လူ့အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားမှုတွင် ဦးအောင်မျိုးမင်းဟု ဆိုလိုက်လျှင် လူသိများကြသည်။ သူသည် လုပ်ဖော်ကိုင်ဖက် များက ရှာမှရှားသည့် လူသားရင်းမြစ် တဦးအဖြစ် အလေးထားခံရသူ ဖြစ်သည်။ မနားမနေ အလုပ်လုပ်သူ၊ လက်ရှိတွင် ကျန်းမာရေး မကောင်းသော်လည်း ညီမျှခြင်း-မြန်မာ (Equality Myanmar) ၏ အမှုဆောင် ဒါရိုက်တာ အဖြစ် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ၊ စည်းရှုံးလှုံ့ဆော်မှု လုပ်ငန်းများတွင် သူ့ တဘဝလုံး မြှုပ်နှံထားသူ ဖြစ်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး လုပ်ငန်းကို နှစ် ၃၀ ကျော် ပါဝင်ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ပညာပေးကဏ္ဍ၏ ရှေ့ဆောင်လမ်းပြ တဦးလည်း ဖြစ်သည်။ ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး အသိအမြင်ဖွင့် ဆရာတဦးဖြစ်သည့် သူက အမျိုးသမီးများ၊ လူငယ်များ၊ ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများနှင့် လိင်တူချစ်သူ (LGBT) အုပ်စုများသာမက၊ ဥပဒေပြုအမတ်များ၊ အစိုးရ အရာရှိများနှင့်လည်း ပူးပေါင်းဆောင်ရွက်သူ ဖြစ်သည်။
၁၉၈၈ ခုနှစ်ကစတင်ပြီး လူ့အခွင့်အရေးအတွက် ဘ၀ တသက်တာလုံး မြှုပ်နှံထားသော တက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးမင်းသည် အသက် ၅၃ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတဝန်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တောင်းဆို လှုပ်ရှားမှုကာလတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားတဦး အနေဖြင့် တက်ကြွစွာ ပါဝင်ခဲ့သည်။ ထိုစဉ်က သူသည် ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာ နောက်ဆုံးနှစ် ကျောင်းသားတဦး ဖြစ်သည်။
မတ်လ ဆန္ဒပြပွဲအတွင်း တံတားဖြူအနီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြ ကျောင်းသားတို့ကို ဂုဏ်ပြုသော အားဖြင့် တံတားနီအဖြစ် သမုတ်ခံရသည့် မတ်လ ၁၆ ရက် အဖြစ်အပျက်က သူ့ ခံယူချက်ကို ပြောင်းစေခဲ့ကြောင်း သူက ဆိုခဲ့ဖူးသည်။ သူကြုံခဲ့ရသည့်ဖြစ်ရပ်က သူ့ကို ဒေါသဖြစ်စေခဲ့သည်။ တက္ကသိုလ်နယ်မြေက ပြင်ပကို လျှံကျ လာသည့် ကျောင်းသားဆန္ဒပြပွဲ တပ်ဦးတွင် ချီတက်ရင်း တံတားဖြူဆီ ရောက်သည့်အခါ ကျောင်းသားများကို သံဆူးကြိုး အကာအရံနောက်ကွယ်တွင် စစ်သားများက ပိတ်ဆို့ထား ခဲ့သည်။ ယင်းနောက် လုံထိန်းရဲများက သူတို့ကို ဝင်ရိုက်ပါတော့သည်။ ကျောင်းသားများ လမ်းမပေါ်တွင် လဲကျသူလဲကျ၊ ရဲအချုပ်ကားများဆီ အဓမ္မ ဆွဲခေါ်ခံသူ ခံကြရသည်။
၁၉၈၈ ခုနှစ်သြဂုတ်လနောက်ပိုင်း အိမ်ပြန်သွားခဲ့သည့် ဦးအောင်မျိုးမင်းသည် မွန်ပြည်နယ် မုဒုံက ဘဝတူ ကျောင်းသား တက်ကြွလှုပ်ရှားသူများကို ဦးဆောင်ခဲ့သည်။ နေ့စဉ် လူထုဟောပြောပွဲများတွင် ဟောပြောခဲ့သည်။ နောက်ပိုင်း ကရင်ပြည်နယ်အနီး ထိုင်းမြန်မာနယ်စပ်ကို တောခိုသွားတော့သည်။ နယ်စပ်ရောက်တော့ လက်နက်ကိုင် ကျောင်းသား တော်လှန်ရေးအုပ်စု ဖြစ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ဝင်ပါခဲ့တယ်။ သူနေခဲ့သည့် တပ်စခန်းက မုဒုံသား များသောကြောင့် မုဒုံတပ်ခွဲဟု ခေါ်သည့် ABSDF တပ်ရင်း ၂၀၄ ဖြစ်သည်။ နောက်ပိုင်းတွင်တော့ သူသည် အမေရိကန် ပြည်ထောင်စု နယူးယောက်တွင်ရှိသော ကိုလံဘီယာ တက္ကသိုလ်တွင် လူ့အခွင့်အရေးအထူးပြု လေ့လာရန် ထွက်ခွာသွားခဲ့ပါတော့သည်။
၁၉၉၃ ခုနှစ် ပညာသင်ကြားပြီးသောအခါ ထိုင်းမြန်မာနယ်စပ်ကို သူပြန်လာခဲ့သည်။
ထိုအချိန်က စစ်အစိုးရ၏ မတရားမှုများ၊ အထူးသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်းကို မြင်တွေ့ခဲ့ရသော အခြားကျောင်းသား အများအပြားကဲ့သို့ သူက အမှန်တရားနှင့် ပြည်သူလူထု အခွင့်အရေးများ အတွက် ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။
အမှန်တရားနှင့် တရားမျှတမှု ရလိုသည့် သူ့ဆန္ဒသည် လူ့အခွင့်အရေး ကိစ္စရပ်များ ဆောင်ရွက်ရန် စေ့ဆော်ပေးသည့် အချက်ဖြစ်ကြောင်း FORUM-ASIA (ဖိုရမ်အေးရှား) အဖွဲ့နှင့် ၂၀၁၈ ခုနှစ်က မေးမြန်းခန်း တခုတွင် သူက ပြောဆိုခဲ့သည်။ ဖိုရမ်အေးရှားအဖွဲ့တွင် Equality Myanmar က အဖွဲ့ဝင် ဖြစ်သည်။
ထိုင်း- မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသား လူနည်းစုတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို မျက်မြင် ကြုံတွေ့ခဲ့ရသူလည်း ဖြစ်သည့်အတွက် တပ်မတော် လက်အောက် ဒုက္ခကြုံနေရသည့် တိုင်းရင်းသားတို့၏ ဖြစ်ရပ်များက လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ရေး တစိုက်မတ်မတ် လုပ်ဆောင်ဖို့ တွန်းအား ဖြစ်စေခဲ့ ကြောင်းလည်း ထိုမေးမြန်းခန်းတွင်ပင် သူက ပြန်ပြောင်း ပြောပြထားသည်။
“သူတို့ရဲ့ ဒီ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်ရပ်တွေက သူတို့ရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကျနော့်ကို စိတ်တွန်းအား ရစေတယ်” ဟု သူက ပြောသည်။
ယနေ့ အချိန်ထိ ဗမာအများစု ဒေသများတွင်သာမက၊ တိုင်းရင်းသား လူနည်းစုဒေသများက လူ့အခွင့်အရေး ချိုးဖောက် ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုရရှိဖို့ ခရီးရှည်ကြီးတခုကို ဖြတ်သန်းရဦးမည် ဟုလည်း ပြောပြသည်။
“ကျနော်တို့ ဒီ အမှန်တရားနဲ့ တရားမျှတမှုအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖြစ်ချင်တဲ့ အမှန်တရားနဲ့ တရားမျှတမှု ပုံစံ အခုထက်ထိ မရသေးတာ တွေ့နေရတယ်။ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာ ရှိနေတဲ့ ပြည်သူလူထုတွေ၊ နောက်တခါ လူ့အခွင့်အရေး ချိုးဖောက် ခံရတဲ့ ပြည်သူလူထုတွေအတွက် အမှန်တရားကို ဖွေရှာဖို့အတွက် ကျနော်တို့ အခက်အခဲ အများကြီး ရှိနေတုန်းပဲ။ အထူးသဖြင့် စစ်တပ်နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့အချိန်မှာ အမှန်တရားကို ရှာဖွေဖို့အတွက် အဟန့်အတားတွေ၊ အခက်ခဲတွေ၊ ပိတ်ဆို့မှုတွေ အများကြီး ရှိနေတုန်းပဲ” ဟု သူက ဧရာဝတီ သတင်းဌာနကို မကြာသေးမီက ပြောခဲ့သည်။
အမှန်တရားနှင့် တရားမျှတမှုကို ဖွေရှာဖို့ ခက်ခဲလာခြင်းကြောင့် ပြည်သူလူထုအနေဖြင့် လူ့အခွင့်အရေးအပေါ် ယုံကြည်မှု ကင်းမဲ့လာပြီး မတရားမှုများကို မတရားသောနည်းဖြင့်သာ ပြန်လည် ဖြေရှင်းလိုသည့် စိတ်ထားများ ဖြစ်ပေါ်စေသည် ဟုလည်း သုံးသပ်ခဲ့သည်။
“မတရားတာတွေ ဖြစ်လာတဲ့အတွက်ကြောင့်မို့ မတရားတဲ့ လမ်းကြောင်းအတိုင်းပဲ ပြန်လည်ဖြေရှင်းမယ် ဆိုတဲ့ စိတ်ထားတွေ ဖြစ်လာကြတယ်။ အကြမ်းဖက်မှုတွေ၊ ရန်လိုမှုတွေ ဖြစ်လာကြတယ်။ အဲဒီကိစ္စတွေကို ကျနော်တို့ အများကြီး သတိထားပြီး ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
တဘဝလုံး နှစ်ထားသည့် ဆရာတဦး
ဦးအောင်မျိုးမင်းသည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးမြှင့်တင်ရေးကို စိတ်ဝင်စားသည့် လူကြီးလူငယ်မရွေး လူအများအပြားကို အသိပညာပေးမှုများ လုပ်နေသည့်အပြင် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေကို ၁၉၉၀ ခုနှစ်များမှ စတင်ပြီး သုတေသနပြု မှတ်တမ်းတင်သူလည်း ဖြစ်သည်။
မိမိသဘောထားကို ထုတ်ဖော်ပြောဆိုင်နိုင်ခွင့် မရသူများအတွက် ကိုယ်စားပြောကြားခြင်းနှင့် လူ့အခွင့်အရေး ဆိုင်ရာ အသိပညာများကို ဖြန့်ဖြူးရာတွင် တစိုက်မတ်မတ် ဆောင်ရွက်ခြင်းကြောင့် အထူးလေးစားမှု ခံရသူလည်း ဖြစ်သည်။
“သူအလုပ်လုပ်ပုံတွေက ကျမတို့ စိတ်ဓါတ်ခွန်အားတွေရတယ်” ဟု မြန်မာအမျိုးသမီးသမဂ္ဂ ဒေါ်တင်တင်ညိုက ပြောသည်။ သူက ဦးအောင်မျိုးမင်းနှင့် လွန်ခဲ့သည့် ၂၂ နှစ်၊ နယ်စပ်ရှိ ဒုက္ခသည်စခန်း အတွင်း သူသင်ကြားသည့် လူ့အခွင့်အရေးဆိုင်ရာသင်တန်းတခုတွင် စတင်သိကျွမ်းခဲ့သည်။ လူ့အခွင့်အရေးနှင့် ပတ်သက်သော အချက်အလက်များ ကောက်ယူခြင်းဆိုင်ရာများလည်း သူ့ထံမှ သင်ကြားခဲ့ရသည်ဟု ဒေါ်တင်တင်ညိုက ပြန်ပြောင်းပြောပြသည်။ သူသည် ဒေါ်တင်တင်ညို၏ စံပြ သူရဲကောင်း ဖြစ်သည်။
၁၉၉၀ ခုနှစ်များတွင် နယ်စပ်စခန်းများရှိ ကျောင်းသားများ ပြည်ပတွင် သွားရောက် ပညာဆည်းပူးကြသည့် အထဲ ဦးအောင်မျိုးမင်းသည် နယ်စပ်သို့ ပြန်လာကာ ၎င်း၏အသိပညာများကို အစောဆုံး ပြန်လည် အသုံးချသည့် တဦးတည်းသောသူဖြစ်ဟု ABSDF မှ စခန်းတခုတည်းတွင် ဦးအောင်မျိုးမင်းနှင့်အတူနေခဲ့သူ မုဒုံမှဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ ဦးကျော်ကိုက ဆိုသည်။
မေလလယ်က ရုတ်တရက်မကွယ်လွန်မီက ဦးကျော်ကိုသည် ဦးအောင်မျိုးမင်းအကြောင်း နောက်ဆုံးစကား အဖြစ် မှတ်ချက်ပြု ပြောကြားရာတွင် “သူက LGBT တဦးဖြစ်ပေမယ့် ပွင့်လင်းတယ်၊ စိတ်ဓာတ်မာတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်” ဟု ဆိုခဲ့သည်။
ဦးအောင်မျိုးမင်းသည် သူကိုယ်တိုင် လိင်တူချစ်သူတဦး ဆိုသည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသူ ဖြစ်ပြီး လိင်စိတ်ခံယူမှု ကွဲပြားသူများ အရေးအတွက် လှုပ်ရှားသူဖြစ်သည်။ မြန်မာနိုင်ငံတွင် လိင်စိတ်ခံယူမှု ကွဲပြားမှု အပေါ် အခြေခံသော လိင်တူချစ်သူ (LGBT) များကို ခွဲခြားဆက်ဆံမှုများ၊ လိင်တူချစ်သူများအား မုန်းတီးမှုများကို တိုက်ဖျက်သူဖြစ်သည်။
ပြည်ပတွင် ၂၃ နှစ်ကြာ နေထိုင်ရပြီးနောက် ဦးအောင်မျိုးမင်းသည် မြန်မာ့လူမှု အသိုင်းအဝန်းတွင် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ ပြန်လာ ခဲ့သည်။ ပြည်ပတွင် နေထိုင်စဉ်အတွင်း ဦးအောင်မျိုးမင်းသည် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာန (HREIB) တွင် လူ့အခွင့်အရေး ပညာပေးရေးနှင့် စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်သည်။
သူတည်ထောင်ခဲ့သည့် HREIB မြန်မာနိုင်ငံသို့ ပြန်လာသောအခါ ညီမျှခြင်း-မြန်မာ (Equality Myanmar) ဟု အမည်ပြောင်းကာ လူ့အခွင့်အရေး ပညာပေးလုပ်ငန်း၊ အသိအမြင်ဖွင့် သင်တန်းပေးခြင်းများ ဆက်လက် ဆောင်ရွက်သည်။
၂၀၁၇ ခုနှစ်တွင် ဥရောပသမဂ္ဂမှ ချီးမြှင့်သော ရှူးမင်းဆုကို အခြား လူ့အခွင့်အရေး လှုပ်ရှားသူနှစ်ဦးနှင့်အတူ ရရှိခဲ့သည်။ ထို့အပြင် ၁၉၉၉ ခုနှစ်က အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများ လူ့အခွင့်အရေးကော်မရှင် (International Gay and Lesbian Human Rights Commission) ကချီးမြှင့်သော သတ္တိရှင်ဆု (Celebration of Courage: the Felipa de Souza ဆု) အပါအဝင် အခြားဆု ၇ ဆုလည်း ရရှိထားသည်။
“လူ့အခွင့်အရေးကို မြှင့်တင်ခြင်းဆိုတာ အကြမ်းဖက်မှုကို ရှုတ်ချတာသာမက၊ ရန်လိုသူများအစား ငြိမ်းချမ်းရေး လိုလားသူများကို ဖန်တီးရတာ ဖြစ်တယ်။ လူ့အခွင့်အရေးကို လေးစားသူတွေဟာ မည်သည့် အကြမ်းဖက်မှုကို မဆို မိမိတို့အပေါ် ကျူးလွန်တဲ့အခါမှသာ မဟုတ်ဘဲ၊ လူသားထုအပေါ် တိုက်ခိုက်မှု အဖြစ် သတ်မှတ် သင့်တယ်” ဟု ဦးအောင်မျိုးမင်းက ၂၀၁၇ ခုနှစ်က ရေးသားခဲ့သည်။
“လူ့အခွင့်အရေးသည် ခွဲခြားဆက်ဆံခြင်းမရှိ။ မည်သည့်အကြမ်းဖက်မှု မဆိုကို ဆန့်ကျင်သော လူသားဆန်သည့် အယူအဆဖြစ်သည်” ဟုလည်း သူက ဆိုသည်။
အသက် ၂၀ ကျော်စ ၁၉၉၈ ခုနှစ်က ဦးအောင်မျိုးမင်းသည် အမှန်တရားကို လိုလားသည့်စိတ်၊ လက်စားချေလို စိတ်ရှိပြီး ထိုစိတ်ဓာတ်ကပင် သူ့ကို တက်ကြွလှုပ်ရှားသူ ဖြစ်စေခဲ့သည်။ သို့သော် နောက်ပိုင်းတွင် တရားမျှတမှု ရရန် လက်စားချေမှ ဖြစ်မည်ဆိုသော ခံစားချက်များကို စွန့်လွှတ်နိုင်ခဲ့သည်။ ထို့အပြင် အလုပ် ကြိုးစား လွန်းသော တက်ကြွလှုပ်ရှားသူအဖြစ်မှ စနစ်တကျ လုပ်ကိုင်တတ်သော ပညာရှင် တက်ကြွလှုပ်ရှားသူအဖြစ် ပြောင်းလဲသွားသည်။
“ပြောရမယ်ဆိုရင် ကိုယ့်တာဝန်တော့ ကိုယ် အတတ်နိုင်ဆုံး ကျေအောင် ကြိုးစားခဲ့တာ ရှိတယ်။ ဒီ ယုံကြည်ချက်နဲ့ စတင်ခဲ့တဲ့ တိုက်ပွဲမို့လို့ ဘယ်တော့မှ နောင်တ ရတာတွေ၊ ဘယ်တော့မှ သွေဖည်သွားမယ် ဆိုတာ လုံးဝမရှိဘူး။ ဒါပမေယ့် တော်လှန်ရေး လှုပ်ရှားမှုတွေ ကြာလာတဲ့အချိန်မှာ လူတယောက်ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ထက် ပိုပြီး သုံးမိတာတွေ၊ ပိုပြီး လုပ်မိတာ ဖြစ်တဲ့အတွက် တဦးချင်းအပေါ်မှာတော့ ထိခိုက်မှုတွေ ဖြစ်လာတယ်” ဟု သူက ဆိုသည်။
လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် စိတ်အားထက်သန် သော်လည်း ဦးအောင်မျိုးမင်းသည် လက်ရှိတွင် ကျောက်ကပ် မကောင်းသည့် ဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရသည်။ သူ နေမကောင်းသော်လည်း လူ့အခွင့်အရေး ပညာပေးလုပ်ငန်းများတွင် သူ၏ခြေရာနင်းသော လူငယ်များ ရှိသောကြောင့် ဝမ်းသာရသည် ဟု ဆိုသည်။ သူလုပ်ဆောင် လိုသည်များကို ကိုယ်ထိလက်ရောက် မဆောင်ရွက်နိုင်သဖြင့် စိတ်ဖိစီးရ သော်လည်း၊ ဆရာကောင်းတဦး ဖြစ်သည့်သူ့တွင် သူ့ယုံကြည်ချက်အတိုင်း ဆက်လျှောက်လှမ်းမည့် မျိုးဆက်သစ်များ ရှိနေသည်။
ယခုအချိန်တွင် နိုင်ငံရေးနှင့် မပတ်သက်သည့် သူ၏အဖြစ်ချင်ဆုံး ဆန္ဒက ကျန်းမာရေးကောင်းဖို့ဟု ဆိုသည်။
“ဒါပေမယ့် ကိုယ် အစောကြီးကတည်းက ဒီလိုမျိုး ကိစ္စတွေ မြင်ထားတယ်။ မြင်ထားတော့ ကိုယ်ရှိမှ လုပ်မယ်ဆိုတဲ့အစား၊ ကိုယ့်ရဲ့နောက်မှာ မျိုးဆက်သစ်တွေ၊ လုပ်နိုင်မယ့်လူတွေကို မွေးထုတ်ထားတဲ့ ပညာပေး လုပ်ငန်းတွေက ဒီအချိန်မှာ ပြန်ကြည့်ရင်တော့ ကျေနပ်စရာ၊ ဖြေသိမ့်စရာပေါ့။ ဘာကြောင့်လဲဆို ကိုယ် မလုပ်နိုင်ပေမယ့် ဒီလိုမျိုး မျိုးဆက်သစ်တွေက ဆက်ပြီး လုပ်နေတယ်။ အခုဆိုရင် ကိုယ်ဆေးရုံတက် ရတာ တလ ကျော်နေပီ။ ဒါပေမယ့် ကိုယ့်အဖွဲ့အစည်းလည်း မရပ်တန့်ဘူး။ လုပ်ရမယ့် လုပ်ငန်းတွေလည်း မရပ်တန့်ဘူး။ သူ့တာဝန်နဲ့သူ လုပ်နေကြတယ်” ဟု သူက ဂုဏ်ယူစွာဆိုသည်။
“ဒါက လူ့အခွင့်အရေး လုပ်မယ့်သူပဲ ဖြစ်ဖြစ်၊ ရေရှည်တိုက်ပွဲဝင်မယ့်သူပဲ ဖြစ်ဖြစ် သင်ခန်းစာ ယူစရာပေါ့။ ကိုယ်တယောက်တည်း လုပ်မယ့်အစား၊ ကိုယ်ကနေ တခြားသူတွေကို လုပ်နိုင်ဖို့အတွက် လက်ကမ်းပေးတာ၊ စွမ်းရည်မြှင့်ပေးတာ၊ အဲဒါတွေ လုပ်ဆောင်မှ ဒီလှုပ်ရှားမှုလည်း တာဝန်ကျေမယ်။ နောက်တခါ ရေရှည်တိုက်ပွဲကို ဆင်နွှဲရာ ရောက်မယ်။ အဲဒါလေးက ရရှိတဲ့ သင်ခန်းစာလေး တခုပါ” ဟုလည်း ဦးအောင်မျိုးမင်းက ဆိုသေးသည်။
LGBT လှုပ်ရှားမှု၏ မီးရှူးတန်ဆောင်
လူတဦးတယောက်၏ လိင်စိတ်ခံယူမှုနှင့် ပတ်သက်ပြီး မြန်မာ့လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးမှုအရ ရှောင်ရှားကာ ဖွင့်ဟပြောလေ့ သိပ်မရှိသော်လည်း ဦးအောင်မျိုးမင်းကမူ သူ၏ လိင်စိတ်ခံယူမှုအပေါ် ပွင့်ပွင့်လင်းလင်း ရှိသည်။
“သူက ကျမတို့အားလုံးရဲ့ လူ့အခွင့်အရေး ကိစ္စရပ်ကိုသာမက၊ လူ့အဖွဲ့အစည်းမှာ တန်းမမြင်နိုင်တဲ့ လူအုပ်စုတွေအတွက် ယုံကြည်သက်ဝင်စွာ လုပ်နေသူဖြစ်တယ်” ဟု ကျားမ တန်းတူရေးကွန်ရက် (GEN) မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက ဆိုသည်။ ဦးအောင်မျိုးမင်းက GEN ၏ ပဲ့ကိုင် ကော်မတီဝင်တဦးလည်း ဖြစ်သည်။
“သူ့ကို စသိတာက နယ်စပ်ကနေ မြန်မာပြည်ထဲ ပြန်ဝင်လာချိန် ၂၀၁၂ ခုနှစ်မှာ။ သူက နိုင်ငံအတွက် အရမ်းရှားပါးတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်တယ်။ သူ့ရဲ့ စည်းရုံးနိုင်တဲ့ စွမ်းရည်က ထိရောက်တယ်။ သိမ်မွေ့တယ်။ ဥပဒေရေးဆွဲသူ၊ မူဝါဒ ချမှတ်သူကို ပျော့ပြောင်းစွာ ဆွဲဆောင်နိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောတယ်။ ယုံကြည်ချက်အတိုင်း ပြတ်ပြတ်သားသား ပြောတယ်” ဟု ဒေါ်မေစပယ်ဖြူက မှတ်ချက်ပြုသည်။
“သူက ဘယ်အမှားကိုမဆို ဝေဖန်ဖို့ မတုံ့ဆိုင်းဘူး။ သူ့ရဲ့ဝေဖန်မှုတွေက အချက်အလက်အပေါ် အခြေခံပြီး ဝေဖန်တာ ဖြစ်ပြီးတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ တိုက်ခိုက်မှုမပါဘူး” ဟုလည်း သူက သူ့ဆရာ၏ စိတ်ထားကို ပြောပြသည်။
မြန်မာနိုင်ငံရှိ LGBT အသိုင်းအဝန်းအပေါ် လူအများ၏ အပြုသဘောဆောင်သော အမြင်ပြောင်းလဲလာခြင်း အတွက် ဦးအောင်မျိုးမင်း၏ စည်းရုံးနိုင်မှုအားနှင့် ခွဲခြားဆက်ဆံမှုမရှိရေး ကြိုးပမ်းမှုများကို ဖယ်ထားလို့မရဟု သူက ဆိုသည်။ မြန်မာနိုင်ငံမှ လူအများစုက LGBT များကို ရယ်စရာ သို့မဟုတ် ဟာသဇာတ်ရုပ် အဖြစ် မီဒီယာ သရုပ်ဖော်ခြင်းကိုသာ မြင်တတ်ကြပြီး ၎င်းတို့သည် နိုင်ငံရေးအသိအမြင် ဗဟုသုတရှိသူ ကျွမ်းကျင်သူများဟု ထင်မှတ်လေ့ မရှိကြပေ။
ဒေါ်မေစပယ်ဖြူက “ဒါပေမယ့် ဆရာက သူများနဲ့မတူဘူး။ တကယ့်ပညာရှင်။ သူ့ရဲ့ နိုင်ငံရေး စီးပွားရေး ဥပဒေရေးရာ ကျွမ်းကျင်မှုက ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်၊ ထူးခြားတယ်” ဟု ဆိုကာ LGBT များအပေါ် လူအများ၏ အသိအမြင် ရပ်တည်ချက်များ ပြောင်းလဲလာခြင်းက ဆရာ၏ ကြိုးပမ်းမှုကြောင့်ဟု အသိအမှတ်ပြု ပြောကြားသည်။
အသိအမြင်နိုးကြားရေး လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် Equality Myanmar သည် လှုပ်ရှားမှု အမျိုးမျိုး ဆောင်ရွက်သည်။ မေလ ၁၇ ရက်နေ့ ရောက်တိုင်းကျင်းပသော နိုင်ငံတကာ လိင်တူချစ်သူများအပေါ် မုန်းတီးမှု ဆန့်ကျင်ရေးနေ့ (IDAHO) ကဲ့သို့သော အခမ်းအနားများ ကျင်းပသည်။
LGBT အရေးကိစ္စများနှင့် လိင်စိတ် ခံယူမှု ကွဲပြားခြင်းအပေါ် ခွဲခြားဆက်ဆံမှု ခံရသူများအား လူမှုအဝန်းအဝိုင်းများမှ နားလည်လက်ခံ လာရေးအတွက်လည်း LGBT မဟုတ်သူများကိုပါ ပညာပေးလုပ်ငန်းများ ဆောင်ရွက်သည်။
ညီမျှခြင်း-မြန်မာ အဖွဲ့သည် လိင်တူနှစ်သက်ခြင်းကို သဘာဝနှင့် ဆန့်ကျင်သည်ဟု သတ်မှတ် ထားသော ရာဇသတ်ကြီးပုဒ်မ ၃၇၇ ကဲ့သို့ ပုဒ်မများကို ဥပဒေကြောင်းအရ ပြင်ဆင်နိုင်ရေး အတွက်လည်း စည်းရုံး လှုံ့ဆော်သည်။
ထိုပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများ ပြင်ဆင်မှုက လက်တွေ့ မဖြစ်သေးသော်လည်း ထိုဥပဒေများ ပြင်ဆင်နိုင်ရေး အတွက် ကြိုးပမ်း အားထုတ်မှုများက ဆက်ရှိနေသည်။
ဦးအောင်မျိုးမင်းသည် LGBT အရေး လှုပ်ရှားသည့် အဖွဲ့တခုဖြစ်သည့် Color Rainbow အဖွဲ့ကို တည်ထောင်သူ ဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ LGBT အခွင့်အရေး ကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင်လည်း ဖြစ်သည်။
ဦးအောင်မျိုးမင်း၏ LGBT အရေးအပေါ် နားလည်မှုနှင့် အတွေးအမြင်များသည် သူမတူအောင် အားကောင်း သဖြင့် လူတိုင်းက သူ့ဗျူဟာအတိုင်း LGBT အခွင့်အရေး လှုပ်ရှားမှုကို လိုက်ပါ ဆောင်ရွက်သည်ဟု Color Rainbow အဖွဲ့ လက်ထောက်ဒါရိုက်တာနှင့် ရန်ကုန်တွင် တနှစ်တခါ ကျင်းပသည့် LGBT ရုပ်ရှင်ပွဲတော် &Proud ၏ တွဲဖက် ဒါရိုက်တာ လှမြတ်ထွန်းက ဆိုသည်။ လှမြတ်ထွန်းသည် ဦးအောင်မျိုးမင်းကို သိကျွမ်းသည်မှာ ဆယ်စုနှစ် တခုနီးပါး ကြာမြင့်ပြီ ဖြစ်သည်။
“ဆရာ့ရဲ့ မဟာဗျူဟာ ချမှတ်တာတွေ စပြီး လုပ်ဆောင်ခဲ့လို့ အခုဆိုရင် LGBT အပေါ် အမြင်ပြောင်းလဲတာတွေ အများကြီး တွေ့ရတယ်။ သူက လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ၊ နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေကို ဦးဆောင် ပေးခဲ့တယ်။ လမ်းပြပေးခဲ့တယ်။ အကြံဉာဏ် ပေးခဲ့တာမျိုး ရှိတယ်” ဟု လှမြတ်ထွန်းက ပြောပြသည်။
ဦးအောင်မျိုးမင်း၏ LGBT လှုပ်ရှားမှုအတွက် ဖော်မပြနိုင်လောက်သော အကျိုးဆောင်မှု ပါဝင်မှုကြောင့် LGBT အရေး တက်ကြွလှုပ်ရှားသူတိုင်း၏ လေးစား အသိအမှတ်ပြုမှု ရခြင်းဖြစ်ကြောင်း LGBT အရေး တက်ကြွ လှုပ်ရှားသူ လှမြတ်ထွန်းက ဆိုသည်။
“LGBT အရေး လှုပ်ရှားမှုမှာ သူလို တော်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် ရှိဖို့ဆိုတာ မလွယ်ဘူး။ ဒါပေမယ့် သူကတော့ အဲဒီလို လူတယောက်ပဲ။ LGBT တွေကို မထောက်ခံတဲ့ သူတွေတောင် သူ့ရဲ့ ကျွမ်းကျင်မှုတွေ စွမ်းရည်တွေကြောင့် သူ့ကို လက်ခံနိုင်တယ်။ သူနဲ့တကွ သူ့လုပ်ရပ်ကို ထောက်ခံ လာကြတယ်” ဟု ဒေါ်မေစံပယ်ဖြူကလည်း ဆိုသည်။
သူနှင့်အတူ အလုပ်လုပ်ဖူးသူ သို့မဟုတ် လက်တွဲ အလုပ်လုပ်နေဆဲ သူများက သူနှင့်လက်တွဲ လုပ်ရသည့် အတွေ့အကြုံကို အမှတ်တရ ပြန်ပြောင်း ပြောကြသည်ကလည်း ကြည်နူးစရာ ကောင်းသည်။
သူစာသင်လျှင် မည်မျှခက်ခဲသည့် အကြောင်းအရာဖြစ်စေ၊ အလွယ်တကူ နားလည်လွယ်အောင် သင်ကြားတတ်သူ အဖြစ် ပုံဖော်ကြသည်။ ရှုပ်ထွေးသော ဥပဒေရေးရာ ကိစ္စရပ်များမှသည် စည်းရုံးရေး စွမ်းရည်အထိ မည်သည့် ဘာသာရပ်ကိုမဆို ရိုးရှင်းလွယ်ကူအောင် သင်ကြားနိုင်သူ ဖြစ်သည်။
သူ့တွင် သူ့အတွေးအခေါ် အသိပညာများကို သင်ယူသူများထံ ရောက်အောင် ပြောနိုင်သည့် မွေးရာပါ ပါရမီရှိသူဟုလည်း ၎င်းတို့က ဆိုသည်။
ဆရာတဦး အနေဖြင့်လည်း ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေး ကိစ္စရပ်များအပေါ် အလေးအနက်ထားသူ၊ မည်သည့် အခါတွင်မှ လူ့အခွင့်အရေးရှုထောင့်မှ မယိမ်းယိုင်သူ၊ အသိပညာမျှဝေရန် မည်သည့်အခါမျှ မတုံ့ဆိုင်းသူ ဖြစ်သည်ဟု လှမြတ်ထွန်းက မှတ်မှတ်ရရဆိုသည်။
မြန်မာနိုင်ငံတွင် လိင်တူချင်းချစ်သူများ၏ လှုပ်ရှားမှုကို ယခင်ကထက် ပိုမို လက်ခံလာသောကြောင့် မြန်မာနိုင်ငံ LGBT အခွင့်အရေး လှုပ်ရှားမှုကွန်ရက်မှ လုပ်ဖော်ကိုင်ဖက်များ အနေဖြင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်ကြ စေလိုကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍မူ ဦးအောင်မျိုးမင်းက ပြည်သူများအနေဖြင့် တဦးချင်း အတ္တကို ထိန်းချုပ်စေလိုသည်ဟု ဆိုသည်။ ထိုသို့ အတ္တများ မထိန်းချုပ်ပါက အမုန်းစိတ်နှင့် သူတပါးကို အနိုင်လိုချင်သော၊ ဖိနှိပ်လိုသော စိတ်သဘောဆိုးများ ပိုမို ဖြစ်ပေါ် လာစေနိုင်သည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဇုန်များတွင် ပိတ်မိနေသူများအရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှု ခံရသူများ၏ အခွင့်အရေးများနှင့် ငြိမ်းချမ်းမှုရှိရေးတို့ ဖြစ်စေချင်သည်ဟု ဆိုသည်။
“လူတဦးတယောက်ကို လူလူချင်းပဲ မြင်ပီးတော့ လူမျိုးရေးမတူ၊ ဘာသာရေးမတူ၊ နောက်တခါ အယူအဆ မတူတဲ့ကြားထဲက လူလူချင်း တယောက်ကို တယောက် လေးစားသော ပတ်ဝန်းကျင် လိုချင်တယ်” ဟု သူက ပြောသည်။
( Nyein Nyein ၏ Lifelong Human Rights Defender Continues to Inspire ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ
LGBT တို့ဘဝ အချိန်မတိုင်ခင် ကြွေလွင့်မသွားစေချင်