ဆောင်းပါး

AA ရဲ့ လာရာလမ်း

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံရဲ့ ခွဲစိတ်ခန်းထဲမှာ ဆရာဝန်တယောက် ဇောချွေး ပြန်ပြီး ထူပူနေပါတယ်။

သူဇောချွေး ပြန်လောက်အောင် ထူပူနေတဲ့ ကိစ္စက ခွဲခန်းထဲက လူနာကြောင့် မဟုတ်။ ခွဲခန်း အပြင်ဘက် ဆေးရုံ ထဲက လူတချို့ကို သူမသင်္ကာ၊ သူ့ကို ဖမ်းဖို့ ရောက်နေတဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး တွေလို့ ထင်နေလို့ပါ။

တောရော မြို့ပါ မကျန် ကိုယ့်အိမ်ထဲ ကိုယ်နေရင်းတောင် နိုင်ငံရေးစကား မပြောရဲခဲ့တဲ့ ခေတ်၊ စစ်အစိုးရ အာဏာ ကြီးမားချိန်မှာ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ဇော်မျိုးသက်က အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ဖို့ စစ်သင်တန်း အတွက် လူသစ်တွေ စုနေခဲ့တာပါ။

ထောက်လှမ်းရေးတွေကလည်း သိနေပါပြီ။

လွန်ခဲ့တဲ့ ၃ ရက်လောက်တည်းက ဒေါက်တာ ဇော်မျိုးသက် တက်ခဲ့တဲ့ ရန်ကုန် ဆေးတက္ကသိုလ် (၂)မှာ သူ့ လိပ်စာ တွေ ကို လာစုံစမ်းသွားကြပြီ။ ရန်ကုန်က နေအိမ်တွေနဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က အိမ်ကိုလည်း ထောက်လှမ်းရေး တွေက လိုက်နေပါပြီ။

ခွဲခန်းထဲက တာဝန်ပြီးတာနဲ့ ဆေးရုံမှာ လွှဲခဲ့ရမယ့် တာဝန်တွေနဲ့ လုပ်စရာရှိတာ လုပ်ပြီး ဒေါက်တာ ဇော်မျိုးသက် တယောက် ရင်ခွဲရုံဘေး ဝရန်တာကနေ ခုန်ချပြီး ထွက်ပြေးလာခဲ့ပါတော့တယ်။

သူ့ ငယ်ဘဝတလျှောက် ဖြစ်ချင်ခဲ့တဲ့ ပရဟိတ ဆရာဝန်၊ မိဘတွေကို ဒေါက်တာ ဘွဲ့ယူမယ့် ဘွဲ့နှင်းသဘင် ခန်းမဆီ ခေါ်သွားဖို့ အိပ်မက်တွေကို စံပြဆေးရုံရဲ့ ရင်ခွဲရုံဘေးက ဝရန်တာလေး ဘေးမှာပဲ ပစ်ချထားခဲ့ရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တုန်းက အဖြစ်အပျက် တခုပါ။

အခုတော့ ဒေါက်တာ ဇော်မျိုးသက်ဟာ ထောက်လှမ်းရေးတွေကို စိုးရိမ် ပူပန်မှုတွေနဲ့ နေထိုင်ရတဲ့သူ တယောက် မဟုတ်တော့ပါဘူး။

ရခိုင် တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ ရရှိရေး၊ တန်းတူ ညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အတွက် ဦးဆောင် တိုက်ပွဲ ဝင်နေတဲ့ ရက္ခိုင့် တပ်မတော် (AA)ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဖြစ်နေပါပြီ။

“အဲ့ဒီအချိန်က ဒီကောင်ရူးသွားပြီ။ ဆရာဝန်ဖြစ်ရဲ့သားနဲ့ တော်လှန်ရေးထဲ ရောက်သွားပြီဆိုတော့ ရူးသွားပြီလို့ ပြောကြ တယ်။ ကျနော်တို့ ဒီလို ဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မယုံဘူး “လို့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြန်ပြောပြ ပါတယ်။

ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဖြစ်နေတဲ့ ကိုဇော်မျိုးသက်က ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူဇာတိ ရွှေပန်းထိမ်နဲ့ စိန်ထည်တွေ လုပ်တဲ့ မိသားစုမှာ ကြီးပြင်းလာသူ တယောက်ပါ။

ဆယ်တန်းအောင်တော့ ဆေးကျောင်းအမှတ်မီတာကြောင့် ရခိုင်ကနေ ရန်ကုန်လာပြီး ကျောင်းတက်ခဲ့သူ။

“ကျနော်က ဆရာဝန်ဖြစ်ရင် ရခိုင်ပြည်နယ်ရဲ့ ဝေးလံတဲ့ ဒေသတွေမှာ ပရဟိတ ဆရာဝန် လုပ်ချင်ခဲ့တာ။ ကျနော်က တအားကြီး ထက်တဲ့ထဲ မပါတော့ ကြိုးစားရင်းနဲ့ ဆရာဝန်ဖြစ်လာတာ။ ဗိုလ်ချုပ်နဲ့ကတော့ တက္ကသိုလ် တခုမှာပဲ မထင်မှတ်ဘဲ တွေ့တာပါ”လို့လည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပြောပါတယ်။

သူ ဗိုလ်ချုပ်လို့ ခေါ်လိုက်တဲ့ သူကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က သူ့ကို တော်လှန်ရေးလုပ်ဖို့ စည်းရုံးခဲ့တဲ့ ဥပဒေ ကျောင်းသား ကိုထွန်းမြတ်နိုင်၊ လက်ရှိမှာတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဖြစ်ပါတယ်။

ကိုထွန်းမြတ်နိုင်က ဥပဒေတန်း အဝေးသင်တက်ရင်း သူဆယ်ကျော်သက် အရွယ်ကတည်းက ရည်မှန်းထားတဲ့ ရခိုင် အမျိုးသား တော်လှန်ရေး လုပ်ငန်းကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဖို့ အိပ်မက် မက်ခဲ့တဲ့သူ။

ကိုထွန်းမြတ်နိုင်ရဲ့ နောက်ကြောင်း ဘဝဖြတ်သန်းမှုတွေကတော့ ကိုဇော်မျိုးသက်လို မဟုတ်။

ရခိုင်တော်လှန်ရေးသမား၊ လက်နက်ကိုင် ပုန်ကန်ချင်သူ ဖြစ်ချင်လွန်းလို့ ဆယ်တန်း ကျောင်းသား အရွယ်တည်းက သူငယ်ချင်းတွေနဲ့ အဖွဲ့တဖွဲ့ ဖွဲ့ပြီး နိုင်ငံရေးလုပ်ဖို့ တာဆူနေခဲ့သူပါ။

အသက် ၂၀ ဝန်းကျင် တက္ကသိုလ် ကျောင်းသား ဘဝ၊ ၁၉၉၈ ခုနှစ် မေလမှာ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ/ ရခိုင် ပြည် တပ်မတော် (NUPA/AA)ထဲ ဝင်မယ်ဆိုပြီး NUPA ခေါင်းဆောင် ခိုင်ရာဇာနဲ့ ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ် ကို သွားခဲ့သူပါ။

ကိုထွန်းမြတ်နိုင် အဲဒီကို ရောက်တော့ NUPA အဖွဲ့ကို အိန္ဒိယက ဖမ်းဆီးပြီး ခိုင်ရာဇာအပါအဝင် ရခိုင် တော်လှန်ရေး ခေါင်းဆောင်တွေကို သတ်ပစ်လိုက်ပါပြီ။

“ကျနော်တို့ ခေါင်းဆောင်တွေ လုပ်ကြံခံလိုက်ရတော့ ကျနော် ဘာလုပ်ရမှန်းမသိတော့ဘူး။ ပြန်လာပြီး အင်္ဂလိပ်စာ သင်တယ်။ အင်္ဂလိပ်စာ သင်တာကလည်း သူပုန်လုပ်ဖို့ပဲ”လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

အဲဒီနောက် ကိုထွန်းမြတ်နိုင်လည်း ရခိုင်ပြန်လာပြီး အင်္ဂလိပ်စာသင်၊ ဥပဒေကျောင်းကို စစ်တွေ တက္ကသိုလ်မှာ အဝေးသင် တက်ရင်း ရန်ကုန်မြို့မှာ ဧည့်လမ်းညွှန် လုပ်နေခဲ့ပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

အဲ့ဒီ့မှာ ဗိုလ်မှူးချုပ် ညိုထွန်းအောင် ဖြစ်လာမယ့် ကိုဇော်မျိုးသက်နဲ့ ရင်းနှီးခဲ့ကြတာပါ။

ကိုထွန်းမြတ်နိုင်နဲ့ ကိုဇော်မျိုးသက်တို့ နှစ်ယောက် ပေါင်းမိတဲ့ နောက်တော့ ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အသင်း တွေက တဆင့် ရန်ကုန်ရောက် ပညာတတ် ရခိုင်လူငယ်တွေကို အမျိုးသားရေး အတွက် စည်းရုံးမှုတွေ လုပ်ပါ တယ်။

၂၀၀၄ ခုနှစ်ရောက်တော့ ရခိုင်လူငယ်တွေဟာ လက်နက်ကိုင်တပ် တခုကို ထူထောင်ဖို့ စတင် ဆွေးနွေးလာကြ ပါတော့တယ်။

ထိုင်းနိုင်ငံ အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အဖွဲ့ (AASYC)တွင်းမှာလည်း အစည်း အဝေးတွေ လုပ်ပြီး ရခိုင်လူငယ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တခု ထူထောင်ဖို့ ပြောနေကြပါပြီ။

AASYC လှုပ်ရှားမှုတွေမှာ ကိုထွန်းမြတ်နိုင် ပါဝင်ခဲ့ပါတယ်။AASYC ကို စတင်တည်ထောင်ခဲ့တဲ့ ရခိုင်လူငယ်များဟာ ခိုင်ရာဇာ ဦးဆောင်တဲ့ NUPA ၊ လက်ရှိ အစိုးရနဲ့ အပစ် ရပ်ထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALP) အဖွဲ့တွေထဲ ဝင်ပြီး လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြသူတွေ ဖြစ်ပါတယ်။

AASYC မှာ လှုပ်ရှားခဲ့တဲ့ ရခိုင်လူငယ် တချို့ဟာလည်း ရခိုင်အမျိုးသား ကောင်စီ (ANC) တပ်ထဲကို ရောက် သွား ကြပါတယ်။

၂၀၀၅ ခုနှစ် AASYC မှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ကိုထွန်းမြတ်နိုင်နဲ့ AASYC အတွင်း အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ကိုဝင်းအောင်က”ထွန်းမြတ်နိုင်က အိပ်မက်တော်တော်ကြီးတယ်ဗျ။ တော်တော်လေးကို Moblizing လုပ်နိုင်တယ်။ စည်းရုံးနိုင်တဲ့ စွမ်းရည်တွေ သူ့မှာ ရှိတယ်။ သူက Social ကောင်းတယ်”လို့ ပြောပါတယ်။

၂၀၀၅ ခုနှစ် ဝန်းကျင် မြေအောက်တော်လှန်ရေး လုပ်ငန်းတွေ အတူတွဲလုပ်ခဲ့စဉ် ကတည်းက ကိုထွန်းမြတ်နိုင်ရဲ့ တော်လှန်ရေး အတွေးအခေါ်တွေက အခြားရခိုင်လူငယ်တွေနဲ့ ကွဲထွက်ပြီး ရှေ့တန်း ရောက်နေခဲ့တယ် လို့လည်း ကိုဝင်းအောင်က ပြောပြပါတယ်။

ကိုထွန်းမြတ်နိုင်က ရခိုင်လက်နက်ကိုင် တော်လှန်ရေးတပ်တခု စထောင်ဖို့ စဉ်းစားကြတော့ လက်ရှိ အမျိုးသား လွှတ်တော် ဒု ဥက္ကဋ္ဌ နဲ့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေကြတဲ့ ဦးအေးသာအောင် နဲ့ ဦးဦးလှစော ကိုလည်း တော်လှန်ရေးထဲ ပါဝင်ဖို့ ဆွေးနွေးဖူးတယ်လို့ ဆိုပါတယ်။

ဦးအေးသာအောင် နဲ့ ဦးဦးလှစောကတော့ ပါတီနိုင်ငံရေး လမ်းကိုပဲ ဆက်လျှောက်ခဲ့ကြပါတယ်။

ကိုထွန်းမြတ်နိုင်ကတော့ ဧည့်လမ်းညွှန်အဖြစ်နဲ့ ရခိုင်သမိုင်းကြောင်းတွေ ကျောက်စာတွေ အိမ်နီးချင်းနိုင်ငံက သမိုင်း တွေ ကို လေ့လာရင်း တဖက်မှာလည်း လက်နက်ကိုင် တော်လှန်ရေးစဖို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ဆက်သွယ်နေခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ KIA က ဗိုလ်မှူးကြီး ဂွန်မော်နဲ့ အဆက်အသွယ် ရတာကြောင့် လိုင်ဇာမြို့ကို ထွက်သွားခဲ့ပါတော့ တယ်။

AA ကို စတင် မွေးဖွားခြင်း

ကိုထွန်းမြတ်နိုင် တယောက် ကချင်လူငယ် လှုပ်ရှားမှုတွေထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်ကို ရောက်မှ KIA က ရခိုင်လူငယ် ၃၀ ကို စစ်သင်တန်း ပို့ချပေးမယ်လို့ သဘောတူလိုက်ပါတယ်။

KIA ရဲ့ ယုံကြည်မှု ရဖို့ ကိုထွန်းမြတ်နိုင် ကြိုးစားနေတုန်းမှာ ကိုဇော်မျိုးသက်ကတော့ ဆေးကျောင်းတဖက်နဲ့ ရခိုင် လူငယ်တွေကို စည်းရုံး၊ စစ်သင်တန်း တက်ဖို့ အမာခံ လူငယ်တွေ စုနေခဲ့ပါတယ်။

စစ်သင်တန်း တက်မယ့် ရခိုင် လူငယ်တွေထဲက ၅ ဦးကို ငွေသွားလွှဲပေးပြီး ရန်ကုန်မြို့က စံပြဆေးရုံမှာ ဆရာဝန် အဖြစ်နဲ့ ကိုဇော်မျိုးသက် ဟန်မပျက် နေခဲ့ပါတယ်။

ကံဆိုးချင်တော့ သူငွေလွှဲခဲ့တဲ့ ရခိုင်လူငယ် ၅ဦးထဲမှာ တဦးရဲ့ မိဘက သူပုန်လုပ်ဖို့ သွားတယ်ဆိုတာ သိတာနဲ့ လက် မခံနိုင်တာကြောင့် စကားများကြရင်း ရဲစခန်း ရောက်သွားကြပါတော့တယ်။

ငွေလွှဲခဲ့တဲ့ ကိုဇော်မျိုးသက် နောက်ကိုလည်း စစ်ထောက်လှမ်းရေးတွေ လိုက်လာကြတာကြောင့် ဆရာဝန် အဖြစ် လုပ်ကိုင်နေတဲ့ စံပြဆေးရုံကနေ ကိုထွန်းမြတ်နိုင်ရှိတဲ့ လိုင်ဇာမြို့အထိ ထွက်ပြေးခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ မြစ်ကြီးနားကို ရထားစီးပြီး ပြေးလာလိုက်တာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ လိုင်ဇာမြို့ကို ရောက်ရှိလာပါတယ်။

အဲဒီကာလဟာ KIA က စစ်အစိုးရနဲ့ အပစ်ရပ်စာချုပ် လက်မှတ် ထိုးထားပြီး ငြိမ်းချမ်းရေး ယူထားတဲ့ အချိန် ဖြစ်တာ ကြောင့် လက်နက် ကိုင် တပ်သစ်တခု ထူထောင်ချင်နေတဲ့ ရခိုင်လူငယ်တွေကို စစ်သင်တန်းပေးမယ် ဆိုတဲ့သတင်း အပြင်ကို မပေါက်ကြားရအောင် လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ခဲ့ကြပါတယ်။

စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင် စစ်သားများ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

AA ကို စတည်ထောင်သူတွေ ဖြစ်လာမယ့် ရခိုင်လူငယ် ၂၆ ဦးထဲမှာ ကိုထွန်းမြတ်နိုင်၊ ကိုဇော်မျိုးသက်တို့ အပါအဝင် သံဃာ ၈ ပါးလည်း လူဝတ်လဲပြီး ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

KIA ဌာနချုပ် အခြေစိုက်တဲ့ လိုင်ဇာမြို့နဲ့ မလှမ်းမကမ်းက ဂျာဒူကောင် တောင်ကုန်းပေါ်မှာ AA အပတ်စဉ် (၁) သင်တန်း ကို စတင်ခဲ့ကြပါတယ်။

စစ်တပ်တခုမှာ တသွေးတသံ တမိန့်ကို နာခံနိုင်ဖို့ KIA သင်တန်းဆရာတွေက လေ့ကျင့်ပေးပါတယ်။

အခြေခံ စစ်သင်တန်းအပြင် လက်နက်ကြီး သင်တန်း၊ ထောက်လှမ်းရေး သင်တန်း၊ စစ်ဦးစီးလုပ်ငန်းတွေ လုပ်ကိုင် တတ်ဖို့ သင်ကြားမှုတွေကိုလည်း KIA က ပို့ချပေးတဲ့အပြင် ရခိုင်ရဲဘော်တွေရဲ့ ယူနီဖောင်း၊ ရိက္ခာနဲ့ တပ်တွင်း ကုန်ကျ စရိတ်တွေကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။

AA အပတ်စဉ် (၁) သင်တန်းပြီးတဲ့ နောက်မှာတော့ ရခိုင်ရဲဘော် ၂၆ ဦးက သစ္စာဆိုပြီး ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်မှာ ရက္ခိုင်စစ်တပ် (AA)ကို တည်ထောင်လိုက်ပါတယ်။

AA ရဲဘော်တွေကို အခြေခံ စစ်သင်တန်းတွေ အပြင် လက်နက်ကိုင် တော်လှန်ရေး ဆိုင်ရာ သဘောတရား တွေကိုလည်း KIA အကြီးအကဲတွေက ဝေမျှ ပေးခဲ့ကြပါတယ်။

KIA ဟာ AA စတင် ပေါ်ပေါက်လာဖို့ အတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ ရှိခဲ့ပြီး ဒီနေ့အထိလည်း ထောင်နဲ့ ချီတဲ့ AA ရဲဘော်တွေ နဲ့ သီးသန့်ရွေးချယ်ပြီး စနစ်တကျ လေ့ကျင့်ထားတဲ့ အရာရှိတွေ မွေးထုတ်နိုင်ဖို့ကို ကူညီ ပေးနေတယ် လို့ သိရပါတယ်။

လိုင်ဇာ တောင်တန်းတွေ ပေါ်က ရခိုင် ရဲဘော်များ

AA ရဲဘော် ၂၆ ယောက်ရဲ့ တပ်စုမှူး ဖြစ်လာတဲ့ ကိုထွန်းမြတ်နိုင်ကတော့ KIA ထောက်ပံ့ ကူညီပေးထားတဲ့ အနေအထား ကို မကျေနပ်နိုင်ခဲ့ပါဘူး။

စစ်ဦးစီးချုပ် ဖြစ်လာမယ့် ကိုထွန်းမြတ်နိုင်ဟာ AA တပ်ဖွဲ့ဝင် အင်အား ပိုများလာဖို့အတွက် လိုင်ဇာ အနီးအနားမှာ အလုပ် လာလုပ်တဲ့ ရခိုင်လူငယ်တွေကို စစ်သားသစ် အဖြစ် လိုက်စုဆောင်း၊ KIA က နေခွင့်ပေးထားတဲ့ တောင်ကုန်း ပေါ်ကို ခိုးသွင်းပြီး လူသစ် စုဆောင်း တာတွေ လုပ်ပါတယ်။

လိုင်ဇာ ပတ်ဝန်းကျင်မှာ ကျောက်တူး၊ သစ်ခုတ် လာလုပ်ကြတဲ့ ရခိုင်လူငယ်တွေကို အလုပ်ပေးမယ် ဆိုပြီး သစ် ကုန်သည် ဟန်ဆောင်ပြီး လူသစ် စုဆောင်းတာလို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပြပါတယ်။

“တချို့ကျတော့ ပျော်ပြီး ဆက်နေတယ်။ တချို့ကတော့ ငတ်လွန်းတော့ မနေနိုင်ဘူး။ ထွက်ပြေးကြတယ်”လို့ လည်း သူက ပြောပါသေးတယ်။

ဗိုလ်ကြီး အဆင့်ရှိသူ တဦးသည်ပင် ထွက်ပြေးလို့ ပြန်ဖမ်းမိတာမျိုး ဖြစ်ခဲ့ဖူးကြောင်းလည်း သူက ပြောပြတယ်။

KIA ထုတ်ပေးထားတာက ရဲဘော် ၂၆ ယောက်စာ၊ တကယ်တမ်း AA မှာ ရှိနေတာက လူ ၅၀၊ ဒီလိုနဲ့ စားရေး သောက်ရေး ကျပ်တည်းလာပြီး မလောက်မငတွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

ကချင်လူမျိုးတွေ အတွက် ထမင်းမြိန်စေလို့ မက်မက်မောမော စားကြတဲ့ အရသာငန်ငန် ဆီတို့ဟူး၊ ထမင်းဖြူကို ရခိုင် ရဲဘော်တွေ မစားနိုင်ကြပါဘူး။

ရခိုင်ရဲဘော်တချို့ အာဟာရချို့တဲ့ပြီး ခြေထောက်ဖောယောင်လို့ လမ်းမလျှောက်နိုင် ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ လူသစ်စုဆောင်းဖို့နဲ့ မြေအောက်လှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့ ရန်ပုံငွေ ရှာဖွေမှု ပြုလုပ်ရပါတယ်။

AA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

လိုင်ဇာမြို့ ပတ်ဝန်းကျင်က ကျောက်တူး၊ သစ်ခုတ်တဲ့ လုပ်ကွက်တွေမှာ ရခိုင်ရဲဘော်တွေကို အလုပ်သမား အနေနဲ့ လွှတ်ပြီး ငွေရှာ၊ ရတဲ့ ငွေကို လူသစ်ရောက်လာတဲ့ ရဲဘော်တွေ အတွက် ရိက္ခာ၊ မြေအောက်လှုပ်ရှားမှု တွေနဲ့ စစ်ဦးစီး လုပ်ငန်းတချို့ လုပ်ဖို့ကို သုံးကြပါတယ်။

ပြည်တွင်းက မြေအောက် တော်လှန်ရေး လှုပ်ရှားသူတွေနဲ့ အွန်လိုင်းက တဆင့် ဆက်သွယ်ဖို့ အတွက် ကွန်ပျူတာက အစ အခက်အခဲ ဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် လိုင်ဇာမြို့ တဖက်ကမ်း တရုတ်နိုင်ငံထဲကိုဝင်၊ တရုတ် အင်တာနက် ဂိမ်းဆိုင်မှာ Gtalk ဖွင့်ပြီး ပြည်တွင်းနဲ့ ဆက်သွယ်၊ မြေအောက် လှုပ်ရှားနေသူတွေကို ညွှန်ကြားစရာ ညွှန်ကြားပြီး နေစောင်းရင် AA စခန်းကုန်းကို ပြန်တာ မျိုး လုပ်ကြရတယ်တဲ့။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က”တောင်ပေါ်ကို ခြေလျင်တက်မယ်ဆို တနာရီလောက် တက်ရတယ်။ တက်ဖို့ ဗိုက်ထဲမှာ အစာ မရှိတော့ဘူး။ ဝက်အူချောင်း တရုတ်ငွေ တယွမ်ကို တယောက်တချောင်းစား၊ တခါတလေ တယွမ်ပဲ ရှိရင် တချောင်းကို တယောက်တဝက်စားပြီး ရေသန့်ဘူးခွံတခု ကိုင်လာတယ်။ တောင်အောက် ရောက်ရင် မြောင်းက ရေခပ်သောက် ပြီး တက်တယ်”လို့လည်း ပြောပြပါတယ်။

၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောက်အထိ ငွေကြေး ရိက္ခာ လိုအပ်ချက်တွေ၊ ရဲဘော်တချို့ ထွက်ပြေးတာတွေ စတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ်မှု ကာလတွေကို ဖြတ်သန်းခဲ့ရတယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါသေးတယ်။

AA တပ်ထဲမှာ ရခိုင် ရဲဘော်တွေ အင်အား ၅၀ လောက် ရှိလာတဲ့ အချိန်အထိ KIA က လက်နက် ထုတ်မပေး သေးပါ ဘူး။

ရဲဘော်က ၅၀ ကျော် သေနတ်က ကင်းစောင့်ဖို့ ပေးထားတဲ့ တရုတ်လုပ် M-22 တလက်၊ ပစ္စတို တလက်သာ ရှိတယ် လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပြပါတယ်။

“တရုတ်လုပ် 22 လေ ကျနော်က အဲ့ဒီသေနတ်ပျက်မှာ အရမ်းကြောက်တယ်”လို့လည်း သူက ပြောပါတယ်။

၂၀၀၉ ခုနှစ် ဇူလိုင်ရောက်မှ M 22 အလက် ၂၀၊ တလက်ကို ကျည်ဆန် ၅၀ စီနဲ့ KIA က AA ကို ပေးပါတယ်။ KIA တပ်စခန်းတချို့မှာ နေဖို့လည်း AA ရဲဘော်တွေကို တာဝန် စပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက် KIA နဲ့ တပ်မတော်ကြား အပစ်ရပ်စာချုပ် ကျိုးပေါက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်တော့ AA ရဲဘော်တွေလည်း ရှေ့တန်းမှာ ဝင်တိုက်ကြရပါတယ်။

တချို့ရဲဘော်တွေဆိုရင် စစ်သင်တန်း တက်နေတုန်းမှာပဲ ကချင်ရှေ့တန်းတွေကို စစ်တိုက် ထွက်ခဲ့ရတာမျိုးတွေလည်း ရှိပါတယ်။

KIA နဲ့ တပ်မတော်တို့က ကချင်ပြည်နယ်တွင်း ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တိုက်ပွဲတွေလည်း ပြင်းပြင်း ထန်ထန် ဖြစ်ပွားထားပါတယ်။

AA က တပ်ရပ်တည်ရေး၊ လက်နက်နဲ့ စစ်ရေးဆိုင်ရာ အကူအညီတွေ ရဖို့အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းက ကိုးကန့်၊ ပလောင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ မဟာမိတ် ဆက်ဆံရေး တည်ဆောက်နေချိန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က တကျော့ပြန် တော်လှန်ရေး ပြန်စပြီး တပ်မတော်ကို တိုက်ခိုက် ပြန်ပါ တယ်။

ကိုးကန့်တိုက်ပွဲတွေမှာ MNDAA ဘက်က ဝင်ကူတိုက် ပေးရင်း AA ဟာ ကိုးကန့်တိုက်ပွဲတွေမှာ ပါဝင်ကြောင်း စတင် ကြေညာလာသလို ရခိုင် တော်လှန်ရေးနဲ့ အမျိုးသားရေး ဆိုင်ရာတွေကိုလည်း ထင်ထင်ပေါ်ပေါ် စပြော လာပါတယ်။

ရခိုင်ရဲဘော် တချို့ဆို ကချင်၊ ကိုးကန့် တို့ရဲ့ ရှေ့တန်း တိုက်ပွဲတွေမှာ အသက် ပေးသွားရတာမျိုးလည်း ရှိတယ်လို့ သိရ ပါတယ်။

ရခိုင်ဒေသကို AA ရောက်လာတဲ့အခါ

၂၀၁၅ ခုနှစ်မှာ AA တပ်ဖွဲ့ဝင်တွေ လိုင်ဇာမြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို ဆင်းလာပြီး အိန္ဒိယ-မြန်မာ နယ်စပ် တလျှောက် ပလက်ဝ ဒေသထဲမှာ အခြေပြု လှုပ်ရှားလာပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အခြေချရေး အတွက် တော်လှန် တိုက်ခိုက်ရေး လုပ်ငန်းတွေကို အထောက်အကူဖြစ်ဖို့ ရန်ပုံငွေ ရှာဖွေရေး၊ ရိက္ခာနဲ့ ဆေးဝါး စုဆောင်းရေး တာဝန်ခံတွေကလည်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံတွေထဲမှာ အခိုင် အမာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

တဖြည်းဖြည်းခြင်း ရောက်လာတဲ့ AA တပ်ဖွဲ့တွေဟာ ခန့်မှန်းခြေ အင်အား ၃၀၀၀ ဝန်းကျင်ထိ ရှိလာပြီး ပလက်ဝ ကနေ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား ၊ ရသေ့တောင်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော နယ်စပ်တွေ အထိ ခြေဆန့်လှုပ်ရှားကာ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ တဖက်မှာ အမျိုးသားရေး စိတ်ဓာတ် တက်ကြွလာတဲ့ ရခိုင်လူငယ် တွေဟာ AA တပ်ထဲကို ဝင်လာကြပါတယ်။

AA ထဲမှာ အသက် ၁၇ နှစ်ကနေ ၂၀ ဝန်းကျင် အသက်အရွယ်ရှိတဲ့ အမျိုးသား၊ အမျိုးသမီး ရဲဘော်တွေ ရာနဲ့ ချီပြီး ရှိနေပြီလို့ ဆိုပါတယ်။

သူတို့တွေထဲမှာ ရခိုင်ပြည်နယ် ကျေးလက်ဒေသတွေက လာတဲ့ လူငယ်တွေ ရှိသလို တချို့ကလည်း ထိုင်း၊ မလေးရှား၊ စင်္ကာပူတို့မှာ အခြေတကျ အလုပ်လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

တက္ကသိုလ် တက်နေဆဲ ကျောင်းသူကျောင်းသားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ စားဖိုမှူးတွေ၊ နည်းပညာပိုင်း ဆိုင်ရာ တတ်ကျွမ်း နားလည်သူတွေ စတဲ့ ကဏ္ဍအသီးသီးမှာ ကျင်လည်နေကြသူတွေပါ။

အလုပ်အကိုင်တွေကို စွန့်ပြီး AA ထဲ ဝင်လာကြတဲ့ ရခိုင်လူငယ်တွေဟာ ဥပဒေအရ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင် ပြဌာန်း ခွင့် ရရေးကြောင့် တပ်ထဲဝင်လာကြတာလို့ ပြောကြသလို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရင် ရခိုင်ပြည်နယ် ပိုတိုးတက်မယ် လို့လည်း ယုံကြည်မှုတွေ ရှိနေကြပါတယ်။

မိဘတွေ ကိုယ်တိုင်က ကြည်ကြည်ဖြူဖြူနဲ့ AA တပ်ထဲ ပေးဝင်ခဲ့ကြသူတွေကိုလည်း တွေ့ရပါတယ်။

သင်တန်း တခုတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

၂၀၁၉ ခုနှစ် ဧပြီမှာတော့ စစ်သင်တန်း ပေးပြီးတဲ့ စစ်သား တသောင်းကျော်ထိ ရှိနေပြီလို့ AA ခေါင်းဆောင်ပိုင်း တွေ က ပြောပါတယ်။

AA က စစ်လက်နက်ရေးရာမှာ KIA ၊ UWSA တို့ဆီက အကူအညီတွေရယူတာ ရှိပေမယ့် ထိုင်းနယ်စပ်နဲ့ အခြား မှောင်ခို လမ်းကြောင်းတွေကနေလည်း လက်နက်တွေ ဝယ်ယူတာ ရှိနေပါတယ်။

မှောင်ခိုဈေးကွက်မှာ ဒေါ်လာသောင်းကျော် တန်ကြေးရှိတဲ့ အမေရိကန်နိုင်ငံထုတ် စက်သေနတ်တွေ၊ အစ္စရေး နယ်ခြားစောင့် တပ်၊ နော်ဝေနဲ့ နယ်သာလန် နိုင်ငံတွေမှာ အသုံးများပြီး မှောင်ခိုဈေးကွက်မှာ တန်ကြေးမြင့်တဲ့ စနိုက်ပါ အမျိုးအစားတွေကိုလည်း ဝယ်ယူထားရှိ တာကို သိရပါတယ်။

AA က သူ့တပ်ဖွဲ့ဝင်တွေကို ၁၀ နှစ်တာ ကာလအတွင်း လက်နက်၊ ယူနီဖောင်း၊ ငွေကြေး ထောက်ပံ့မှုတွေ အပြည့် ပေးတာ တွေ့ရတဲ့ အပြင် ကျန်းမာရေး၊ ပညာရေး ပိုင်းဆိုင်ရာတွေမှာလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးတာ ရှိပါတယ်။

တပ်တွင်း ဆေးပညာ သင်တန်း၊ တိုက်ခိုက်ရေးမှာ အထူးလေ့ကျင့်ရေး၊ ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားဖြစ်ဖို့ သင်တန်း၊ စနိုက်ပါ သင်တန်းတွေကို သီးသန့်ရွေးချယ်ပြီး သင်ကြားပေးနေတဲ့ အပြင် ဆက်ဆံရေးပိုင်းနဲ့ အခြားကဏ္ဍ တွေမှာ ပါဝင်နိုင်ဖို့ အင်္ဂလိပ်၊ တရုတ်၊ ဘင်္ဂလီ အစရှိတဲ့ စာနဲ့ ဘာသာစကား သင်တန်းတွေကိုလည်း တပ်တွင်း သင်ကြား ပေးနေပါတယ်။

AA တပ်တွင်း ဝင်လာပြီး အခြေခံစစ်သင်တန်း တက်ပြီးတဲ့ ရဲဘော်တွေဟာ တပ်တွင်း သင်ကြားပေးနေတဲ့ သင်တန်း တွေထဲကမှ သူတို့ စိတ်ပါဝင်စားတဲ့ သင်တန်းတွေကို ရွေးချယ်တက်ခွင့် ရှိတယ်လို့လည်း AA ခေါင်းဆောင် တွေက ဆိုပါတယ်။

တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး စစ်သည် တချို့ကလည်း အခြားသင်တန်းတွေထက် တိုက်ခိုက်ရေးနဲ့ ရှေ့တန်း စစ်မျက်နှာပြင်မှာ တိုက်ဖို့ စိတ်အားထက်သန်လို့ အထူး တိုက်ခိုက်ရေး သင်တန်းတွေသီးခြား တက်နေတာ တွေ လည်း ရှိတယ်လို့ သိရပါတယ်။

၁၀ နှစ်တာ ကာလပဲရှိသေးတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုက သူ့တပ်ဖွဲ့ဝင်တွေကို ချို့ချို့တဲ့တဲ့ မရှိဘဲ ထောက်ပံ့ထားနိုင်တဲ့ အခြေအနေတွေက အခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေမှာ တွေ့ရခဲပါတယ်။

အင်အားထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေ့စဉ် စားဝတ်နေရေး၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ နေ့စဉ် သုံးနေတဲ့ လက်နက် ခဲယမ်းဖိုး၊ တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းတွေလည်ပတ်ဖို့ သုံးနေတဲ့ ငွေတွေဟာ လစဉ် သိန်းထောင်နဲ့ချီ ရှိနိုင် တယ်လို့ ခန့်မှန်းရပါတယ်။

အဲ့ဒီ့ ဝင်ငွေတွေကို ဘယ်က ရလဲ ဆိုတာကိုတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရော ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ပါ ထုတ် ဖော် ပြောဆိုဖို့ ငြင်းဆိုကြပါတယ်။

ပြင်ပကနေ ရတဲ့ သတင်းအချက်အလက်တွေအရကတော့ ပြည်တွင်းနဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ ရခိုင်လူမျိုး တွေ ဟာ AA အတွက် အမျိုးသားရေး ရန်ပုံငွေဆိုပြီး လစဉ် ငွေတွေ ထည့်ကြသလို ရခိုင် သူဌေးတွေ ကလည်း ပမာဏ များတဲ့ ငွေတွေကို အလှူငွေအဖြစ် ရက်ရက်ရောရော ပေးနေတာ ရှိတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက သူဖြတ်သန်းခဲ့တဲ့ ၁၉၇၀ ဝန်းကျင် လူငယ်ဘဝ ကာလကနေ ယနေ့အချိန်အထိ ရခိုင် တော်လှန်ရေး သမိုင်းမှာ AA လို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် အဖွဲ့မျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။

“ရခိုင်တွေအနေနဲ့ ရင်သပ်ရှုမောဖြစ်ရတာက လက်နက်တွေပေါ့။ ရခိုင်သမိုင်းမှာ တခါမှ မမြင်ဘူးတဲ့ လက်နက် တွေ ကိုင်ပြီး လာကြတော့ တက်ကြွတဲ့ လူကလည်း တက်ကြွ၊ ကြောက်တဲ့ လူကလည်း ကြောက်ပေါ့။ ဒီလို လက်နက် အများကြီး လူရာချီနဲ့ တိုက်ကြခိုက်ကြတယ်ဆိုတာ ရခိုင်သမိုင်းမှာ မရှိဖူးဘူး။ တခါမှ မရှိဖူးဘူး”လို့လည်း သူက ပြောပြ ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တန်းတူညီမျှရေး မရတဲ့ တိုင်းရင်းသားလူမျိုး အသီးသီး ပုန်ကန်ကြရာ ရခိုင် ပြည်နယ် အတွင်း လှုပ်ရှားခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေက ဗမာပြည် ကွန်မြူနစ်ပါတီ နဲ့ ရခိုင်ပြည် ကွန်မြူနစ်ပါတီ တို့ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

၁၉၆၀ နောက်ပိုင်းမှာ ရခိုင်တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ပေါ်လာကြပေမယ့် အင်အား နည်းသွားတာ၊ အဖွဲ့ အစည်းက တဖြည်းဖြည်းနဲ့ မှေးမှိန် ကွယ်ပျောက်သွားတာတွေ ဖြစ်ခဲ့ပြန်ပါတယ်။

ဦးဦးလှစောက သူဖြတ်သန်းခဲ့တဲ့ ကာလတလျှောက် ရခိုင်လူငယ်တွေထဲမှာ ဥပဒေဘောင်အတွင်းက နိုင်ငံရေး လုပ်လို သူတွေ၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုသူတွေနဲ့ လက်နက်ကိုင်ပြီး တော်လှန်မယ် ဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေ၊ အစုအဖွဲ့ ၃ စု ကွဲပြားပြီး ယုံကြည်ရာ လှုပ်ရှားခဲ့ကြတယ်လို့ ပြောပါတယ်။

ရခိုင်လူငယ်တွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးနဲ့ ပြတ်တောက်တာလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က စပြီး ဒီမိုကရေစီ အကူးအပြောင်း ကာလကို ရောက်လာတော့ ရခိုင်တွေဟာ ပြုပြင် ပြောင်းလဲရေးကို စောင့်ကြည့်ခဲ့ပေမယ့် ပြောင်းလဲ မလာဘဲ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမြဲ၊ ဆင်းရဲမြဲ ဖြစ်သလို လူထုအုံကြွမှုတွေ ဖြစ်တဲ့အခါမှာလည်း အာဏာပိုင်တွေက ပစ်ခတ်သတ်ဖြတ်ပစ်တာ၊ ပဋိပက္ခ တွေမှာ အရပ်သားတွေ ကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာတွေက ရခိုင်လူငယ်တွေကို လက်နက် ကိုင် လမ်းစဉ်ထဲ တွန်းပို့နေသလို ဖြစ်ခဲ့ တာလို့လည်း ဦးဦးလှစောက ပြောပါတယ်။

ပြည်တွင်းနဲ့ ပြည်ပက စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ လစာ နည်းနည်းနဲ့ အလုပ်ကုန်းရုန်းလုပ်၊ အခန်းကျဉ်းကျဉ်း နဲ့ နေ၊ အနေအစား ဆင်းရဲတဲ့ ရခိုင်လူငယ်တွေက ပြင်ပ လုပ်ငန်းခွင်ထက် ဂုဏ်သိက္ခာ ရှိတဲ့ တော်လှန်ရေးအလုပ်ကို ရွေးချယ်ပြီး AA ထဲ အများအပြား ဝင်လာကြတာလည်း ရှိတယ်လို့ ဦးဦးလှစောက ဆိုပါတယ်။

“ရခိုင်ပြည်မှာ ရှိတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို အယုံအကြည်မရှိတော့ လူငယ်တွေ အနေနဲ့ လက်နက်ကိုင်မှ ရမယ် ဆိုတဲ့ အယူအဆတွေက သူတို့ခေါင်းထဲ ရောက်လာတယ်”လို့လည်း ဦးဦးလှစောက ပြောပါတယ်။

စစ်ရေး လေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ – နန်းလွင်နှင်းပွင့်/ဧရာဝတီ)

လူငယ်တွေ စစ်ထဲကို ထောင်ချီ ရောက်သွားကြတဲ့ အရေးကို အစိုးရက ပစ်မထားဘဲ ပြဿနာရဲ့ အရင်းခံ၊ ဖြေရှင်းရမယ့် နည်းဗျူဟာကို စနစ်တကျ ဆွဲပြီး ဖြေရှင်းသင့်တယ်လို့လည်း ဦးဦးလှစောက သုံးသပ်ပါတယ်။

ရခိုင် အမျိုးသား ပါတီ (ANP)က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ အစည်းအဝေးတွေမှာ တင်သွင်း ခဲ့တဲ့ နိုင်ငံရေးစာတမ်းဟာလည်း လက်ရှိ ဦးတည်ဆွေးနွေးနေတဲ့ ဖက်ဒရယ်ထက် ကျော်လွန်ပြီး ကွန်ဖက်ဒရေးရှင်း စနစ်တွေ ဖြစ်နေတယ်လို့ အစိုးရနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်ခံရဖူးပါတယ်။

AA ကလည်း နိုင်ငံရေးရည်မှန်းချက်ကို ကွန်ဖက်ဒရေးရှင်းစနစ် ရလိုတယ်လို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

AA ပြောတဲ့ ကွန်ဖက်ဒရေးရှင်း ဆိုတာကတော့ ရခိုင်ပြည်နယ်ကို ရခိုင်လူထုက ရွေးချယ်တဲ့ ကိုယ်စားလှယ် တွေက အစိုးရဖွဲ့ အုပ်ချုပ်ပြီး ဗဟိုအစိုးရက ပြည်နယ်အစိုးရကို အာဏာ ခွဲဝေပေးရမယ်။  ပြည်နယ်က ထွက်တဲ့ သယံဇာတွေကို ပြည်နယ်ကို စီမံခန့်ခွဲခွင့်ပေးပြီး နိုင်ငံတကာ ကုန်သွယ်ရေးတွေကို ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ထဲ ပေးတာ၊ လုံခြုံရေး ကဏ္ဍမှာလည်း ပြည်နယ်က စစ်တပ်ကို ထားတာမျိုးတွေ ပါတဲ့ စနစ်ကို ဆိုလိုတာပါ။

ဦးဦးလှစောကလည်း AA ပြောတဲ့ ကွန်ဖက်ဒရေးရှင်းရလိုမှုမှာ ANP ရဲ့ အယူဝါဒနဲ့ ကွဲပြားခြင်း မရှိဘူးလို့ ဆိုပါတယ်။

AA ရဲ့ မဟာမိတ်ဖြစ်တဲ့ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ရရှိထားတဲ့ အခွင့်အရေး၊ သူ့ နယ်မြေ ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားတာတွေက ကွန်ဖက်ဒရေးရှင်း အဆင့် ဖြစ်တာကြောင့် “ဝ”ကို အားကျတာ မဆန်းဘူး လို့လည်း ဦးဦးလှစောက ပြောဆိုပါတယ်။

တပ်မတော်နဲ့ အစိုးရကတော့ AA ရဲ့ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုတွေက အကြမ်းဖက်သမား ဆန်ဆန် လှုပ်ရှား နေတာ ကြောင့် အင်အားနဲ့ ချေမှုန်းတိုက်ခိုက်ရေး လုပ်မယ်လို့ အတိအလင်း ကြေညာချက် ထုတ်ထားပါတယ်။

တပ်မတော်ဟာ ရခိုင်ပြည်နယ်တွင်း AA ရပ်တည်လို့ မရအောင် အိန္ဒိယစစ်တပ်၊ ဘင်္ဂလား နယ်ခြားစောင့်တပ် အဆင့်မြင့် အရာရှိတွေနဲ့ နှစ်နိုင်ငံ သဘောတူညီမှုတွေ ပြုလုပ်ပြီး နယ်စပ်တွေမှာ လှုပ်ရှားရခက်အောင် ပိတ်ဆို့ မှုတွေ လည်း လုပ်ပါတယ်။

ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ တဖက်မှာရှိပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ AA ခေါင်းဆောင် တွေကြား ဆွေးနွေးမှုတွေ ရှိပေမယ့် ရခိုင်ပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ဖို့ တိတိကျကျ ဆွေးနွေးမှုမျိုး တွေတော့ မတွေ့ရသေးပါဘူး။

ရခိုင်လူထုကြား AA ကို ထောက်ခံမှုတွေ များနေပေမယ့် တပ်မတော်ကတော့ AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ်ပဲ သတ်မှတ်ထားပြီး ရခိုင်ပြည်နယ်တွင်း AA တပ်ဖွဲ့ဝင်တွေ တည်ရှိနေမှုကိုလည်း အသိအမှတ် မပြုပါဘူး။

လက်ရှိမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နဲ့ AAကြား ပဏာမအပစ်ရပ်စာချုပ် (Bilateral) တခု ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေပါတယ်။

Bilateral စာချုပ်ထဲမှာ တပ်နေရာချထားရေး၊ အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်တွေ လိုက်နာရမယ့်ကျင့်ဝတ် (Code Of Conduct)တွေကိုလည်း တပါတည်း ချုပ်ဆိုသွားမယ်လို့ မြောက်ပိုင်း မဟာမိတ်တွေ ဘက်က တောင်းဆိုထားတာပါ။

နိုင်ငံရေးသုတေသီ တဦးဖြစ်တဲ့ ဒေါက်တာ အောင်မျိုး ကတော့ အစိုးရနဲ့ AA ကြား Bilateral ချုပ်ဆိုမှုက အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တပ်နေရာ ချထားရေးပိုင်း ဆိုင်ရာတွေကို ဆွေးနွေးမယ်ဆိုရင် တပ်မတော်က AA လှုပ်ရှားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦးအပြင် ပလက်ဝ မြို့နယ် တွင်းက တပ်တွေကိုပါ အသိအမှတ်ပြုရေးတွေ ပါဝင်မှာပါ။

တပ်မတော်ဘက်က  AAကို လိုင်ဇာမှာ တည်ရှိနေတာကိုပဲ အသိအမှတ်ပြုမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း တပ်တွေ လှုပ်ရှားတာကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

ဒေါက်တာ အောင်မျိုးက”ကျနော်က စစ်သားလူထွက် ဖြစ်လို့ တပ်က လူတွေရဲ့ သဘောထားကို သိနေတဲ့ အတွက် ကြောင့် အဖြူရောင် ဖြစ်ပြီးသားနေရာတခုကို ပြန်ပြီး နေဖို့အတွက်ကို ခွင့်ပြုမှာ မဟုတ်ဘူး။ လွတ်လပ်ရေး ရပြီးတုန်း က ဒီနေရာတွေက အညိုရောင်တွေပဲ ။ အဖြူရောင်ဖြစ်အောင် တပ်က လူတွေရော ပြည်သူတွေရော အသက်သွေး ချွေးနဲ့ ရင်းခဲ့ရတာ ဖြစ်လို့ ဒါကို ကာကွယ်မှာပဲ”လို့ ပြောပါတယ်။

AA လှုပ်ရှားမှုက ကြာလာရင် အရှိန်လျော့ကျသွားမယ့် အနေအထား ဖြစ်လာမှာလို့လည်း ဒေါက်တာ အောင်မျိုး က တွက်ချက် နေပါတယ်။

“ခဏတဖြုတ်တော့ ဝုန်းဒိုင်းတော့ ရှိမှာပါ။ ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်တာကို သိရင် သူတို့ စိတ်ဓာတ်ကျပြီး ပြိုကွဲ သွားမှာပါ”လို့လည်း သူက ပြောပါတယ်။

ဒေါက်တာ အောင်မျိုး ဝေဖန်သလို ရခိုင်တော်လှန်ရေးဟာ ခေတ်အဆက်ဆက် ခေါင်းမထောင်နိုင်ခဲ့ ပေမယ့် ရခိုင် ပြည်နယ်ထဲ AA ရောက်လာချိန်မှသာ ရခိုင်လူမျိုးတွေအတွက် အမြင့်ဆုံး နိုင်ငံရေး ရည်မှန်းချက်တွေ တောင်းဖို့ အခြေအနေ ရှိလာခဲ့တယ်လို့ ယုံကြည်နေသူတွေလည်း ရှိကြပါတယ်။

“နောက်ဆုံး AA ဝင်လာတော့ လူတွေက AA ဟာ ရခိုင်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုကို မဖြစ်မနေ လုပ်ဆောင် ပေးနိုင် မယ့် အဖွဲ့အစည်း၊ ခေါင်းဆောင်တခု အနေနဲ့ အကုန်လုံး အိပ်မက်တွေ မက်နေကြတယ်”လို့ နှစ်ပေါင်း များစွာ ရခိုင် အရေး ဆောင်ရွက်ခဲ့သူ ကိုဝင်းအောင်က ပြောပါတယ်။  ။

You may also like these stories:

ရခိုင်တိုက်ပွဲ ဘယ်လို ရပ်တန့်နိုင်မလဲ

ပဋိပက္ခကြောင့် ရိုးရာ ဓလေ့ ထုံးစံများလည်း ထိခိုက်ရသည်

AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း – ၁)

ရခိုင် ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံး အဖြေရှာကြပါ

ရခိုင်တွေ AA ကို ဘာလို့ ထောက်ခံကြသလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading