ငြိမ်းချမ်းရေးအကျိုးဆောင်များ
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကာလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Ms Christine Schraner Burgener သည်လည်းကောင်း၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလည်နှင့် နိပွန်ဖေါင်ဒေးရှင်း၏ ဥက္ကဌဖြစ်သူ မစ္စတာ ရိုဟေးဆာဆာကာဝါသည်လည်းကောင်း၊ တရုတ်အစိုးရ အာရှရေးရာအထူးသံတမန် မစ္စတာဆွန်ကော့ရှန်သည်လည်းကောင်း ရောက်လာပြီး အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
အဆိုပါမြန်မာပြည်ငြိမ်းချမ်းရေးတွင် အစဉ်တစိုက်ပါဝင်နေသော သံတမန်များအနက် တတိယအကြိမ် ၂၁ ရာစုပင်လုံတွင် တရုတ်သံတမန်တို့က ရှေ့တန်းရောက်နေပေသည်။ တရုတ်တို့၏ OBOR မျှော်မှန်းချက်နှင့်အတူ ပြီးခဲ့သောရက်ပိုင်း အတွင်းက တရုတ်မြန်မာနယ်စပ် စီးပွါးရေးပူးပေါင်းဆောင်ရွက်ဇုန် ၃ ခု(ကန်ပိုင်တီ၊ မူစယ်၊ ချင်ရွှေဟော်) တည်ဆောက်ရေး MOU အပါအဝင် MOU ၅ ခု လက်မှတ်ရေးထိုးခဲ့သည်ဟု ဆိုပါသည်။
သို့ဖြစ်ရာ ရှေ့လာမည့် မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွင်းတွင် တရုတ်တို့ OBOR အကျိုးစီးပွါး ယှက်နွယ်မှုများကို တွေ့မြင်ရမည်ဖြစ်ပေရာ ၎င်းအချင်းအရာသည် မြန်မာပြည် ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အလေးထားရမည့်အကြောင်းအရာ ဖြစ်လာတော့မည် ဖြစ်သည်။ ထို့ပြင် တရုတ်တိ့ုသည် ၎င်းတို့၏ စီးပွါးရေးစီမံကိန်းများ၏ ကာလအနားသတ်များပေါ်တည်မှီပြီး မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကြားဝင်ညှိနှိုင်းပေးသည့်ထက် ပို၍ တွန်းတွန်းတိုက်တိုက် ဖိအားပေးဆောင်ရွက်လာဖွယ်ရှိသည်ဟု သုံးသပ်ရပါသည်။
မြောက်ပိုင်းအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းပါဝင်လာမှု နှင့်ပတ်သက်၍ တရုတ်၏တွန်းတွန်းတိုက်တိုက် ဖိအား ပေးမှု၊ ညှိနှိုင်းပေးမှုများသည် လွန်စွာအရေးပါသည်ကတော့ ငြင်းပယ်စရာမရှိပေ။ လက်တွေ့ဆောင်ရွက်သူ တရုတ်သံတမန်၏ ဆောင်ရွက်ချက်များတွင်မူ မကြေလည်မှု များ၊ အဖုအထစ်များကို တွေ့ရသည်။
ပထမတချက်မှာ ၂၀၁၇ ခုနှစ်အတွင်း ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရန် မြောက်ပိုင်းအဖွဲ့ကိုယ်စားလှယ် များကို ဝ နယ်၊ ပန်ဆန်း၌ တရုတ်သံတမန်များ သွားရောက် တွေ့ဆုံစဉ်ဖြစ်သည်။ ထိုစဉ်က မြောက်ပိုင်းအဖွဲ့များအနေနှင့် FPNCC ဖွဲ့စည်းပြီးစဖြစ်ပြီး FPNCC အနေနှင့်ဖိတ်မှတက်မည်၊ FPNCC အနေနှင့်သာဆွေးနွေးမည်ဟု တင်းတင်းမာမာ ရပ်ခံနေကြသည့်ကာလဖြစ်သည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး TNLA နှင့် AA တို့က ပြန်လည်ဆွေးနွေးစဉ် တရုတ်ကိုယ်စားလှယ်အဖွဲ့တွင်ပါဝင်သော ယူနန်ပြည်နယ်၊ လုံခြုံရေးဌာန ဒုညွှန်ကြားရေးမှူး (ဝါ) ဒုဌာနကြီးမှူး မစ္စတာကော့ပေါင်က ” ဒါတွေပြောမနေနဲ့တော့၊ ဒီဗမာအစိုးရအကြောင်း ခင်ဗျားတိ့ုထက် ကျုပ်တို့သိတယ်။ သွားတွေ့ဖိ့ုသာ ပြင်ဆင်ပါ” ဟုပြောပြီး ဆွေးနွေးပွဲခန်းမှ ထွက်သွားခဲ့သည်ဟု ဆိုသည်။ သို့ဖြစ်ရာ ထိုသို့ပြောဆိုမှုနှင့်ပတ်သက်၍ တိုင်းရင်းသားအဖွဲ့အချို့ စိတ်ခံစားမှု မကောင်းခဲ့ပါ။ တဖက်ကလည်း အမြန် အကောင်အထည်ဖော်ရန်လို၍ တရုတ်တိ့ုအနေနှင့် အတင်းဖိအားပေး ဆုံးဖြတ်ခိုင်းခဲ့ရသည်ဟု ဆိုနိုင်သည်။ တဖက်ကလည်း မကျေလည်မှုများ ရှိသည်ကို သတိပြုရန်လိုပါသည်။
ထို့အတူ တတိယအကြိမ် ပင်လုံကာလက KIA မှကိုယ်စားလှယ် ဗိုလ်ချုပ်ဂွမ်မော်အား UN အထွေထွအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က တွေ့ရန် တောင်းဆိုလာရာ ဗိုလ်ချုပ်ဂွမ်မော်က တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်သံတမန်တိ့ုအား အသိပေးရာ အာရှရေးရာအထူးသံတမန် မစ္စတာဆွန်ကော့ရှန်က ကောင်းသည် တွေ့ပါဟု မှတ်ချက်ပြု ခဲ့သော် တရုတ်သံအမတ်မစ္စတာဟုန်လျံက မတွေ့ရန် တားမြစ်ခဲ့သည်ကိုတွေ့ရသည်။ သို့သော်လည်း KIA မှ ဗိုလ်ချုပ်ဂွမ်မော်က မိမိအနေနှင့် အသိပေးခြင်းသားဖြစ်ပြီး ခွင့်ပြု မိန့်တောင်းခြင်းမဟုတ်ကြောင်း တုန့်ပြန်ခဲ့ပြီး UN ကိုယ်စားလည်နှင့် တွေ့ဆုံခဲ့သည်ကို တွေ့ရပါသည်။
ထို့ပြင် ညီလာခံလာသည့် မြောက်ပိုင်းအဖွဲ့များ သတင်းမီဒီယာများနှင့်တွေ့ဆုံမှု ၊ သတင်းစာရှင်းလင်းပွဲလုပ်မှုတို့နှင့် ပတ်သက်၍ မစ္စတာဆွန်ကော့ရှန်က ကန့်သတ်မှု မပြုခဲ့သော်လည်း တရုတ်သံအ မတ်မစ္စတာ ဟုန်လျံက ကန့်သတ်မှုများ ပြုလုပ်ခဲ့၍ မြောက်ပိုင်းအဖွဲ့အချို့နှင့် မြန်မာပြည်မှ မီဒီယာများ မကြေမလည်ဖြစ်ခဲ့သည်ကို တွေ့ရပါသည်။
ဤနေရာတွင် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၆ နှစ်ခန့် ပါဝင်ခဲ့သည့် မစ္စတာဆွန်ကော့ရှန်အနေနှင့် UN အထွေထွေအတွင်းရေးမှူး ကိုယ်စားလှယ်နှင့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းအကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသူဖြစ်သည့်အပြင် မြန်မာပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ရှည်ကြာ ထိတွေ့ဖူး၍ နားလည်သဘောပေါက်မှု ရှိပြီး ပျော့ပျောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း မစ္စတာဟုန်လျံနှင့် မစ္စတာကော့ပေါင်တို့မှာ မြန်မာပြည် တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း ကောင်းစွာနားလည်မှုမရှိဘဲ အထက်ကညွှန်ကြားသည့် တရုတ်အစိုးရပေါ်လစီ အောင်မြင်ရေး သက်သက်ကိုသာ ဇောင်းပေးလုပ်ဆောင်သွား၍ ထိုသို့သောအဖုအထစ်များ ဖြစ်ပေါ်ရသည်ဟု သုံးသပ်ရပါသည်။
ထို့ပြင် မြောက်ပိုင်းအဖွဲ့များအား UN အပါ အနောက်အုပ်စုများနှင့် မထိတွေ့ရန် တားမြစ်မှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနှောက်အယှက်မဝင်ရန် ရည်ရွယ်သည်ဆိုသော်လည်း KIA/SSPP/TNLA/AA စသည့် အဖွဲ့ ၄ ဖွဲ့သည် စောစွာကထဲက ထိုင်းနယ်စပ်တွင် အခြေပြုသည့် ဆက်စပ်လှုပ်ရှားမှု များရှိခဲ့ရာ လုံးဝမဆက်ဆံရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ လက်တွေ့မကျ ဟုဆိုရမည်။
ဤနေရာတွင် မြောက်ပိုင်းအဖွဲ့များအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်အောင် အတင်းအမြန် ပို့ဆောင်ရန် လိုအပ်၍ လုပ်ဆောင်ရသည်ဟု ဆိုနိုင်ပါသည်။ သို့သော် နောက်ပိုင်း နိုင်ငံရေးပြဿနာများနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များကြား ဆွေးနွေးမှုများတွင် ယခုကဲ့သို့ အတင်းအကြပ် ဖိအားပေး သဘောတူ ခိုင်းခြင်းကို ရှောင်ရှားရန် လိုပါသည်။ အဆိုပါ နိုင်ငံရေးပြသနာများကို အတင်းအကြပ် သဘောတူခိုင်းပါက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသာမက ၎င်းတို့ကိုယ်စားပြုသည့် တိုင်းရင်းသားပြည်သူများလည်း လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။
တရုတ်တို့အနေနှင့် မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြားဝင်ညှိနှိုင်းပေးသူ အခန်းက ပါဝင်ခြင်းအား မြန်မာပြည်သူများက ကြိုဆိုပါသည်။ သို့သော် ထိုမြောက်ပိုင်း အဖွဲ့များအား အတင်းဖိအားပေးမှုများ ပြုလုပ်ပါက ထိုအဖွဲ့များကို တရုတ်၏သြဇာခံများဟု မြင်လာပါက မြန်မာပြည်သူတို့ လက်ခံရန်ခက်ခဲသည်။ ထို့အတူ မြောက်ပိုင်းအဖွဲ့များသည်လည်း ထိုအခြေအနေကို လိုလားလိမ့်မည်မဟုတ်ပေ။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ရန် မြောက်ပိုင်းအဖွဲ့များအသွားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းသို့ တရုတ်လုံခြုံရေးများ လိုက်ပါသွားသည်နှင့်ပတ်သက်ပြီး အောက်ခြေမြန်မာ့တပ်မတော်အရာရှိများကြား ဂုဏ်သိက္ခာ ထိခိုက်သည်ဟု ယူဆမှုများရှိပြီး ကျေလည်မှု မရှိ၊ နှစ်သက်မှု မရှိဟု ဆိုသည့် သတင်းများကြားရရာ တရုတ်တို့အနေနှင့် ဆင်ခြင်သုံးသပ်မှုများပြုလုပ်ပါက ပိုမို ကောင်းမွန်မည်ဟု ယူဆပါသည်။
လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့ လူအားငွေအားသုံး၍ ကိုယ်ဖိရင်ဖိ လုံးပမ်းနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ မြန်မာပြည်အတွက် အကျိုးရှိသည်ကိုလည်း ငြင်းပယ်ရန်မရှိပေ။ သို့သော်လည်း သတိပြုလုပ်ဆောင်သွားသင့်သည့် အချက်များစွာရှိသည်ကိုတော့ သတိပြုရန်လိုပါသည်။
မန္တလေး-မူဆယ်လမ်းတလျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ရှိသည်။ အစိုးရနှင့် အပစ်ရပ်ထားသည်က RCSS တဖွဲ့သာရှိသေးသည်။ ထို NCA မထိုးထားသော အဖွဲ့များထဲမှ RCSS နှင့် TNLA ကြားတွင်လည်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးနေပြီး တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးပေ။ ထိ့ုပြင် ထိုလက်နက်ကိုင်ပဋိပက္ခများသည် တရုတ် နယ်စပ်တွင်သာ ဖြစ်ပွါးနေခြင်းမဟုတ်ဘဲ တရုတ်နယ်စပ်နှင့် အလှမ်းကွာသောဒေသများတွင်လည်းဖြစ်ပွါးပြီး လမ်းလုံခြုံရေးကို ထိပါးသည်ကို သတိပြုရန်လိုသည်။
အဆိုပါ RCSS မှာ တရုတ်နယ်စပ်အထိ လှုပ်ရှားနေသော်လည်း ၎င်း၏ဌာနချုပ်မှာ ထိုင်းနယ်စပ် လွယ်တိုင်းလျံတွင် ဖြစ်သည်။ ထိုအဖွဲ့နှင့် ဆက်ဆံမှု ရှိသည်ဟု ကြားသိရသော်လည်း တရုတ်၏သြဇာအောက် သို့မဟုတ် တရုတ်၏ဖိအားပေးမှု အောက်မှ ကင်းလွတ်သည့် အဖွဲ့ဖြစ်သည်။ သို့ဖြစ်ရာ မူဆယ်-မန္တလေး လမ်းမကြီး လုံခြုံရေးအတိုင်း တရုတ်တို့အနေနှင့် အဖွဲ့တိုင်းကို ဖိအားပေးရန် မဖြစ်နိုင်ဟုဆိုရမည်။ သို့ရာတွင် ကြားဝင်ညှိနှိုင်းပေးမည်ဆိုပါက အားလုံးက လိုလိုလားလား လက်ခံနိုင်ပေလိမ့်မည်။
နိဂုံး
တရုတ်တို့လိုလားသော Y ပြောင်းပြန်ပုံသသဏ္ဌာန် ဝါ တရုတ်စာ လူ ပုံသဏ္ဌာန်လမ်းမကြီးအား မြန်မာပြည်တွင်း၌ ဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ ဆိုရလျှင် မူဆယ်-မန္တလေး လမ်းမကြီးတိုးချဲ့ ဖေါက်လုပ်ခြင်းသည် မြန်မာပြည်အတွက် လည်း အကျိုးရှိသည်။
ထိုလမ်းမသည် မြန်မာပြည်နယ်စပ်ကုန်သွယ်ရေးတွင် ပမာဏအများဆုံးဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးပမာဏ ဒုတိယရှိသည့် မြဝတီဘက်နှင့် နှိုင်းစာလျင်ပင် ၆ ဆနီးပါးကွာသည်။ မူဆယ် ကုန်သွယ်ဂိတ်တွင် ၂၀၁၇/၁၈ ကုန်သွယ်နှစ်၌ မြန်မာအစိုးရ၏တရားဝင် ထုတ်ပြန်ချက်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈၂၂.၆၉၆ သန်းရှိပြီး ဒုတိယလိုက်သည့် မြဝတီမှာ အမေရိကန်ဒေါ်လာ ၉၅၀.၃၉၀ သန်းသာ ရှိသည်။
မူဆယ်နယ်စပ် ဂိတ်သည် မြန်မာတပြည်လုံး နယ်စပ်ကုန်သွယ်ရေး၏ ၆၇ ရာခိုင်နှုန်းရှိပြီး မူစယ်၊ ချင်းရွှေဟော်ဂိတ် ၂ ခု၏ ကုန်သွယ်မှုမှာ တပြည်လုံး၏ ၇၄ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် မြဝတီဖက်တွင် ပို့ကုန်က သွင်းကုန်၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။ မူဆယ်လမ်းတွင် တရားဝင်ကိန်းဂဏန်းအရ ပို့ကုန်က သွင်းကုန်၏ ၂ ဆခွဲခန့်ရှိသည်။
မြန်မာပြည်ဘက်မှ လယ်ယာထွက်သီးနှံများ ပို့ ဆောင်၍ ရသည်။ လက်ရှိ ပို့ဆောင်နေသည့် ကုန်စည်များမှာ တနှစ်လျှင်
ဖရဲသီး/သခွါးမွှေး ၄ သိန်း တန်
ဆန် ၁.၈ သန်း တန်
သကြား ၁ သိန်း တန်
နွား ၅၀၀၀၀ ကောင် ခန့် ပို့ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ သွင်းကုန်များမှာ တရားဝင်လမ်းကြောင်းမှ ဓါတ်မြေသြဇာ ပမာဏအများဆုံးတင်သွင်းပြီး အိမ်ဆောက်ပစ္စည်း၊ လျပ်စစ်ပစ္စည်း များတင်သွင်းပါသည်။ မှောင်ခိုလမ်းကြောင်းမှ မော်တော်ဆိုင်ကယ်နှင့်လက်ကိုင်ဖုန်းများအများအပြား တင်သွင်းသည် ဟု ဆိုသည်။
သို့ဖြစ်ရာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှ ကုန်သည်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်သူများစွာအတွက် အကျိုးရှိသည်သာမက မြန်မာပြည်ရှိ တောင်သူလယ်သမားများ အတွက်ပါ အကျိုးရှိသည့်လမ်းမဖြစ်သည်။
လက်ရှိ မူဆယ်ကားလမ်းမတွင် မန္တလေးမှ မူဆယ်အထိ ကုန်စည်ပို့ဆောင်ခမှာ အတက်တွင် တပိဿာ ၆၀/၆၅ ကျပ်ဈေးနှုန်းရှိပြီး ( တတန်လျင် ၄ သောင်းမှ ၄၃၀၀၀ ကျပ်ခန့်) အဆင်းတွင် တပိဿာ ၃၅ ကျပ်ခန့် (တတန်လျှင် ၂၃၀၀၀ ကျပ်ခန့်) ရှိသည်။ လက်ရှိလမ်းမကြီး လမ်းကြောင်းကျဉ်း၍ တနာရီ ကီလို ၄၀ထက်ပိုမောင်းမရဘဲ မန္တလေး-မူဆယ်သို့ ၂ ရက် မောင်းနှင်ရသည်။ လမ်းကြမ်း၍ ကားအပျက်အစီးများသည်။ ၃၃ တန်ကားကြီးတစီးအတွက် မူဆယ်-မန္တလေး လမ်းတံတားကြေးမှာ မြန်မာကျပ်ငွေ တသိန်းခန့်ရှိသည်။ အကယ်၍ လမ်းကောင်းပါက ပိုမိုမြန်စွာ သွားလာနိုင်သည့်ပြင် ကားအပျက်အစီးနည်း၍ စရိတ်စကပိုမိုသက်သာလာမည်ဖြစ်သည်။
သို့ဖြစ်ရာ မန္တလး-မူဆယ်လမ်းမကြီးသည် မြန်မာပြည်အတွက် အကျိုးရှိသည်ဖြစ်၍ ကန့်ကွက်မှု မပြင်းထန်နိုင်ပါ။ ထို့ပြင် လမ်းအူကြောင်းသစ် ရှာဖွေသည်ထက် လက်ရှိလမ်းမကြီး တိုးချဲ့ ဖေါက်လုပ်ခြင်းက ပို၍ မြန်ဆန်ပြီး ကုန်ကျ စားရိတ်သက်သာ စေမည်ဖြစ်သည့်ပြင် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအတွက်ပါ အဆင်ပြေ ချောမွေ့စေလိမ့်မည် ဖြစ်သည်။
လမ်းတိုးချဲ့ဖေါက်လုပ်ရာတွင် သတိပြု သင့်သည့်အချက်များကို အထက်တွင် မိမိဖေါ်ပြပြီး ဖြစ်ပါသည်။ ပြဿနာမှာ မြန်မာပြည်အတွက် အကျိရှိသော်လည်း ရှမ်းပြည်နယ်ရှိ ဒေသခံများ အကျိုးရှိမည့် အခြေအနေကို ငဲ့ကြည့်ပေးရန်သာ လိုအပ်ပေသည်။ ထို့ပြင် ထိုလမ်းကြောင်းအား ထိန်းချုပ်မှုနှင့် ပတ်သက်၍ မြန်မာပြည်သားတို့ လက်တွင်းရှိရန် လိုအပ်သည်။
အလားတူပင် မန္တလေး-ရန်ကုန် လမ်းမကြီးသည်လည်း မြန်မာပြည်မအတွက် အဓိကအရေးပါသော လမ်းမကြီးဖြစ်ပြီး မြန်မာပြည်အတွက် အကျိုးရှိသော လမ်းမဖြစ်ရာ ထိုလမ်းမ ၂ ခုဖေါက်လုပ်ရေးကို ဦးစွာဆောင်ရွက်၍ မြန်မာလူထု၏ ထောက်ခံမှုကို ရယူသင့်ပါသည်။ မန္တလေး-ကျောက်ဖြူလမ်းမကြီးမှာ လတ်တလော မြန်မာပြည်နှင့်လူထုအတွက် လက်ငင်းအကျိုးစီးပွါးကို မတွေ့မြင်ကြသေးပေရာ လောလောဆယ် မြန်မာလူထု လိုလားလက်ခံမှု ရနိုင်မည်မဟုတ်ဘဲ တဆင့်ချင်း ယုံကြည်မှု တည်ဆောက်သွားရန် လိုအပ်ပေမည်။
လက်ရှိ မူစယ်-မန္တလေးလမ်းကြောင်းလုံခြုံ ရေးနှင့်ပတ်သက်၍ မြောက်ပိုင်းအဖွဲ့များ၏ လုပ်နိုင်စွမ်းကို ဖေါ်ပြပြီးဖြစ်သည်။ တချိန်တည်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့ ကြားဝင်ညှိနှိုင်းမှုဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချပြီး လမ်းကြောင်းလုံခြုံ ရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
သို့သော် ဂရုပြုရန်မှာ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ၊ တပ်မတော်ကြား အချိန်တိုတွင်း ပြေလည်မှု ရမည်ဟု မျှော်လင့်၍ မရပါ။ ထိုသို့မျှော်လင့်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တွန်းအားပေး၊ ဖိအားပေးဖြေရှင်း၍ မရပါ။
အနှစ် ၇၀ ကြာ ပြည်တွင်းစစ်အား အချိန်တိုတွင်း ဖြေရှင်း၍ မရသည်မှာ အံ့သြစရာမဟုတ်ပါ။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တွန်းအားပေးပြီး မူစယ်-မန္တလေးလမ်းမကြီး လုံခြုံရေးတစထက်တစထက် ပိုကောင်းလာသည့် လမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ပါက အောင်မြင်မှု ရရှိနိုင်ပါသည်။ ချက်ခြင်းလက်ငင်း ငြိမ်းချမ်းလုံခြုံရန်တော့ ခက်ခဲနိုင်ပါသည်။
မူဆယ်-မန္တလေး လမ်းမကြီး လုံခြုံ ရေးကိစ္စရပ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်သည်အချက်များကိုသာ အလေးထားရမည်မဟုတ်ဘဲ မြန်မာစစ်ဘက်ခေါင်းဆောင်များ လုံခြုံရေး တာဝန်ရှိသူများ၏ စဉ်းစားမှုများကိုလည်း ဖြေရှင်းရန်လိုသည်။ မြန်မာလုံခြုံရေးတာဝန်ရှိသူများသည် လုံခြုံရေးအဆင့်အတန်း အဖြူရောင်သတ်မှတ်ထားသည့် မန္တလေး အထွက် ၁၆ မိုင် ဂိတ်အား ညဖက် ကားကြီးများ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားလေ့ရှိရာ လမ်းမကြီးတလျောက် လျင်မြန်စွာသွားလာရေးအတွက် ညှိနှိုင်းရမည့် အချက်များစွာရှိသည်ကို သတိပြုရန်လိုသည်။
တရုတ်တို့ အနေနှင့် မူဆယ်-မန္တလေး လမ်းမကြီးတိုးချဲ့ ဖေါက်လုပ်ရေးအပါအဝင် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမည့် စီးပွါးရေးလုပ်ငန်းများနှင့်ပတ်သက်၍ သတိပြုရမည့် ပထမအချက်မှာ တရုတ်တိ့ု၏ ခြေလှမ်းများကို မြန်မာပြည်လူထုက အလေးထား စောင့်ကြည့် နေသည်ဆိုသည့်အချက်ဖြစ်သည်။
၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှု အပြီး တက်လာသည့် စစ်အစိုးရအား တရုတ်အစိုးရက ကျောထောက်နောက်ခံပေးခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး မြန်မာလူထုအတွင်း၌ တရုတ်ဆန့်ကျင်ရေးဖြစ်ပွါးခဲ့သည်မှာ ပကတိအခြေအနေဖြစ်ဖြစ်ပါသည်။ ထို့ကြောင့်လည်း တရုတ်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်လျှင် မြန်မာတို့ မျက်စိဒေါက်ထောက်၍ ကြည့်နေခြင်းဖြစ်သည်။ နှိုင်းယှဉ် ကြည့်ပါက ယခုချိန်ထိ အမေရိကန်ဒေါ်လာ သန်း ၁၄၉၁ ဒသမ ၉၀ ထိ ရင်းနှီးမြှုပ်နှံပြီးစီးပြီဖြစ်သော ဂျပန်၏ သီလဝါစက်မှုဇုန်ပတ်သက်၍ ဘာသံမှမထွက်သော်လည်း ကျောက်ဖြူ SEZ နှင့် ပတ်သက်၍ အတော်ပွဲဆူသည်ကို တွေ့မြင်နိုင်သည်။
ဒုတိယအနေနှင့် အနောက်နိုင်ငံများကလည်း တရုတ်၏ စီးပွားခြေလှမ်းများကို ဟန့်တားရန် အမေရိကန်နှင့် အနောက်အုပ်စုသည် မြန်မာပြည်အား အတော်လေးအာရုံစိုက်သည်။ ရခိုင်၌ ဘင်္ဂါလီပြဿနာ ထိပ်တက်နေသည့် ကာလ၌မှာပင် မြန်မာပြည်အား အရေးယူဆောင်ရွက်မှု မှာ ထင်သလောက်မပြင်းပေ။ ထို့ပြင် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး မြန်မာပြည်၏ နိုင်ငံရေးတိမ်းညွှတ်မှုသည် အနောက်တိုင်းဒီမိုကရေစီဘက်သို့ ဖြစ်သည်။ တရုတ်ပုံစံအား တိမ်းညွှတ်မှုမရှိပေ။
သို့ဖြစ်ရာ တရုတ်၏စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတခုလည်းဖြစ်၊ စီးပွားရေးလမ်းကြောင်း တခုလည်းဖြစ်သည့် မန္တလေး-မူဆယ်လမ်းမကြီး တိုးချဲ့ဖောက်လုပ်ရာတွင် ဂရုပြုသင့်သည်များကို ဂရုပြုဆောင်ရွက်၍ တဆင့်ချင်းခြေလှမ်းသွားရန် လိုအပ်သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် မန္တလေး – လားရှိုး-မူဆယ်သို့ ရထားလမ်းဖောက်လုပ်မည် ဆိုပါက မန္တလေးနှင့် လားရှိုးကြား ရထားလမ်းအူကြောင်း ရှိပြီးသားဖြစ်၍ ပြဿနာမကြီးဟု ဆိုနိုင်သော်လည်း လားရှိုးနှင့် မူဆယ်ကြားတွင် ရထားလမ်းအူကြောင်းသစ် ဖောက်လုပ်ရန် လိုအပ်ပေရာ မြေသိမ်းသည့်ပြဿနာအား အထူးဂရုပြုကိုင်တွယ်ရန် လိုအပ်ပါသည်။
မူစယ်-မန္တလေး လမ်းမကြီးနှင့် ပတ်သက်၍ စဉ်းစားလုပ်ဆောင်ရာတွင် မြန်မာပြည်၏ တည်ဆဲဥပဒေများကို လေ့လာထားရန် လိုပါသည်။
၁။ လမ်းနှင့်တံတား အသုံးပြု ခြင်းဆိုင်ရာဥပဒေနှင့်ပြင်ဆင်သည့်ဥပဒေ
( ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၅ )
( ၂၀၁၄ ခုနှစ် ဇွန်လ ၁၇ ရက် )
၂။ လမ်းမကြီးများဥပဒေနှင့်ပြင်ဆင်သည့်ဥပဒေ
( ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၃၃ )
( ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ )
၃။ အမြန်လမ်းမကြီးများ ဥပဒေ
( ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ ၂၄ )
( ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ )
၄။ အမြန်လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေ
( ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ ၆၀ )
( ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် )
ပြီးပါပြီ
(မောင်မောင်စိုးသည် ဖက်ဒရယ်၊ တိုင်းရင်းသားရေးရာနှင့် နယ်စပ်ရေးရာများကို လေ့လာစမ်းစစ်သော သုတေသီတဦး ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၅
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၄
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၃
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၂
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီး အခြေအနေ သုံးသပ်ချက် အပိုင်း – ၁