အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ၊ အီရန်နှင့် ၎င်းတို့၏ လက်ဝေခံများအကြား တင်းပြည့်ကျပ်ပြည့် ပဋိပက္ခမှာ လက်ရှိအချိန်တွင် စစ်ရေးလေ့ကျင့်မှု နယ်ပယ်တွင်သာ ရှိနေသေးသည်။
သို့သော် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုမြင့်မားလာနေပြီး အမေရိကန်ကလည်း တပ်ဖွဲ့များနှင့် စစ်လက်နက် ပစ္စည်းများကို ဒေသတွင်းသို့ ပိုမိုရွှေ့ပြောင်းလာနေသောကြောင့် ပင်တဂွန်မှ အစီအစဉ် ရေးဆွဲသူများနှင့် ထိပ်တန်း အမေရိကန် ထောက်လှမ်းရေးအရာရှိ များသည် ထိုသို့သော ပဋိပက္ခတွင် မည်သည်တို့ ပါဝင်လာနိုင်သည်ကို အသေးစိတ် ကြည့်ရှုနေကြသည်။
အီရန်ကမ်းခြေ ကာကွယ်ရေးစနစ်သည် ပါရှန်းပင်လယ်ကွေ့ တခုလုံးကို အမေရိကန် စစ်သင်္ဘောများအတွက် ကန့်သတ်နယ်မြေအဖြစ် ပြောင်းလဲစေရန် ဖြစ်လာနိုင်သည်။ အီရန်၏ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ကာကွယ်ရေး စနစ်များသည် အမေရိကန် လေယာဉ်မှူးများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နိုင်သည်။
အီရန်၏ တာဝေးပစ်ဒုံးကျည်နှင့် ခရုဇ်ဒုံးကျည်များသည် အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် တခုလုံးရှိ အမေရိကန် စစ်ရေး တည်ရှိမှုအားလုံးကို အန္တရာယ် ဖြစ်စေနိုင်သည်။ အမေရိကန် အသေအပျောက် တန်ဖိုးသည် လွန်စွာ မြင့်မားနိုင်သည်။
ထိုနောက်တွင်မူ အောင်ပွဲသည် မည်သို့မည်ပုံ ဖြစ်မည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။ ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံကို အမေရိကန် သိမ်းပိုက်သကဲ့သို့ ကြီးမားသော အတိုင်းအတာရှိသည့် သိမ်းပိုက်မှုများကို မည်သူမျှ မထောက်ခံပေ။
အမေရိကန်ဦးဆောင်သည့် ကြီးမားသော စစ်ဆင်ရေးကြောင့် အီရန်နိုင်ငံသားများသည် ၎င်းတို့၏ အစ္စလမ်မစ် အစိုးရကို ဖြုတ်ချပြီး အီရန်ကို အမေရိကန် မဟာမိတ်အဖြစ် ပြောင်းလာမည်ဟု မျှော်လင့်ခြင်း၊ ယူဆခြင်းများကို ကျွမ်းကျင်သူ အများအပြားက သတိပေးနေကြသည်။
အီရန်တပ်ဖွဲ့များတွင် အစ္စလမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ၁၂၅၀၀၀ အပါအဝင် အမြဲတမ်း တပ်အင်အား ၅၄၅၀၀၀ ရှိပြီး အရန်တပ်ဖွဲ့ဝင် ၃၅၀၀၀၀ ရှိသည်ဟု အော်စတင်ရှိ တက္ကဆက် တက္ကသိုလ်မှ Strauss Center စင်တာ၏ အဆိုအရ သိရသည်။
စုစုပေါင်း တပ်အင်အားသည် အတော်အတန် ကြီးမားသော်လည်း အနောက်တိုင်း နည်းပညာ ဝယ်ယူနိုင်မှု မရှိခြင်းနှင့် ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများကြောင့် အရည်အချင်းမှာ အကန့်အသတ် ရှိနေသည်။
ပဋိပက္ခ မည်သို့စတင်မည်နှင့် မည်သို့ ဆက်လက်ဖြစ်ပေါ်မည်ကို လက်ရှိနှင့် လက်ဟောင်း အမေရိကန် စစ်အရာရှိများ အပါအဝင် စစ်ရေးကျွမ်းကျင်သူ တဒါဇင်ကျော်ကို Military Times က တွေ့ဆုံမေးမြန်းခဲ့သည်။
စူးအက်တူးမြောင်းနှင့် ဟော်လ်မွတ် ရေလက်ကြားသို့သော အဓိက သယ်ယူပို့ဆောင်ရေး နေရာများကို ဂျီဟတ်ဝါဒီများ၏ တိုက်ခိုက်မှုများ ရှိလာနိုင်သည်။ ယီမင် ကမ်းလွန်ပင်လယ်ပြင်တွင်မူ ရေမြှုပ်မိုင်းများနှင့် ပြည့်နှက်နေမည်ဖြစ်ပြီး ဒေသတခုလုံးတွင် သင်္ဘောများ သွားလာမှု လွန်စွာ နှေးကွေးသွားမည်ဖြစ်ကာ သွားလာလျှင် မိမိကိုယ်မိမိ သေကြောင်း ကြံစည်ခြင်းနီးပါး ဖြစ်နိုင်သည်။
အမေရိကန်နှင့် အီရတ် နှစ်နိုင်ငံစလုံးမှ ခေါင်းဆောင်များသည် နယ်ပယ်မျိုးစုံမှ ၎င်းတို့၏ စစ်မက် စကားများကို ပြောကာ တဦးနှင့်တဦး လက်ညှိုးထိုး အပြစ်တင်ပြီး စစ်ကိုမလိုလားကြောင်း၊ ကျူးကျော်မှုကို လက်တုန့်မပြန်ဘဲနေရန် မဖြစ်နိုင်ကြောင်း ပြောကြမည်ဖြစ်သည်။
အီရတ်ရှိ အမေရိကန်နှင့် မဟာမိတ်များ ရှိသောနေရာများတွင် လူအုပ်များ စုဝေးလာပြီး ဒေါသတကြီး အော်ဟစ်နေကာ ပထမတွင် ကျောက်ခဲများဖြင့်ပေါက်၍ ယင်းနောက်တွင် ထိုနေရာ၏ တံတိုင်း၌ ကားဗုံး ဖောက်ခွဲပေလိမ့်မည်။
အရေးပေါ် ဘေးကင်းရာသို့ ရွှေ့ပြောင်းရခြင်းများ ရှိလာမည်ဖြစ်ပြီး အမေရိကန် တပ်များသည် အဓိက စစ်မြေပြင် စခန်းများသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာမည်ဖြစ်သည်။ တခြားတပ်များသည်လည်း မိတ်ဆွေ နိုင်ငံများ၏ စစ်အခြေစိုက်စခန်းများကို အားဖြည့်ရန် ရောက်ရှိလာမည် ဖြစ်သည်။
ဆိုက်ဘာနယ်ပယ် တခုလုံးတွင် အီလက်ထရွန်းနစ် တိုက်ခိုက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး မဟာဓာတ်အားလိုင်းကြီး တခုလုံး ပိတ်လိုက်ရခြင်းမျိုး ပေါ်ပေါက်လာမည်။ ဝေဟင်တွင် အီလက်ထရွန်းနစ် အနှောင့်အယှက်များ ပြည့်နေမည်ဖြစ်ပြီး စစ်ရေးကွန်ရက် တခုလုံးတွင် ဆက်သွယ်ရေးနှင့် ထိန်းချုပ်မှုများ အဆင့်လျော့ကျသွားကာ တပ်မှူးများသည် လက်ရှိအချိန်တွင် မည်သည်တို့ ဖြစ်နေသည်ကိုသိရန် မျိုးဆက်တဆက်မက လွန်ခဲ့သောအချိန်များကကဲ့သို့ များစွာ ရုန်းကန်ကြရမည် ဖြစ်သည်။
တချိန်တည်းတွင် အရှေ့အလယ်ပိုင်းမှ ဗဟိုအမေရိကအထိ လက်ဝေခံ အီရန် ဂျီဟတ်ဝါဒီ ကလပ်စည်း များသည် ဖြစ်နိုင်သည့် နေရာတိုင်း၊ အချိန်တိုင်းတွင် အားနည်းသည့် ပစ်မှတ်ပျော့များကို တိုက်ခိုက်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စုကို ထိုးနှက် ရန်စရန် ထူးဆန်းသော ယာယီနည်းလမ်းများ ရှာဖွေ တိုက်ခိုက် ကြမည်ဖြစ်သည်။
လူထောင်ချီ သေဆုံးမည်
အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ အင်္ဂလန်နှင့် ဥရောပသမဂ္ဂတို့ အကြား သဘောတူထားသည့် စာချုပ်မှ လွန်ခဲ့သောနှစ်က အမေရိကန်နုတ်ထွက်ပြီး ချမှတ်လိုက်သော ပြင်းထန်သည့် အရေးယူမှုများကို သက်သာစေရန် အခြားနိုင်ငံများ အနေဖြင့် နည်းလမ်းမရှာနိုင်ပါက ယူရေနီယံသန့်စင်ခြင်း ပြန်လည် စတင်မည်ဟု ယခုလအစောပိုင်းက အီရန်ခေါင်းဆောင်များက ကြေညာခဲ့သည်။
နောက်ဆက်တွဲမှာ အီရတ်ကို ၂၀၀၃ ခုနှစ်က ဝင်ရောက်စဉ်ကအတိုင်း အင်အားဖြစ်သည့် တပ်ဖွဲ့ဝင် ၁ သိန်း ၂ သောင်းအထိ ပါသော အမေရိကန်တပ်များကို ထိုဒေသသို့ စေလွှတ်ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း သတင်းများ ပေါက်ကြား ထွက်လာသည်။ ထိုနောက် အမေရိကန်နှင့် အီရန်ခေါင်းဆောင်များက ၎င်းတို့သည် စစ်ကို မလိုလားကြောင်း ပြောကြားပြီး စစ်ကဲ့သို့ ဖြစ်ပွားစေရန်ပင် ဆက်လက် ပြင်ဆင်ခဲ့ကြသည်။
ထိ့ုနောက်တွင် ခေတ္တကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှန်နာဟန်က လက်ရှိ စေလွှတ်ထားသော ပက်ထရီရော့ ဒုံးကျည်တပ်ဖွဲ့များအပြင်၊ နောက်ထပ် အမေရိကန် တပ်ဖွဲ့ဝင် ၉၀၀ သည် ထိုဒေသတွင်းသို့ ဦးတည် နေကြောင်း ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် လေယာဉ်တင် သင်္ဘောအုပ်စုတစုနှင့် တာဝေး ဗုံးကြဲ လေယာဉ်များကို ထိုဒေသသို့ စေလွှတ်ခဲ့သည်။
အရှေ့အလယ်ပိုင်း ဒေသတဝန်းရှိ အမေရိကန်နှင့် မဟာမိတ်များကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် ပြင်ဆင်ရန် အီရန် လက်ဝေခံအုပ်စုများ၏ အကြီးအကဲကို အမိန့်ပေးထားပြီး ဖြစ်ကြောင်း စွပ်စွဲသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
ထိုအုပ်စုများတွင် ရှီယာအုပ်စုတချို့ ပါဝင်ပြီး အားလုံးပါဝင်ခြင်း မရှိပေ။ ၎င်းတို့အနက် တချို့သာ အီရန်နှင့် မဟာမိတ် ဖွဲ့ကြပြီး ကျန်အဖွဲ့များသည် ၎င်းတို့ဒေသအတွက် လိုအပ်ချက်များကိုသာ အခြေခံ လုပ်ဆောင်သော အဖွဲ့များဖြစ်သည်။
ထိုဖြစ်ရပ်များသည် နိုင်ငံရေးအရ ဟန်ရေးပြခြင်း ဖြစ်နိုင်ပါသလား၊ သို့မဟုတ် ဓားကိုဆွဲထုတ်ရန် ရန်စခြင်း ဖြစ်နိုင်ပါသလား။
ဒေသတွင်းတွင် တပ်ဖွဲ့ဝင် ထောင်ချီရှိနေပြီး နောက်ထပ် တပ်ဖွဲ့များကိုလည်း ထပ်မံ စေလွှတ်နေသောကြောင့် တဖက်နှင့်တဖက် အတွက်အချက် မှားယွင်းနိုင်ခြေနှင့် အခြေအနေ ထိန်းချုပ်မရ ဖြစ်သွားနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူ တဦးက Military Times သို့ ပြောသည်။
အမေရိကန်ရေတပ်နှင့် ထိပ်တိုက်တွေ့မည့်အစား အီရန်သည် သင်္ဘောငယ်များ၊ မောင်းသူမဲ့ ယာဉ်များနှင့် ရေမြှုပ်မိုင်းများကို စုစည်းပြီး ဟော်မွတ် ရေလက်ကြားကဲ့သို့သော ပိတ်ဆို့လွယ်သည့် နေရာများတွင် အမေရိကန် ရေတပ်ကို ဟန့်တား နှောင့်ယှက်နိုင်သည်။ ထိုရေလက်ကြားသည် ပါရှန်း ပင်လယ်ကွေ့နှင့် အိုမန် ပင်လယ်ကွေ့တို့ကို ဆက်သွယ်ထားသော အဓိက နေရာဖြစ်သည်။
ရေကြောင်း နှောင့်ယှက်ဟန့်တားမှုကို ရင်ဆိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုသည် စစ်သင်္ဘောများနှင့် လေကြောင်း ထောက်လှမ်းရေး၊ စောင့်ကြည့်ရေး ကိရိယာများကို သုံးပြီး ထိုခြိမ်းခြောက်မှုများကို ထောက်လှမ်း၊ ရှောင်ရှား ရှင်းလင်းမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ထိတွေ့မှု ၂၀၁၅ ခုနှစ်က ၂၂ ကြိမ်၊ ၂၀၁၆ ခုနှစ်က ၃၆ ကြိမ်နှင့် ၂၀၁၇ ခုနှစ်တွင် ၁၄ ကြိမ် ဖြစ်ခဲ့ပြီး ၂၀၁၇ မေလ အစောပိုင်းမှ စတင်ကာ အန္တရာယ်မကင်းသော ထိတွေ့မှုမရှိတော့ကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်ရေတပ်ဖွဲ့များ၏ အဆိုအရ သိရသည်။
ဒေသတွင်းရှိ အမေရိကန်တပ်များအတွက် ခြိမ်းခြောက်မှုမှာ ကီလိုမီတာ ၂၀၀၀ အထိ ပစ်ခတ်နိုင်သော ရေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် အီရန်၏ အကြီးစားတပိုင်း ရေငုပ်သင်္ဘောများ ဖြစ်ကြောင်း ပြောကြသည်။
တခြား ခြိမ်းခြောက်မှုတခုမှာ အီရန်၏ ဂါဒါ အတန်းအစား အသေးစား ရေငုပ်သင်္ဘောများဖြစ်ပြီး ၁၁၅ တန်ရှိ ရေငုပ်သင်္ဘော ၂၃ စင်း ပါဝင်ကာ ၎င်းတို့ကို လူအနည်းငယ်မျှနှင့် မောင်းနှင်နိုင်ပြီး တော်ပီဒို နှစ်စင်းအထိ ပစ်နိုင်စွမ်း ရှိကြသည်။ သို့သော် သင်္ဘောငယ်များဖြင့် ပြန်လည် တိုက်ခိုက်မှုသည်လည်း ပြင်းထန်သော ခြိမ်းခြောက်မှု ဖြစ်သည်။
“ဒီကောင်တွေက သေးတယ်။ ဒါကြောင့် ရေတိမ်တဲ့ ပါရှန်းပင်လယ်မှာ အလွယ်တကူ မောင်းနှင်နိုင်တယ်။ သူတို့တွေက ဘထ္ထရီနဲ့ မောင်းနေချိန်မှာ အသံတော်တော် တိတ်တော့ ဆိုနာမှာ ရှာဖို့ခက်တယ်။ သူ့အရွယ်အစားကြောင့်လည်း ဆိုနာတွေက သူတို့နဲ့ ပတ်သက်ပြီး အချက်အလက် များများမပေးနိုင်ဘူး” ဟု ယခင် ရေငုပ်သင်္ဘော တပ်ဖွဲ့ဝင်နှင့် ရေတပ်စစ်ဆင်ရေးအကြီးအကဲ၏ လက်ထောက်ဟောင်း ယခုအခါ Center for Strategic and Budgetary Assessments တွင် သုတေသီအဖြစ် ဆောင်ရွက်နေသူ ဘရိုင်ယန် ကလပ်က ပြောသည်။
ပင်လယ်ကွေ့၏ အကန့်အသတ် ရှိသော ပထဝီ အခြေအနေကြောင့်လည်း သင်္ဘောများသည် ထိုသို့သော တိုက်ခိုက်မှုများကို တုန့်ပြန်ရန် အချိန်အနည်းငယ်သာ ရကြကြောင်း သူက ပြောသည်။
အီရန်၏ ဂဲယားအတန်းအစားများ သည်လည်း အောင်မြင်မှု အတန်အသင့် ရှိသော်လည်း အမေရိကန် သင်္ဘောများကဲ့သို့ ရေအောက်တွင် ကြာကြာ မနေနိုင်ကြပေ။
“သူတို့က အောက်ထဲမှာ နှစ်ရက်ထက် ပိုမနေနိုင်ကြဘူး။ ကင်းလှည့် သင်္ဘောနဲ့ ပိုတူတယ်။ ရေရှည် မောင်းနှင်လို့မရတဲ့ အခြေခံကနေ လူသားရဲ့ ခံနိုင်ရည်သက်သက် အပေါ် မူတည်ပြီး ရိက္ခာနဲ့ လောင်စာ ဖြည့်တင်းဖို့ အကန့်အသတ် ရှိတယ်” ဟုလည်း သူက ဆိုသည်။
ချောင်းမြောင်း တိုက်ခိုက်နိုင်မှု စွမ်းရည်အနေဖြင့် ၎င်းသည် အီရန်နိုင်ငံအတွက် ရွေးချယ်ရမည့် နည်းလမ်း ဖြစ်နေသည်။ သင်္ဘောတိုက်ဖျက်ရေး ခရုဇ် ဒုံးကျည်များ တပ်ဆင်ထားသောကြောင့် အီရန်သည် အမေရိကန် ပစ်မှတ်ကို တိုက်ရိုက် တိုက်ခိုက်မည်မဟုတ်ဘဲ၊ အပျက်အစီး အနည်းငယ် ဖြစ်စေလျှင်ပင် အရေးပါသော လူထု ဆက်ဆံရေး အောင်ပွဲဖြစ်နိုင်သည်။
အီရန်နှင့် ထိပ်တိုက် တွေ့ရာတွင် Rolling Airframe ဒုံးကျည်၊ Standard ဒုံးကျည်နှင့် Sea-Sparrow ဒုံးကျည် စသည့် စနစ်များသည်ပင် အီရန်၏ သင်္ဘော တိုက်ဖျက်ရေး လက်နက်များကို ကိုင်တွယ် ဖြေရှင်း နိုင်စွမ်း ရှိကြသည်။
အမေရိကန် အနေဖြင့် ဟော်လ်မွတ် ရေလက်ကြားတွင် အင်အားအသုံးပြုလိုပါက ကမ်းခြေသုံး ထိုးစစ် စစ်သင်္ဘောငယ်များပေါ်မှ ကာကွယ်ရေးစနစ်ကြောင့် လေကြောင်း ခြိမ်းခြောက်မှုများကိုပါ စစ်ဆင်နိုင်သဖြင့် ၎င်းတို့ကို အသုံးပြုနိုင်ခြေ ပိုမိုများပြားသည်ဟု ကလပ်က ပြောသည်။
၂၀၀၃ ခုနှစ်က အီရတ်ထိုးစစ်တွင် အမေရိကန် ပြည်ထောင်စုသည် လေယာဉ်တင် သဘောၤအုပ်စု ငါးခု၊ ကုန်းရေ နှစ်သွယ် အသင့်တပ်ဖွဲ့များနှင့် ကုန်းရေ နှစ်သွယ် အထူးတပ်များ ပါဝင်သည့် ရေကြောင်းချီ တပ်ကို စေလွှတ်ခဲ့သည်။
အီရတ်စစ်ပွဲနှင့်မတူဘဲ၊ တိုက်ခိုက်မှုများကို ပါရှန်းပင်လယ်ကွေ့မှ ပြုလုပ်ခြင်းထက် အာရေဗျ ပင်လယ်မှ ပြုလုပ်နိုင်မည် ဖြစ်သောကြောင့် အိုမန်နိုင်ငံနှင့် မျက်နှာခြင်းဆိုင် ဟော်လမုဇ် ရေလက်ကြားရှိ အီရန် တောင်ပိုင်းကမ်းခြေကို အာရုံစိုက်ရမည် ဖြစ်သည်။
“ခရုဇ်ဒုံးကျည်တွေနဲ့ လေကြောင်း ကာကွယ်ရေးစနစ်တွေကို ရှင်းလင်းဖို့ တိုက်ခိုက်မှုကို အဲဒီနေရာကို အာရုံ စိုက်ရမယ်။ လေကြောင်း ကာကွယ်ရေးစနစ်ကို ရှင်းလင်းပြီးတဲ့အခါ ကမ်းခြေ ကာကွယ်ရေးခရုဇ် ဒုံးကျည် စနစ်တွေကို အရှေ့ဖက်ကနေပြီး နောက်ကွယ်က ထိန်းထားနိုင်ဖို့ တောင်ဖက်ကနေ အသုံးပြုနိုင်တဲ့ စြင်္ကန်တခု ရလာမယ်” ဟု ကလပ်က ဆိုသည်။
မြေပြင်
ဒေသတွင်း မည်သည့်ပဋိပက္ခတွင်မဆို ကြည်းတပ်သည် အရေးပါသော အခန်းမှ ပါဝင်မည် ဖြစ်သော်လည်း အီရန်ကို ဝင်ရောက်ပြီး အစိုးရကို ဖြုတ်ချကာ မြို့တော်ကို သိမ်းပိုက်ယူရန် အစီအစဉ် မရှိသောကြောင့် ကြည်းတပ်၏ အခန်းကဏ္ဍမှာ အီရတ်တွင်ကဲ့သို့ Strykers, Abrams တင့်ကားများနှင့် Humvees များဖြင့် သဲကန္တာရအတွင်း ဝင်ရောက်ရန် လိုမည်မဟုတ်ပေ။
ထိုသို့လုပ်ရန် မလိုဘဲ ကြည်းတပ်သည် ပက်ထရီရော့ ဒုံးကျည်များ၊ ရွှေ့ပြောင်းနိုင်စွမ်း မြင့်မားသည့် အမြောက် ဒုံးစနစ်များနှင့် အီရန် ကာကွယ်ရေးစနစ်များကို ထိခိုက်စေမည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၏ ကျယ်ပြန့်သော သယ်ယူပို့ဆောင်ရေး ကွန်ရက်တခုကို လုပ်ဆောင်ရမည် ဖြစ်သည်။
စစ်သားများအတွက် အခြားသော အဓိကလုပ်ငန်းတခုမှာ အမေရိကန်နှင့် မဟာမိတ် စခန်းများကို အီရန် ဒုံးကျည်များ၏ ရန်မှသာမက ဆီးရီးယား၊ အီရတ်၊ ဆော်ဒီအာရေးဗျ၊ ကူဝိတ်နှင့် အခြားနေရာများရှိ စခန်းများကို တိုက်ခိုက်မည့် လက်ဝေခံ အုပ်စုများ၏ ရန်မှပါ အကာအကွယ်ပေးရေး ဖြစ်သည်။
ထို လက်ဝေခံအုပ်စုများသည် ဒေသတခုလုံးရှိ အမေရိကန်နှင့် မဟာမိတ်တပ်များကို တိုက်ခိုက်နိုင်သည်။ အီရန် နယ်စပ်မှ အဝေးတွင်ရှိသည့် ဆီးရီးယား၊ ယီမင်၊ အီရတ်နှင့် အခြားနေရာများမှ အုပ်စု အများအပြားကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
လက်ဝေခံ အုပ်စုများသည် အီရတ်မှ ကျေးလက်ဒေသများတွင် အပျော်တမ်း လက်လုပ်မိုင်း ဖောက်ခွဲသည့် အဆင့်မက လုပ်နိုင်ကြောင်း ဝါရှင်တန်အင်စတီကျုမှ သုတေသီ ဖိလစ်စမစ်က Military Times သို့ ပြောသည်။ ထိုအုပ်စုများတွင် အစ္စလမ်မစ် တော်လှန်ရေး အစောင့်တပ်နှင့် အတွင်းကျကျ ဆက်စပ်သည့် ဟစ်ဇဘိုလာ ကဲ့သို့သော စစ်မြေပြင် အတွေ့အကြုံရင့် တပ်များ ပါဝင်နိုင်သည်။
“အီရတ်-ဆီးရီးယား နယ်စပ်က ရှေ့တန်း စစ်ဆင်ရေးစခန်းတခုမှာ ဆိုရင် အီရန်သစ္စာခံ ရှီယာပြည်သူ့စစ် အနည်းဆုံး ၁၀ ယောက်ရှိတယ်။ သာမန်တွေ မဟုတ်ဘူး၊ ဒုက္ခ အပေးနိုင်ဆုံးသူတွေ” ဟု စမစ်က ပြောသည်။
ထို့အပြင် ၎င်းတို့တွင် အကောင်းဆုံး ဖောက်ခွဲပစ္စည်း ကာကွယ်ရေး နည်းပညာအချို့ကိုပင် ထိုးဖောက်နိုင်သော လက်နက်များမှစ၍ ဒုံးကျည်များအထိနှင့် အမေရိကန်တပ်များကို နှောင့်ယှက်နိုင်သော အခြားနည်းလမ်း များလည်း ရှိကြောင်း သူက ပြောသည်။
“ပဋိပက္ခတခု ဖြစ်လာရင် တိကျတဲ့ လေကြောင်းလက်နက်တွေ အလုံးအရင်းသုံးပြီး အထူးတပ် နည်းနည်းနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုများများ သုံးကြမှာပဲ” ဟု Mitchell Institute for Aerospace Studies ပါမောက္ခချုပ် အငြိမ်းစား လေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဒေ့ဗ် ဒက်ဗ်တူလာက ပြောသည်။
အီရန်နိုင်ငံ၏ စစ်ရေးရင်းမြစ်များ မည်သည့်နေရာတွင် ရှိကြောင်းနှင့် ထိုရင်းမြစ်မျာကို ထုတ်ပစ်ရန် အင်အားမည်မျှ လိုသည်ကို အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းက ကောင်းစွာ သိကြောင်း အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးချုပ်ဟောင်း တဦးက ပြောသည်။ သို့သော် အရာရာကို သိနေသည်တော့ မဟုတ်ပေ။
“ကျနော်တို့မသိတဲ့ မြေအောက် အဆောက်အအုံတွေ၊ ဒါမှမဟုတ် လိုဏ်ခေါင်းတွေ တနေရာရာမှာ ရှိနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ စစ်ရေးရင်းမြစ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့မှာ ထောက်လှမ်းရေး သတင်း အတော်များများ ရှိပါတယ်” ဟုလည်း သူက ပြောသည်။
အီရန်နိုင်ငံ၏ ရင်းမြစ်များကို ကာကွယ်ရန် မြေအောက် ခံတပ်များနှင့် သိုလှောင်ရုံများရှိကြောင်း အနောက်တိုင်းနှင့် အီရန် သတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပြီး ထိုနေရာများကိုလည်း ပစ်မှတ်ထား နိုင်ဆဲ ဖြစ်ကြောင်းလည်း သူက ပြောသည်။
ဒုံးကျည် ခြိမ်းခြောက်မှုကို ဖျက်ဆီးရန်၊ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ရန်နှင့် နျူကလီးယား လောင်စာထုတ်လုပ်ရေး နေရာများကို ဖောက်ထုတ်ရန် စသည့် ရန်သူနောက်ကျောသို့ ဝင်ရောက် လုပ်ကိုင်ရမည့် လုပ်ငန်းများကို နယ်ပယ်မျိုးစုံမှ အထူးတပ်ဖွဲ့များဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရာတွင် နျူကလီးယား လုပ်ငန်းခွင်ကဲ့သို့သော အန္တရာယ်များသည့် နေရာများကို ပစ်မှတ် ထားခြင်းနှင့် သိမ်းပိုက်ခြင်း၊ အီရန်နိုင်ငံအတွင်း ရှေ့ပြေး လေယာဉ်ကွင်း တည်ထောင်ခြင်းနှင့် မြေပြင်တွင် နက်ရှိုင်းသော ထောက်လှမ်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းတို့ ပါဝင်မည် ဖြစ်သည်။
အီရန်၏ လေကြောင်း ကာကွယ်ရေးစနစ်များသည် ယခင်ရန်သူများထက် ပိုမို ခေတ်မီသောကြောင့် အီရန်အပေါ် မည်သည့် လေကြောင်းထိုးစစ်မဆို ယခင်က အမေရိကန် လေကြောင်း စစ်ဆင်ရေးးများနှင့် အကြီးအကျယ် ကွဲပြား ခြားနားနေမည်ဖြစ်သည်။
အီရန်၏ လေကြောင်း ကာကွယ်ရေးစနစ်များနှင့် ကြိုတင် သတိပေးစနစ်များကို ထိန်းချုပ်နိုင်ရေး အမေရိကန်သည် ၎င်းတို့ကို အင်အားဖြင့် ဖျက်ဆီးခြင်း သို့မဟုတ် အီလက်ထရွန်းနစ် စစ်ရေးနည်းဖြင့် ဟန့်တားရမည် ဖြစ်သည်။ အဆင့်မြင့် လေကြောင်း ကာကွယ်ရေးစနစ်များသို့ ချဉ်းကပ်ရေး လေယာဉ်များသည် ၎င်းတို့၏ ရေဒါအချက်ပြမှုများကို အနိမ့်ဆုံး အဆင့်အထိ လျှော့ချရန်လိုမည် ဖြစ်သည်။
ထိုကြောင့် အီရန်နိုင်ငံကို ဗုံးကြဲ တိုက်ခိုက်ရာတွင် ရုရှားလုပ် S-300 ဒုံးကျည် လေကြောင်း ကာကွယ်ရေး စနစ်များနှင့် ပြည်တွင်းထုတ် Bavar 373 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကို ကျော်လွှားနိုင်မည့် ကိုယ်ရောင်ဖျောက်နိုင်သော လေယာဉ်များ လိုအပ်မည်ဖြစ်သည်။
ကိုယ်ရောင်ဖျောက်နိုင်သော စွမ်းရည်ကြောင့် F-22 နှင့် F-35 လေယာဉ်များကို တိုက်ခိုက်ရန် လိုအပ်သည့် လက်နက် စနစ်ပိုင်းတွင် အီရန်အတွက် စိန်ခေါ်မှု ပိုမိုများပြားသည်ဟု သူက ပြောသည်။ သို့သော် အီရန်နိုင်ငံ၏ ပြင်းထန်သော လေကြောင်း ကာကွယ်ရေးသည် အမေရိကန် လေကြောင်း တိုက်ခိုက်မှုကို ဖြတ်တောက်နိုင်မည် မဟုတ်ပေ။
လေကြောင်း ကာကွယ်ရေးစနစ်များကို ဖြေရှင်းနိုင်ကြောင်း သူက ဆက်ပြောသည်။ တိုက်ခိုက်မှုများသည် လျှင်မြန်ပြင်းထန်ပြီး အဆုံးအဖြတ်ကျသော တိုက်ခိုက်မှုဖြစ်မည် ဖြစ်ပြီး ရက်ပိုင်း၊ ရက်သတ္တပတ်ပိုင်းအတွင်း ပြီးစီးရမည် ဖြစ်ပြီး လနှင့်နှစ်ချီ ကြာရန် မဖြစ်နိုင်ပေ။
လိုအပ်သော လေယာဉ်များကို စစ်မျက်နှာသို့ ယူဆောင်လာခြင်းကို ကောင်းစွာ သိရှိနေမည် ဖြစ်သောကြောင့် သေနင်္ဂဗျူဟာအရ အငိုက်မိခြင်းသည် ယခုခေတ်တွင် မဖြစ်နိုင်တော့ကြောင်း ဒက်တူလာက ပြောသည်။ သို့သော် စစ်ဆင်ရေးနှင့် နည်းပရိယာယ်ပိုင်း အငိုက်မိမှုများမှာမူ ရှိနေဆဲဖြစ်သည်။
အမေရိကန်လေတပ်သည် အီရတ်နှင့် ဆီးရီးယားရှိ IS များကို တိုက်ခိုက်သည့် ပုံစံနှင့် မတူဘဲ ကန္တာရ မုန်တိုင်း စစ်ဆင်ရေးနှင့် အလားတူသော တိုက်ခိုက်မှုမျိုးကို ပိုမို လုပ်ဆောင်ရဖွယ် ရှိနေသည်။
“ကန္တာရမုန်တိုင်း စစ်ဆင်ရေးတုန်းက တနေ့ကို တိုက်ခိုက်ပျံသန်းမှု ၁၂၀၀ လောက်လုပ်ရတယ်” ဟု ဒက်တူလာက ပြောသည်။
၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲ အတွင်းကပင် တနေ့လျှင် တိုက်ခိုက်ပျံသန်းမှု ၈၀၀ ခန့် လုပ်ဆောင်ရသည်။ IS တို့ကို တိုက်ခိုက်စဉ် အတွင်းကမူ စစ်မြေပြင် အခြေအနေအပေါ် မူတည်ပြီး တနေ့လျှင် ၁၀ ကြိမ်မှ အကြိမ် ၅၀ ပျံသန်း တိုက်ခိုက်မှု ပြုလုပ်ရသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
“ဒါက တိုက်ခိုက်မှုတခုတည်း လုပ်တာမဟုတ်ဘူး။ ထိုးစစ်ဆင်တာ” ဟု ဒက်တူလာက ပြောသည်။
ဒုံးကျည်များ
အီရန်နိုင်ငံသည် ဒေသတွင်းတွင် အများပြားဆုံးနှင့် အမျိုးစုံဆုံး ဒုံးကျည်များ ရှိသော နိုင်ငံဖြစ်သည်ဟု Center for Strategic and International Studies Missile Defense Project အရ သိရသည်။ ထို့အပြင် အီရန်သည် ပိုမို အဆင့်မြင့်သော ခရုဇ်ဒုံးကျည်များ၊ တာတိုပစ် ဒုံးကျည်မျိုးစုံနှင့် သင်္ဘောပစ် ဒုံးကျည်များဖြင့် လေကြောင်း ကာကွယ်ရေး စနစ်များလည်း ရှိနေသည်။
ထိုဒုံးကျည်များသည် ကီလိုမီတာ ၃၀၀ မှ ၂၅၀၀ အထိ အကွာအဝေးသို့ရောက်ပြီး အီတလီနိုင်ငံအထိ ပစ်ခတ်နိုင်သည်ဟု CSIS Missile Threat အစီရင်ခံစာအရ သိရသည်။
စစ်လက်နက် ပစ္စည်းကဲ့သို့ပင် အရေးပါသောအချက်မှာ စစ်ဆင်ရေးဆိုင်ရာ အယူအဆ အပိုင်းတွင် အီရန်နိုင်ငံ၏ တီထွင်ဆန်းသစ်နိုင်စွမ်း ရှိသည်။
“ဥပမာကတော့ ပက်ထရီရော့ရေဒါကို ပစ်မှတ်ထားဖို့ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တွေ သုံးတာပဲ။ ဒုံးကျည်ကို ကာကွယ်ဖို့ ထုတ်လုပ်ထားတဲ့ ရေဒါကို ပစ်မှတ်ထားဖို့ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ကို သုံးလိုက်တာပဲ” ဟု CSIS Missile Defense Project မှ ဒါရိုက်တာ တွမ် ကာရာကိုက ပြောသည်။
အီရန်နိုင်ငံသည် အဆင့်မြင့် တိုက်ခိုက်ရေး လေယာဉ်များထက် ဒုံးကျည်စနစ်များအတွက် အချိန်နှင့် ရင်းမြစ်များစွာ အသုံးပြုခဲ့သည်။
“သူတို့က ကီလိုမီတာ ၂၀၀၀ လောက်ပစ်နိုင်တဲ့ Soumar ဒုံးကျည်ကို စမ်းသပ်ပြီးပြီလို့ သတင်းတွေက ဆိုတယ်။ ခရုဇ်ဒုံးကျည်ရှိရင် ဒုံးကျည် ကာကွယ်ရေးစနစ်ကို ကျော်လွှားပြီး နောက်ကနေ တိုက်လို့ရမယ်” ဟုလည်း သူက ဆက်ပြောသည်။
ထိုဒုံးကျည်သည် အီရန်အနေဖြင့် အစ္စရေး၊ ပင်လယ်ကွေ့ အတွင်း မည်သည့်နေရာမဆို၊ အာဖဂန်ရှိ မည်သည့် စခန်းမဆိုနှင့် အီဂျစ်နိုင်ငံ၏ အစိတ်အပိုင်းများကို ပစ်ခတ်နိုင်မည် ဖြစ်သည်။
၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲနှင့် ၂၀၁၁ အာရပ်နွေဦးအပြီးတွင် အီရန်သည် ဒုံးကျည် စွမ်းရည်များကို အုပ်စု အများအပြားသို့ တင်ပို့ခဲ့ပြီး အစ္စလမ်မစ် တော်လှန်ရေးကို စစ်သွေးကြွများထံ တင်ပို့ခြင်းနှင့် ဒုံးကျည် ကာကွယ်ရေး စနစ်သေနင်္ဂဗျူဟာကို ပေါင်းစပ်ခဲ့သည်။
“ဒီကိစ္စတွေက အီရန်ရဲ့ လက်ဝေခံ သေနင်္ဂဗျူဟာကို ပိုမိုခိုင်မာစေတယ်” ဟု FDD မှ အီရန်လုံခြုံရေးနှင့် နိုင်ငံရေး ပြဿနာများကို အထူးပြု လေ့လာသော ဝါရင့်သုတေသီ ဘားနမ် ဘန် တေလ်ဘလူက ပြောသည်။
ပါရှန်းပင်လယ်ကွေ့တွင် ကမ်းရိုးတန်း ကာကွယ်ရေးဒုံးကျည်များသည် ပိုင်နက် နယ်မြေကာကွယ်ရေးကို အထောက်အကူပြုသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့လောက် အဆင့်မြင့်မားခြင်း မရှိသော်လည်း အီရန်ပိုင်နက်ကို မည်သည့် ဆောင်ရွက်မှုမဆို လုပ်ပါက ရန်သူအနေဖြင့် နှစ်ကြိမ် စဉ်းစားရန် လိုအပ်စေသော ရည်ရွယ်ချက်ကို ထိုဒုံးကျည်များက ဖြည့်ဆည်းပေးသည် ဟုလည်း သူက ပြောသည်။
သင်္ဘောဖျက် ဒုံးကျည်များသည် ပါရှန်းပင်လယ်ကွေ့မှ အမေရိကန် စစ်သင်္ဘောများနှင့် ကူးသန်းရောင်းဝယ်ရေး သင်္ဘောများ အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း တေလ်ဘလူက ပြောသည်။ ၂၀၁၆ ခုနှစ်က အမေရိကန်ဖျက်သင်္ဘော မေစင်သည် ယီမင်ကမ်းလွန်တွင် ခရုဇ်ဒုံးကျည်၏ ပစ်မှတ် ဖြစ်ခဲ့ဖူးသည်။
တိုက်ခိုက်မှု သို့မဟုတ် ထိုးစစ်သည် အမေရိကန် သို့မဟုတ် အီရန်ဖက်က တုန့်ပြန်ဆောင်ရွက်မှုသာ ဖြစ်သော်လည်း ရလဒ်မှာ ရည်မှန်းထားသည်နှင့် ကွဲလွဲ နေမည်ဖြစ်သည်။ လက်ရှိ အမေရိကန်အစိုးရသည် အီရန်နိုင်ငံတွင် စနစ်ပြောင်းလဲရေးကို ဗြောင်ကျကျ ထောက်ခံခြင်းမှ မကြာသေးမီက နောက်ဆုတ်လိုက် သော်လည်း စစ်ရေးအရ ဆောင်ရွက်ခြင်းသည်ပင် ရည်မှန်းချက်ကို ပြီးစီးအောင် လုပ်ဆောင်နိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းသည် စနစ်အပြောင်းအလဲကို ဖြစ်စေမည့် အုံကြွမှုများ ဖြစ်စေမည်ဟု တချို့က ယူဆကြသော်လည်း ထိုသူများသည် စိတ်ပျက်ကြရလိမ့်မည် ဖြစ်ကြောင်း ဘော့စတွန် တက္ကသိုလ် ကထိက ဂရီဂေါ်ရီ အက်ဖ်တန်ဒီလျှန်းက မကြာသေးမီက စာတမ်းတစောင်တွင် ဖော်ပြသည်။
“ထိုသို့သော အခြေအနေတွင် နိုင်ငံရေးစိတ်အပြင်းထန်ဆုံး အီရန်များသည် ၎င်းတို့အခေါ်အတိုင်း ကျူးကျော်သူကို ဆန့်ကျင်ရန် အီရန်အစိုးရနှင့် အလံကို ဝန်းရံကြမည် ဖြစ်သည်” ဟု သူက ရေးထားသည်။
ကိုးကား ။ ။ Business Insider
ဆက်စပ်ဖတ်ရှုရန်
၂၀၁၉ ခုနှစ်တွင် တတိယကမ္ဘာစစ် စတင်နိုင်သောနေရာ ၅ ခု
ထိုင်းကြည်းတပ် အမေရိကန် သံချပ်ကာ ကားများ ဝယ်ယူရန် သဘောတူညီမှုရရှိ
အမေရိကန်က အရှေ့တောင်အာရှ ၄နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချပေးမည်
ထိုင်ဝမ်က F-16 များ အဝေးပြေးလမ်းပေါ် စစ်ရေးလေ့ကျင့်
ဉာဏ်ရည်တုသုံး စစ်လက်နက်များ လာနေပြီ