲဒီတံတားတွေက အကုန်ဖျက်ရမှာ။ သေချာ စီမံလုပ်သင့်တယ်”ဟု ပြောဆို သည်။
ရန်ကုန်မြို့တွင် မိုးပျံလမ်း စီမံကိန်းများကို အကောင်အထည် ဖော်ရန် စီစဉ်နေရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လျှောက်လွှာ ၁၂ စောင် လက်ခံရရှိခဲ့ပြီး အရည်အသွေး ပြည့်မီမှုကို မူတည်၍ အကဲဖြတ်ခဲ့သည်ဟု ဆိုသည်။
စီမံကိန်း အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်သော အကျိုးတူ အဖွဲ့အစည်း ၁၀ ဖွဲ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဆန်ခါတင် ရွေးချယ်ခဲ့ပြီး ကြိုတင် အရည်အချင်း ပြည့်မီသည့် တင်ဒါ ယှဉ်ပြိုင်သူများ အတွက် Request for Proposal (RFP) ကို တောင်းခံထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်လေဆိပ်မှ မြို့လယ်ကောင်သို့ ဖောက်လုပ်မည်ဟု ဆိုထားသည့် အဆိုပါ မိုးပျံလမ်းများ ဖောက်လုပ်ရာတွင် မလွတ် ကင်းသည့် လျှပ်စစ်ကြိုးများနှင့် ရေပိုက်လိုင်းများကိုပင် ပြန်လည် ပြင်ဆင်ရမည့် အခြေအနေရှိရာ သန်းထောင်ချီ အကုန် အကျခံ တည်ဆောက်ထားသည့် ခုံးကျော်တံတားများကို ပြန်လည် ဖျက်ဆီးရမည်ဆိုလျှင် ပြည်သူ့ဘဏ္ဍာငွေ များစွာ ပြုန်း တီး နိုင်ပါသည်။
အလားတူပင် ဆောက်လုပ်ပြီးသား ခုံးကျော်တံတားများစွာသည် ပြည်သူလူထု အသုံးပြုမှု နည်းပါးနေသဖြင့် ပြည်သူ့ ဘဏ္ဍာ များ လေလွင့် ဆုံးရှုံးနေသည်ဟု ဆိုရမည်သာ ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှတာဝန်ရှိသူ တဦးက“အဓိက ကတော့ လူကူးဖို့ လုပ်ထားတာဖြစ်တဲ့ အတွက် ပညာမပေးဘဲနဲ့ကို နိုင်ငံကြီးသားပီသစွာနဲ့ လူကူးဖြစ်အောင် ကူးစေချင်တယ်”ဟု ဆို သည်။

ပြီးခဲ့သည့် စည်ပင် ကော်မတီဝင် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မြို့ပြဖွံ့ဖြိုးရေး ပညာရပ် ကျွမ်းကျင်သူ ကိုအောင်ခန့်ကမူ လူအများ မကူးရသည့် အကြောင်းရင်းကို အဖြေရှာရန် တိုက်တွန်းသည်။
ကိုအောင်ခန့်က“ဗိုလ်ချုပ်ဈေးရှေ့က ခုံးကျော်တံတားဆို ပိုပြီး အောင်မြင်တယ်လို့ ပြောရမယ် အရမ်းကြီး အောင်မြင်တယ် တော့ ပြောတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ ပိုပြီး အောင်မြင်လဲ ဆိုတော့ ပိုခေတ်မီ၊ ပိုလွယ်ကူတယ်။ လူတွေ အတွက် ပို စဉ်းစား ပေးတဲ့ နည်းစနစ်တွေ သုံးထားလို့”ဟု ထောက်ပြသည်။
၎င်းက ဆက်လက်ပြီး“ဓာတ်လှေကားလည်း ရှိတယ်။ စက်လှေကားလည်း ရှိတယ်။ သက်သောင့်သက်သာ ရှိအောင် လူ တွေ အတွက် အဆင်ပြေအောင် ပိုစဉ်းစားထားတာ ဖြစ်ရမယ်။ ကားမတိုက်ရင် ပြီးရော တံတားကြီး ဆောက်ပေးလိုက် ဆို တာ ဟုတ်တယ် မှန်တယ်။ ဒါပေမယ့် အဲဒီတံတားကို မသုံးဘူး၊ ဆိုရင်တော့ လူတွေကို အပြစ်တင်မယ့် အစား ဘာလို့ မသုံးလဲ ဆိုတဲ့ နောက်ကြောင်းကို ပြန်လိုက်မယ် ဆိုရင် ပိုသင်ခန်းစာ ရပါတယ်”ဟု သုံးသပ်ပြောဆိုသည်။
ခုံးကျော်တံတားများကို တခုပြီး တခု ဆောက်လုပ်နေရုံဖြင့် မရဘဲ ပြည်သူလူထု အမှန်တကယ် အသုံးပြုလာရန် အတွက် ပညာပေးမှုများ လိုအပ်နေသေးကြောင်းနှင့် လူကူး ခုံးကျော်တံတားများ အောက်တွင် လမ်းဖြတ်ကူးမှုများ မပြုလုပ်ရန် သံ ဆန်ခါ ကာထားရခြင်းသည်လည်း မဖြစ်သင့်ကြောင်း ရန်ကုန်တိုင်း လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် က ပြောသည်။
“မြို့ထဲမှာ လမ်းတလမ်းကို ကူးမှာစိုးလို့ သံဆန်ခါနဲ့ ပိတ်ထားရတယ် ဆိုတာ ဂုဏ်ယူစရာ မဟုတ်ဘူးလို့ ထင်တာပဲ။ နိုင်ငံတကာက မြင်ရင် ကျနော်တို့ဟာ စည်းကမ်းမရှိတဲ့ လူမျိုးပေါ့။ လမ်းဖြတ်မှာ စိုးလို့တောင် သံဆန်ခါ ကာထားရတယ် ဆိုတာ မဆလ ခေတ်မျိုးမှာတောင် ဒါဟာ ရှက်စရာကောင်းတယ်လို့ ယူဆခဲ့တယ်ပေါ့။ အခုက နိုင်ငံတကာနဲ့ အဆက် အသွယ်များပြီးတော့ ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ဒါကို ရှက်စရာလို့ မြင်တတ်စေချင်တာ”ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဦးတင့်လွင်က“သံဆန်ခါ ကာမယ့်အစား ပြည်သူကို ပိုပြီးတော့ နားလည်သဘောပေါက်အောင် အချိန်ယူပြီး တော့ ပညာပေးရမယ်။ ပြည်သူက ဒီလောက် မညံ့ပါဘူး။ အမှန်က အကျင့်ပါနေလို့။ ကိုယ့်ရဲ့ကျင့်ဝတ် ထိန်သိမ်းမှုနဲ့ စည်း ကမ်း ရှိမှုရယ် ပေါင်းရင် ခုံးကျော်တံတား တွေ့ရင်တော့ အောက်က သွားလို့မရဘူး ဆိုတဲ့အသိ ဖြစ်အောင် လုပ်ရမှာပေါ့။ သံဆန်ခါ မလိုဘူးလို့ ထင်တယ်။ သံဆန်ခါ မရှိအောင် လုပ်ရမယ်”ဟုလည်း ပြောဆိုသည်။
လက်တွေ့တွင်မူ ခုံးကျော် တံတား မဆိုထားနှင့် လူကူး မျဉ်းကျားကပင်လျှင် စနစ်တကျ ကားလမ်းကူးသူ နည်းပါးပြီး ယာဉ် မောင်းများကလည်း လူကူး မျဉ်းကျားမှ ကူးနေလျှင်ပင် ဂရုမထားဘဲ မောင်းနှင်မှုများ ရှိနေသည်။
ကိုအောင်ခန့်က“လူကူးမျဉ်းကျားတွေ လုပ်ပေးထားတယ် ဘာလို့ မသုံးကြလဲ ပြန်ကြည့်တဲ့ အခါမှာ လူတွေ ကိုယ်နှိုက်မှာ လည်း အမှား ရှိပါတယ်။ ကျနော်တို့ ကိုယ်နှိုက်ကလည်း စည်းကမ်းကို သိပ်မလိုက်နာ ကြပါဘူးခင်ဗျ”ဟု ပြောသည်။
ယာဉ်စီးရေ တိုးပွားလာမှုနှင့် ယာဉ်မတော်တဆမှုသည် တိုက်ရိုက် အချိုးကျသည့် သဘောသဘာဝ ရှိသည့်အပြင် ယာဉ် တိုက်မှု ဖြစ်ပွားရခြင်း အကြောင်းရင်းများကို ခြုံငုံသုံးသပ်ကြည့်သည့် အခါ လူကြောင့် ဖြစ်သည့် ယာဉ်တိုက်မှုသည် ၉၈ ဒသမ ၀၂ ရာခိုင်နှုန်း ဖြစ်သည့် အတွက် ပြည်သူ အားလုံး၏ Road Safety ဆိုင်ရာ အသိပညာ ပြည့်ဝမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု၊ အင်တိုက် အားတိုက် ကိုယ်ရော စိတ်ပါ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ် ကြောင်း ဒု သမ္မတ ဦးဟင်နရီဗန်ထီးယူကလည်း ပြောကြားခဲ့ဖူးသည်။
နေပြည်တော်တွင် ဧပြီလ အတွင်း ပြုလုပ်ခဲ့သည့် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ (National Road Safety Council – NRSC) ၏ ပဉ္စမအကြိမ် အစည်းအဝေးတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
NRSC ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ မှတ်ပုံ တင်ယာဉ်စီးရေသည် ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း ၄ ဒသမ ၀၁ သန်း သာ ရှိခဲ့ရာက ယခု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ စာရင်း အရ စုစုပေါင်း ၇ ဒသမ ၂၉သန်း အထိ နှစ်ဆနီးပါး တိုးလာခဲ့ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် ကိန်းဂဏန်းများလည်း မြင့်တက်လာနေသည်။

မြန်မာ တနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၁၄၅၀၀ ကျော် အထိ ဖြစ်ခဲ့ကာ သေဆုံးသူ ၅၁၀၀ ကျော် ရှိပြီး တရက်လျှင် ပျမ်းမျှ ၁၄ ဦးခန့် သေဆုံးနေသည့် အခြေအနေ ဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ယာဉ် မတော်တဆမှု ၁၄၆၄ မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၅၀၀ နီးပါးအထိ ကျဆင်းလာသော်လည်း ဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ်သည့် အခါ တရက်လျှင် ၁၅ ဦးကျော်အထိ သေဆုံးခဲ့သည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ယာဉ် ထိန်း တပ်ဖွဲ့၏ မှတ်တမ်းများ အရ သိရသည်။
ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း တောက်လျှောက် တိုးများလာခဲ့သည့် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှုနှင့် သေဆုံးမှု အခြေ အနေ များသည် ၂၀၁၈ ခုနှစ်တွင် အနည်းငယ် ပြန်လည် လျော့ကျလာသော်လည်း ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်း နှစ်လတွင် သေဆုံးမှု သိသိသာသာ ပြန်လည် မြင့်တက်လာကြောင်း NRSC မှ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများ အားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်သည် လမ်းဖြတ်ကူးသူများ၏ စည်းကမ်းမဲ့ ဖြတ်ကူးမှုများကြောင့် ဖြစ်ရာ လမ်းကူးရာတွင် စနစ်တကျ ရှိရေးသည်လည်း အလွန် အရေးကြီးသော လုပ်ငန်းစဉ် တခု ဖြစ်သည်ဟုလည်း ဆိုသည်။
သို့နှင့်တိုင် ကျပ်သန်း ထောင်ချီတန်သည့် လူကူး ခုံးကျော်တံတား အများအပြား အလျင်အမြန် ဆောက်လုပ်နေခြင်း သက်သက်သည်လည်း အဖြေတခု မဟုတ်ပေ။
ကိုအောင်ခန့်က“ခုံးကျော် တံတားဆိုရင် တချို့က ဟာသကြီးလို့တောင် မြင်နေကြတာပေါ့။ အောက်ကနေပဲ ဖြတ်နေကြ တာ ဆိုတော့။ အဲဒါဆိုရင် တခြားနည်းလမ်းနဲ့ လှည့် မစဉ်းစားနိုင်ဘူးလား”ဟု မေးခွန်းထုတ်သည်။
လူကူးမျဉ်းကျားမှ ဖြတ်ကူးရန် ပညာပေးခြင်း၊ ဒဏ်ရိုက်ခြင်းများ အကြိမ်ကြိမ်လုပ်ခဲ့သော်လည်း မအာင်မြင်ခဲ့သည့် သာဓက များရှိရာ လူကူးမျဉ်းကျားမှ စနစ်တကျ ကူးစေရန် အတွက် ပထမအဆင့် ဦးစားပေးလုပ်ရန် ဦးကျော်ဇေယျက တိုက်တွန်း သည်။
“မျဉ်းကျားရှိတဲ့ နေရာကနေ လူတွေ စနစ်တကျ ကူးတတ်အောင် အရင်လုပ်ပါဦး။ ပြီးတော့မှ ခုံးကျော်တံတားတွေ ဆောက် ပါ”ဟု ဦးကျော်ဇေယျက ဆိုသည်။
လူကူးမျဉ်းကျားများကို စနစ်တကျ အသုံးပြုတတ်စေရန် ပညာပေးမှုများ ပြုလုပ်သင့်ပြီး ခုံးကျော်တံတားများကိုလည်း စနစ် တကျ လှလှပပနှင့် ပြည်သူလူထု အသုံးပြုချင်ရန် ဆောက်လုပ်သင့်ကြောင်း ကိုအောင်ခန့်ကလည်း တိုက်တွန်းသည်။
ကိုအောင်ခန့်က ဆက်လက်ပြီး“အခု လောလာဆယ် ရှိတဲ့ လူကူးမျဉ်းကျားတွေကိုပဲ လိုက်နာပေးမယ် ဆိုရင်တောင်မှ တော်တော် အဆင်ပြေမယ့် စနစ်လောက် ရှိတယ်။ တံတား ဆောက်သင့်သလား ဆိုတော့ ဆောက်သင့်တယ်။ ဒါပေမယ့် အဲဒါကို လောပြီး မဆောက်သင့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးပြီးရောဆိုပြီး ဆောက်မယ့်အစား ဒီဇိုင်းအရ ကောင်း ကောင်းလေး လှလှပပ ကူးချင်စရာလေး တက်ချင်စရာလေး ဖြစ်အောင် လွယ်ကူအောင် လုပ်ပေးထားတယ် ဆိုရင် ပို ကောင်းတာပေါ့”ဟုလည်း ပြောဆိုသည်။
မည်သို့ပင် ဖြစ်စေကာမူ ဆောက်လုပ်ပြီးသား ခုံးကျော် တံတားများသည်လည်း ပြည်သူ့ ဘဏ္ဍာ သန်းထောင်ချီ သုံးစွဲထား သည်သာမက စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုကြောင့် သေဆုံးမှုများ လျော့ကျလာစေရန် ပြည်သူလူထု အနေဖြင့် ခုံးကျော် တံတားများကို နိုင်ငံကြီးသား ပီပီသသ အသုံးပြုရန်လည်း လိုအပ်လှပေသည်။
ထို့ပြင် အစိုးရ အနေဖြင့် လက်ရှိ ဆောက်လုပ်ထားသော ခုံးကျော် တံတားများ အနေအထားအရ အသုံးမပြုနိုင်သော မသန်စွမ်းသူ၊ အိုမင်းမစွမ်းသူများ အတွက်လည်း အခြားသော နည်းလမ်းများကို ထည့်သွင်း အဖြေရှာရမည် ဖြစ်သည် သာမက ခုံးကျော် တံတားသစ်များ ဆောက်လုပ်မည် ဆိုပါကလည်း အလွှာပေါင်းစုံ ပြည်သူအတွက် ထည့်သွင်း စဉ်းစား တည်ဆောက်ရန် လိုအပ်သည်ဟု ဆိုချင်ပါသည်။ ။
You May Also Like This Story:
ရန်ကုန်မြို့လယ် လူကူး မျဉ်းကျားနှင့် ခုံးတံတားမှ လမ်း မကူးသူများကို ဒဏ်ငွေ ၃ သောင်း ရိုက်မည်