တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂၀ ကျော်အနက် အင်အားကြီး လက်နက်ကိုင် အဖွဲ့တချို့ကတော့ တရုတ်-မြန်မာ နယ်စပ်မှာ အခြေစိုက် လှုပ်ရှား နေကြပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဟာ အစိုးရ တပ်မတော်တို့နဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဖို့အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) ဆိုတဲ့ အဖွဲ့တခုကို ဖွဲ့စည်းခဲ့ကြပါတယ်။
FPNCC မှာ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ ပါဝင်ပါတယ်။
ဒီအထဲက KIA၊ MNDAA၊ TNLA၊ AA နဲ့ SSPP တို့ကတော့ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အဖွဲ့တွေဖြစ်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုင်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် ဆွေးနွေးနေကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။
UWSA နဲ့ NDAA တို့ကတော့ တပ်မတော်နဲ့ ပစ်ခတ်မှုတွေမရှိပေမယ့် NCA ရေးထိုးရေး ကိစ္စကိုတော့ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေပါတယ်။
FPNCC ဟာ နိုင်ငံရေးအရ မဟာမိတ်တခုသာ ဖြစ်ပြီး စစ်ရေးအရ မဟာမိတ်ဖွဲ့ခြင်း မရှိဘူးလို့ FPNCC ခေါင်းဆောင်ပိုင်း တွေက ပြောဆိုနေကြပေမယ့် ကော်မတီဝင်၊ အဖွဲ့တွေကြားထဲမှာ လက်နက်နဲ့ စစ်ရေးဆိုင်ရာ အကူအညီတွေ အပြန်အလှန် ဖလှယ်နေကြတာပါ။
နိုင်ငံအတွင်း လက်နက်ကိုင် အစုအဖွဲ့တွေထဲမှာ အင်အား အကြီးဆုံးလည်းဖြစ် အပစ်ရပ်လက်မှတ်လည်း မထိုးရသေးတဲ့ အဖွဲ့တွေလည်း ဖြစ်တဲ့ FPNCC အဖွဲ့ဝင် ခေါင်းဆောင်တွေရဲ့ အကြောင်းကို ဧရာတီက စုစည်းဖော်ပြလိုက်ပါတယ်။
ဦးပေါက်ယူချန်း
ဥက္ကဋ္ဌ
“ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)
UWSA မှာ အမြင့်ဆုံးအာဏာရှိတဲ့ ခေါင်းဆောင်၊ “ဝ” ခေါင်းဆောင်လို့ လူသိများတဲ့ ဦးပေါက်ယူချန်းဟာ FPNCC မှာလည်း အမြင့်ဆုံးရာထူးဖြစ်တဲ့ ဥက္ကဋ္ဌ တာဝန်ကို ယူထားသူ တဦးပါ။
၁၉၈၉ ခုနှစ်တုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကနေ ခွဲထွက်ပြီး “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို တည်ထောင်ခဲ့သူ “ဝ” ခေါင်းဆောင်တွေထဲက တဦးလည်း ဖြစ်ပါတယ်။ လက်ရှိ UWAA တပ်ပိုင်းဆိုင်ရာ ဘက်မှာလည်း စစ်သေနာပတိချုပ် ရာထူးကို ထမ်းဆောင်နေသူပါ။
UWSA ကို တည်ထောင်ပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရနဲ့ ၁၉၈၉ ခုနှစ်မှာဘဲ ငြိမ်းချမ်းရေးစာချုပ် ချုပ်ချုပ်ဆိုခဲ့ပါတယ်။ “ဝ”ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကျောက်ညီလိုင် ကွယ်လွန်ပြီးနောက် ဦးပေါက်ယူချန်းဟာ အမြင့်ဆုံး အာဏာ ရှိသူ ဖြစ်လာပါတယ်။
ဦးပေါက်ယူချန်းဟာ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း ဆက်ဆံရေးကောင်း တည်ဆောက်ပြီး သူအုပ်ချုပ်ခွင့် ရတဲ့ “ဝ” ဒေသကို အဘက်ဘက်က ဖွံ့ဖြိုးအောင် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဦးပေါက်ယူချန်းဟာ အသက် ၇၀ ဝန်းကျင် ရှိပါပြီ။
၁၉၉၀ ခုနှစ်ဝန်းကျင်ကနေ ၂၀၁၄ ခုနှစ် ကာလတွေထိ ဦးပေါက်ယူချန်းကို ပြည်မဘက်က လူထုနဲ့ နိုင်ငံတကာ အမြင်က ဘိန်းဘုရင်၊ မူးယစ်ရာဇာဆိုတဲ့ အမည်ဆိုးနဲ့သာ သိသူများကြပါတယ်။
“ဝ” ဒေသဟာ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက တောင်တွေ အထပ်ထပ်ကာရံထားတဲ့ တရုတ်-မြန်မာ နယ်စပ်မှာ တည်ရှိပြီး နိုင်ငံရေး၊ စစ်ရေး အခြေအနေအမျိုးမျိုးကြောင့်လည်း ပြည်မနဲ့ အလှမ်းဝေး အဆက် အသွယ် ပြတ်နေခဲ့တဲ့ ဒေသတခုပါ။
ပြည်မနဲ့ တိုင်းဒေသကြီးတွေကို စစ်အစိုးရက အုပ်ချုပ်နေစဉ် ကာလတလျှောက်လုံး UWSA ကို ဘိန်းဘုရင်တွေ၊ တရုတ်သြဇာခံပြီး မြန်မာနိုင်ငံကို ပုန်ကန်သူတွေ အဖြစ်သာ အလွယ်သိကြပါတယ်။
“ဝ” ဟာ နိုင်ငံရေးမှာလည်း ဘယ်သူနဲ့မှ နီးနီးကပ်ကပ်ရှိခဲ့တာမျိုး မတွေ့ရဘဲ သီးခြားသာ ရပ်တည်ပြီး သူ့ကိုယ်ပိုင် အရေးကိစ္စ၊ အခွင့်အရေးတွေအတွက်သာ စစ်အစိုးရနဲ့ သီးခြားဆွေးနွေးခဲ့တာပါ။
၂၀၁၅ ခုနှစ်၊ မေမှာတော့ UWSA က ဦးဆောင်ပြီး အစိုးရနဲ့ မပြေမလည်ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ခေါ်ယူ စုဖွဲ့ပြီး ညီလာခံ တရပ်ကျင်းပခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး လက်နက်ကိုင်လည်း ဖြစ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကိုလည်း အမြင့်ဆုံး ရထားတဲ့ UWSA ဟာ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေး မဟာမိတ်အဖြစ် ရပ်တည်မယ်ဆိုပြီး ထင်ထင်ပေါ်ပေါ် ကြေငြာခဲ့ ပါတယ်။
၂၀၁၄ ခုနှစ်မတိုင်ခင်ကာလတွေအထိ သီးခြားရပ်တည်ခဲ့တဲ့ “ဝ” လက်နက်ကိုင်အဖွဲ့နဲ့ ခေါင်းဆောင် ဦးပေါက်ယူချန်း က အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဦးဆောင်မယ်ဆိုတဲ့ အခန်းကဏ္ဍ ကနေ တိုင်းရင်းသား နိုင်ငံရေး အဝန်းအဝိုင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။
“ဝ” ဟာ FPNCC ကို ဖွဲ့စည်းပြီးနောက်မှာတော့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်နယ် တောင်းဆိုမှုနဲ့ လူမျိုးစုငယ်တွေရဲ့ အခွင့်အရေးတွေ အတွက်လည်း တောင်းဆိုဖို့၊ အသီးသီး တောင်းဆို ကြမယ် ဆိုရင် UWSA အနေနဲ့ ထောက်ခံ အားပေးနေမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
UWSA ဟာ ၂၀၀၈ ဖွ့ဲစည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်အတွင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်းမြို့နယ် ၆ မြို့နယ်ကို ခရိုင် ၂ ခု ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် အုပ်ချုပ်ခွင့်ရထား ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားပေမယ့် UWSA ဟာ ၎င်းတို့ ဒေသကို အစိုးရရဲ့ စွက်ဖက်မှု တစုံတရာ မရတဲ့အပြင် UWSA တပ်တွေဟာလည်း ဦးပေါက်ယူချန်းရဲ့ အမိန့် အောက်မှာပဲ ရာနှုန်းပြည့် ထိန်းချုပ်ထားတာပါ။
UWSA က အစိုးရနဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာမှာ တကြိမ်၊ ဒီဇင်ဘာမှာ တကြိမ် ပြည်ထောင်စုအဆင့်ထိ လက်မှတ်ထိုးထားပါတယ်။
စစ်သားအင်အား ၂ သောင်းခွဲနဲ့ ၃ သောင်းကြား ခန့်မှန်းခြေ ရှိတာဖြစ်လို့ ပြည်တွင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ အင်အားအကြီးဆုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာ အမြင့်ဆုံး ရထားပြီး အခြား တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ “ဝ” ဟာ ဖက်ဒရယ်ထက် မြင့်တဲ့ ကွန်ဖက်ဒရိတ်အဆင့် ရထားတယ်လို့ ဆိုကြပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဥက္ကဋ္ဌ
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)
ကချင်လွတ်လပ်ရေး တပ်မတော် (KIA/KIO) ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ FPNCC ရဲ့ ဒုဥက္ကဋ္ဌတာဝန်ကို ယူထားပါတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လက FPNCC ဖွဲ့စည်းရန်အတွက် UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်းတို့နဲ့ ထိပ်တိုက် ဆွေးနွေး ထားသူလည်း ဖြစ်ပါတယ်။
KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အနားယူသွားပြီး တာဝန်လွှဲပြောင်းရာမှ ဗိုလ်ချုပ်ကြီး အင်ဘန်လ က၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် ကျမ်းသစ္စာကျိန်ဆိုပြီး KIO ၏ ၆ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာသူပါ။
တပ်မတော်နဲ့ KIA အကြား ၁၇ နှစ်အကြာ အပစ်အခတ်ရပ်စဲရေးဟာ ၂၀၁၁ ခုနှစ်မှာ ကျိုးပေါက်ခဲ့ပြီး ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်ခဲ့ကြပါတယ်။ တိုက်ပွဲတွေရပ်ပြီး အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှု လုပ်ခဲ့ကြပေမယ့်လည်း ၂၀၁၆ ခုနှစ်ထဲမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်ဖြစ်ခဲ့ပါတယ်။
KIA တပ်စခန်းကုန်းအများအပြား သိမ်းဆည်းခံရပြီး ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း ထောင်နဲ့ချီတိုး လာပြီးနောက်မှာတော့ KIO ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို မတတ်တော့ပဲ UWSA နဲ့ ပူးပေါင်းပြီး FPNCC မှာ ပါဝင်ကြောင်း ကြေငြာလိုက်ပါတယ်။
FPNCC မှာ KIO ပါဝင်ဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လကပဲ ဦးဆောင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး FPNCC က KIO နဲ့ အစိုးရကြား ညှိနှိုင်းနေဆဲဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလည်း မထိုးနိုင်ဘူးလို့ ကြေငြာထားပါတယ်။
ကချင်လူထုတွေ ကချင်ဘာသာရေးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ဒီမိုကရေစီ အကူးအပြောင်းကိုသာ မျှော်လင့်တာဖြစ်လို့ ကွန်မြူနစ်ဆန်ပြီး တရုတ်နောက်ခံရှိတဲ့ UWSA နဲ့ KIA ပူးပေါင်းတာကို မကြိုက်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လက KIA ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ပြည်တွင်းပြည်ပက ကချင်လူထု ကိုယ်စားလှယ်တွေ ဘာသာရေး ဆရာတွေနဲ့ နိုင်ငံရေး တတ်ကြွ လှုပ်ရှားသူတွေကို ခေါ်ပြီး ရှင်းပြလိုက်တဲ့ အခါမှာတော့ UWSA နဲ့ ပူးပေါင်းတဲ့ အပေါ် ဝေဖန်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အင်ဘန်လကို ကချင်အမျိုးသားရေး၊ တော်လှန်ရေးစိတ်ဓါတ်နဲ့ ပတ်သတ်ရင် သဘောထား တင်းမာသူ၊ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေနဲ့ ပတ်သတ်ရင် ရည်မှန်းချက်ကြီးသူ အဖြစ်လည်း နိုင်ငံရေး အသိုင်းအဝိုင်းမှာ ပြောစမှတ်ပြုကြပါတယ်။
၂၀၀၀ ခုနှစ်၊ KIA အဖွဲ့အစည်းအတွင်း ဥက္ကဋ္ဌ ဦးမလိဇွပ်ဇော်မိုင်ကို ဖြုတ်ချရာမှာ သွေးထွက်သံယိုမှု အနည်းဆုံး ဖြစ်အောင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူ အဖြစ်နဲ့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လကို တိုင်းရင်းသားအရေး လေ့လာ သုံးသပ်သူတွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြလေ့ ရှိကြပါတယ်။
ဦးမလိဇွပ်ဇော်မိုင်ဟာ KIA ကို စတင်တည်ထောင်ခဲ့တဲ့ ကချင်လူငယ် ၇ ဦးထဲမှာ ပါဝင်ခဲ့သူတဦးပါ။
ဗိုလ်ချုပ်ကြီး အင်ဘန်လ ခေါင်းဆောင်တဲ့ KIA က ကချင်ပြည်နယ်၊ တပြည်နယ်လုံးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မှာ လှုပ်ရှားပြီး အင်အား တသောင်းကျော် ရှိပါတယ်။
KIA က စတင်ဖွဲ့စည်းစဉ်က ကချင်ပြည်နယ်ကို လုံးဝလွတ်လပ်ရေး ရ ရမယ်လို့ ကြွေးကြော်ခဲ့ပေမယ့် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာတော့ အနာဂတ်မှာ တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ သွားရေး၊ သယံဇာတနဲ့ အာဏာ ခွဲဝေရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်တွေ ရရေးဆိုတဲ့ အချက်တွေကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ထုတ်ဖော် ပြောဆို ထားပါတယ်။
FPNCC အဖွဲ့ဝင် AA၊ TNLA တို့ကတော့ UWSA ကို အားကျလို့ ကွန်ဖက်ဒရေးရှင်း စနစ်မျိုး လိုချင်တယ်လို့ ၂၀၁၉ ခုနှစ်အတွင်းမှာ ထုတ်ဖော်ပြောဆိုကြပေမယ့် KIA ကတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။
ဦးစိုင်းလင်း
ဥက္ကဋ္ဌ
အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)
UWSA နဲ့ ဘေးချင်းကပ် နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ ဒေသ နောက်တခု ကတော့ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ အထူးဒေသ (၄) ပါ။
အထူးဒေသ (၄) ကို မိုင်းလားဒေသ၊ နမ့်ပန်းဒေသ၊ ဆီလူးဒေသ ဆိုတဲ့ ဒေသ ၃ ခုနဲ့ ဖွဲ့စည်းထားပြီး ဒေသခံ တိုင်းရင်းသား တသိန်းကျော် နေထိုင်ပါတယ်။ အထူးဒေသ (၄) ကို အင်အား ၅၀၀၀ ကျော်ရှိတဲ့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) က အကာအကွယ်ပြုပြီး အုပ်ချုပ်ပါတယ်။
NDAA ကလည်း UWSA နဲ့ KIA ဦးဆောင်တဲ့ FPNCC ထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားပါတယ်။
ဦးစိုင်းလင်းရဲ့ ပထမဇနီးကတော့ တရုတ်နိုင်ငံသူ၊ တရုတ်လူမျိုး ဒေါ်သန်းသန်းဝင်း ဖြစ်ပါတယ်။
ဒေါ်သန်းသန်းဝင်း ကွယ်လွန်ပြီးနောက်မှာတော့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA) ခေါင်းဆောင် ဦးဖုန်ကျားရှင်ရဲ့ သမီး ဒေါ်နန်းယဉ် (ဖုန်စူးချွမ်) နဲ့ ဒုတိယ အိမ်ထောင်ကို ထပ်မံ ထူထောင်ပါတယ်။
ပထမဇနီးနဲ့ မွေးဖွားထားတဲ့ သားသမီး ၂ ဦးထဲက တဦးဖြစ်တဲ့ ဦးထိန်လင်းကတော့ လက်ရှိအချိန်မှာ အထူးဒေသ (၄) ရဲ့ ခေါင်းဆောင် တဦးဖြစ်လာပြီး ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ (PSC) ရဲ့ ဒုဥက္ကဋ္ဌ တဦး အဖြစ် တာဝန် ယူထားပါတယ်။
NDAA တပ်ကို မထူထောင်ခင် ဦးစိုင်းလင်း က ဗမာပြည်ကွန်မြူနစ်ပါတီ (CPB)၊ ၈၁၅ စစ်ဒေသရဲ့ တပ်မှူး တဦးပါ။
၁၉၈၉ ခုနှစ်မှာ ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့၊ ဦးကျောက်ညီလိုင်နဲ့ ဦးပေါက်ယူချန် ဦးဆောင်တဲ့ ဝ တပ်ဖွဲ့တို့ ပုန်ကန် ခွဲထွက်ပြီးနောက်မှာ ဦးစိုင်းလင်း ဦးဆောင်တဲ့ ၈၁၅ စစ်ဒေသဟာလည်း ခွဲထွက်ပြီး NDAA ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်၊ ဇွန် ၃၀ မှာ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ ထူထောင်ကာ ဝင်ငွေရှာပြီး ဒေသတွင်း ဖွံ့ဖြိုးရေးတွေ လုပ်နေပါတယ်။
အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွ့ဲတွေထက် ထူးခြားတာကတော့ NDAA အုပ်ချုပ်တဲ့ အထူးဒေသ (၄) ဟာ မဲခေါင်မြစ်တကြောမှာ ဆိပ်ကမ်းတခုပိုင်ဆိုင်ထားပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ အများအပြားရှိပြီး ဦးပေါက်ယူချန် ဦးဆောင်တဲ့ UWSA ရဲ့မြောက်ပိုင်းနဲ့ တောင်ပိုင်းကြားမှာလည်း ဖြတ်သန်းသွားလာရာ အရေးပါတဲ့ နယ်မြေတခုအဖြစ် အထူးဒေသ (၄)ဟာ ရပ်တည်နေပါတယ်။
ဧရာဝတီမှ စုံစမ်းသိရှိထားတဲ့ အချက်အလက်များအရ အထူးဒေသ (၄) ခေါင်းဆောင်များဟာ အစိုးရနဲ့ NCA စာချုပ် ချုပ်ဆိုလိုပေမယ့် မဟာမိတ်ဖြစ်တဲ့ UWSA ကြောင့် တဖွဲ့တည်း သီးခြား လက်မှတ်မထိုးနိုင်သေးဘဲ FPNCC ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။
UWSA က NDAA ရဲ့ နယ်မြေအတွင်းမှာ “ဝ” စစ်သား ၁၀၀၀ ခန့်လွှတ်ထားပြီး ရှေ့တန်းစခန်းတွေမှာ အတူတကွ ပူးပေါင်းလှုပ်ရှားမှု ပြုလုပ်တာတွေ ရှိပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း UWSA နဲ့ NDAA ကြား မပြေလည်မှုတွေ ဖြစ်ပြီး “ဝ” စစ်သား ၁၀၀၀ ခန့်က NDAA စစ်သား တွေရဲ့ စခန်းတွေကို ဝင်စီးခဲ့ပါတယ်။
UWSA နဲ့ NDAA ကြား ညှိနှိုင်းပြီး ပြန်ပြေလည်သွားပေမယ့် အစိုးရဘက်က အထူးဒေသ (၄) နယ်မြေနဲ့ ဆက်စပ်နေတဲ့ ကျိုင်းတုံမြို့၊ တာပင်းဂိတ်ကို ပိတ်ပစ်လိုက်တာ ယနေ့ထိပါပဲ။
NDAA က ၁၉၈၉ ခုနှစ်၊ အစိုးရနဲ့ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးကတည်းက သူ့ရဲ့ စစ်သားအင်အားကို ၄၀၀၀ ဝန်းကျင်ခန့်နဲ့ ထိန်းထားတယ်လို့ တရားဝင် ပြောဆိုပေမယ့် ဒေသတွင်း အရပ်သားတွေကို အလှည့်ကျ စစ်မှုထမ်းခိုင်းတဲ့ စနစ်ရှိတာကြောင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတွေက NDAA ရဲ့ စစ်အင်အားက တသောင်းဝန်းကျင် ရှိတယ်လို့လည်း ပြောဆိုကြပါတယ်။
NDAA က အစိုးရနဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာမှ ပြည်နယ်အဆင့် ပဏာမအပစ်ရပ်စာချုပ်တခု၊ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာနဲ့ ဒီဇင်ဘာမှာ ပြည်ထောင်စုအဆင့် စာချုပ် ၂ ခု ထပ်မံချုပ်ဆိုထားပါတယ်။
NDAA က မိုင်းလား၊ နမ့်ပန်း၊ ဆီလူးဒေသ ၃ ခုကို အုပ်ချုပ်နေပေမယ့် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင် ပြဌာန်း မပေးထားတာကြောင့် ၎င်းတို့ကို တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတခုအဖြစ် သတ်မှတ်ပေးဖို့ အစိုးရဆီမှာ တောင်းဆိုနေပါတယ်။
ဖုန်တာ့ရွှင်
စစ်ဦးစီးချုပ်
မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီမှာ ကိုးကန့်ဒေသကို တဖန်ပြန်ဝင်လာပြီး မြို့တွင်းထိ ဝင်ရောက်တိုက်ခိုက်မှုတွေ ကြောင့် တိုင်းရင်းသား လက်နက်ကိုင် နိုင်ငံရေးဇာတ်ခုံပေါ် ပြန်ရောက်လာခဲ့တဲ့ ဦးဖုန်ကျားရှင် ရဲ့ MNDAA ဟာလည်း FPNCC အဖွဲ့ဝင် ဖြစ်ပါတယ်။
ဦးဖုန်ကျားရှင်ရဲ့ MNDAA တပ်ဖွဲ့ဟာ ၂၀၀၉ ခုနှစ်တုန်းက လက်နက်စက်ရုံနဲ့ မူးယစ်ဆေးဝါး စက်ရုံတွေ ထူထောင် ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်ရဲ့ ဝင်ရောက်တိုက်ခိုက်မှုကို ခံရပြီး ကိုးကန့်ဒေသကနေ ထွက်ပြေးခဲ့ရတာပါ။
အဲ့ဒီအချိန်က စစ်အစိုးရဘက်ကနေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို တပ်မတော်လက်အောက် ဝင်ပြီး နယ်ခြားစောင့်တပ် (BGF) အဖြစ် လက်ခံဖို့ ညှိနှိုင်းနေချိန်လည်း ဖြစ်ပါတယ်။
MNDAA ဟာ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ကနေ ခွဲထွက်လာခဲ့တဲ့ တပ်ဖွဲ့တခုပါ။ ဗမာပြည်ကွန်မြူနစ် ပါတီ အာဏာ တန်ခိုးထွားချိန်ကာလက ဦးဖုန်ကျားရှင်ဟာ အရှေ့မြောက်စစ်ဒေသရဲ့ တပ်မှူးတဦးလည်း ဖြစ်ပါတယ်။
ကိုးကန့်လူမျိုးတွေဟာ မြန်မာပြည်တွင်းက တိုင်းရင်းသားလူမျိုးတခု ဖြစ်ပေမယ့် မူရင်းလာရာက တရုတ်နိုင်ငံ၊ ဟန်လူမျိုးတွေ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ကိုးကန့်လူမျိုးတွေကို တရုတ်လို့ စွပ်စွဲပြောဆိုချက်တွေ ရှိနေပေမယ့် ကိုးကန့်လူမျိုးတွေဟာ ၁၉၅၀ ခုနှစ်တုန်းက မြန်မာအစိုးရလွှတ်တော်မှာ နိုင်ငံသားဖြစ်ခွင့်နဲ့ မြန်မာတိုင်းရင်းသား လူမျိုးတခု ဖြစ်ကြောင်း သတ်မှတ်ပေးထားပါတယ်။
ဦးဖုန်ကျားရှင်ဟာ ဆယ်ကျော်သက်အရွယ် ငယ်စဉ်ကတည်းက ကိုးကန့်စော်ဘွားတွေဆီမှာ အမှုထမ်းခဲ့သူ ဖြစ်ပြီး ဘိန်းမှောင်ခိုကူးခြင်း လုပ်ငန်းနဲ့ ကြွယ်ဝချမ်းသာလာသူ ဖြစ်ပါတယ်။
၁၉၅၉ ခုနှစ်မှာ ရှမ်းပြည်နယ်တွင်း စော်ဘွားတွေ အာဏာစွန့်ရတော့ ဦးဖုန်ကျားရှင်တို့ဟာ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့ တခုဖွဲ့ပြီး တော်လှန်ပုန်ကန်ခဲ့ကြတာပါ။
ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့ကို ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကနေ စည်းရုံးခဲ့တာကြောင့် CPB လက်အောက် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်၊ မတ်မှာ ဦးဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့တွေက ပထမဆုံး ပုန်ကန်ခဲ့ပြီး ဗကပ ကနေ ခွဲထွက်၍ MNDAA ကို ထူထောင်လိုက်တာဖြစ်ပါတယ်။
ဦးဖုန်ကျားရှင်ရဲ့ နောက်မှာတော့ ဦးကျောက်ညီလိုင်နဲ့ ဦးပေါက်ယူချန်တို့ ဦးဆောင်တဲ့ ဝ တပ်ဖွဲ့၊ ဦးစိုင်းလင်း ဦးဆောင်တဲ့ ၈၁၅ စစ်ဒေသ တို့ကလည်း ဗကပ ကနေ ခွဲထွက်ခဲ့ကြတာပါ။
ဦးဖုန်ကျားရှင်က MNDAA ကနေ ခွဲထွက်ပြီး အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ယူထားပြီး ကိုးကန့်ဒေသမှာ သူ့တပ်ဖွဲ့နဲ့ နေထိုင်နေခဲ့တာပါ။
၂၀၀၉ ခုနှစ်၊ တိုက်ခိုက်ခံချိန်မှာ ထွက်ပြေးခဲ့ရပြီး ၅ နှစ်ခန့် ကွယ်ပျောက်နေခဲ့ရာက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာမှာတော့ ဖုန်ကျားရှင် ကိုးကန့်ကို ပြန်လာမယ်။ ပြန်တိုက်မယ် ဆိုပြီး တရုတ်နိုင်ငံက သတင်းမီဒီယာ ဖြစ်တဲ့ Global Times မှာ ရုပ်သံ အင်တာဗျူးတွေ တတ်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီမှာတော့ ကိုးကန့်ဒေသထဲ ဝင်တိုက်ပြီး တရုတ်-မြန်မာနယ်စပ်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက် ဒေသက တောင်ကြောတွေပေါ်မှာ ထောင်ချီတဲ့ ကိုးကန့်စစ်သားတွေ ထင်ထင်ပေါ်ပေါ် ပြန်လည် အခြေချလာ ကြပါတော့တယ်။
ဦးဖုန်ကျားရှင် ဟာ MNDAA ခေါင်းဆောင် အဖြစ် နာမည်ကြီးပေမယ့် လက်ရှိ MNDAA ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသူကတော့ ဦးဖုန်ကျားရှင်ရဲ့ သားကြီး ဖုန်တာ့ရွှင် ဖြစ်ပါတယ်။
MNDAA အတွင်းရေးမှူးကတော့ ဦးဖုန်ကျားရှင်ရဲ့ သားမက်တော်စပ်သူ ဦးထွန်းမြတ်လင်းပါ။
သတင်းမီဒီယာတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ဦးထွန်းမြတ်လင်းဆိုတဲ့ အမည်နဲ့ ဆက်သွယ်ပေမယ့် သူ့ကိုတော့ အဖွဲ့အစည်းတွင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တွေ ကြားမှာတော့ ဦးထွန်းလွင်လို့ ခေါ်ဆို ကြပါတယ်။
ဦးဖုန်ကျားရှင်ကတော့ သားမက်တော်စပ်သူ ဦးစိုင်းလင်းရဲ့ မိုင်းလားတပ်ဖွဲ့ (NDAA) အဖွဲ့ တည်ရှိတဲ့ မြို့တော်၊ မိုင်းလားမြို့မှာပဲ နေထိုင် နေပါတယ်။
ဦးဖုန်ကျားရှင်ရဲ့ ဆွေမျိုးတော်စပ်သူတွေနဲ့ MNDAA ထိပ်ပိုင်း အကြီးအကဲတွေကလည်း ဝ၊ မိုင်းလား၊ တရုတ်နဲ့ ထိုင်းနယ်စပ်တွေမှာပဲ သွားလာနေထိုင် နေကြတာပါ။
မိုင်းလားမြို့တွင်းမှာဆိုရင် ဦးဖုန်ကျားရှင်တို့ မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းအချို့လည်း ရှိပါတယ်။
ဦးဖုန်ကျားရှင်နဲ့ ဦးဖုန်တာ့ရွှင် ဦးဆောင်တဲ့ MNDAA ဟာ ကိုးကန့်ဒေသမှာ ပြန်အခြေစိုက် တိုက်ခိုက်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ပါဝင်ဖို့ ပြောဆိုခဲ့ပါတယ်။
MNDAA စတင်တိုက်ခိုက်စဉ်က တပ်မတော်က အပြတ်ချေမှုန်းမယ်လို့ ရာဇသံထုတ်ခဲ့ပြီး ဒီမိုကရေစီ အစိုးရကို တော်လှန်တိုက်ခိုက်တဲ့ သောင်းကျန်းသူတွေလို့ နာမည်တပ်ခဲ့ပါတယ်။
တပ်မတော်နဲ့ ဖြစ်တဲ့ ကိုးကန့်တိုက်ပွဲတွေမှာ MNDAA ဘက်ကနေ တအန်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ကလည်း ဝင်ကူ တိုက်ပေးခဲ့ပါတယ်။
ကိုးကန့်တော်လှန်ရေး တကျော့ပြန် စနိုင်ဖို့ အတွက်ကိုလည်း KIA ဘက်က လက်နက်တွေ ကူညီပေးတာ ရှိ ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း KIA ထိန်းချုပ်နယ်မြေအတွင်းမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဦးဖုန်ကျားရှင် တို့ တွေ့ဆုံတဲ့ ဓါတ်ပုံ မှတ်တမ်းတွေကလည်း သက်သေပါပဲ။
ကိုးကန့်တိုက်ပွဲတွင်းမှာ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးများခဲ့ပြီး နောက်ပိုင်းမှာတော့ MNDAA ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းထဲ ပါဝင်လာဖို့ လက်ခံခဲ့ပါတယ်။
စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ အပြန်အလှန် ကူညီကြတဲ့ KIA ၊ MNDAA ၊ TNLA နဲ့ AA တို့က မြောက်ပိုင်း မဟာမိတ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေလည်း တရားဝင်မဟာမိတ်ဖြစ်ကြောင်း ကြေငြာထားပါတယ်။
ဦးဖုန်ကျားရှင်နဲ့ ဦးဖုန်တာ့ရွှင် ဦးဆောင်တဲ့ MNDAA ဟာ ကိုးကန့်လူမျိုးတွေအနေနဲ့ သီးခြားပြဌာန်းပေးထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို ဥပဒေနဲ့ အညီ ရ ရမယ်လို့ ယုံကြည်နေပြီး နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်းတွေမှာ ဆွေးနွေးခွင့်ရဖို့ လက်နက်ကိုင်တိုက်ရင်း FPNCC ထဲမှာလည်း ပါဝင် ရပ်တည် နေပါတယ်။
MNDAA မှာ တပ်သားအင်အား ၅၀၀၀ ကနေ ၆၀၀၀ ခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ မော်ထိုက်မြို့နယ်၊ ဟုန်အိုင် တောင်ကြောပေါ်မှာ ဌာနချုပ် အခြေစိုက်ပြီး မော်ထိုက်၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တွေနဲ့ တရုတ်-မြန်မာနယ်စပ်၊ အရှေ့မြောက် ဒေသတကြော သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ လှုပ်ရှားပါတယ်။
MNDAA နဲ့ အစိုးရကြားမှာတော့ အပစ်ရပ်စာချုပ်တွေ ချုပ်ဆိုထားတာ မရှိပါဘူး။
ဗိုလ်ချုပ်ကြီး ပန်ဖ
ဥက္ကဋ္ဌ
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဌာနချုပ်စိုက်၊ တပ်ဖြန့်လှုပ်ရှားတဲ့ SSPP ဟာလည်း FPNCC အဖွဲ့ဝင် တဖွဲ့ပါ။ SSPP ရဲ့ ဥက္ကဋ္ဌ ကတော့ ဗိုလ်ချုပ်ကြီး ပန်ဖ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးပန် ဖက ၂၀၀၅ ခုနှစ်မှာ SSPP တပ်မဟာ (၁) ရဲ့ တပ်မှူး တဦးပါ။
စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ တိုင်းရင်းသားတပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းဖို့ ညှိနှိုင်းတော့ အခြားတပ်မဟာတွေက BGF အသွင်ပြောင်းသွားကြပေမယ့် ဗိုလ်ချုပ်ကြီး ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ (၁) က တိုက်ပွဲတွေ ပြန်ဖြစ်ပြီး SSPP အဖြစ်ပဲ ဆက်ရပ်တည်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ စစ်အစိုးရက SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ် ဆေထင် ကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၀၆ နှစ် ချလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီး ပန်ဖက ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ တပ်မတော်နဲ့ SSPP ကြား တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။
၂၀၁၁ ခုနှစ်၊ သမ္မတ ဦးသိန်းစိန် တတ်လာတဲ့ အချိန်မှာတော့ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် ဗိုလ်ချုပ်ကြီးပန်ဖ ဦးဆောင်တဲ့ SSPP ကလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဦးဆေထင်ကို ပြန်လွှတ်ပေးလိုက်တာကြောင့် ဦးဆေထင်က SSPP ရဲ့ နာယက ဖြစ်လာ ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ SSPP နဲ့ အစိုးရကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ် စာချုပ်များမှာ လက်မှတ် ထိုးထားပါတယ်။
ဒါပေမယ့် တပ်မတော်နဲ့ SSPP ကြား ရာနှုန်းပြည့် ပြေလည်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်ထိ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားသလို SSPP စခန်းတွေ သိမ်းဆည်းခံရတာလည်း ရှိပါတယ်။
SSPP စတင်ဖွဲ့စည်းစဉ်ကနေ ၁၉၉၀ ဝန်းကျင်ထိ SSPP ဟာ KIA နဲ့ အဆင်မပြေပါဘူး။
ထိုင်းနယ်စပ်ကနေ လက်နက်ဝယ်ယူပြီး ပြန်လာတဲ့ KIA တပ်ဖွဲ့ဝင်တွေကို အနှောင့်အယှက်ပေးတာ လမ်းမှာ လက်နက်တွေ သိမ်းယူပစ်တာမျိုး လုပ်သလို ၁၉၉၀ ခုနှစ်တုန်းကဆို လက်နက်ဝယ်ပြီး ပြန်လာတဲ့ KIA စစ်သား ၆၀ ခန့်ကို ဖမ်းဆီးပြီး စစ်အစိုးရလက်ထဲ အပ်ခဲ့တာပါ။
ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ KIA က ဦးစီးပြီး ဖွဲ့စည်းလိုက်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှာတော့ SSPP ပူးပေါင်းပါဝင်ပြီး နိုင်ငံရေး မဟာမိတ်အဖြစ် ဆက်ဆံရေးတွေ ပြုလုပ် လာကြပါတယ်။
SSPP က FPNCC ဥက္ကဋ္ဌ ဖြစ်တဲ့ UWSA နဲ့တော့ ရှည်ကြာတဲ့ ဆက်ဆံရေးကောင်း ရှိတဲ့ တပ်ဖွဲ့တဖွဲ့ပါ။
ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ထံမှ ၁၉၇၀ ခုနှစ်တုန်းက လက်နက်ခဲယမ်းများ အကူအညီယူ ခဲ့ရတဲ့ SSPP ဟာ ဗကပ ပြိုကွဲပြီးနောက် ပေါ်ပေါက်လာတဲ့ UWSA နဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေး ဆက်ရှိခဲ့တာပါ။
ဗကပ ပြိုကွဲပြီးနောက် သံလွင်မြစ် အနောက်ဘက်ခြမ်းမှာ ပေါ်ပေါက်လာတဲ့ UWSA နဲ့လည်း လက်နက်ခဲယမ်း အကူအညီတွေ အပြင် စစ်ရေးဆိုင်ရာ အကူအညီတွေ သံလွင်မြစ်ပိုင်းခြားပြီး နယ်မြေထိစပ်နေတဲ့ ဝနယ်ဘက်ထဲ ဖြတ်သန်းသွားလာရေး အကူအညီတွေ နှစ်ဖက်တပ်အကြား ရှိပါတယ်။
SSPP နယ်မြေတွင်းက လွယ်လန်းတောင်ကြောဟာ သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ ရှိတဲ့ “ဝ”တောင်တန်း ဒေသ ထက် မြင့်တာကြောင့် စစ်ရေးအရ UWSA ကို ခြိမ်းခြောက်ဖို့အတွက် SSPP နယ်မြေဟာလည်း အရေးပါတဲ့ နေရာ တခု ဖြစ်ပါတယ်။
UWSA ဦးဆောင်တဲ့ FPNCC စတင်ဖွဲ့စည်းတော့ UNFC ကနေ နှုတ်ထွက်ပြီး FPNCC ထဲကို ဝင်လာ ခဲ့တာပါ။
FPNCC က အစိုးရလုပ်ဆောင်နေတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ငြင်းဆိုပြီး ဖက်ဒရယ်ထက် မြင့်မားတဲ့ နိုင်ငံရေးတောင်းဆိုမှုစာတမ်းကို ဆွေးနွေးလိုတယ်လို့ ကြေငြာထားပေမယ့် SSPP က တဖက်မှာလည်း အစိုးရနဲ့ သီးခြား တဖွဲ့တည်း ဆွေးနွေးမှုတွေ ရှိနေပါတယ်။
SSPP က သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်က တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူအခွင့်အရေးရတဲ့ ဖက်ဒရယ် နဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ပြည်ထောင်စုအဖြစ် သွားရေးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာတော့ SSPP ဟာ UWSA အပြင် TNLA နဲ့လည်း မဟာမိတ်ဖွဲ့ထားပြီး စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပူးတွဲဆောင်ရွက်တာတွေ ရှိပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ အခြေစိုက်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်ဖွဲ့တွေ ရှမ်းမြောက်ကို အခြေချလာတာကြောင့်လည်း SSPP က သူ့ရဲ့ FPNCC မဟာမိတ် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပေါင်းပြီး RCSS ကို တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိမှာတော့ SSPP နဲ့ RCSS ကြား မပစ်ခတ်ကြဖို့ သဘောတူထားပြီဖြစ်ပေမယ့် SSPP က TNLA နဲ့တော့ အောက်ခြေမြေပြင်မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ အတူပူးပေါင်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
တာအိုက်ဘုန်း
ဥက္ကဋ္ဌ
ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)
ဥက္ကဋ္ဌ တာအိုက်ဘုန်း ဦးဆောင်တဲ့ TNLA ကလည်း FPNCC အဖွဲ့ဝင် ဖြစ်သလို လက်ရှိမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိပါဘူး။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ပလောင်(တအာင်း) လူမျိုးခေါင်းဆောင်တွေက စစ်မှန်သော ဖက် ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ၁၉၆၃ ခုနှစ်မှာ ပလောင် အမျိုးသား တပ်ဖွဲ့ (PNF) တည်ထောင်ခဲ့ပါတယ်။
၁၉၇၆ ခုနှစ်မှာတော့ PNF ကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) အဖြစ်ပြောင်းလဲခဲ့ပြီး ဗိုလ်ချုပ် တာခွန်သောင်း ဦးဆောင်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး စစ်အစိုးရရဲ့ ဖိအားပေးမှု တွေကို မလွန်ဆန်နိုင်တဲ့ PSLA ဟာ ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရထံ လက်နက် အပြီးအပိုင် အပ်နှံခဲ့ရပါတယ်။
အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ) အဖွဲ့ဝင် ကိုယ်စားလှယ်အဖြစ် စေလွှတ်ထားတဲ့ PSLA အဖွဲ့ဝင်အချို့က စစ်အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အယုံအကြည်မရှိဆိုပြီး မိခင်အဖွဲ့အစည်းကို မပြန်တော့ဘဲ မာနယ်ပလောမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အကူအညီနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ၁၉၉၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။
၂၀၀၇ ခုနှစ်တွင် PSLA ခေါင်းဆောင်များနဲ့ PSLF ခေါင်းဆောင်တွေက လက်ရှိ ဖြစ်တည်နေသည့် TNLA ကို သန္ဓေတည်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် TNLA ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။ PSLF ဟာ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်ပြီး TNLA ကတော့ PSLF ရဲ့ တပ်ဖြစ်သည်။
၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ TNLA ဟာ ပလောင် (တအန်း) ဒေသ အတွင်းမှာ စစ်ဆင်ရေး စည်းရုံးရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး အချိန်တိုအတွင်းမှာ အင်အားတောင့်တင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့အဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။
TNLA မှာ တပ်ဖွဲ့အင်အား ခန့်မှန်းခြေ ၇၀၀၀ ခန့် ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းနဲ့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်တဲ့ နမ့်ဆန်၊ မန်တုံမြို့နယ် ထိ လှုပ်ရှားပါတယ်။
TNLA ကို စတင်ထူထောင်စဉ် KIA ကပဲ စစ်သင်တန်းပေးသလို လက်နက်၊ ယူနီဖောင်းနဲ့ ရိက္ခာအတွက် ကူညီပေးတာတွေ လည်း ရှိပါတယ်။ စတင်ဖွဲ့စည်းစဉ်က ပလောင်လူငယ် ၄၀ ကျော်၊ သေနတ် အလက် ၂၀ ကျော်နဲ့ သင်တန်းဆင်းပြီး ရှမ်းပြည်နယ် မြောက်ပိုင်းကို ပြန်ဝင်လာပြီး လှုပ်ရှားကြတာပါ။
TNLA ရဲ့ အရာရှိအများစုကလည်း KIA ရဲ့ ဗိုလ်လောင်း သင်တန်းကျောင်းဆင်းတွေ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ တာအိုက်ဘုန်းနှင့် အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်တို့ကတော့ PSLF တွင် အမျိုးသားရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ ဆက်စပ်ပြီး ထိုင်း-မြန်မာ နယ်စပ်နဲ့ ကရင်ပြည်နယ်အတွင်းမှာ လှုပ်ရှားခဲ့ကြသူများ ဖြစ်ပါတယ်။
PSLF/TNLA ချမှတ်ထားတဲ့ လမ်းစဉ်တွေကတော့ တအန်း (ပလောင်) အမျိုးသားတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်ရှိတဲ့ တအန်းပြည်နယ် တည်ဆောက်ရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ တိုင်းရင်းသား လူမျိုးတွေ တန်းတူညီမျှနေထိုင်နိုင်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။
TNLA ဟာ UWSA နဲ့ ဆက်ဆံရေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အဖွဲ့ဖြစ်သလို KIA၊ MNDAA ၊ AA တို့နဲ့လည်း နီးစပ်တဲ့ မဟာမိတ်အဖွဲ့ဝင်တွေဖြစ်ပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်
စစ်ဦးစီးချုပ်
ရက္ခိုင်စစ်တပ် (AA)
AA ကို တည်ထောင်သူ၊ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ လက်ရှိ တိုင်းရင်းသားနိုင်ငံရေး အခင်းအကျင်းထဲမှာ စိတ်ဝင်စားခံရရှိနေတဲ့ ခေါင်းဆောင်တဦးပါ။
ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ AA ဟာ FPNCC စတင်ဖွဲ့စည်းစဉ်ကတည်းက အစည်းအဝေးတွေမှာ ပါဝင်ခဲ့ပြီး FPNCC ကနေ တဆင့် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးချင်တယ်လို့ ပြောဆိုထားပါတယ်။
AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်မှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ရခိုင်လူငယ် ၂၆ ဦးနဲ့ စတင် တည်ထောင် ခဲ့တာပါ။
ယာယီဌာနချုပ်က KIA ရဲ့ လိုင်ဇာမြို့မှာ အခြေစိုက်ပြီး စတင်တည်ထောင်စဉ်ကလည်း KIA ကပဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင် အပါအဝင် AA စစ်သားတွေကို စစ်ဘက်ဆိုင်ရာ သင်တန်းတွေ ပေးခဲ့တာပါ။
ဗိုလ်ချုပ် ထွန်းမြတ်နိုင် လက်နက်ကိုင် တော်လှန်ရေးကို ဇောက်ချမလုပ်ကိုင်ခင်က စစ်တွေတက္ကသိုလ်မှာ ဥပဒေတန်း အဝေးသင် တတ်နေပြီး ရန်ကုန်မြို့မှာ နေထိုင်ရင်း ဧည့်လမ်းညွှန်အလုပ် လုပ်ကိုင်သူပါ။
ဧည့်လမ်းညွှန်လုပ်ရင်း တဖက်မှာ ရခိုင်အမျိုးသားရေး လှုပ်ရှားမှုတွေ လုပ်ကိုင်နေကြတဲ့ ရခိုင်ပြည် ကျောင်းသားနဲ့ လူငယ်များ အစည်းအရုံး (AASYC) ထဲမှာ ဝင်ရောက်လှုပ်ရှားသလို မြေအောက် လှုပ်ရှားမှုတွေ လည်း လုပ်ကိုင်ခဲ့သူပါ။
AASYC တွင်းမှာ အတူလှုပ်ရှားခဲ့သူတွေကတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူငယ်ဘဝ မြေအောက်လှုပ်ရှား စဉ်ကတည်းက အမျိုးသားရေးနဲ့ ပတ်သတ်ရင် အိပ်မက်ကြီးတဲ့သူလို့ ပြောကြပါတယ်။
သူ့ကို လူမှုဆက်ဆံရေး ကောင်းသူ၊ စည်းရုံးနိုင်စွမ်းရှိသူ၊ အင်အားကောင်းတဲ့ တပ်တခုကို ၁၀ နှစ်အတွင်း ထူထောင် နိုင်တာဖြစ်လို့ အရည်အချင်းရှိသူလို့လည်း ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုကြပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ကိုယ်တိုင်ဦးဆောင်ပြီး ရခိုင်လက်နက်ကိုင်တပ် တခုကို ထောင်ဖို့အတွက် ၂၀၀၆ ခုနှစ်ကတည်းက လိုင်ဇာမြို့ကို ရောက်လာပြီး KIA ထံမှာ ချဉ်းကပ်ခဲ့ပါတယ်။
၂၀၀၈ ခုနှစ်ရောက်မှ ရခိုင်လူငယ် ၃၀ ခန့်ကို စစ်သင်တန်းပေးမယ်လို့ KIA က သဘောတူခဲ့တာကြောင့် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြည်တွင်းက အမျိုးသားရေး တတ်ကြွလှုပ်ရှားသူ၊ မြေအောက် လှုပ်ရှားနေသူ ရခိုင်လူငယ်တွေကို လိုင်ဇာခေါ် အခြေခံ စစ်သင်တန်း တတ်ပြီးတာနဲ့ AA ကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။
KIA က ရဲဘော် ၂၆ ဦးကို တရားဝင် ရိက္ခာထုတ်ပေးထားပေမယ့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က KIA မသိပဲ ရခိုင် လူငယ် ၅၀ လောက်ကို ထပ်စုထားတာကြောင့် ရိက္ခာမလုံလောက်ဖြစ်ခဲ့ပြီး တောထဲ မျှစ်ခုတ်၊ ငါးဖမ်း ပြီး စတင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။
ရဲဘော်အင်အား ၅၀ လောက်ရှိချိန်မှာ M 22 တလက်၊ ပစ္စတို တလက်ပဲ ရှိခဲ့ပါတယ်။
၂၀၀၉ ခုနှစ်၊ ဇူလိုင်လမှာ KIA က သေနတ်အလက် ၂၀၊ တလက်ကို ကျည်ဆံ အတောင့် ၅၀ စီ ပေးပြီး KIA စခန်းကုန်းအချို့မှာ လုံခြုံရေးယူဖို့ စတင် တာဝန်ပေးပါတယ်။
၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်၊ တပ်မတော်နဲ့ KIA ကြား အပစ်ရပ်စာချုပ် ပျက်ပြီး တိုက်ပွဲတွေ စဖြစ်တော့ ရှေ့တန်း နယ်မြေတွေမှာ AA ရဲဘော်တွေ ဝင်တိုက်ရပါတယ်။ အချို့ ကျဆုံးတာတွေ ရှိပါတယ်။
၂၀၁၃ ခုနှစ်ဝန်းကျင်ထိ KIA ရှေ့တန်းတွေမှာ ဝင်တိုက်ရင်း အဖွဲ့အစည်းတွင်း ငွေကြေးချို့တဲ့တာကြောင့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရံပုံငွေရှာဖွေရေး၊ လက်နက် မှောင်ခိုလမ်းကြောင်း အပြင် ရခိုင်ပြည်နယ်တွင်း AA တပ် ဝင်ရောက် ရပ်တည်ရေးတွေကို ဆောင်ရွက်ပါတယ်။
၂၀၁၅ ခုနှစ်၊ ကိုးကန့်တိုက်ပွဲတွေ ဖြစ်တော့ AA ရဲဘော်တွေလည်း ဝင်တိုက်ပေးခဲ့ပြီး ရခိုင်ပြည်နယ်မှာလည်း စတင်ထိုးဖောက် ဝင်ရောက်လာတာ ဖြစ်ပါတယ်။
လူငယ် ၂၆ ယောက်နဲ့ စခဲ့တဲ့ AA ဟာ ၁၀ နှစ်တာအတွင်း ရခိုင်လူငယ် ၁ သောင်းကျော်ကို အခြေခံစစ်သင်တန်း ပေးပြီးပြီလို့ သိရပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အတူ AA တပ်ကို စထောင်ခဲ့တဲ့ ရခိုင်လူငယ် ၂၆ ဦးလုံးဟာ လက်ရှိမှာ ရာထူး အသီးသီးနဲ့ တပ်တွင်းက အရေးကြီးတဲ့ ကဏ္ဍတွေမှာ တာဝန်ယူထားကြပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က AA ရဲ့ စစ်ရေးရည်မှန်းချက်က ရခိုင်ပြည်နယ်အတွင်း AA တပ်တွေ အခြေတကျ ရှိရေးနဲ့ ရခိုင်ပြည်အတွက် နိုင်ငံရေး ရည်မှန်းချက်ကတော့ ကွန်ဖက်ဒရေးရှင်း စနစ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
AA က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားတာ မရှိပါဘူး။
၂၀၁၇ ခုနှစ်ဝန်းကျင်ထိ အစိုးရ၊ တပ်မတော်တို့က AA ကို အသိအမှတ်မပြုခဲ့ပါဘူး။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပြင်းထန်လာမှသာ AA ကို ချန်လှပ်မထားပဲ ဆွေးနွေးပွဲတွင်း ခေါ်ယူခဲ့ပေမယ့် ၂၀၁၉ ခုနှစ်တွင်း တိုက်ခိုက်မှုတွေကြောင့် အမြစ်ပြတ်ချေမှုန်းဖို့ အစိုးရနဲ့ တပ်မတော်က သဘောတူထား ကြပါတယ်။
ယနေ့ထိ အကြမ်းဖက် သောင်းကျန်းသူလို့သာ AA ကို သတ်မှတ်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်း AA တပ်တွေ အခြေချတာကို တပ်မတော်က အသိအမှတ်မပြုထားပါဘူး။
AA က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေမှာ ဝင်ရောက် လှုပ်ရှား နေတာ ခန့်မှန်းခြေ အင်အား ၃၀၀၀ ခန့် ရှိနေပါပြီ။
လက်ရှိမှာတော့ AA က KIA၊ MNDAA၊ TNLA တို့နဲ့အတူ ပဏာမ အပစ်ရပ်စာချုပ် တခုချုပ်နိုင်ရေးအတွက် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းနေပါတယ်။
နိုင်ငံရေးခံယူချက်တွေ ဆွေးနွေးဖို့ကိုတော့ FPNCC ကတဆင့်ပဲ ပြောဆိုညှိနှိုင်းမယ်လို့ ရပ်တည်ထားပါတယ်။