အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တပ်မတော်ကထိန်းချုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (GAD) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနဟုခေါ်သော ဝန်ကြီးဌာနသစ်အောက်တွင် ထည့်သွင်းလိုက်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးသို့ အကူးအပြောင်းတွင် အရေးပါသော ခြေလှမ်းတခုကို ဒီဇင်ဘာလအတွင်းကပြုလုပ်ခဲ့သည်။ နိုင်ငံအုပ်ချုပ်ရေးယန္တရား၏ကျောရိုးဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မွေးဖွား သေဆုံးမှု မှတ်ပုံတင်ခြင်း၊ မြေယာ စီမံခန့်ခွဲခြင်း၊ အခွန်အခကောက်ခံခြင်းနှင့် ဘဏ္ဍာငွေအသုံးစားရိတ်စီစဉ်ခြင်းအပါအဝင် ကျေးရွာ၊ ရပ်ကွက်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ အုပ်ချုပ်ရေးကို ကြီးကြပ်သည်။
ထိုသို့လွှဲပြောင်းခြင်း၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်ရေးလုပ်ငန်းကို နိုင်ငံချီတက်နေသော နိုင်ငံရေးစနစ်နှင့် ကိုက်ညီအောင် လုပ်ဆောင်ရန်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရန်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက ဇန်နဝါရီလတွင်ပြောကြားခဲ့သည်။ ထိုသို့လွှဲပြောင်းသော ဖြစ်စဉ်သည် ယခုအခါ ၆ လခန့်ပင်ကြာမြင့်ခဲ့ပြီးနောက် ဧရာဝတီသတင်းဌာနသည် စွမ်းရည်မြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးအတွက် ထိုဌာနနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်နေသော ကမ္ဘာ့ဘဏ်နှင့် အာရှဖေါင်ဒေရှင်း၏ အတိုင်ပင်ခံ မကြည်ပြာချစ်စောကို နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပြုပြင်ပြောင်လဲရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများအကြောင်း တွေ့ဆုံမေးမြန်းခဲ့သည်။
“တချို့က ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ပူပန်ကြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြုပြင်ပြောင်းလဲဖို့ အကောင်းဆုံး လုပ်ဆောင်နေတာမို့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အလွန်အကျွံ စိတ်မပူဖို့ ဝန်ကြီးဦးမင်းသူက မိန့်ခွန်းတွေမှာ အမြဲပဲ တိုက်တွန်းပါတယ်။ ဒါပေမယ့် သူတို့ဟာ အစိုးရရဲ့မူဝါဒတွေကို အကောင်အထည်ဖေါ်တာဖြစ်တဲ့အတွက် သူတို့ စိတ်ပူမှာသေချာပါတယ်” ဟု မကြည်ပြာချစ်စောက ပြုပြင်ပြောင်းလဲရေးကို အထွေထွေအုပ်ချုပ်ရေးအရာရှိများ တုံ့ပြန်ပုံနှင့် ပတ်သက်ပြီးပြောသည်။ မကြာသေးမီလများအတွင်း ထိုအပြောင်းအလဲများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်ချက်ပန်းတိုင်များနှင့် အဓိကလုပ်ငန်းတာဝန်များမှသည် ဌာနဝန်ထမ်းများအတွက် လက်စွဲစာအုပ်အထိ ပြန်လည်သုံးသပ်မှုများပါဝင်သည်။ လက်ရှိ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကျင့်ဝတ်များကိုလည်း လိုအပ်သလိုပြင်ဆင်ရန် ပြန်လည်သုံးသပ်သည်။
အပြောင်းအလဲများနှင့် လုပ်ငန်းတာဝန်သစ်များဖြည့်စွက်ခြင်းတို့ ရှိသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအရာရှိများသည် ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှုရှိကြောင်း မကြည်ပြာချစ်စောပြောသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ကောင်မွန်သောအုပ်ချုပ်ရေးထူထောင်ရေးနှင့် ပြည်သူလူထုဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ပါဝင်သည်။
အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကို စိတ်အားထက်သန်စေသော ဖြစ်ရပ်မှာ လေ့ကျင့်ရေးနည်းလမ်းများတွင် အပြောင်းအလဲဖြစ်သည်။ “အစိုးရရဲ့ လေ့ကျင့်ရေးဌာနတွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတယ်။ စင်္ကာပူမှာဆိုရင် ပြည်သူ့ဝန်ထမ်းတွေဟာ သူတို့လေ့ကျင့်လာတာကို အလုပ်ထဲမှာ ချက်ခြင်းအသုံးပြုကြတယ်။ ဒီနယ်ပယ်မှာကျတော့ ကျမတို့က အားနည်းတယ်။ မြန်မာနိုင်ငံက ပြည်သူ့ဝန်ထမ်းတွေ သင်တန်းမှာ သင်ယူခဲ့တာအားလုံးက လုပ်ငန်းခွင်မှာ အမြဲအသုံးဝင်တာမဟုတ်ဘူး။ အခုတော့ လေ့ကျင့်ရေးဌာနတွေဟာ သင်တန်းသား အရာရှိတွေအသုံးဝင်တဲ့ ပို့ချချက်တွေ ထည့်သွင်းဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပါတယ်” ဟု မကြည်ပြာချစ်စောပြောသည်။
ထိုသို့လုပ်ဆောင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ဖွံ့ဖြိုးတိုးတက်မှု စီမံအုပ်ချုပ်ရေးသင်တန်းကျောင်း(IDA) ၏ သင်ရိုးများကို နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်အောင် ပြန်လည်ပြင်ဆင်နေသည်။ မကြည်ပြာချစ်စောသည် ထိုသင်တန်းကျောင်းတွင် သင်ကြားပို့ချနေသည်။ ထိုပြင်ဆင်ထားသော သင်ရိုးညွုန်းတမ်းသည် အများပြည်သူ စီမံအုပ်ချုပ်ခြင်း၊ ခေါင်းဆောင်မှုပညာနှင့် လက်တွေ့ဖြစ်ရပ်လေ့လာခြင်းတို့ကို အလေးထားသည်။
ပြည်သူလူထုနှင့် အနီးကပ်ဆုံးလုပ်ဆောင်ရသောသူများဖြစ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို သင်တန်းပို့ချရေးကို သူ အလေးထားသည်။ ၎င်းတို့သည် ဘဏ္ဍာငွေ အသုံးစရိတ် စီမံရန် အချက်အလက်ကောက်ခံခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မြို့နယ်အဆင့်သိအောင် လုပ်ဆောင်ခြင်းအတွက်လည်း အဓိကရင်းမြစ်ဖြစ်သည်။
ထိုဒေသခံအရာရှိများသည် တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို နားလည်ရန်၊ အချက်အလက်ကောက်ယူမှုကို ကြီးကြပ်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်အမြင်ရှိရန် အရေးကြီးကြောင်း သူပြောသည်။ “ဒါပေမယ့် အခုလောလောဆယ်တော့ သူတို့ကို သင်တန်းပေးတာ အရမ်းကိုနည်းတယ်။ တချို့ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆိုရင် သင်တန်းတခါပဲ တက်ဖူးပြီး အဲဒီသင်တန်းကလည်း ၂ ရက်ပဲကြာတယ်” ဟု သူပြောသည်။
IDA သည် လက်ရှိအချိန်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးအောက် အဆင့်များအတွက် သင်တန်းပို့ချခြင်း မရှိပေ။
ရေရှည်ပြုပြင်ပြောင်းလဲရေးစီမံချက်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ မူဘောင်သစ်ကို ရေးဆွဲရန် ဆွေးနွေးနေသည်။ ထိုမူဘောင်သည် ဌာနတွင်း ညွှန်ကြားရေးမှူးချုပ်မှ အောက်ခြေအထိ ရာထူးလုံးအတွက် လုပ်ငန်းများ၊ တာဝန်များ၊ လိုအပ်သောအရည်အချင်းနှင့် ကျွမ်းကျင်မှုများကို ဖွင့်ဆိုသတ်မှတ်မည်ဖြစ်သည်။
ထိုမူဘောင်သည် အဓိကကျသည့် တာဝန်ပိနေသော အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ အထူးသဖြင့် ညွှန်ကြားရေးမှူးချုပ်ကဲ့သို့သော အဆင့်မြင့်အရာရှိများအနေဖြင့် အောက်သို့ တာဝန်ပိုမိုလွှဲပြောင်းစေခြင်းဖြင့် ဝန်ထုတ်ဝန်ပိုးကို လျှော့ချပေးမည်ဖြစ်သည်ဟု မကြည်ပြာချစ်စောပြောသည်။ ထိုမူဘောင်သည် လုပ်ငန်းစွမ်းဆောင်မှုကို တိုင်းတာရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ပြီး ရာထူးတိုးပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းကိုလည်း ပိုမိုပွင့်လင်းမြင်သားစေမည်ဖြစ်သည်။
“အဲဒီမူဘောင်ကို ၂၀၂၀ နောက်ပိုင်းမှပဲအကောင်အထည်ဖေါ်နိုင်မယ်လို့ထင်တယ်” ဟု သူပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အပြောင်းအလဲများသည် တိုင်းပြည်၏ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးအတွက် အလွန်အရေးပါသော ခြေလှမ်းများဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အများပြည်သူဆိုင်ရာကဏ္ဍခေတ်မီရေးအစီအစဉ်နှင့် အာရှဖေါင်ဒေးရှင်းတို့အတွက် အတိုင်ပင်ခံအဖြစ်ဆောင်ရွက်သော မကြည်ပြာချစ်စောက မြင်သည်။
“တကယ်တော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသာမက ဌာနအားလုံး လုံးဝပြုပြင်ပြောင်လဲဖို့လိုတယ်” ဟုလည်း သူပြောပြီး အပြောင်းအလဲကို အကောင်အထည်ဖေါ်သောအခါ အစိုးရအနေဖြင့် ပြည်သူ့ဝန်ထမ်းများ စိတ်အားထက်သန်စေရန် မက်လုံးများဖန်တီးပေးသင့်ကြောင်းလည်း သူရှင်းပြသည်။
“ဒါပေမယ့် ကျမကပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်တယ်။ အဖွဲ့အစည်းတခုလုံးက စစ်တပ်ထိန်းချုပ်တဲ့ ဆယ်စုနှစ်တွေထဲမှာ ပျက်စီးသွားခဲ့တယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ အချိန်လိုတယ်။ ဒါပေမယ့် ကျမတို့ လမ်းခုလပ်မှာရောက်နေပါပြီ” ဟု သူပြောသည်။
မကြည်ပြာချစ်စောသည် IDA တွင် အများပြည်သူဆိုင်ရာမူဝါဒ၊ ဖြစ်ရပ်တခုခြင်းလေ့လာသုံးသပ်ခြင်းနှင့် မြို့ပြလုံခြုံရေးတို့ကို သင်ကြားပို့ချသည်။ IDA သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲရေး နှင့် စီမံရေးတို့ကို သင်ကြားပေးသည်။ သူသည် မည်သို့သုတေသနပြုလုပ်ရမည်နှင့်ပတ်သက်ပြီး နေပြည်တော်ရှိ GAD ရုံးချုပ်တွင် သင်တန်းပို့ချပြီး မည်သည်တို့ကို သုတေသနပြုရမည်ကို ဆုံးဖြတ်ရန် အရာရှိများကို အကူအညီပေးနေသည်။ ထို့အပြင် သူသည် ထိုဌာနနှင့်အများပြည်သူထိတွေ့ဆက်ဆံမှုအားပေးရေးအတွက်လုပ်ဆောင်ရတွင်လည်း ပါဝင်နေသည်။ အမေရိကန်ပြည်ထောင်စု Syracuse University’s Maxwell School of Citizenship and Public Affairs ၏ Executive Master of Public Administration အစီအစဉ်မှ ဘွဲ့ရခဲ့သော မကြည်ပြာချစ်စောသည် ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ အများပြည်သူဆိုင်ရာစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေဒနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအစီရင်ခံစာများလည်း ရေးသားခဲ့သည်။
( San Yamin Aung ၏ An Insider’s View of Changes at the Formerly Military-Run GAD ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်- ကြံ့ခိုင်ရေး လက်လျှော့ခဲ့ရတဲ့ ထွေ/အုပ် ကို NLD ဘယ်လို ထိန်းမလဲ
မြောက်ဦး ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ နီးပါး နုတ်ထွက်