ဆယ်စုနှစ် တခုအတွင်း အဆိုးရွားဆုံး ဓာတ်အားပြတ်တောက်မှုများကြောင့် အများပြည်သူနှင့် စီးပွားရေး လုပ်ငန်းများ၏ မကျေနပ်မှုတိုးလာပြီး အာဏာပိုင်များ အနေဖြင့် အမြန်ဆုံးပြင်ဆင်ရန် တွန်းအားပေး ခံနေရသည်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက် တိုးပွားလာခြင်းကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံသည် ၁၂ လအတွင်း မဟာဓာတ်အားလိုင်းသို့ လျှပ်စစ်ဓာတ်အား ပိုမိုစီးဝင်ရေးအတွက် နိုင်ငံတကာ ဖိတ်ခေါ်မှုများပြုလုပ်ရန် အရှိန်မြှင့် လုပ်ဆောင်နေရသည်။
တရုတ်နှင့် လာအိုနိုင်ငံများမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန်လည်း အာဏာပိုင်များ စဉ်းစားနေကြသည်။
နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အား မလုံလောက်မှုသည် လွန်ခဲ့သောနှစ်လအတွင်း စီးပွားရေး လုပ်ငန်းများကို အထိနာစေခဲ့သည်။ စက်ရုံ အများအပြားသည် ထုတ်လုပ်မှုလျှော့ချပြီး အလုပ်ချိန် အဆိုင်းများကို ဖြတ်တောက်ရသည်။ ဓာတ်အား ပြတ်တောက်မှုများကြောင့် ဆေးရုံများတွင် ဖရိုဖရဲဖြစ်စေသည်။
အထူးသဖြင့် ရန်ကုန်နှင့် မြို့ကြီးများသည် ဆယ်စုနှစ် တခုကျော်ကာလအတွင်း အဆိုးရွားဆုံးသော ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်ကြရသည်။
ယုံကြည် အားထားလောက်သော ဓာတ်အား ဖြန့်ဖြူးမှုမရှိခြင်းသည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် တခုတည်းသော အကြီးမားဆုံး အတားအဆီး ဖြစ်နေပြီး စီးပွားရေး တိုးတက်မှုကို အပြင်းအထန် အဟန့်အတား ဖြစ်စေကြောင်း ပြည်တွင်းပြည်ပမှ လုပ်ငန်း အမှုဆောင် အရာရှိများက သဘောတူကြသည်။
“ဥရောပ ရင်းနှီးမြှုပ်နှံသူ တဦးရဲ့ အမြင်အရပြောရရင် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးနဲ့ ယှဉ်ပြိုင်သူတွေ အတွက် ညီမျှတဲ့ အခွင့်အရေးတွေဟာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့ သော့ချက်တွေပဲ” ဟု EuroCham Myanmar မှ ဒုတိယညွှန်ကြားရေးမှူး မာ့ ဒီလာ ဖော့ချ်ဒိုင်ရီက နေပြည်တော်တွင် လွန်ခဲ့သောတပတ်က ကျင်းပသည့် EuroCham Myanmar ညီလာခံ၏ သီးခြားဆွေးနွေးပွဲတွင် ပြောသည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အားပေးဖို့ မြန်မာနိုင်ငံကို လာချင်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ဆုံးရှုံးနိုင်ခြေ လျှော့ချပေးမယ့် ပုံမှန်တည်ငြိမ်တဲ့ ဓာတ်အားဖြန့်ဖြူးမှု ရဖို့ပဲ” ဟု သူက ပြောသည်။
ထိုကဲ့သို့သော အမြင်မျိုးကို British Chamber မှ အမှုဆောင် အရာရှိချုပ်ကလည်း ထောက်ခံသည်။
“တည်ငြိမ် မှီခိုအားထားလောက်တဲ့ ဓာတ်အားဖြန့်ဖြူးမှုက မြန်မာနိုင်ငံကို စီးပွာရေး လုပ်ငန်းတွေ ယူလာပေးမယ့် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခြေခံလိုအပ်ချက်ပဲ။ နည်းပညာကဏ္ဍမှာ ဆိုရင် ပိုလို့တောင် အရေးကြီးသေးတယ်” ဟု ပီတာခရိုးဟာ့စ်က ပြောသည်။
မကျေနပ်ချက်များကို အစိုးရက ကြားသိပြီးဖြစ်ကြောင်းနှင့် အရေးယူ ဆောင်ရွက်ရန် အသင့်ရှိကြောင်း လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိတဦးက ပြောသည်။
“တရုံကို ၃၀၀ မဂ္ဂါဝပ်လောက် ထုတ်နိုင်မယ့် ဓာတ်အားပေးစက်ရုံ ၃ ရုံအတွက် နိုင်ငံတကာ တင်ဒါတွေကို အစိုးရက ဒီလကုန်လောက် ကျရင် ခေါ်ယူမယ်” ဟု စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိ ဦးသန်းဇော်က ပြောသည်။
သင်္ဘောပေါ်တွင် တင်ထားသော ထိုဓာတ်အားပေး စက်ရုံများသည် သဘာဝဓာတ်ငွေ့ရည်ကို အသုံးပြုမည် ဖြစ်ကြောင်း သူက ရှင်းပြသည်။ သို့သော် ထိုစက်ရုံများသည် နွေရာသီစတင်သော ဖေဖော်ဝါရီလ ကျမှသာ လည်ပတ် နိုင်မည်ဖြစ်သည်။
ထိုစက်ရုံများကို နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ တောင်ပိုင်း ဧရာဝတီတိုင်းရှိ ပုသိမ်နှင့် ရန်ကုန်မြို့စွန် သီလဝါအနီးရှိ သန်လျင်တို့တွင် ထားရှိမည်ဟု သူ၏ အဆိုအရ သိရသည်။
“ဒါက ဓာတ်အား အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့ အရေးပေါ် စီမံချက်တွေပဲ” ဟုလည်း သူက ပြောသည်။
စက်ရုံများကို လိုင်စင်ချပေးပြီးနောက် ၆ လအတွင်း လည်ပတ်နိုင်ရေးအတွက် ကန်ထရိုက်များကို တင်ဒါပိတ်အပြီး ၃ လအတွင်း ချပေးမည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။ တင်ဒါများကို ပြည်ပ ကုမ္ပဏီများအတွက် ရည်ရွယ်သော်လည်း ပြည်တွင်း လုပ်ငန်းများ ပါဝင်နိုင်ကြောင်းလည်း သူက ရှင်းပြသည်။
အစီအစဉ်မှာ သဘာဝဓာတ်ငွေ့ရည်ကို ပြည်ပမှ အနိမ့်ဆုံးဈေးဖြင့် ဝယ်ယူရန်ဖြစ်သည်။ ထိုဓာတ်အားပေး သင်္ဘောများသည် ရေနံတင် သင်္ဘောကြီးများမှ သဘာဝဓာတ်ငွေ့ရည် ရယူပြီး ဓာတ်ငွေ့အဖြစ် ပြန်လည် ပြောင်းလဲကာ လျှပ်စစ်ဓာတ်အားကို ကုန်းတွင်း မဟာဓာတ်အား လိုင်းများသို့ ထုတ်လုပ်ပေးမည် ဖြစ်သည်။
အထက်ပါနေရာ ၃ ခုကို ရွေးချယ်ရခြင်းမှာ ထိုနေရာများတွင် လက်ရှိရှိပြီး လျှပ်စစ်ဓာတ်အား အခြေခံ အဆောက်အအုံများနှင့် နီးကပ်၍ ဆိပ်ကမ်းများ ရှိသောကြောင့် ဖြစ်ကြောင်းလည်း သူက ရှင်းပြသည်။
အာဏာပိုင်များသည် ရန်ကုန်ကို တိုက်ရိုက်ဓာတ်အားပေးရန် တူရကီမှ Karadeniz Holding ၊ အမေရိကန် အခြေစိုက် APR နှင့် ပြည်တွင်းလုပ်ငန်း National Infrastructure Holdings တို့နှင့် အလားတူ အစီအစဉ် မျိုးကိုလည်း ယခင်နှစ်က လုပ်ခဲ့ဖူးသည်။ သို့သော် ထိုစီမံကိန်းသည် လက်တွေ့ မကျသောကြောင့် အောင်မြင်ခြင်း မရှိခဲ့ပေ။ ပွင့်လင်းမြင်သာမှုလည်း မရှိဘဲ ဈေးနှုန်း သဘောတူညီမှုလည်း မရရှိခဲ့ပေ။
မြန်မာနိုင်ငံသည် လက်ရှိ မလုံလောက်သော ပမာဏဖြစ်သည့် ဓာတ်အား ၆၀၀ မဂ္ဂါဝပ်ခန့်ကို ထိုဓာတ်အားပေး စက်ရုံ သင်္ဘောများမှ ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ဈေးနှုန်း မြင့်မားမည်ဖြစ်သည်။ ခွင့်ပြုငွေ အကျပ်အတည်းနှင့် ရင်ဆိုင်ရကြောင်း ဝန်ကြီးဌာန အရာရှိများက ငြီးငြူကြသည်။
“၁ ကီလိုဝပ်ကို ၇ ဆင့်ထက် ကျနော်တို့က ပိုမပေးနိုင်ဘူး” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက EuroCham ညီလာခံ၏ သီးခြား အစည်းအဝေးတွင် သတင်းထောက်များကို ပြောခဲ့သည်။ သို့သော် သဘာဝဓာတ်ငွေ့ရည် စက်ရုံများမှ ထုတ်လုပ်သော ဓာတ်အားဈေးနှုန်းသည် ထိုထက်များစွာ တန်ဖိုးမြင့်မားမည်ဟု ဒေသတွင်းမှ ကျွမ်းကျင်သူများက ပြောကြသည်။
သုံးစွဲသူများထံ လက်ရှိဖြန့်ချိနေသည့် နိမ့်ကျသော ဈေးနှုန်းသည် ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် အဓိက အတားအဆီး ဖြစ်နေသည်။
မိသားစုများသည် ၁ နာရီအတွင်း သုံးစွဲသည့် လျှပ်စစ် ၁ ကီလိုဝပ်အတွက် ၃ ဆင့်သာ ပေးကြောင်း၊ ကမ္ဘာတွင် အနိမ့်ဆုံးဈေးနှုန်း ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများက ၁ ကီလိုဝပ်လျှင် ၁၈ ဆင့် ပေးကြောင်း ဝန်ကြီးဌာန အရာရှိများပြောသည်။
ထိုအတွက် ထောက်ပံ့ရသော ပမာဏမှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိပြီး လက်ရှိ ဓာတ်အားခနှုန်းဖြင့် တိုးချဲ့ထုတ်လုပ်ပါက ထိုငွေပမာဏမှာ ပိုမို မြင့်မားလာမည် ဖြစ်ကြောင်း သိရသည်။
“လျှပ်စစ်ဓာတ်အား ပိုထုတ်လုပ်နိုင်ဖို့ဆိုရင် ဓာတ်အားခဈေးနှုန်း တိုးမြှင့်ဖို့လိုတယ်။ ဒါမှပဲ တခြားနိုင်ငံတွေက ဓာတ်အားဝယ်တာတို့၊ သဘာဝဓာတ်ငွေ့ရည်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတို့က လက်တွေ့ကျမယ်” ဟု သူက ပြောသည်။
ပြည်ပမှ ဝယ်ယူခြင်းနှင့် သဘာဝဓာတ်ငွေ့ရည်မှ ထုတ်လုပ်ခြင်းသည် လက်ရှိ လူနေ ရပ်ကွက်များကို ဓာတ်အားရောင်းချသော ဈေးနှုန်းထက် ၃ ဆ ပိုမို ကုန်ကျမည်ဖြစ်သည်။
သုံးစွဲသူများအတွက် ဖြစ်နိုင်ခြေအရှိဆုံး ဈေးနှုန်းသည် မည်မျှဖြစ်မည်ကို သူက ပြောကြားခြင်းမရှိပေ။ ဓာတ်အားခဈေးနှုန်းသစ်နှင့် ပတ်သက်ပြီး ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိများနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ လုပ်ဆောင်နေကြသည်မှာ ၂ နှစ်ကျော် ကြာပြီ ဖြစ်ကြောင်း အမျိုးသားစီးပွားရေး ညှိနှိုင်းမှုကော်မတီမှ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
ပိုမိုဈေးကြီးသော ပုဂ္ဂလိကပိုင် ဒီဇယ် မီးစက်များဖြင့် ဓာတ်အားကို ပိုမိုအသုံးပြုလာကြ သော်လည်း လျှပ်စစ်ဓာတ်အား ဈေးနှုန်းများကို ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် မြှင့်တင်ခြင်း မရှိခဲ့ပေ။
လျှပ်စစ်ဓာတ်အားခကို မြှင့်တင်ရန်လိုကြောင်း အာဏာပိုင်များက လွန်ခဲ့သော ၂ နှစ်ကပင် မူအားဖြင့် သဘောတူ ထားသော်လည်း ထိုစဉ်က ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက လူထုမကျေနပ်မှုနှင့် မတည်ငြိမ်မှုများ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဆက်လက် လုပ်ဆောင်ခြင်း မရှိတော့ပေ။
မတူညီသော ဓာတ်အားခနှုန်းထားသစ်ကို ရေးဆွဲထားပြီး လျှပ်စစ်ဓာတ်အား အသုံးနည်းသည့် ဆင်းရဲသူများကို အထူးနှုန်း ပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးသောင်းထွန်းက လွန်ခဲ့သော ဇန်နဝါရီလက ပြောခဲ့သည်။ သို့သော် ထိုနှုန်းထားသစ်ကို လူသိရှင်ကြား ထုတ်ပြန်ခြင်း၊ ပြဋ္ဌာန်းခြင်း မရှိသေးပေ။
“ဒါက အဓိကအားဖြင့် ဗျူရိုကရေစီတွန်းအားနဲ့ နိုင်ငံရေးအရ ပိုင်းဖြတ်မှုမရှိတာပဲ” ဟု အမည်မဖော်လိုသော နိုင်ငံတကာ ဘဏ္ဍာရေးအကြံပေး တဦးက ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနက ဈေးနှုန်းသစ် သတ်မှတ်ခြင်း မလုပ်လိုသည့် တစိတ်တပိုင်းမှာ အဂတိ လိုက်စားခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနနှင့် ပုံမှန်ထိတွေ့ ဆက်ဆံနေရသော မြန်မာ စီးပွားရေးသမား အများအပြားက ပြောကြသည်။
သို့သော် လက်ရှိဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက ဓာတ်အားခဈေးနှုန်းသစ် မူဝါဒကို အပြီးသတ် လုပ်ဆောင် နေကြောင်းနှင့် ရက်သတ္တပတ် အနည်းငယ်အတွင်း အကောင်အထည် မဖော်နိုင်လျှင်ပင် လပိုင်းအတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပြောသည်။
“ဒါက ဆင်းရဲတဲ့သူတွေကို အခွင့်အရေးပေးတဲ့ ဈေးနှုန်း တိုးကောက်တဲ့စနစ်ပဲ။ သုံးစွဲမှု တိုးတဲ့အပေါ် မူတည်ပြီး ဈေးနှုန်း တက်သွားမယ်” ဟု သူက ပြောသည်။ အနည်းဆုံး အသုံးပြုသူများ (ကီလိုဝပ် ၃၀ အောက်) သည် လက်ရှိ နှုန်းခန့်သာ ပေးဆောင်ရမည်ဖြစ်ပြီး ထိုပမာဏ ကျော်လွန်သောအခါ ဈေးနှုန်း တဖြည်းဖြည်း တက်သွားမည် ဖြစ်သည်။
“ဒါက သတင်းကောင်းပဲ။ ဝန်ကြီးဌာနအနေနဲ့ အခု လုပ်ဆောင်ပြီး ဓာတ်အားဝယ်ယူမှု သဘောတူညီချက်သစ် ထုတ်ပြန်ပြီး နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်ကို ဖြေရှင်းရမယ်” ဟု စွမ်းအင် ကျွမ်းကျင်သူနှင့် နိုင်ငံရေးသုံးသပ်သူ Smart ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က ပြောသည်။
သို့သော် British Chamber မှ ခရိုးဟာ့စ်က ထိုမျှ စိတ်အားတက်ခြင်း မရှိပေ။
“ဓာတ်အားခ ဈေးနှုန်းသစ်ကို ရင်းနှီးမြှုပ်နှံမှုမှာ ထည့်တွက်ချက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် ရှေ့လျှောက် ဘယ်လို ဖြစ်မယ်ဆိုတာကိုပါ စဉ်းစားရမယ်။ ဓာတ်အားခဈေးနှုန်းက တကယ့် ပြဿနာမဟုတ်ဘူး။ ဓာတ်အားကို အစိုးရက ပုံမှန်မပေးနိုင်ဘူးဆိုရင်၊ ဒါကမှ အရေးကြီးတဲ့ တကယ် ဖြေရှင်းရမယ့် ပြဿနာပဲ” ဟု သူက ပြောသည်။
တချိန်တည်းတွင် ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံမှ ချေးငွေယူရေးနှင့် တရုတ်နိုင်ငံမှ ဓာတ်အားဝယ်ယူရေး အပါအဝင် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးအတွက် အခြား အရေးပေါ် အစီအစဉ်များကိုလည်း စူးစမ်း ရှာဖွေနေသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် တရုတ်နိုင်ငံ China Southern Power Grid ၏ အဆိုပြုချက်အရ လာမည့် ၂ နှစ်အတွင်း ၁၀၀၀ မဂ္ဂါဝပ် ဝယ်ယူရန် စီစဉ်နေကြောင်း လွန်ခဲ့သောလက သတင်းစာ ရှင်းလင်းပွဲတွင် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောသည်။
စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း ရန်ကုန်နှင့် မန္တလေးသို့ ဗို့အားမြင့် ထုတ်လွှတ်ရေး လိုင်းများ မရှိသောကြောင့် သဘောတူညီချက်ရရန် မျှော်လင့်ချက် မရှိသလောက်ဖြစ်ကြောင်း ဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောသည်။ ထို ဗို့အားမြင့် လိုင်းများကို တရုတ်နိုင်ငံက တပ်ဆင်ရန် ကမ်းလှမ်း သော်လည်း အချုပ်အခြာအာဏာနှင့် ပတ်သက်သော ပြဿနာအဖြစ် ရှုမြင်သည့်အတွက် မြန်မာဘက်က စိတ်ထက်သန်ခြင်း မရှိပေ။
ထို့ကြောင့် မြန်မာနိုင်ငံ၏ အထူးသဖြင့် ရန်ကုန်၏ ကာလတို လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ဓာတ်အားပေးစက်ရုံ သင်္ဘောများသည် တခုတည်းသော အဖြေဖြစ်နေပုံရသည်။
“ဒါပေမယ့် ဓာတ်အားပေးစက်ရုံ သင်္ဘောတွေက လတ်တလော ဓာတ်အား မလုံလောက်မှုကို ယာယီ ဖြည့်ဆည်းဖို့ အဖြစ်သာ မြင်ရမယ်။ တနိုင်ငံလုံး လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မဖြစ်နိုင်ဘူး” ဟု ခရိုးဟာ့စ်က ပြောသည်။
“မြန်မာနိုင်ငံမှာ ကောင်းမွန်ပြီး ဖိတ်ခေါ်နိုင်တဲ့ ဈေးကွက်ရှိဖို့ဆိုရင် ရေရှည်ဖြေရှင်းမှုကို အာရုံစိုက်သင့်တယ်” ဟု EuroCham မှ ဖော့ချ်ဒိုင်ရီက ပြောပြီး အထက်ပါအမြင်ကို ထောက်ခံသည်။
“လိုအပ်နေတာက လာမယ့်နှစ်တွေမှာ စွမ်းအင်ထုတ်လုပ်မှု တည်ငြိမ်စေမယ့် စံနှုန်းမီ ရေရှည်တည်တံ့တဲ့ အဖြေပဲ။ မရေရာမှုတွေက ရင်းနှီးမြှုပ်နှံသူတွေကို အားပျက်စေပြီး နိုင်ငံအတွက် စီးပွားရေး ဂုဏ်သတင်းဆိုင်ရာ ထိခိုက်မှု ဖြစ်နိုင်တယ်” ဟုလည်း သူက ပြောသည်။
အစိုးရအနေဖြင့် ရောင်းလိုအားနှင့် ဝယ်လိုအားကို ပိုမိုအာရုံစိုက်ရန် လိုကြောင်း ခရိုးဟာ့စ်က ဆိုသည်။
“အစိုးရအနေနဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ပိုလုပ်သင့်တယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှု တိုးမြှင့် သင့်တယ်။ အစီအစဉ်ကို အရှိန်မြှင့်သင့်တယ်” ဟု သူက ပြောသည်။
ထိုအချက်ကြောင့်ပင် အစိုးရသည် လူနေအိမ်များ၊ စက်ရုံများတွင် မလိုအပ်ဘဲ ဓာတ်အား အသုံးမပြုရန် လူထု လှုပ်ရှားမှု လုပ်သင့်သည်။ အထူးသဖြင့် ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ဖြုန်းတီးမှုများ ရှိနေသည်မှာ အထင်အရှားပင် ဖြစ်သည်။
( Bangkok Post သတင်းစာပါ Larry Jargan ၏ Myanmar powers up ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ဓာတ်အားပေး သင်္ဘောများနှင့် ၂၄ နာရီ မီးပေးနိုင်ရေး အစိုးရ စီစဉ်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီးရဲ့ ဖြေကြားချက်အပေါ် သူတို့အမြင်