တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တရုတ် အထူး ကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းက နေပြည်တော် မှာ တွေ့ဆုံခဲ့ကြတဲ့ သတင်းကို သတိပြုမိလိုက်ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသနဲ့ မြန်မာ-တရုတ် နယ်စပ်ဒေသမှာ တည်ငြိမ် အေးချမ်းရေးကိစ္စ ပူးပေါင်း ဆောင်ရွက် နေမှု အခြေအနေကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်တယ်။
တရုတ် နိုင်ငံက မြန်မာနိုင်ငံ အမြန်ဆုံး ငြိမ်းချမ်းရေး ရစေလိုတဲ့ ဆန္ဒရှိနေတယ် ဆိုတာကိုလည်း အထူးပြု ပြောဆိုတယ် လို့ သိရတယ်။
၂၀၂၀ မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အပေါ် တရုတ်နိုင်ငံ အနေနဲ့ အားပေး ထောက်ခံ ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့စဉ် ပြောတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံကို ငြမ်းချမ်းစေလိုတဲ့ ဆန္ဒရှိကြောင်း ဖော်ပြပြောဆိုနေတာဟာ အကြောင်းမဲ့တော့ မဟုတ်နိုင်။ Belt and Road Initiative-BRI “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း” ခေတ်သစ် ပိုးလမ်းမလို့ ကမ္ဘာတခွင် ကျော်ကြားနေတဲ့ တရုတ် အစိုးရရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်းကြီးနဲ့ သက်ဆိုင်နိုင်ပါတယ်။
ကမ္ဘာ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်းလမ်း-ရေလမ်း နှစ်မျိုးလုံး အသုံးပြုပြီး ကုန်သွယ်ရေး လမ်းကြောင်းကြီး တခု တရုတ်က ဖော်ဆောင်နေတာ ဖြစ်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဒေသ အထိ ခေတ်သစ် ပိုးလမ်းမက ဖြတ်သန်းမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာကို တရုတ်က သူ့အကျိုးစီးပွားကို ပဓာန ပြုပြီး ငြိမ်းချမ်းစေလိုတာပါ။
ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း (BRI) အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးဆောင် ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပခဲ့ပါတယ်။
ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့တယ်။ အစည်းအဝေးကို ဦးဆောင်ကော်မတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ကော်မတီ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်။ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး ဝန်ကြီးချုပ်များနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်။
အဲဒီ ဧည့်ပရိသတ် အခင်းအကျင်းကို ကြည့်ရင် BRI စီမံကိန်း ဖြန့်ကျက်ထားတဲ့ နယ်ပယ်အတွင်း မြန်မာနိုင်ငံဟာ မလွှဲသာ မရှောင်သာ ပါဝင်ရဖို့ သေချာနေတယ်လို့ ခန့်မှန်းမိပါတယ်။
BRI စီမံကိန်း ဖော်ဆောင်ရေး ဦးဆောင်ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ် နိုင်ငံ ဦးဆောင် အကောင်အထည်ဖော်မယ့် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းမှာ ကမ္ဘာ့နိုင်ငံ ၆၀ ကျော် ပါဝင် ပတ်သက်နေ ကြောင်း၊ အခြေခံ အဆောက်အအုံ ဆက်သွယ်ရေးသာမက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မယ့် ကျယ်ပြန့်တဲ့ အစီအစဉ် တခု ဖြစ်ကြောင်း ရှင်းပြခဲ့တယ်။
ပထဝီ အနေအထားအရ မြန်မာနိုင်ငံဟာ BRI စီမံကိန်းမှာ မဟာဗျူဟာကျတဲ့ နေရာမှာ တည်ရှိနေတာကြောင့် ပါဝင် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုတယ်။ ပူးပေါင်း ဆောင်ရွက်မှုဟာ မြန်မာ အတွက်သာမက ဒေသ အတွက်လည်း အကျိုးဖြစ်ထွန်းစေမယ့် အခွင့်အလမ်းတွေ ပေါ်ပေါက် လာစေနိုင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုပါတယ်။
ဒါပေမယ့် စီမံကိန်း ဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွား မျှမျှတတဖြစ်ရေးအတွက် မဟာဗျူဟာနဲ့ နည်းဗျူဟာ များ ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်တယ်လို့လည်း ဆိုတယ်။
BRI အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်” နဲ့ အညီ ဆောင်ရွက် သွားဖို့လည်း လိုတယ်လို့ ပြောကြားပါတယ်။ စီမံကိန်းများ ဆောင်ရွက်ရာမှာ ပြည်သူများအတွက် ရေတို အကျိုး ဖြစ်ထွန်းရေးသာမက ရေရှည်အကျိုးကိုပါ ရှုထောင့် အမျိုးမျိုးက လေ့လာစိစစ် ဆောင်ရွက်သွားဖို့ လိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း အောက်မှာ ဆောင်ရွက်ရမယ့် စီမံကိန်းတွေဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသား စီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျော ညီထွေမှုရှိဖို့လည်း လိုအပ်ကြောင်း ထည့်သွင်း ပြောကြား သွား ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သမိုင်းနောက်ခံ ဖြစ်စဉ်တခုကို ပြန်ကြည့်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင် တို့ ၂၀၁၇ ဒီဇင်ဘာလ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ဖူးတယ်။
အဲဒီတုံးက တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ(China-Myanmar Economic Corridor) ထူထောင်ရေး ကိစ္စကို ဆွေးနွေး ခဲ့ကြပြီး ရထားလမ်းနဲ့ ကားလမ်းများ ဖောက်လုပ်ရေး စီမံကိန်းကိစ္စတွေလည်း ပါဝင်ကြောင်း Nikkei သတင်း က ဖော်ပြ ခဲ့ဖူးတယ်။ အဲဒီ စီမံကိန်းတွေကို အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ ကြွေးမြီ နွံအိုင် ထဲ မှာ ရုန်းမထွက်သာ ဖြစ်သွားနိုင်ကြောင်း Nikkei Asian Review သတင်းဌာနက ဝေဖန် သုံးသပ်ခဲ့ဖူးပါတယ်။
၂၀၁၈ ဇူလိုင် ၇ ရက်နေ့ မဇ္ဈိမသတင်းမှာလည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် မြန်မာနဲ့ တရုတ်က သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးခဲ့တယ်လို့ သတင်းဖော်ပြခဲ့ဖူးပါတယ်။ အလားအလာ ကောင်းပြီး သဘော တူညီချက် ရရှိပြီးဖြစ်တာကြောင့် မကြာမီ လုပ်ငန်းများ စတင်သွားဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောကြောင်း သတင်းအရ သိရတယ်။
“ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်းဖြစ်ပြီးတော့ အရင် အစိုးရများ ကတည်းက ဆုံးဖြတ်ချက်က ရှိပါတယ်။ အခု ကျောက်ဖြူ စီမံကိန်းကို ပြန်လည် သုံးသပ်တာမဟုတ်ပါဘူး။ ညှိနှိုင်းတာဖြစ်ပါတယ်။ သဘောတူ ညှိနှိုင်းမှုတွေက အတော်လေး အလားအလာကောင်းပါတယ်။ မကြာခင်မှာလည်း ကျနော်တို့ သဘော တူညီချက် ရပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်”လို့ ဒေါက်တာ သန်းမြင့် ကပြောကြားခဲ့တယ်။
အဲဒီသတင်းအရ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းကို လုပ်ဆောင်ရာမှာ မြန်မာနဲ့ တရုတ်တို့ နှစ်ဦးနှစ်ဖက် အပြန် အလှန် အကျိုးမျှတမှုရှိရေး ရှုထောင့်က ချဉ်းကပ်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ဖို့ ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆောင်ရွက်ရာမှာ ရင်းနှီးမြှုပ်နှံမှု ကြီးမားမှု၊ စီမံခန့်ခွဲရေး စည်းမျဉ်းများ စသည် တို့ကိုလည်း စဉ်းစားကြောင်း၊ စဉ်းစားရာမှာ ကျောက်ဖြူ ဆိပ်ကမ်းကို တချီတည်းနဲ့ လုံးဝဥသုံ အပြီး တည်ဆောက် မယ့် သဘော မဟုတ်ဘဲ၊ အပိုင်းလိုက်၊ အပိုင်းလိုက် တည်ဆောက်သွားဖို့ နှစ်ဦးနှစ်ဖက် သဘောတူ ထားကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က ဆိုပါတယ်။
ကျောက်ဖြူ စီမံကိန်းမှာ ပြည်တွင်းက တိုင်းရင်သား လုပ်ငန်းရှင်များ ပါဝင်မှု၊ အစိုးရ စီမံခန့်ခွဲနိုင်မှုနဲ့ တရုတ်နိုင်ငံရဲ့ ပူးပေါင်း ဆောင်ရွက်မှုများကနေ တဆင့်ပြီးတဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုတယ်။
တရုတ် BRI အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုမှာ တရုတ်ပြည် ယူနန်ပြည်နယ်ကနေ ဘင်္ဂလား ပင်လယ်အော်အထိ ရထား လမ်း ကွန်ရက်ဖြန့်ကျက် ဆက်သွယ်ရေး အစီအစဉ်လည်း ပါတယ်လို့ သတင်းတွေအရ သတိပြုမိခဲ့တယ်။ အဲဒီ အစီအစဉ် အရ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ (Bengladesh-China-India-Myanmar:BCIM) ကွန်ရက်ဖြန့်ကျက် မှာ ဖြစ်တယ်။
အဲဒီ ကွန်ရက် အောင်မြင်ခဲ့ရင် တရုတ်တို့အနေနဲ့ ပစိဖိတ်နဲ့ အိန္ဒိယ သမုဒ္ဒရာကို ရှောင်ကွင်းသွားနိုင်မယ့် ဖြတ်လမ်း ကောင်းကို ပိုင်ဆိုင်သွားမှာ ဖြစပါ်တယ်။ မြန်မာနိုင်ငံအတွက်တော့ အကျိုးထက် အပြစ်က ပိုနေဖွယ်ရာ ရှိပါတယ်။ လက်ရှိ စီးပွားရေး အခင်းအကျင်းအရ တရုတ်ဘက်ကို မြန်မာက ထုတ်ကုန် ကုန်ချော မတင်ပို့နိုင်ပါဘူး။ သယံဇာတ ကုန်ကြမ်းတွေပဲ တရားဝင်ရော တရားမဝင်ပါ တင်ပို့နေရတဲ့ အတွက် အရှုံးပြနေပါတယ်။
“တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ”ဆိုတဲ့ သုတေသန စာတမ်းမှာ စာတမ်းရှင် ခင်ခင်ကျော်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရာမှာ ဘေဂျင်းအစိုးရ မကျေမနပ် ဖြစ်စေမယ့် အပြုအမူမျိုးကို သတိထား ရှောင်ရှားလေ့ရှိကြောင်း သုံးသပ်ထားတာ တွေ့ရတယ်။ လက်ရှိ NLD အစိုးရ ရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒနဲ့ပတ်သက်လို့ အခြေအနေအရပ်ရပ်ကြောင့် အလျှော့ပေး ဆက်ဆံနေသလားလို့ မေးခွန်း ထုတ်စရာများ ရှိနေပါတယ်။
အထူးသဖြင့် အနောက်နိုင်ငံများက ရခိုင်ပြဿနာကြောင့် စီပွားရေး ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ နောက်တွန့်နေကြချိန်မှာ တရုတ် ရင်းနှီမြှုပ်နှံမှုတွေကို မြန်မာက ဈေးမကိုင်ရဲဘဲ ဖိတ်ခေါ်နေရပုံ ရတယ်။
၂၀၁၆ သြဂုတ်လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ် အတွင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ မြန်မာက တရုတ် တနိုင်ငံတည်း မူဝါဒကို လက်ခံခဲ့တယ်။ ထိုင်ဝမ် အရေး၊ တိဘက် အရေးနဲ့ ရှင်းကျန်း အရေးတို့နဲ့ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို နားလည် ထောက်ခံကြောင်း ဖော်ပြခဲ့တယ်လို့ ဆိုတယ်။
တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း One Belt One Road နဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္က ံကိုလည်း ထောက်ခံခဲ့တယ်လို့ ဆိုထားတယ်။ ဒါကြောင့် တရုတ် အကျိုးစီးပွားဆိုင်ရာ ကိစ္စများကို မြန်မာက သတိကြီးစွာထားပြီး ကိုင်တွယ်နေကြောင်း ပေါ်လွင်နေတယ်လို့ စာတမ်းရှင်က သုံးသပ်ထားတာ တွေ့ရတယ်။
တရုတ်နိုင်ငံက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗီတိုအာဏာ ပိုင်ဆိုင်တဲ့ နိုင်ငံကြီး ဖြစ်တယ်။ စီးပွားရေးအရ မဟာအင်အားကြီး နိုင်ငံဖြစ်လာရေး အတွက် ခေတ်သစ် ပိုးလမ်းမ စီမံကိန်း (BRI) ကို တွန်းတွန်းတိုက်တိုက် အကောင် အထည် ဖော်နေတာဖြစ်ပါတယ်။
လာမယ့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံအနေနဲ့ BRI ဘောင်အတွင်း ဆောင်ရွက်မယ့် စီမံကိန်းတွေဟာ မိမိတို့ နိုင်ငံရဲ့ အမျိုးသားစီမံကိန်းများ၊ မူဝါဒများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနဲ့ လိုက်လျောညီထွေမှု ရှိဖို့ လိုအပ်ပါတယ်။ တရုတ် နဲ့ စီးပွားရေးစာချုပ်များ ချုပ်ဆိုရာမှာ အထူးသတိထားဖို့ လိုမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုအတွင်း မြန်မာ့ သယံဇာတ အတော်များများကို တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ နှိုက်ယူခဲ့လို့ အတော် နစ်နာ ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်။ သစ်တောတွေ ပြန်လည် စိမ်းလန်းလာစေဖို့ လက်ရှိ အစိုးရက အခုမှ ပြန်လည် ပျိုးထောင်မှု လုပ်နေရတယ်။ အခြား ကျောက်စိမ်းဒေသ၊ ကြေးနီတောင် ဒေသ၊ ပယင်းနဲ့ ရွှေထွက်ရာဒေသ၊ မြစ်ကြောင်းများတလျှောက် ရေအားလျှပ်စစ် ထုတ်ယူနိုင်မယ့် နေရာဒေသများ၊ နီကယ် ထုတ်ယူရာဒေသနဲ့ မြန်မာနိုင်ငံ အထက်ပိုင်း စိုက်ပျိုးမြေများ ငှားရန်းထားရာ ဒေသများ အစရှိသဖြင့် တရုတ်တို့ စီးပွားရေးချဲ့ထွင် လုပ်ကိုင်နေမှု အစုစု ဟာ ဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့ အညီမဟုတ်ကြောင်း သတင်းတွေမှာ မကြာမကြာ တွေ့မြင် နေရတယ်။
MOU ရေးထိုး လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီ လုပ်ငန်းတွေကို သေချာစိစစ်မယ်ဆိုရင် တရားမဝင် တရုတ်နိုင်ငံသား တွေကို ခေါ်သွင်းလာနေမှုတွေ ရှိကြောင်း မြင်တွေ့ရမှာပါ။
မြန်မာနိုင်ငံရဲ့ တရား ဥပဒေစိုးမိုးမှု အားနည်းချက်နဲ့ အဂတိလိုက်စားမှု မထိန်းချုပ်နိုင်တဲ့အတွက် အဲဒီ အားနည်းချက် တွေကို အခွင့်ကောင်းယူပြီး တရုတ် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာ့စီးပွားရေး လုပ်ကွက်များကို ဝင်ရောက် ထိန်းချုပ် လာနေတာ ဖြစ်တယ်။ မြန်မာ အုပ်ချုပ်ရေး တာဝန်ရှိသူများနဲ့ ဥပဒေစိုးမိုးရေး တာဝန်ရှိသူများအနေနဲ့ လာဘ်ပေး လာဘ်ယူ အကျင့်ဟောင်းကို မစွန့်လွှတ်နိုင်ကြရင် ရေရှည်မှာ အချုပ်အခြာ အာဏာကို ထိပါးနိုင်ပါတယ်။
၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ပေါ်ထွက်ခဲ့တဲ့ သတင်းတွေအရ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရကြား ပူးတွဲ စီမံကိန်း ဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ ရှယ်ယာ ပိုင်ဆိုင်မှု ၈၅ ရာနှုန်း အထိရရှိဖို့ တရုတ် အစိုးရက ကြိုးပမ်း ခဲ့တယ်လို့ ဆိုတယ်။ ဒေါ်လာ သန်း ၇,၃၀၀ တန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းရဲ့ ရာခိုင်နှုန်း အများစုကို ပိုင်ဆိုင်ခွင့်ရရှိဖို့ တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းများ တွေ့ ရှိထားတယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။
မြန်မာ အစိုးရက ၂၀၁၆ ခုနှစ် ကတည်းက အကြံပြုထားတဲ့ ညီတူညီမျှ ၅၀-၅ဝ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ရေး အကြံပြုချက် ကို တရုတ်ကုမ္ပဏီဘက်က လက်မခံခဲ့ဘူးလို့ ဆိုတယ်။ CITIC ကုမ္ပဏီက ၇ဝ မှ ၈၅ ရာနှုန်း အထိ ပိုင်ဆိုင်ခွင့် ပေးဖို့ တောင်းဆိုခဲ့ကြောင်း ၂၀၁၇ မေလ ၅ ရက်နေ့ ဘီဘီစီ သတင်းမှာလည်း ဖော်ပြဖူးပါတယ်။
ကျောက်ဖြူကနေ တရုတ်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းတလျှောက် မိုးရာသီမှာ လယ်ကွင်း များ အတွင်း တောင်ကျရွှံ့ရေများ ဝင်ရောက်တဲ့အတွက် လယ်မြေပျက်စီး ဆုံးရှုံးမှုတွေ ကြုံတွေ့နေရ ကြောင်း ဒေသခံ တောင်သူများက ပြောဖူးတယ်။ သူတို့ လယ်မြေများအတွက် လျော်ကြေးငွေ အပြတ်ပေးဖို့ စိုက်ပျိုးရေး ဦးစီးဌာန နဲ့ မြေစာရင်း ဦးစီးဌာန တာဝန်ရှိသူများက တောင်သူများထံ လာရောက်ညှိနှိုင်းခဲ့စဉ် တောင်သူများက ၅ နှစ်စာ လျော်ကြေး ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
မြန်မာ-တရုတ် ရေနံစိမ်း ပိုက်လိုင်းဟာ မဒေးကျွန်းက စတင်ပြီး ဓာတ်ငွေ့ ပိုက်လိုင်းက ကျောက်ဖြူကနေ စတင် တည်ဆောက် ထားတယ်။ ပိုက်လိုင်း ၂ သွယ်ဟာ ရခိုင်ကနေ ရှမ်းပြည်နယ်၊ မကွေးတိုင်း နဲ့ မန္တလေးတိုင်း ဒေသကြီး တို့ကို ဖြတ်သန်း ဖောက်လုပ်ထားတာပါ။
ရေနံစိမ်းပိုက်လိုင်းက ၇၇၁ ကီလိုမီတာ ရှည်လျားတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ၇၉၃ ကီလိုမီတာ ရှည်လျား တယ်။ အဲဒီ စီမံကိန်းကို မြန်မာ အစိုးရ၊ တရုတ်၊ အိန္ဒိယနဲ့ ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီ ၆ ခုက ရင်းနှီးမြှုပ်နှံထား ကြောင်း သတင်းများအရ သိရပါတယ်။
ရွှေ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီး ခြင်းများ ကြုံတွေ့ရပေမယ့် ပိုက်လိုင်းက ရရှိတဲ့ အကျိုးအမြတ်များကို ဒေသခံများ ခံစားရခြင်း မရှိကြောင်း “ရွှေ သဘာဝ ဓာတ်ငွေ့လှုပ်ရှားသူများ အဖွဲ့” (The Shwe Gas Movement) က အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးတယ်။
မြန်မာအနေနဲ့ ခေတ်သစ် ပိုးလမ်းမစီမံကိန်းကို မလွှဲ မရှောင်သာ လက်ခံရမယ် ဆိုရင် တရုတ်ရဲ့ ဘဏ္ဍာငွေကြေး စိုက် ထုတ်မှု အပေါ် မှီခိုရမှာ ဖြစ်တယ်။ တရုတ်ကို မှီခိုရပြီဆိုရင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာမှာ သေချာ နေပါတယ်။
ဒါကြောင့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသတွင်း နိုင်ငံများရဲ့ အတွေ့အကြုံများကို ဦးစွာ လေ့လာ သင့်တယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းစေမယ့် စီမံကိန်းများ၊ လုပ်ငန်းစဉ်များ ကို မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ရေး ဂရုစိုက်ဖို့ လိုပါတယ်။
BRI အစီအစဉ် ကို ကြီးကြပ်ကွပ်ကဲရေး၊ အကောင်အထည်ဖော်ရေး တို့အတွက် ဖွဲ့စည်းမယ့် ကော်မတီ အသီးသီးဟာ လုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ အချိတ်အဆက်မိမိ ညှိနှိုင်း ဆောင်ရွက်ဖို့ လိုမှာ ဖြစ်ပါတယ်။
အထူးသဖြင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့များကြား ထိရောက်စွာ ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးပါတယ်။
တရုတ် ပိုးလမ်းမ စီမံကိန်း (BRI) မြန်မာပိုင်နက် အတွင်း တရားဝင် မဖြတ်သန်းမီ အစိုးရ၊ လွှတ်တော်အရပ်ရပ်၊ အရပ် ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာ သတင်း မီဒီယာများနဲ့ တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး နိုင်ငံရေးသတိ စီးပွားရေးသတိ အထူးရှိကြရပါလိမ့်မယ်။
တရုတ်ကုမ္ပဏီများဘက်က ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနဲ့တကွ ကျင့်ဝတ်တွေ လိုက်နာစေရေး ဝိုင်းဝန်း ထိန်းကျောင်း ဖို့ လိုမှာဖြစ်ပါတယ်။
BRI စီမံကိန်းများကို MOU ရေးထိုးတော့မယ်ဆိုရင် ပြည်သူအများအား မြင်သာထင်သာ အသိပေးဖို့လိုမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ BRI စီမံကိန်းဆိုင်ရာ MOU စာချုပ်များ လက်မှတ် မထိုးမီ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်နယ် နဲ့ တိုင်း အစိုးရ အသီးသီးတို့ကလည်း စေ့စေ့စပ်စပ် အကျိုးအပြစ်များကို ဆန်းစစ်လေ့လာ သုံးသပ်ဖို့ လိုပါတယ်။
သတင်း မီဒီယာများကိုလည်း လွတ်လပ်စွာ သတင်းယူခွင့် တွေ့ဆုံမေးမြန်းခွင့် ပေးဖို့ လိုပါတယ်။
နိုင်ငံရေး၊ စီးပွားရေး သြဇာ ချဲ့ထွင်လာနိုင်တဲ့ တရုတ်ရဲ့ စီးပွားရေး စီမံကိန်းတွေ အောက်မှာ အစိုးရက အကျင့်ပျက် ခြစားမှု ပြဿနာကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်မှသာ မြန်မာ့ အချုပ်အခြာအာဏာ တည်တန့်မှာ ဖြစ်ကြောင်း ပြေားကြားလိုပါတယ်။ ။
စာရေးသူ ဇင်လင်းသည် သတင်းစာဆရာ တဦးဖြစ်ပြီး နိုင်ငံရေး စာပေများကို အစဉ်တစိုက် ရေးသားလျက် ရှိသော ရန်ကုန် အခြေစိုက် စာရေးဆရာ တဦးလည်း ဖြစ်ပါသည်။
You May Also Like This Story:
BRI စီမံကိန်းများတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်သံအမတ်သစ်ပြော
ရောက်လာတော့မယ့် တရုတ်ပိုးလမ်းမကို မျှော်ကြည့်ခြင်း
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မတိုင်မီ BRI ဆိုင်ရာ စိုးရိမ်မှု မြင့်မားနေ
ယွမ် ၁ ဘီလီယံ တရုတ်အကူအညီ မြန်မာ့ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် ဖြစ်