ဆောင်းပါး

အသွင်သစ်နှင့် ပြန်ပေါ်လာနိုင်မလား ရန်ကုန် ညဈေးတန်း

Want create site? Find Free WordPress Themes and plugins.

ယာဉ်ကြီး ယာဉ်ငယ်တွေ အရှိန်ပြင်းပြင်း ဖြတ်သန်းသွားလာနေသည့် လမ်းဘေး တချက်တွင် ခြောက်ခြောက်ကပ်ကပ် ပုံစံနှင့် ညဈေးတန်း တခု ရှိနေသည်။

ညဈေးတန်းဟု ဆိုပေမယ့်လည်း ကြိုကြားကြိုကြား ရှိသည့် ဆိုင်လေးများနှင့် လာရောက် စားသုံးသူ ကျဲပါးနေသည့် ကား လမ်းမကျယ် ၁ ခုနှင့် ကွန်တိန်နာကားများ ဖြတ်သန်းသွာလာရာ လမ်းမတို့ကြားက နေရာ တခု ဖြစ်လေသည်။

ရန်ကုန်မြို့ ပန်းဆိုးတန်းနား တဝိုက် ကမ်းနားလမ်းပေါ်ရှိ ရန်ကုန်ညဈေးတန်းကို ၂၀၁၇ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး စဖွင့်ဖွင့်ချင်း အချိန်က လူစည်ကားခဲ့သော်လည်း ယခုဆိုလျှင် ကပ်ကျော်ဈေးကဲ့သို့ ကပ်၍ ကျော်ကျော် သွားမှု များလည်း ရှိနေသည်။

ညဈေးတန်း၌ ဖွင့်လှစ်ထားသော ဈေးဆိုင်ခန်းများမှာ ရှစ်ပေပတ်လည် ထီးများ မိုးထားပြီး လှည်းများ ပစ္စည်းများ ထား ကာ ဈေးရောင်းချခြင်း မရှိတော့သည့် ဆိုင်ခန်းများလည်း ရှိနေပါသည်။

ယင်းမြင်ကွင်းသည် ရန်ကုန်မြို့ကမ်းနား ညဈေးတန်း၏ အရောင်းအဝယ် အခြေအနေပင် ဖြစ်သည်။

ရန်ကုန်နေ ပြည်သူများ ညဈေးတန်း အကြောင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသလို၊ လမ်းဘေးဈေးသည် တချို့ လည်း မူလနေရာ သို့မဟုတ် နေရာအသစ်များသို့ ပြန်လည် ရောက်ရှိသွားချိန်တွင် တိုင်း အစိုးရ၏ မအောင်မြင်ခဲ့သော ညဈေးတန်းကို ပြန်လည် အသက်သွင်းမည့် အစီအမံ ထွက်ပေါ်လာခဲ့သည်။

ရန်ကုန်တိုင်း အစိုးရက ညဈေးတန်းကို ပီပီပြင်ပြင် ဖြစ်လာစေရန် တဖန် လှုပ်နှိုးသည့် အနေဖြင့် ပြန်လည် အဆင့်မြှင့် တင်မှုများ ဆောင်ရွက်မည့် အကြောင်း ကြေညာခဲ့သည်။

A25 Myanmar Development ကုမ္ပဏီက ညဈေးတန်းကို ပြန်လည် အဆင့်မြှင့်မည် ဖြစ်ပြီး ငွေကျပ် ၂ ဘီလီယံ ကျော် အသုံးပြုသွားမည်ဟု သိရသည်။

ညဈေးတန်းကို အဆင့်မြှင့်တင်ရာတွင် အများပြည်သူကို ဆွဲဆောင်နိုင်ရန် ယခင်ညဈေးတန်းတွင် မပါဝင်ခဲ့သည့် ဖျော်ဖြေရေး အစီအစဉ်များ၊ Bar များ ပါဝင်မည် ဖြစ်ကာ လက်ရှိ ရောင်းချနေသော ဆိုင်ခန်း အပြင်အဆင်များကိုလည်း ပြောင်းလဲ သွားမည်ဟု ဆိုသည်။

ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ရာတွင် ဆိုင်ခန်းများ အခင်းအကျင်း လှပသေသပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွှတ် သည့် အစားအစာများ ဖြစ်ရေး၊ လာရောက် စားသုံးကြမည့် အများပြည်သူများ အတွက် ဘေးအန္တယ်ကင်းရှင်းရေးနှင့် အခြား အိမ်နီးချင်းနိုင်ငံများရှိ ညဈေးတန်းများကဲ့သို့ အဆင့်မီသည့် ညဈေးတန်း တခု ဖြစ်ရန် လုပ်ဆောင်သွားမည့် အကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူ ဒေါ်စုလှိုင်က ဧရာဝတီသို့ ပြောသည်။

“ကျရှုံးပြီးသား ကိစ္စတခုကို ပြန်အောင်မြင်ဖို့ အတွက်က လုပ်ရမှာဖြစ်တဲ့ အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျမတို့ တာဝန်ယူပြီး ပြန်ဖွင့်မယ့် ညဈေးတန်းက အရင်ကဟာနဲ့ အဖြူအမည်းလို ကွာခြားမယ် ဆိုတာတော့ သေချာပါတယ်”ဟု ၎င်းက ပြောဆိုသည်။

သို့သော်လည်း ညဈေးတန်း အောင်မြင်ရန် အတွက် ကုမ္ပဏီ တခုတည်းကပဲ လုပ်ဆောင်၍ မရဘဲ ဈေးဆိုင်များဘက် ကလည်း ပူးပေါင်း ပါဝင်ရန် လိုကြောင်းနှင့် လက်ရှိ အချိန်တွင်လည်း အချိန်ယူကာ ဈေးဆိုင်များနှင့် ဆွေးနွေး ညှိနှိုင်း ထားမှုများ လုပ်ဆောင်ထားကြောင်း ဒေါ်စုလှိုင်က ပြောပြသည်။

ထို့ပြင် လက်ရှိ ညဈေးတန်းကို အများပြည်သူများ လာရောက်မှု လျော့နည်းစေသော အချက်တခု ဖြစ်သည့် အစားအ သောက်များ ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရန် အတွက် ဈေးဆိုင်ခန်းများ အားလုံးသည် ကျပ် ၁ ထောင်တန် အစား အစာတမျိုးကို မဖြစ်မနေ ရောင်းချပေးရမည့် အပြင် ဆိုင်တဆိုင်နှင့် တဆိုင် ရောင်းချသည့် စားသောက်ကုန်များ တူညီမှု မရှိစေရန် ကန့်သတ်ထားကြောင်းလည်း သိရသည်။

Yangon Night Market အသစ်ကို ညနေ ၃ နာရီမှ နံနက် ၃ နာရီ အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီး စားသောက်ဆိုင် များ၊ ဖျော်ရည် အမျိုးမျိုး၊ ရိုးရာ အစားအသောက်များနှင့် ထုတ်ကုန်များ၊ အဝတ်အထည်၊ ဖုန်း၊ ကားပစ္စည်းများ၊ လက်မှု ပစ္စည်းများ၊ ပန်းနှင့် ပန်းအလှဆင် ပစ္စည်းများ၊ ဂီတဖျော်ဖြေရေး ပစ္စည်းများ၊ မျက်လှည့်ပစ္စည်းများ စသည့် ဆိုင်များ လည်း ပါဝင် ကြမည်ဟု ဆိုသည်။

ထို့ပြင် အထပ်မြင့် ကားပါကင်၊ အငှားယာဉ်ဂိတ်များ၊ အရက်၊ ဘီယာများ ရောင်းချမည့် ကွန်တိန်နာ Bar များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လာမည့် ဇူလိုင်လ အတွင်း ကွန်တိန်နာ ဆိုင်ခန်း ၈ ဆိုင်နှင့် စားသောက်ဆိုင် တချို့ကို စမ်းသပ် ဖွင့်လှစ်သွားမည် ဖြစ် ပြီး စက်တင်ဘာလ၌ ရန်ကုန် ညဈေးတန်း၏ ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ပါဝင်မည့် အပိုင်းကို ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။

ရန်ကုန်ညဈေးတန်း အသစ်ကို ဇုန် (A) မှ ဇုန် (F) အထိ အပိုင်းလိုက် အကောင်အထည် ဖော်သွားမည် ဖြစ်ကာ မြန်မာ နိုင်ငံသားများ အပြင် ပြည်ပမှ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားများ အတွက်လည်း ရန်ကုန် ည ဈေးတန်းသည် ရန်ကုန်မြို့၏ လည်ပတ်စရာ နေရာအသစ်တခု ဖြစ်လာစေရန်အထိ ရည်ရွယ်ထားကြောင်း ဒေါ်စုလှိုင် က ပြောပြသည်။

ညဈေးတန်း အသစ်တွင် အစားအသောက် ရောင်းချမည့်သူများကို အစားသောက်နှင့် ဆေးဝါး ကွပ်ကဲမှု အဖွဲ့ (FDA) နှင့် ကုမ္ပဏီတို့က တကိုယ်ရေ သန့်ရှင်းမှု ရှိစေခြင်း အပြင် ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချနိုင်ရန် သင်တန်း ပို့ချ ပေးခြင်းတို့ကိုလည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ထို့ပြင် တခါသုံး ပစ္စည်းများကို အသုံးပြုစေခြင်း၊ အစားသောက်များ သန့်ရှင်း လတ်ဆတ်ရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိစေရန်အတွက် ကုမ္ပဏီက အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က ညဈေးတန်းရှိ ဈေးဆိုင်ခန်းများကို အရက်၊ ဘီယာများ  ရောင်းချခွင့် ကန့်သတ်ထားခြင်းနှင့် ညနေ ၃ နာရီမှ ည ၁၁ နာရီ အထိ ရောင်းချခွင့်ပေးခဲ့ရာမှ ယခု ညဈေးတန်းတွင်မူ အရက်၊ ဘီယာများ ရောင်းချခွင့် ပေးထားခြင်း၊ ဈေးရောင်းချချိန်ကိုလည်း ညနေ ၃ နာရီမှ နံနက် ၃ နာရီ အထိ တိုးမြှင့်ထားခြင်း တို့အတွက် ယခင်ကထက် အများ ပြည်သူ စိတ်ဝင်စားမှု ပြန်လည် ဈေးသည်များနှင့် ကုမ္ပဏီက မျှော်လင့်ထားသည်။

သို့သော်လည်း ကုမ္ပဏီ၏ ဈေးဆိုင်ခန်း နေရာချထားပေးမှုသည် ဆိုင်ခန်း တခန်းကို ၈ ပေ ပတ်လည်သာပေးမည် ဖြစ် သည့် အတွက် ဈေးရောင်းချရာတွင် နေရာ အခက်အခဲ ဖြစ်နိုင်ကြောင်း ဈေးဆိုင် ပိုင်ရှင်တချို့က ပြောဆိုကြသည်။

ယဉ်ယဉ် ရှမ်းခေါက်ဆွဲဆိုင် ပိုင်ရှင် မယဉ်ယဉ်စုက“တခါသုံး ပစ္စည်းတွေပဲ သုံးဖို့ ပြောထားတယ်။ ပါဆယ်ကို အဓိက ရောင်းစေချင်သလိုပဲ။ မြန်မာလူမျိုးက ထိုင်ပြီး စားကြတာကို ပိုပြီး သဘောကျကြတာ”ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက“ဟိုဘက်မှာ (လသာလမ်း) နှစ်တွေ အကြာကြီး ကိုယ့်ဖောက်သည်နဲ့ ကိုယ်ဖြစ်နေမှ ဒီဘက်ကို ရွှေ့ တော့ ဈေးအရောင်းအဝယ်က လုံးဝကို ဖောက်သည် မရှိတော့ဘဲ ပျက်သွားတာ”ဟု လက်ရှိ ညဈေးတွင် ဈေးရောင်း မကောင်းသည်ကို ပြန်ပြောပြသည်။

ယခင် လသာ ၂၃ လမ်းတွင် ဈေးရောင်းခဲ့စဉ်က ဈေး အရောင်းအဝယ် အဆင်ပြေခဲ့သည်ဟုလည်း မယဉ်ယဉ်စုက ဆို သည်။

လွန်ခဲ့သော နှစ် ၅၀ ဝန်းကျင်က ရှိခဲ့သည့် ရန်ကုန် ညဈေးတန်းသည် အရှေ့တောင် အာရှတွင် နာမည် ကျော်ကြား ခဲ့ကြောင်း အစားအသောက် ပညာရှင် ဒေါက်တာ စိုးခိုင်က ပြောသည်။

၁၉၇၀ ပြည့်နှစ်ခန့်က ရန်ကုန်မြို့ ဖရေဇာ (အခုအနော်ရထာလမ်း) နှင့် မောင်ဂိုမာရီ (ဗိုလ်ချုပ်လမ်း) ကြား ရွှေတိဂုံ ဘုရားလမ်းတွင် တည်ရှိခဲ့သည့် လေဟာပြင်ဈေး၊ မြေနီကုန်း လေဟာပြင်ဈေး (ယခု ဒဂုံစင်တာနဲ့ ဂမုန်းပွင့် ကုန်တိုက် ရှိရာ)၊ ကြည့်မြင်တိုင် ဘူတာ အုတ်တံတိုင်းကပ်လျက် အထက်ကြည့်မြင်တိုင်လမ်းမ ညဈေးနှင့် တရုတ်တန်း သံဈေး မှသည် ပန်းဆိုးတန်း အထိ၊ ဒါလဟိုဇီ (အခု မဟာဗန္ဒုလ လမ်း) လမ်းပေါ် ညဈေးတန်းသည် အရှေ့တောင် အာရှတွင် နာမည် ကျော်ကြားခဲ့သည်ဟု ဒေါက်တာ စိုးခိုင်က သူ၏ အတွေ့အကြုံကို ပြန်လည် ပြောပြဖူးပါသည်။

ထိုစဉ်က ရန်ကုန် ညဈေးတန်းသည် အမျိုးအစား စုံလင်ခြင်း၊ ဈေးနှုန်း ချိုသာခြင်း၊ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ဆက်ဆံရေး ယဉ်ကျေး ပြေပြစ်ပြီး ဝန်ဆောင်မှု ကောင်းမွန်ခြင်းတို့ကြောင့် အိမ်နီးချင်း နိုင်ငံများကပင် လာရောက် ဝယ်ခြမ်း စားသုံးကြသည့် အဆင့်အတန်းမြင့် ဈေးဆိုင်တန်း ဖြစ်ခဲ့ဖူးသည်ဟုလည်း ဒေါက်တာ စိုးခိုင်က ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က လမ်းဘေး ဈေးသည်များကြောင့် ရန်ကုန်မြို့တွင်း ယာဉ်အသွားအလာ၊ လူ အသွားအလာများ အနှောင့်အယှက် မဖြစ်စေရန် ရည်ရွယ်ကာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော် မြို့နယ်ရှိ ဈေးသည်များကို ကမ်းနားလမ်း တလျှောက်တွင် ညဈေးတန်းတခု အသွင်ဖော်ကာ လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်၍ ဈေးဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ကို နေရာချထားပေးခဲ့ခြင်း ဖြစ်သည်။

ယင်းညဈေးတန်းကို ပြည်သူ့ ဘဏ္ဍာငွေ ကျပ် ၁ ဒသမ ၈ ဘီလီယံကျော် အကုန်အကျခံ၍ ဖော်ဆောင်ခဲ့သည့် တိုင်း အစိုးရ၏ စီမံကိန်းတခု ဖြစ်ကြောင်းလည်း သိရသည်။

ဈေးဆိုင်ခန်း တချို့ကမူ နေရာပျောက်မည် စိုး၍ ဈေးဆိုင် မထွက်တော့ဘဲ လစဉ်ဆိုင်ခန်း ငှားရမ်းခ ကျပ် ၁ သောင်း ကိုသာ လစဉ်ပေးသွင်း၍ ပစ္စည်းများ သိမ်းဆည်း ထားကြသည်ကိုလည်း မြင်တွေ့ရသည်။

ငွေကြးများစွာ သုံးစွဲထားသော်လည်း အောင်မြင်မှု မရှိသည့် ထိုရန်ကုန် ညဈေးတန်း စီမံကိန်းသည် တိုင်းအစိုးရ အပေါ် ဝေဖန် ထောက်ပြစရာ တခုလည်း ဖြစ်လာခဲ့သည်။

ထို့ကြောင့် ညဈေးတန်းကို စည်ကားသည့် ဈေးတန်းတခု ဖြစ်လာစေရန် အတွက် A25 Myanmar Development ကုမ္ပဏီကို တာဝန်ပေး၍ လုပ်ကိုင်စေခြင်း ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက ဈေးအဆင့်မြှင့်တင် ဆောင်ရွက်မှုများကို ကျပ် ၂ ဒသမ ၆ ဘီလီယံ အသုံးပြုသွားမည် ဖြစ်ပြီး စီမံကိန်း ကို လည်း အဆင့်လိုက် အကောင်အထည် ဖော်သွားမည်ဟု ဆိုသည်။

ကုမ္ပဏီနှင့် အစိုးရတို့က ညဈေးတန်း အဆင့်မြှင့်တင်မှုကို Private Public Partnership (PPP) စနစ်ဖြင့် အကောင် အထည် ဖော်မည် ဖြစ်ခြင်းကြောင့် ယခုတဖန် အသက်သွင်းမည့် ညဈေးတန်း အောင်မြင်လာပါက အစိုးရ အနေနှင့် လည်း အကျိုးအမြတ်များ ပြန်လည် ရရှိမည် ဖြစ်သလို ယခင် မအောင်မြင်ခဲ့သည့် ညဈေးတန်း အတွက်လည်း အဖတ် ဆယ်နိုင်ရာလည်း ရောက်ပေသည်။

ညဈေးတန်း အသစ်အတွက် ကုမ္ပဏီနှင့်အစိုးရ ကြား အကျိုးအမြတ် ခွဲဝေမှုကိုတော့ ကုမ္ပဏီက အတိအကျ ပြောကြား ခြင်း မရှိပေ။

ကုမ္ပဏီ တာဝန်ရှိသူ ဒေါ်စုလှိုင်က“ကျမတို့ဘက်ကတော့ အတိအကျ ပြောလို့မရဘူး။ အစိုးရ အတွက် မနစ်နာတဲ့ ရာခိုင်နှုန်း တခုအထိ ရှိပါတယ်”ဟု ဆိုသည်။

အစိုးရက၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီက ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်လားဟု မေးခွန်းကို ဒေါ်စုလှိုင်က ပြန်လည် ဖြေကြား ရာတွင် ယင်းပမာဏထက် များသည့် ရာခိုင်နှုန်း တခုကို အစိုးရက ရရှိမည် ဖြစ်ကြောင်း ပြောသည်။

ကုမ္ပဏီက အဆင့်မြှင့်တင်မည့် ညဈေးတန်းသည် အစိုးရက လုပ်ဆောင်စဉ်ကထက် ပိုမို အောင်မြင်နိုင်သည့် ညဈေး တန်း တခု ဖြစ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။

ကျောက်တံတား မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက“အဓိကက ညဈေးတန် မအောင်မြင်ရတာက အစိုးရ ရဲ့ စီမံခန့်ခွဲမှုတွေမှာ လိုအပ်ချက် ရှိခဲ့တာပေါ့။ စေတနာ အလွဲလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ လိုအပ်ချက်တွေ က အများကြီး ရှိခဲ့တယ်။ ကုမ္ပဏီကတော့ အရင်ကထက် ပိုပြီးစနစ်ကျတဲ့ ပုံစံနဲ့သွားမှာပေါ့”ဟု ပြောသည်။

ညဈေးတန်း အတွက် အကုန်ကျခံခဲ့ရသော အသုံးစရိတ်များနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် လည်းကောင်း၊ ပြည်သူ့ ငွေစာရင်း ကော်မတီမှ တဆင့် သော်လည်းကောင်း မေးမြန်းခဲ့ကြသော်လည်း အစိုးရအဖွဲ့က လက်ရှိအချိန်ထိ တစုံတရာ ပြောကြားခြင်းမျိုး မရှိကြောင်းလည်း ၎င်းက ဆိုသည်။

ဒေါ်ကြည်ပြာက“ဒီလောက်ကြီးသုံးလိုက်ပြီး အောင်မြင်မှု မရလိုက်ဘူးပေါ့။ ဒါပေမယ့် စည်ပင်က မအောင်မြင်ဘူး ပြောရင် လက်မခံချင်ဘူး”ဟု ပြောဆိုသည်။

ညဈေးတန်း စီမံကိန်းကြောင့် ရန်ကုန်မြို့တွင်း လသာမြို့နယ်နှင့် ကျောက်တံတားမြို့နယ် အတွင်း လမ်းတချို့ရှိ လမ်းဘေး ဈေးသည်များ လျော့နည်းသွားကာ ယာဉ်ကြောကျပ်တည်းမှုလည်း အနည်းငယ် ပြေလည်သွားသည့် အခြေအနေမျိုးတော့ ရှိခဲ့သည်။

ညဈေးတန်း မအောင်မြင်ရခြင်း အကြောင်းအရင်းများတွင် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်း၊ ဆိုင်ခန်း အနေအထား ပြင်ဆင်မှု အားမကောင်းခြင်း၊ မော်တော်ယာဉ်များ အရှိန်ပြင်းပြင်း မောင်းနှင်နေသော လမ်းမကျယ်ကြီးကို လမ်းဖြတ် ကူး လာရခြင်း၊ ကားပါကင် နေရာအခက်အခဲ ရှိခြင်းနှင့် ရောင်းချသော အစားအစာများ ထူးခြားမှု မရှိခြင်းများသည် အများပြည်သူများကို စိတ်ဝင်စားမှု လျော့ကျစေကြောင်း ယခင်က ညဈေးတန်းကို လာရောက် လည်ပတ်ခဲ့ကြသူများ က ပြောဆိုကြသည်။

ကမ်းနားလမ်း ညဈေးတန်းကို စတင်ဖွင့်လှစ်ချိန်တွင် ငါးကြိမ်ထက် မနည်း သွားရောက်ခဲ့သည့် ကိုထင်ရှားကျော်က “အဓိကက ကားရပ်လို့ အဆင်မပြေဘူး။ အစားအစာတွေက မလတ်ဆတ်ဘူး။ ပြီးတော့ ဈေးက ကြီးတယ်။ အဲဒီတော့ နောက်ပိုင်း လုံးဝ မသွားဖြစ်တော့ဘူး”ဟု ပြောပြသည်။

ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ပါက ညဈေးတန်းကို အများပြည်သူများ ပြန်လည် စိတ်ဝင်စားနိုင်မည်ဟုလည်း ဆို သည်။

ခရီးသွား ဘလော့ဂါ တဦး ဖြစ်သော မနုမြတ်သိင်္ဂီဦးက“တခြားနိုင်ငံတွေမှာက ညဈေးတန်း ဆိုရင် ကွင်းပြင်ထဲမှာတို့၊ ကား ဝင်ခွင့်ပိတ်ပြီး လမ်းနှစ်ဖက်လုံးကို ပိတ်ပြီးလုပ်တော့ ညဈေးတန်းက စည်းစည်းကားကားလေး ဖြစ်တယ်။ ဒီမှာက ကားလမ်း တဖက်ခြမ်းမှာပဲ ဆိုတော့ ပြန့်ကျဲနေတဲ့ သဘောဖြစ်နေတယ်။ နောက်ပြီး ကမ်းနားလမ်းကြီးကို ဖြတ်ကူးပြီး လာရတဲ့ ကိစ္စကတော့ ကုမ္ပဏီက တော်တော် အဆင်ပြေအောင် လုပ်ရမယ့် စိန်ခေါ်မှု တခုပဲ”ဟု ဆိုသည်။

အသစ်ပြန်လည် ဖွင့်လှစ်မည့် ညဈေးတန်းအား ရေရှည် အစီအစဉ်များနှင့် လုပ်ဆောင်သင့်ကြောင်း၊ အစား အသောက် အမျိုးအစား အလိုက်၊ ဆိုင်အမျိုးအစား အလိုက်၊ အစုအလိုက် ပုံစံများ ဖန်းတီးသင့်သည့် အပြင် အများပြည်သူများကို ဆွဲ ဆောင်မည့် အစားအသောက် အသစ်များ အစီအစဉ်များလည်း ရှိရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

A25 ကုမ္ပဏီ၏ တာဝန်ရှိသူ ဒေါ်စုလှိုင်က“နေရာကတော့ ကျမတို့မှာ ရွေးခွင့် မရှိတော့ဘူးလေ။ ဒါတွေကို ဖြေရှင်းဖို့ လည်း အစီအစဉ်တွေ သေချာရေးဆွဲထားတယ်။ ဥပမာ အများပြည်သူတွေ ကားလမ်းကူးတာ လွယ်ဖို့ ယာဉ်ထိန်းရဲ တွေနဲ့ ကုမ္ပဏီက လူတွေက လုပ်ဆောင် ပေးတာမျိုးတွေပေါ့”ဟု ဆိုသည်။

အစိုးရက ညဈေးတန်း အကောင်အထည်ဖော်ရာတွင် အလျင်စလို အကောင်အထည်ဖော်ခြင်းကြောင့် ယခုလို မအောင်မြင်ရခြင်း ဖြစ်ကြောင်း လသာမြို့နယ်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ထောက်ပြ ပြောဆိုသည်။

“အခု ဈေးက ညဈေးလို မဖြစ်ဘဲ ကျူးကျော် ရပ်ကွက်လို ဖြစ်နေတယ်”ဟုလည်း ၎င်းက ပြောသည်။

 

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကမူ ညဈေးတန်းကို ပိုမိုကောင်းမွန်သည့် ညဈေး တခုဖြစ်လာရန် တိုင်းအစိုးရ အနေဖြင့် ထပ်မံကြိုးစား အားထုတ်နေကြောင်း ပြောဆိုသည်။

၎င်းက“တချို့က လမ်းဘေးဈေးသည်တွေနဲ့ ပတ်သက်ပြီး ကမ်းနားဈေးကို ရွှေ့လိုက်တဲ့ အခြေအနေကို အောင်မြင်မှု ရတယ် မရဘူး ဆိုပြီး ပြောဆို ဆွေးနွေးမှုတွေ ရှိပါတယ်။ ဒီဈေး အဆင့်မြှင့်ဖို့ အတွက် အချိန်တခုနဲ့ စရိတ်တခု လိုပါ တယ်။ လာမယ့် ပွင့်လင်းရာသီမှာ ပိုမိုကောင်းတဲ့ဟာတွေ ဖြစ်သွားဖို့ ကျနော်တို့ လုပ်ဆောင်သွားပါမယ်”ဟု ပြောကြား သည်။

အောင်မြင်မှု ရှိသည့် ရန်ကုန် ညဈေးတန်း တခုအဖြစ် ပြန်လည် အသက်သွင်းနိုင်မည်လား ဆိုသည်ကိုတော့ စောင့်ကြည့် ရမည် ဖြစ်ပါသည်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading