ဆောင်းပါး

NSCN-K နာဂ အဖွဲ့ ဘယ်လမ်း ရွေးမလဲ

Want create site? Find Free WordPress Themes and plugins.

နာဂနိုင်ငံတော် ထူထောင်ရေး လှုပ်ရှားနေသော နာဂ လက်နက်ကိုင်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံတွင် တည်ရှိနေသည်။

ထိုအဖွဲ့သည် မြန်မာနိုင်ငံအစိုးရကို တိုက်ခိုက်ကာ နာဂနိုင်ငံထူထောင်ရေး ကြိုးပမ်းခြင်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံ အစိုးရ အား တိုက်ခိုက်၍ ကြိုးပမ်းနေသည့် နာဂ လက်နက်ကိုင် အဖွဲ့ဟု ဆိုသည်။

ထို နာဂ လက်နက်ကိုင်သည် မြန်မာပိုင်နက် စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း မြို့နယ် တကား ကျေးရွာတွင် ဗဟိုဌာနချုပ်ထား၍ လှုပ်ရှားနေခြင်းကြောင့် သူတို့ပန်းတိုင်ကို အကောင်အထည် ဖော်ရာ၌ မြန်မာ အစိုးရနှင့် ပြဿနာမတက်ရန် အထူးဂရုစိုက် လှုပ်ရှားနေကြကြောင်းလည်း သိရသည်။

မြန်မာ အစိုးရဆိုရာတွင် အထူးသဖြင့် တပ်မတော်နှင့် ပြဿနာမဖြစ်ရန် ပို၍ အထူးဂရုစိုက် လှုပ်ရှားလျက် ရှိသည်ဟု ဆိုသည်။ သို့သော် သူတို့ ထူထောင်လိုသော နာဂနိုင်ငံမှာ မြန်မာနိုင်ငံအတွင်းရှိ နယ်နိမိတ် တချို့နှင့် နာဂ တိုင်းရင်းသား များကိုလည်း ထည့်သွင်းသွားရန် စဉ်းစားမှုများကလည်း ရှိနေပြန်သည်။

အဓိကအနေဖြင့်မူ အိန္ဒိယနိုင်ငံရှိ နာဂများနှင့် မြန်မာနိုင်ငံရှိ နာဂများကို တစုတစည်း ထားဖြစ်ရန် ကြိုးပမ်း၍ အိန္ဒိယ နိုင်ငံ အတွင်းက နာဂလန်းပြည်နယ် အပါအဝင် ဒေသတချို့နှင့် မြန်မာနိုင်ငံအတွင်းမှ နာဂဒေသများကို စုစည်းကာ နာဂ နိုင်ငံ ထူထောင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

ထို မျှော်မှန်းချက်ကို ၁၉၂၉ ခုနှစ်မှာ နာဂနိုင်ငံရေး လှုပ်ရှားသူများက Naga Club ဆိုသော အဖွဲ့ကို ဖွဲ့စည်း၍ ဆောင် ရွက် ခဲ့ပြီး ၁၉၄၆ ခုနှစ်အရောက်မှာ နာဂ အမျိုးသားများရေးရာ ကောင်စီ (NNC)ဟု ပြောင်းလဲကာ လှုပ်ရှား ခဲ့ကြ သည်။ သို့သော် ၁၉၇၅ ခုနှစ်တွင် အိန္ဒိယအစိုးရနှင့် NNC ခေါင်းဆောင်များ ငြိမ်းချမ်းရေး ယူလိုက်ကြသည်။

သဘောမတူသော နာဂတချို့က NNC ကနေ နုတ်ထွက်ကာ ၁၉၈၀ ပြည့်နှစ်မှာ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN)ကို ဖွဲ့စည်း၍ ဆက်လက် ဆောင်ရွက်ခဲ့ကြရာ ၁၉၈၈ ခုနှစ်တွင် ခေါင်းဆောင်များကြား သဘောထား ကွဲလွဲခဲ့ ကြ ပြန်ပြီး ဦးကပ္ပလန် ခေါင်းဆောင်သော NSCN-K နှင့် အိုက်ဇက်ချီရှှီဆူ- မွီးဗာ ခေါင်းဆောင်သော NSCN-IM ဆိုပြီး ၂ ဖွဲ့ကွဲသွားခဲ့သည်။

အဆိုပါ ၂ ဖွဲ့အနက် NSCN-K သည် မြန်မာပိုင်နက် နန်းယွန်း မြို့နယ် တကား ကျေးရွာတွင် ဗဟိုဌာနချုပ် ထား၍ အခြေစိုက် လှုပ်ရှားလျက်ရှိသော အဖွဲ့ ဖြစ်ပြီး အိန္ဒိယနိုင်ငံ အတွင်းမှာလည်း တချို့လှုပ်ရှားနေသည်။

NSCN-IM ကတော့ အိန္ဒိယ ပိုင်နက်၊ နာဂလန်း ပြည်နယ်အတွင်းမှာ ဗဟိုဌာနချုပ် ထား၍ အခြေစိုက် လှုပ်ရှားလျက် ရှိကြသည်။

ဤကဲ့သို့ ကွဲပြားခြားနား သွားကြသော အခြေအနေမှာပဲ နာဂနိုင်ငံ ထူထောင်ရေး ကြွေးကြော်မှုသည် တဖြည်းဖြည်း နှင့် အရှိန် လျော့ကြလာပြီး အိန္ဒိယ နိုင်ငံဘက်တွင် အခြေစိုက်သည့် NSCN-IM က ၁၉၉၇ ခုနှစ်မှာ အိန္ဒိယ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး၍ ငြိမ်းချမ်းရေး ရယူကာ ၂၀၁၅ ခုနှစ်တွင်  နိုင်ငံရေးမူဘောင် တခုကို အတူတကွ ရေးဆွဲခဲ့ကြသည်။

တဖက်ရှိ NSCN-K ကမူ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်တွင် မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ် အခတ် ရပ်စဲရေး (Bilateral) ကို ရေးထိုးခဲ့ပြီး မြန်မာအစိုးရ ဦးစီး ဖော်ဆောင်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်လျက် ရှိနေသည်။

သို့သော် NSCN-K သည် နာဂနိုင်ငံ ထူထောင်ရေးဆိုသော အိပ်မက်ကို ဆက်လက် ရှင်သန်နေစေပြီး မျှော်မှန်းချက် ပြည့်ဝရေးအတွက် အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင် ၉ ဖွဲ့ပါဝင်သည့် United National Liberation Front of Western South East Asia (UNLFW-SEA)ဆိုသော မဟာမိတ် အဖွဲ့ကို ဖွဲ့စည်း၍ တဖက်တွင် အကောင်အထည် ဖော်လျက်ရှိသည်။

ထိုမဟာမိတ် အဖွဲ့တွင် NSCN-K ၊ အာသံ(အာဆုန်လ်)ပြည် လွတ်မြောက်ရေး တပ်ဦး (ULFA)၊ ဘိုဒို အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDFB-S)၊ ကမ်တာဘူ လွတ်မြောက်ရေး အဖွဲ့ချုပ် (KLO)၊ People’S Revolutionary Party of Kangleipak(PREPAK)၊ United National Liberation Front (UNLF)၊ Kanglei Yawol Kunna Lup (KYKL) တို့အပြင် တခြားအဖွဲ့ ၂ ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

မဟာမိတ်အဖွဲ့၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံမှ နာဂဒေသ အပါအဝင် မနုဿဗေဒအရ အရှေ့တောင်အာရှ ရုပ် ပေါက် သည့် လူမျိုးများနေထိုင်ရာ အိန္ဒိယအရှေ့မြောက် ပြည်နယ်များ အားလုံး(၇ ပြည်နယ်) အိန္ဒိယ နိုင်ငံနှင့် မပေါင်း စည်းဘဲ သီးခြား ကွန်ဖက်ဒရေးရှင်း ပြည်ထောင်စုတခု တည်ထောင်ရန် ဖြစ်သည်ဟု ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက် တွင် Banner Tort Reign ဆိုသူက နာဂတို့၏ လာရာနှင့်လားရာ ဆိုသော ခေါင်းစဉ်ဖြင့် ဧရာဝတီ သတင်းဌာန၌ ရေးသားထားသော ဆောင်းပါးတွင် ဖော်ပြထားသည်။

အိန္ဒိယ အစိုးရသည် UNLFW-SEA တွင် ပါဝင်သော လက်နက်ကိုင်အဖွဲ့များကို မတရားအသင်းအဖြစ် ကြေညာ ထားပြီး မြန်မာအစိုးရကို အခြေစိုက်ခွင့် မပေးရန်၊ ပူးပေါင်း၍ စစ်ဆင်ရေးလုပ်ကာ ဖယ်ရှား ရှင်းလင်းရန်နှင့် တိုက်ထုတ် ပေးရန် စသဖြင့် အစဉ်အမြဲ တောင်းဆိုလျက် ရှိသည်။

အဆိုပါ တောင်းဆိုမှုများကို ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က တပ်မတော်ဘက်မှ သဘောတူညီမှု မရှိခဲ့သော် လည်း ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာတော့ ယခင် ရပ်တည်ချက်များ ပြောင်းလဲ လာခဲ့ပြီး ပူးပေါင်း စစ်ဆင်ရေးများ ပြုလုပ်ရန် နှစ်ဖက် သဘောတူညီမှုများ လုပ်ခဲ့သည်ဟု ယုံကြည်ရသော သတင်း ရင်းမြစ်များက ဆိုသည်။

တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီး(ငြိမ်း) တဦးကလည်း နှစ်နိုင်ငံ ပူးပေါင်း စစ်ဆင်ရေးလုပ်ရန် တပ်မတော် နှစ်ရပ် သဘော တူညီထားသည်မှာ မှန်ကန်ကြောင်း ဆိုသည်။

မြန်မာ့နိုင်ငံရေး အကဲခတ်များကတော့ အိန္ဒိယသူပုန်များနှင့် အိန္ဒိယက မကြိုက်သော NSCN-K နာဂ လက်နက်ကိုင် အဖွဲ့ကို တပ်မတော်က တိုက်ခိုက်လာခြင်းက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ရက္ခိုင့်စစ်တပ် (AA)နှင့် တပ်မတော် ကြား ဖြစ်ပွားနေသော တိုက်ပွဲများ၌ အိန္ဒိယ၏ အကူအညီ လိုအပ်လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

လက်ရှိတွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှ NSCN-K ၏ တကားရှိ ဌာနချုပ်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာသံနှင့် ကသည်းသူပုန်များ ခိုအောင်းနေသည်ဟု သတင်းအရ ဝင်ရောက်၍ နယ်မြေ ရှင်းလင်းရေး လုပ်ကာ ထိန်းချုပ်ထားသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။

NSCN-K ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်းက နေပြည်တော် MICC-2 တွင် အလွတ်သဘော တွေ့ဆုံ၍ ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးစဉ် / Peace Commission Facebook

ထို့နောက် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော မဏိပူရ ပြည်သူ့တပ် (MPA)၊ ညီညွတ်သော အမျိုးသား လွတ်မြောက် ရေး တပ်ဦး (UNLF)၊ People’s Liberate Army (PLA) အဖွဲ့များ ပါဝင်သည့် မဟာမိတ် အဖွဲ့ဝင် ၂၄ ဦးကို ဖမ်းဆီးခဲ့ ပြီး မေလ ၁၅ ရက်မှာပဲ ခန္တီးခရိုင် တရားရုံးက မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ထောင် ၂ နှစ်စီ ချမှတ် လိုက်သည်။

အလားတူ မတ် ၉ ရက်မှာ NSCN-K မှ ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သော  သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာ ဝန်ကြီး ဦးအန့်ကန်၊ ပြည်ထဲရေး ဝန်ကြီး ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်း နှင့် ဦးစောထိန် တို့အား မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် အမှုဖွင့်၍ ဖမ်းဆီးထားပြီး တရား ရင်ဆိုင်နေကြရသည်။

တခြားသော တာဝန်ရှိ အဆင့်မြင့် ခေါင်းဆောင် ၅ ဦးဖြစ်သော ဦးငိုင့်တွမ်း၊ ဦးမန်လွှမ်း၊ ဦးလောင်စ၊ ဦးထွမ့်၊ ဦးတွန်ထောင်း တို့ကိုမူ ဧပြီလ ၅ ရက်က အပြစ်မရှိသည့်အတွက်ဟု ဆိုပြီး ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် မေလ ၁၇ ရက်တွင် NSCN-K မှ ဗိုလ်မှူး ကျားရမ်၊ ဒုဗိုလ် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်လက်၊ တပ်ကြပ်ကြီး ထွန်းမြင့်၊ တပ်ကြပ်ကြီး ဆိုင်ဝမ် တို့ကို ပုဒ်မ ၁၇(၁)ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

အဆိုပါ အခြေအနေများကို NSCN-K အနေဖြင့် မည်ကဲ့သို့ဖြေရှင်း ဆောင်ရွက်မလဲဆိုသည်ကို အားလုံးက စောင့်ကြည့် နေကြသည်။ တပ်မတော်နှင့် အစိုးရပိုင်းကတော့ NSCN-K အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ်(NCA)ကို လက်မှတ်ထိုးပါက ယခု ဖြစ်ပွားနေသော ပြဿနာများကို ပြေလည် သွား မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

တပ်မတော် ဒု ဗိုလ်ချုပ်ကြီး (ငြိမ်း)တဦးက“ကျနော်တို့လည်း စောင့်ကြည့်နေပါတယ်။ သူတို့ အရင်က ပြောတာက သူတို့ ခေါင်းဆောင် ကပ္ပလန်သေရင် သူတို့ NCA ထိုးမယ်လို့ ပြောတယ်။ အခု ကပ္ပလန်လည်း သေသွားပြီ။ ဘာလုပ် မလဲ ကြည့်နေတာ။ ကသည်းတွေကို လက်ခံထားခဲ့လို့ အခြေအနေက နည်းနည်း ရှုပ်သွားတာ။ တကယ်ထိုးမယ် ဆိုရင် ဖမ်းထားတဲ့ သူတွေကိစ္စ ညှိလို့ရနိုင်ပါတယ်”ဟု ပြောသည်။

ဦးကပ္ပလန်သည် NSCN-K မှ ဥက္ကဌဖြစ်ပြီး နာဂ နိုင်ငံ ထူထောင်ရေး အိပ်မက်ကို ယုံယုံကြည်ကြည်ဖြင့် ဆုပ်ကိုင် ထား သူ ဖြစ်သည်။ သို့သော် ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ထို့နောက် ဒုခေါင်းဆောင်ဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K က ယာယီ ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခဲ့သော်လည်း ဦးခမ်းငေါ်သည် ဒုဥက္ကဌ ခန့်အပ်ခြင်း မရှိသကဲ့သို့ NSCN-K အဖွဲ့ ရည်ရှည် ရပ်တည်နိုင်ရေး မစွမ်းဆောင်နိုင် ခြင်းနှင့် ဆုံးဖြတ်ချက်များကို တဦးတယောက်တည်း အာဏာဖြင့် ဆောင်ရွက်သည့်အတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ NSCN-K အတွင်း ကက်ဘိနက် အစည်းအဝေးလုပ်၍ သြဂုတ် ၁၇ ရက်မှာ ဖြုတ်ချခံလိုက်ရသည်။

NSCN-K သည် မိမိတို့အဖွဲ့ အတွင်း Government of The People’s Republic of Nagaland(GPRN) ဆိုသော အစိုးရ အဖွဲ့ကို ဖွဲစည်းထားမှုရှိသည်။ ထိုအစိုးရအဖွဲ့ ဝန်ကြီးများက ဦးခမ်းငေါ်ကို စုပေါင်းဖြုတ်ချခဲ့ပြီး ဦးကပ္ပလန်၏ တူတော်စပ်သူ ဦးယုံးအောင်ကို ယာယီဥက္ကဌအဖြစ် ၆ လ တာဝန်ယူ ဆောင်ရွက်ရန် အာဏာ အပ်နှင်းခဲ့ကြသည်။

ဦးယုံးအောင်ကို ယာယီ ဥက္ကဌအဖြစ် တင်မြှောက်ခြင်းနှင့် ဦးခမ်းငေါ်ကို ဖြုတ်ချလိုက်မှုကို ဦးဆောင်သူမှာ ဦးကျော်ဝမ်းစိန် နှင့် ဝန်ကြီးအဖွဲ့ ဖြစ်ကြောင်း သိရသည်။

ဦးယုံးအောင်သည် NSCN-K ၏ ယာယီဥက္ကဌအဖြစ် ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်း အခမ်း အနားကို သာသနာရေး ဝန်ကြီး ဦးကျော်ဝမ်းစိန် (NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု ခေါင်း ဆောင်လည်းဖြစ်) က ဦးစီး ဆောင်ရွက်ကာ တာဝန်အပ်နှင်းခဲ့သည်။

ဦးယုံးအောင်၏ ယာယီ ဥက္ကဋ္ဌ သက်တမ်းသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် နေ့တွင် ပြည့်ပြီးသွားပြီ ဖြစ်သည်။

ထို ဖေဖော်ဝါရီလတွင် NSCN-K အဖွဲ့အတွင်း NCA ထိုးရေး မထိုးရေးနှင့် ပတ်သက်ပြီး အကျေအလည် ဆွေးနွေးရန် ထိပ်သီး အစည်းအဝေး ကျင်းပရန် စီစဉ်ထားခဲ့သည်။

သို့သော် အစည်းအဝေး မလုပ်လိုက်ရခင်မှာပဲ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် တပ်မတော်က အာသံနှင့် ကသည်း သူပုန်များကို ခိုအောင်းခွင့် ပေးထားသည်ဆိုသော သတင်းအရ တပ်ရင်း ၄ ရင်း လူအင်အား ၄၀၀ ကျော်ဖြင့် ဝင်ရောက် ကာ အာသံနှင့် ကသည်းသူပုန်များကို တကယ်ပဲ တွေ့ရှိသွား၍ NSCN-K ဌာနချုပ်ကို ထိန်းချုပ် လိုက်တော့သည်။

ထို့နောက် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း NSCN-K ခေါင်းဆောင်များနှင့် အာသံ-ကသည်း သူပုန်များကို ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး အရေးယူခဲ့သည်။ လက်ရှိ NSCN-K ၏ ယာယီဥက္ကဌနှင့် စစ်ဦးစီးချုပ် နီကီဆူမီ အပါအဝင် ဒု စစ်ဦးစီးချုပ် တို့သည် ၎င်းတို့အောက်တွင် ရှိသော တပ်ဖွဲ့ဝင်များကို ဦးစီးကာ ရှောင်တိမ်းနေကြရသည်။

ထိုသို့ ရှောင်တိမ်းနေသော အခြေအနေမှာပဲ NSCN-K ၏ လူထု ဆက်ဆံရေး အရာရှိဆိုသူ မစ္စတာ ဂျိုးဇက်လမ်ကန် က ၂၀၁၉ ခုနှစ် မေလ ၂၇ ရက်တွင် NCA မထိုးနိုင်ကြောင်း အပါအဝင် တပ်မတော်က တိုင်းဒေသကြီး အဆင့် အပစ် အခတ် ရပ်စဲရေးကို ချိုးဖောက်နေကြောင်း၊ မိမိတို့ အနေဖြင့် လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

၎င်းက“လက်ရှိ NCA ဟာ ၁၉၄၇ ခုနှစ် မူလပင်လုံ စာချုပ်ကို ခေတ်ပေါ် ပုံစံပြောင်းလဲ ထားခြင်းဖြစ်ပြီး ယခင် ပင်လုံ စာချုပ် အဟောင်းမှာလည်း နာဂတို့ လက်မှတ်ထိုးခြင်း မရှိခဲ့ဘူး။အကြောင်းကတော့ ကျနော်တို့ လုံးဝ လွတ်လပ်ရေး ဆုံးဖြတ်ထားလို့ပဲ ဖြစ်ပါတယ်။ နာဂတွေဟာ တိုက်ပွဲဝင်ရင်း အသေခံသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လက်မှတ်ထိုးစရာ အကြောင်းမရှိဘူး။ ဒီစာချုပ်က နာဂအတွက် မဟုတ်လို့ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ပြော ထားသည်။

ဤကဲ့သို့ ထုတ်ပြန်မှုသည် ခန္တီးမြို့မှာ တရားရင်ဆိုင်နေရသော NSCN-K ခေါင်းဆောင်များနှင့် အပြင်မှာ ရှိနေ သော NSCN-K မှ ခေါင်းဆောင်များအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သကဲ့သို့ ပိုမိုသော အခက်အခဲများဖြင့် ရင်ဆိုင်ရနိုင် ကြောင်း လေ့လာသူများက ပြောဆိုကြသည်။

ဧရာဝတီက စုံစမ်းသိရှိရသော သတင်းအချက်အလတ်များအရ ဖမ်းဆီးခံထားရသော NSCN-K မှ ခေါင်းဆောင် ၅ ဦး နှင့် အပြင်ဘက်တွင် တည်ရှိနေသော ခေါင်းဆောင် ၅ ဦးတို့က အစိုးရနှင့် တပ်မတော်မှ ကမ်းလှမ်းထားသော ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးနှင့် NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

NSCN-K နှင့်နီးစပ်သူ သတင်းရင်းမြစ် တဦးကတော့“အဖမ်းခံထားရတဲ့ ခေါင်းဆောင် ၅ ဦးနဲ့ ခန္တီးမှာရှိတဲ့ ခေါင်းဆောင် တချို့ကတော့  အခု တရားရင်ဆိုင်မှု ပြီးရင် NCA လမ်းကြောင်းကို သွားဖို့ ဆုံးဖြတ်ထားကြတယ်။ ရှောင်တိမ်းနေတဲ့ လူတချို့ကတော့ မသွားချင်တဲ့ သဘော ဖြစ်နေတယ်။ ဒါကို သူတို့လည်း ညှိနေကြတယ်။ လက်ရှိမှာ တော့ ၂ ဖွဲ့ ကွဲနေ သလိုဖြစ်နေတယ်”ဟု ပြောသည်။

NSCN-K ဥက္ကဋ္ဌဟောင်း ကွန်းရက်နှင့် တပ်ဖွဲ့ဝင်များကို အတူတကွ မြင်ရစဉ် / Naga Connect / Facebook

ဖမ်းဆီး ခံထားရသော NSCN-K မှ သာသနာရေးဝန်ကြီးလည်းဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုခေါင်း ဆောင် လည်းဖြစ်သူ ဦးကျော်ဝမ်းစိန်ကတော့ ၂၀၁၂ ခုနှစ်၊ဧပြီလ ၉ ရက်က တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားရာ ယခု ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် မိမိတို့အားလုံး ပြင်ဆင်လျက် ရှိကြောင်း ၂၀၁၉ ခုနှစ် ဧပြီ ၁၉ ရက်က ရုံးထုတ်လာစဉ် ပြောဆိုသွားသည်။

ထိုပြောစကားသည် Voice of Myanmar ဆိုသော မီဒီယာတခုက ရိုက်ကူးထားသော ရုပ်သံတွင် ပါရှိသည်။

လက်ရှိမှာတော့ NSCN-K အတွင်း NCA ထိုးရန် ဆုံးဖြတ်ထားသော ထိပ်သီး ခေါင်းဆောင်များနှင့် မထိုးရန် ဆုံးဖြတ် ထားသော ထိပ်သီးခေါင်းဆောင်များ အဖြစ် ၂ ဖွဲ့ကွဲနေကြောင်း သိရသည်။ ထိုးရေးအဖွဲ့တွင် တရား ရင်ဆိုင်နေရသော ခေါင်းဆောင် ၅ ဦးနှင့် ပြင်ပရှိ ခေါင်းဆောင် ၅ ဦးတို့ပါဝင်ကြပြီး မထိုးရေးအဖွဲ့ကတော့ တောထဲတွင် တိမ်းရှောင်နေရ သည့် စစ်ဦးစီးချုပ်နှင့် ဒု စစ်ဦးစီးချုပ်တို့ ဖြစ်ကြောင်း သိရသည်။

ထိုသူများတွင် ယာယီဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံထားရသော ဦးယုံးအောင်နှင့် သူ၏ လက်အောက်တွင် ရှိသော တပ်ဖွဲ့ ဝင် များသည် မည်သည့်ဘက်သို့ လိုက်မလဲ ဆိုသည်မှာလည်း မပြောနိုင်ဘဲ ဖြစ်နေကြောင်း NSCN-K နှင့် နီးစပ်သော သတင်း ရင်းမြစ်များက ဆိုသည်။ သို့သော် ဦးယုံးအောင်သည် ယာယီဥက္ကဋ္ဌသာ ဖြစ်ပြီး ၎င်းကို တင်မြှောက် ခဲ့သူ များကလည်း ဦးကျော်ဝမ်းစိန် အပါအဝင် ဖမ်းဆီးခံထားရသော ခေါင်းဆောင်များက တင်မြှောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

အဆိုပါ အခြေအနေများကို NSCN-K အဖွဲ့အတွင်း ထိန်းညှိမှု မပြုလုပ်နိုင်ပါက NSCN-K သည် နောက်ထပ် နှစ်ခြမ်း ကွဲနိုင်သည် ဟူသော သုံးသပ်မှုများ ရှိနေသည်။

၂၀၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်က NSCN-K ဥက္ကဌ ဦးခမ်းငေါ်ကို ဖြုတ်ချလိုက်သည့် အခါတုန်းကလည်း ဦးခမ်းငေါ် ကို ထောက်ခံသော လူအနည်းအငယ်သည် ဦးခမ်းငေါ်နှင့်အတူ NSCN-K ဒေသ မှ ထွက်ခွာသွားပြီ အိန္ဒိယနိုင်ငံ နာဂလန်း ပြည်နယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ယခုအခါတွင် ဦးခမ်းငေါ်သည် အိန္ဒိယ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောတူညီထားပြီ ဖြစ်ကြောင်း သိရသည်။

NSCN-K အတွင်း လက်ရှိ ဖြစ်ပွားနေသော အခြေအနေကလည်း ထပ်မံ၍ ကွဲပြားမှုများ ပေါ်ပေါက်လာမလား ဟူ၍ စောင့်ကြည့် နေကြရကြောင်းလည်း ဆိုသည်။

နာဂဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးကာစီးရန်က“မြေပြင်မှာတော့ အပေါ်ယံအားဖြင့် ၂ ဖွဲ့ ကွဲနေတယ်လို့ ကြား တယ်။ ခေါင်းဆောင်ပိုင်းတွေ တစုတစည်းတည်း မဖြစ်တာပေါ့။ ခေါင်းဆောင်ပိုင်းတွေ အယူအဆကွဲနေတယ်၊  ဦးကျော်ဝမ်းစိန်ကတော့ ငြိမ်းချမ်းရေး လုပ်နေသူဆိုတော့ သူက NCA ကို လက်ခံတယ်ဆိုပြီး နာဂ အသိုင်းအဝိုင်းမှာ သုံးသပ်နေကြတာ။ လက်မှတ်ထိုးဖို့လည်း သူတို့ ဆုံးဖြတ်ထားတယ်လို့ အဲဒီလိုကြားနေတယ်။ ကျနော် ထဲထဲ ဝင်ဝင် တော့ မသိဘူး။ နာဂ အသိုင်းအဝိုင်းမှာ အဲဒီလို သတင်းထွက်နေတယ်”ဟု ပြောသည်။

ဦးကာစီးရန်က မိမိအနေဖြင့် NSCN-K ကို NCA ထိုးစေလိုကြောင်း၊ ငြိမ်းချမ်းရေး စကားဝိုင်းထဲသို့ ဝင်ရောက်ပြီး နာဂ ဒေသဖွံ့ဖြိုးရေးနှင့် နာဂတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖော်ဆောင်စေလိုကြောင်းလည်း ပြောဆို သည်။

“အခု သူတို့ကို ဖမ်းထားတာကို ပြန်လွှတ်ပေးစေချင်တယ်။ ငြိမ်းချမ်းရေး စကားပြောနေတဲ့ အချိန်မှာ အခုလို ဖမ်းတာ တော့ မဖြစ်သင့်ဘူး”ဟုလည်း ၎င်းက ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်(PC)မှ အမည်မဖော်လိုသူ တဦးကတော့ NSCN-K တာဝန်ရှိသူများ ဆက်သွယ် လာ ပါက ကြားဝင် စေ့စပ်ညှိနှိုင်းပေးရန် ရှိကြောင်း၊ မည်ကဲ့သို့ ဆောင်ရွက်လိုသည်ကို NSCN-K မှ ပြောရန် လိုကြောင်း၊ သို့သော် ယနေ့ထိတိုင် ဆက်သွယ်လာခြင်း မရှိသေးကြောင်း ဆိုသည်။

၎င်းက“ကသည်းကိစ္စ ရှုပ်သွားတော့ တပ်မတော်က အမြင်စောင်း သွားတာပေါ့လေ၊ ကသည်းကိစ္စ ဖြစ်တော့ ကျနော် တို့ ကတောင် လှမ်းမေးတယ်။ ဟေ့ ဘယ်လိုဖြစ်တာလဲ၊ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုတယ်။ ခင်ဗျားတို့ ဒုက္ခရောက် နိုင် တယ်၊ တပ်မတော်နဲ့ အမြန်လာတွေ့၊ ကျနော်တို့နဲ့ လာတွေ့ပါလို့ ပြောသေးတယ်၊ နောက် ၄-၅ ရက်မှာ အဖမ်းခံရရော” ဟု ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း NSCN-K အနေဖြင့် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန်၊ တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ သဘော တူညီချက်များကို လိုက်နာရန်နှင့် အာသံနှင့်ကသည်း သူပုန်များကို လက်မခံရန် စသည့် အချက် ၃ ချက်အား လိုက်နာ မည်ဆိုပါက ယခု ပြဿနာ ဖြေရှင်း၍ ရကြောင်း ပြောဆိုသည်။

အထက်ပါ အခြေအနေများ အရဆိုလျှင် NSCN-K သည် မည်သည့် လမ်းကြောင်းကို ရွေးချယ်ရမလဲ သေချာ ဆုံးဖြတ် ရတော့မည်။ NCA ထိုးမည်ဆိုလျှင် ဖမ်းဆီးခံထားရသူများလည်း ပြန်လည် လွတ်မြောက် လာနိုင်သကဲ့သို့ NSCN-K ဆက်လက် ရပ်တည်ရေး အတွက်လည်း အာမခံချက် တခု ရရှိနိုင်သည်။

သို့သော် NCA လက်မှတ် ထိုးလိုက်ခြင်းကြောင့် NSCN-K ကြား ၂ ဖွဲ့ ကွဲမသွားအောင်လည်း မည်ကဲ့သို့ ထိန်းညှိ နိုင် မလဲ ဆိုသည် ကလည်း အရေးကြီးလှသလို NCA ထိုးပြီးနောက်ပိုင်း ကသည်းနှင့် အာသံသူပုန်များကို နာဂ ဒေသမှာ ခိုအောင်းခွင့် ပြု၍ မရတော့ခြင်းကြောင့်လည်း မဟာမိတ်ဖွဲ့စည်းမှု အခြေအနေ ဘယ်လိုပုံစံ ပြောင်းသွားမလဲ ကလည်း စောင့်ကြည့်ရပေမည်။

အိန္ဒိယသတင်းဌာနတခုဖြစ်သော Deccan Herald (DH) သတင်းဌာနက ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်တွင် War-like situation created by Myanmar army: NSCN (K) ဆိုသော ခေါင်းစဉ်ဖြင့် Sumir Karmakar ဆိုသူ ရေးသား ထား သော သတင်း တပုဒ်မှာတော့ မြန်မာ့ တပ်မတော်၏ နှိမ်နင်းမှု ခံနေရသူများသည် တရုတ်နိုင်ငံ ဘက်သို့ ခိုလှုံခွင့် ရနိုင်ရေး ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်မျိုးကြောင့် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော သူပုန်အဖွဲ့များသည် ၂၀၀၃ ခုနှစ်က ဘူတန် နိုင်ငံတွင် လည်းကောင်း၊ ၂၀၀၉-၂၀၁၀ တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်းကောင်း အလားတူ ခိုလှုံခဲ့ရဖူးကြောင်းလည်း ပါရှိ သည်။

အိန္ဒိယ အစိုးရကလည်း နာဂ အပါအဝင် အာသံနှင့်ကသည်း သူပုန်များကို တရုတ်က ကျောထောက် နောက်ခံ ပေးထား သည်ဟု ယုံကြည်ထားသည်။ထို့နောက် အိန္ဒိယ အစိုးရသည် မြန်မာအစိုးရနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့် ဆောင်ရွက် လာပြီး မြန်မာပိုင်နက် အတွင်း ခိုအောင်းနေသော ထိုသူပုန်အုပ်စုကို လှုပ်ရှားမှုများ လျော့နည်းသွားအောင် ကြိုးပမ်းလာ ခဲ့ သည်။

ထိုသို့ ဆောင်ရွက်ခြင်းကလည်း အိန္ဒိယနိုင်ငံသည် အရှေ့မျှော်ဝါဒကို သွားနေခြင်းကြောင့် အိန္ဒိယ အရှေ့ မြောက် ဒေသ တည်ငြိမ်အေးချမ်းရန် လိုအပ်သကဲ့သို့ မြန်မာအစိုးရ အနေဖြင့်လည်း ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း နှင့် တခြားသော အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ ရှိနေခြင်းကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကောင်း တရပ် တည်ဆောက် လိုနေကြသည်။

ထို့ကြောင့် NSCN-K အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသော အခြေအနေကို မည်သည့် နည်းလမ်းဖြင့် ဖြေရှင်း သွားမလဲ ဆိုသည်ကိုမူ စောင့်ကြည့်ရမည် ဖြစ်ပါသည်။ ။

You may also like these stories:

နာဂ NSCN-K ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထား

NCA သုံးသပ်ရေး အစည်းအဝေး နာဂလက်နက်ကိုင်အဖွဲ့ (NSCN-K) ပြုလုပ်မည်

နာဂခေါင်းဆောင်မှု အပြောင်းအလဲ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းလား

Did you find apk for android? You can find new Free Android Games and apps.
Loading