ဂျကာတာထဲ ညက လျှင်မြန်စွာ ဝင်ရောက်လာသည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်တွင် ညနေ ၅ နာရီ ၄၇ မိ နစ်၌ ဥပုသ်ထွက်ကြမည့် မွတ်ဆလင်တို့၏ ရမာဒန် ဥပုတ်လ ဖြစ်သည်။
ဝဝဖိုင့်ဖိုင့် ပုံရှိသော်လည်း ဖျတ်လတ်သူတယောက်ဖြစ်သည့် အနောက်ဂျာဗားပြည်နယ် ဘီကာဆီ Bekasi မြို့က လာသော အသက် ၂၇ နှစ်အရွယ် ကျောင်းဆရာမ ဒီတာ ဟိဒယတွန်းနီဆာ Dita Hidayatunnisa အတွက် မြို့ပြည၏ ရှည်လျားလာသော အရိပ်များက စိတ်ဝင်တစား ဖြစ်စေခဲ့သည်။ အထူးသဖြင့် သူနှင့် သူ၏ မိတ်ဆွေများကို မြို့တော် အလယ်ဗဟိုရှိ အင်ဒိုနီးရှားရွေးကောက်ပွဲ ကြီးကြပ်ရေး အေဂျင်စီ(Bawaslu) အဆောက်အဦး အပြင်ဘက်ကပ်လျက်ရှိသော ၆ လမ်းသွား ဂျလမ်းသမ်ရင် Jalan MH Thamrin လမ်းမကျယ်ကြီးပေါ်မှ စိတ်ခံစားမှု အပြောင်းအလဲများက ရုတ်တရက် ပို၍ ဖမ်းစားနိုင်ခဲ့သည်။
“ကျမတို့နားမှာ ရှိတဲ့သူတွေက ရုတ်တရက်ကြီး ကွဲပြားသွားတယ်။ သူတို့က ကျန်တဲ့ ကျမတို့လို မဟုတ်ဘူး။ သူတို့မှာ ရည်ရွယ်ချက် ရှိပုံရတယ်” သူက တစုံတရာ လက်ဟန်အမူအရာတခုကို ရှင်းရှင်းလင်းလင်း လုပ်ပြသည်။ “သူတို့က ဆိုင်းပုဒ်တွေ အပြင် ဝါးချွန်တွေ ကိုင်ထားကြတယ်။”
ကျောင်းဆရာမ ဒီတာ ရှင်းပြသည့် အတိုင်းဆိုလျှင် သူ၏ သူငယ်ချင်း ၁၅ ဦးပါဝင် သော အဖွဲ့က အဆိုးရွားဆုံး အဓိကရုဏ်းဖြစ်ခဲ့သည့်နေ့ ဖြစ်သော မေလ ၂၂ ရက်နေ့ အစောပိုင်းတွင် ရထားဖြင့် ရောက်လာခဲ့ကြသည်။ အငြင်းပွားဖွယ် သမ္မတလောင်း ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို Prabowo Subianto ၏ အမာခံ ပရိသတ်တဦး ဖြစ်သော ကျောင်းဆရာမ ဒီတာကို (ယခုတိုင် သက်သေမပြရသေးသည့်) ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်များက ဆွဲဆောင်ခဲ့သည်။
ဒီတာက တည့်တည့်ပင်ပြောသည်။ “တကယ်လို့ လိမ်လည်မှု မရှိခဲ့ဘူးဆိုရင် ပရာဘိုဝိုက မဲ ၅၃ ရာခိုင်နှုန်းလောက်အထိ ရပြီး နိုင်လိမ့်မယ်။” သူ၏ အမြင်များကို ထောက်ခံသော ဗီဒီယို အထောက်အထားပင်လျှင် သူ့တွင် ရှိသည်။ ထိုဗီဒီယိုကို ရွေးကောက်ပွဲကော်မရှင် (KPU) က ပြန်လည်ချေပခဲ့ပြီးဖြစ်ကြောင်း ပြောရန်လိုမည် မထင်ပါ။ လက်ရှိ သမ္မတ ဂျိုကိုဝီဒိုဒို Joko Widodo က ဆန္ဒမဲ ၅၅ ရာခိုင်နှုန်းကျော်၊ မဲအရေအတွက် ၁၇ သန်းကျော် အသာဖြင့် အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။
တင်းမာမှုများ မြင့်တက်လာသည်နှင့်အမျှ ကျောင်းဆရာမ ဒီတာနှင့် သူ၏ မိတ်ဆွေများက မေလ ၂၂ ရက် မနက်ပိုင်းတွင် ကြိုတင်ပြင်ဆင်မှုများကို သတိရှိရှိ ပြုလုပ်ခဲ့ကြသည်။ သူတို့က မျက်နှာဖုံးများတပ်ဆင်၍ ပါးပေါ်တွင် သွားတိုက်ဆေးများ လိမ်းသုတ်ထားကြသည်။ မျက်ရည်ယိုဗုံးနှင့် တွေ့ပါက အထောက်အကူပေး လိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
၅ ထပ်မြင့်သော အဆောက်အဦး၏ ရှေ့ဘက်မှ ပုံမှန်အားဖြင့်ဆိုလျှင် လူသူရှုပ်ထွေးနေလေ့ရှိသော ဧရိယာက နေ့လည်ပိုင်းတွင် အလွန်ပူပြင်း၍ အစီအစဉ်မကျ ဖြစ်နေခဲ့သည်။ အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံ ဝတ်ထားသော ရဲအဖွဲ့ဝင် အနည်းငယ်ကို အုပ်စုလိုက် ဟိုနားတချို့၊ ဒီနားတချို့ တွေ့ရသည်။ လက်တဆုပ်စာခန့်သာ ရှိမည့် ဆန္ဒပြသူများက လမ်းပေါ်တွင် လူတယောက် ဟောပြောနေသည်ကို နားထောင်နေကြ၏။
ဟောပြောသူတဦးက ရွေးကောက်ပွဲ မဲရေတွက်သည့် ကာလအတွင်းတွင် မဲရုံလုပ်သားများ ရာနှင့်ချီ၍ မသင်္ကာဖွယ်ရာ သေဆုံးခဲ့ခြင်း အပေါ် နောက်ထပ် စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရန် တောင်းဆိုလိုက်သည့် အခါ ထောက်ခံကြသည်ကို ဒီတာ မှတ်မိနေပါသည်။
ညနေပိုင်းသို့ နီးကပ်လာသည့် အခါ လူစုလူဝေးက ကြီးမားလာသည်ကို ဒီတာ သတိပြုမိခဲ့သည်။ အသစ်ရောက်လာသူများက ဖော်ရွေမှု နည်းပါးသည့် အသွင်ရှိပြီး ပို၍ ကြောက်စရာ ကောင်းကြသည်။
လေထုထဲတွင် တင်းမာမှုများကို ခံစားကြရသည့်အတွက် ဒီတာနှင့် သူ၏ မိတ်ဆွေများက ဆန္ဒပြပွဲမှ ထွက်ခွာ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ည ၇ နာရီတွင် သူတို့က ဘီကာဆီသို့ ပြန်သွားရန် ရထားစောင့်နေကြသည်။ ကျန်သည့် ညနေခင်း တခုလုံး ကျောင်းဆရာမ ဒီတာ၏ WhatsApp ဆိုရှယ်မီဒီယာသို့ ထိုညက ပေါ်ပေါက်ခဲ့သော ပရမ်းပတာ အခြေအနေများနှင့် ပတ်သက်သည့် ရာနှင့် ချီသော စာသားများ၊ ရုပ်ပုံများနှင့် သတင်း link များ ဆက်တိုက် ရောက်လာခဲ့တော့သည်။
အခြားသူ အများအပြားကဲ့သို့ပင် ကျောင်းဆရာမ ဒီတာသည်လည်း အလွန်ငြိမ်းချမ်းစွာ စတင်ခဲ့သော ဆန္ဒပြပွဲတခုက ကြီးမားသော အဓိကရုဏ်းတခုအဖြစ် မည်သို့ လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်ကို အံ့သြ၍ ကျန်နေခဲ့ရသည်။ အဓိကရုဏ်းတွင် ရာနှင့် ချီ၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့၏ တရားဝင် သတင်းရင်းမြစ် များအဆိုအရ လူ ၇ ဦး သေဆုံးခဲ့သည်။
ဒီတာ ဟိဒယတွန်းနီဆာ၏ နေ့စဉ်ဘဝက စိတ်လှုပ်ရှားစရာ မများလှပါ။
သူက ဖခင်ဖြစ်သူ တည်ထောင်သည့် ပုဂ္ဂလိကကျောင်း သို့မဟုတ် နည်းပြစန်တာ တခုတွင် အလုပ်လုပ်ပါသည်။ နေအိမ်ကလည်း မထင်မရှားလမ်းလေးတခုမှ အခန်း အနည်းငယ်သာရှိသော တထပ် အိမ်ငယ်လေး တလုံးသာ ဖြစ်သည်။
မိသားစု လုပ်ငန်းတခုဖြစ်ပြီး သူ၏ ညီမကလည်း သူနှင့် အတူ အလုပ်လုပ်သည်။ သူတို့က လုံခြုံရေး အစောင့်များမှသည် ကျောင်းထွက်ခဲ့ရသူများ အထိ ပညာတပိုင်းတစ ဖြစ်နေသောသူများအတွက် ပညာရေး အခွင့်အလမ်းများ ပေးနေခြင်း ဖြစ်သည်ဟု ကျောင်းဆရာမ ဒီတာက ယူဆထားသည်။ ကျောင်းလခကလည်း အလွန်ပင် သက်သာသည်။ တလလျှင် ရူပီးယား ၁၀၀၀၀၀ မျှသာ ဖြစ်ပြီး အစိုးရကျောင်းတကျောင်းမှ အလားတူသင်တန်းအတွက် ကုန်ကျစရိတ်၏ ၃ ပုံ ၁ ပုံသာ ရှိသည်။
ကျောင်းဖွင့်ခြင်းက စားလောက်ရုံသာဖြစ်သော စီးပွားရေးလုပ်ငန်းဖြစ်သည်။ ယနေ့ အချိန်အထိ အစိုးရ၏ ငွေ ကြေးထောက်ပံ့မှု မရရှိခဲ့ပါ။ ဂျိုကိုဝီ အစိုးရက ပညာရေးကို ဥပေက္ခာပြုထားသည်ဟုလည်း ဒီတာက ယုံကြည်ထားသည်။ သူက အွန်လိုင်းပေါ်တွင် ဖတ်နေရသော လစ်ဘရယ် အတွေးအခေါ်များကြောင့်လည်း စိတ်ပျက်ရသည်။
ဒီတာ၏ မိသားစုက (ဘီကာဆီနှင့် အနောက်ဂျာဗားမှ အခြားသူ အများအပြားကဲ့သို့ပင်) ပရာဘိုဝိုကို ကာလ ရှည်ကြာစွာ ထောက်ခံခဲ့သူများ ဖြစ်ကြသည်။ သူက ပရာဘိုဝို၏ အားမာန်ပြည့်ဝသော ပုံရိပ်ကို သဘောကျသည်။ တိုင်းပြည်မှ လူမျိုးရေးနှင့် ဘာသာရေး ကွာခြားကွဲပြားမှုများကို ပရာဘိုဝိုက ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူက ယုံကြည်သည်။ ထို့ပြင် သူက ငယ်ရွယ်ပြီး ခွန်အားပြည့်ဝသည့် ဒုတိယ သမ္မတလောင်း စန်ဒီယာဂါ အူနို Sandiaga Uno ၏ ကြီးမားသော ပရိသတ်တယောက်လည်း ဖြစ်လာသည်။
သူ့အတွက် အဟော့ Ahok (မကြာသေးမီက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ဂျကာတာ အုပ်ချုပ်ရေးမှူးဟောင်း) က ကွဲပြားစေသော ပုံရိပ်တခု ဖြစ်သည်။ သူ့စိတ်ထဲတွင် ထို သွေးကွဲခြင်းက အဟော့ ပြောခဲ့သည်ဆိုသော ဘာသာရေးစော်ကားသည့် မှတ်ချက်စကားများထက် များစွာ ပို၍ ပြင်းထန်သည်။
ဂျိုကိုဝီက သူတို့လို အတိုက်အခံ ထောက်ခံသူများကို သူ၏ ပြည်သူများအဖြစ် မမြင် ဟုလည်း သူ ခံစားနေရ သည်။
သို့သော်လည်း အွန်လိုင်းပေါ်တွင် ဖတ်ခဲ့ရသမျှကို ယုံကြည်တတ်သောသူများ၏ အယုံလွယ်မှု အတွက် ဒီတာ အံ့သြနေသည်။ “သတင်းအတု အယောင်မှန်း ထင်ထင်ရှားရှား သိသာတဲ့ အရာတခုနဲ့ တချို့လူတွေက အလွယ်တကူ လှုံ့ဆော်လို့ရတာကို ကျမတို့ဖတ်ရတဲ့ အချိန်တိုင်း ကျမနဲ့ ကျမ သူငယ်ချင်းတွေ စိတ်ပျက်ရတယ်။”
မြို့တော်က ပုံမှန်အခြေအနေ ပြန်ဖြစ်သွားသည့်အချိန် တိုင်းပြည်ကို ပြန်လည်ကုစားရေး စိန်ခေါ်မှုက ဂျိုကိုဝီ အစိုးရကို ခြောက်လှန့်တော့မည် ဖြစ်သည်။
ရှည်လျားခက်ခဲသော မဲဆွယ်လှုပ်ရှားမှုနှင့် ဆိုရှယ်မီဒီယာက ပေါက်ဖွားခဲ့သော အင်အားစုများက မည်သည့် အချိန်တွင်မျှ လုံးလုံးလျားလျား ငြိမ်သက်သွားလိမ့်မည် မဟုတ်ပါ။ ကွဲပြားမှုကို တံတားထိုးရန် ကြိုးပမ်းမှု မှန်သမျှက ကြီးမားသော အတားအဆီးများကို ရင်ဆိုင်ရလိမ့်မည်မှာ သေချာပါသည်။
ဆန့်ကျင်ဘက် ဇာတ်ကြောင်းများက လုံးလုံးလျားလျားပင် ပြောင်းပြန်ဖြစ်နေသည်။ ဥပမာ ရဲတပ်ဖွဲ့၏ ကြမ်း တမ်းရက်စက်မှု စွပ်စွဲချက် သတင်းများကြောင့် ဒီတာ ထိတ်လန့်ခဲ့ရသော်လည်း ဂျိုကိုဝီ ဘက်မှ လူများကမူ အာဏာပိုင်များ၏ ထိန်းချုပ်မှုဟု သူတို့မြင်သောကိစ္စကို ချီးကျူးခဲ့ကြသည်။
ပြန်လည်သင့်မြတ်ရေးတခု ရှိလာနိုင်သည်ဟု သူ ယုံကြည်ပါသလား။ ကျောင်းဆရာမ ဒီတာ ဟိဒယတွန်းနီဆာအတွက် အကောင်းဆုံး လုပ်နိုင်သည်မှာ စာနာနားလည်တတ်သော နှလုံသားတခုနှင့် အတူ ငြိမ်ငြိမ်သက်သက် လက်သင့်ခံနေလိုက်ရုံသာ ရှိပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန် – လူ ၆ ဦးသေဆုံးသော အင်ဒိုနီးရှားရွေးကောက်ပွဲ အဓိကရုဏ်းကို ထိန်းချုပ်နိုင်ပြီဟု ဆို
ထိုင်းဝန်ကြီးချုပ်သစ် ပရာယွဒ် ပြန်ဖြစ်ရင် ဘယ်လောက်ခံမလဲ
မြောက်ကိုရီးယား အဆင့်မြင့်အရာရှိများ သုတ်သင်ခံရ
စန့်ကဘာ၊ ဂင်္ဂါနှင့် မိုဒီ၏ အိန္ဒိယ