အစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အိမ်နီးချင်း ချင်းပြည်နယ် ပလက်ဝတွင် အင်တာနက် အသုံးပြုခွင့်ကို ဖြတ်တောက်လိုက်သောကြောင့် Facebook ကဲ့သို့သော လူမှုကွန်ရက်များတွင် ဖြန့်ချိသည့် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲသတင်းများ ပျောက်ကွယ်သွားသည်။
အစိုးရက အင်တာနက်လိုင်းများကို သိမ်းကြုံး ပိတ်ပင်လိုက်ခြင်းသည် စစ်ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံမြို့နယ်များနှင့် အိမ်နီးချင်း ချင်းပြည်နယ် ပလက်ဝမှ အရပ်သားများအပေါ် လက်နက်ကိုင် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်သော နောက်ဆုံးသတင်းများ အတွက် ရင်းမြစ်များကို ပိတ်ပင်လိုက်သလို ဖြစ်သွားသည်။
ထိုဒေသသို့ သတင်းထောက်များ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားသည့်အပြင် သွားရေးလာရေး မလွယ်ကူသောကြောင့် ၂၀၁၈ ခုနှစ် တိုက်ပွဲများ စတင်ချိန် တက်ကြွလှုပ်ရှားသူများ သို့မဟုတ် နိုင်ငံသား သတင်းသမားများနှင့် ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များက Facebook နှင့် တခြား လူမှုကွန်ရက်များတွင်သာ မျှဝေနေကြသော သတင်းများကို အားထားနေကြရသည်။
ယခုအချိန်အထိ လက်နက်ကိုင် အကြမ်းဖက်မှုများကြောင့် ဒေသခံ လေးသောင်းကျော် နေရပ်စွန့်ခွာရပြီး ယာယီ စခန်းများတွင် နေထိုင်ကြရကာ ပညာသင်နှစ်သစ် စတင်သော်လည်း ကျောင်းရာပေါင်းများစွာမှာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှအပ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကိုလည်း ပိတ်ပင်ထားသောကြောင့် စစ်ဘေးရှောင် အများစုသည် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များ၏ လူသားချင်း စာနာမှု အကူအညီများကိုသာ မှီခိုနေကြရသည်။

တပ်မတော် နှင့် AA ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပေါ်နေစဉ်တွင် အင်တာနက် ဖြတ်တောက်မှု ဖြစ်ပွားခဲ့သည်။
ဒေသခံ သတင်းသမားအများစုသည် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များ သို့မဟုတ် ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသများမှ ဒေသခံပြည်သူများ စုဆောင်းထားသည့် သတင်းများကို မှီခိုနေကြရကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ စစ်တွေ အခြေစိုက် သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောသည်။
မြောက်ဦးနှင့် မင်းပြားကဲ့သို့သော ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခ ဒေသများသို့ သွားရောက်နိုင်ကြသော သတင်းသမားများသည်လည်း ၎င်းတို့၏ သတင်းခန်းများသို့ ဗီဒီယိုဖိုင်များ စာများကို စစ်တွေပြန်ရောက်မှသာ ပေးပို့နိုင်သောကြောင့် အချိန်နှင့် တပြေးညီ ပေးပို့နိုင်ခြင်း မရှိကြတော့ပေ။
ရခိုင်ပြည်နယ်တွင် ဒေသအတွင်း လူသိများသော သတင်းဌာနနှစ်ခုဖြစ်သည့် Development Media Group (DMG) နှင့် နေရဉ္ဇရာ ဂျာနယ်တို့တွင် သတင်းထောက် အနည်းငယ်သာရှိပြီး စစ်တွေအခြေစိုက် ခန့်မှန်းခြေ သတင်းသမား ၁၀ ယောက်ခန့်မျှကသာ ရန်ကုန်အခြေစိုက် သတင်း စာစောင်များသို့ သတင်းများ ပေးပို့နေကြသည်။
ထိုမြို့နယ်များရှိ Facebook အသုံးပြုသူများထံမှ သတင်းထူး သတင်းဦး မရနိုင်တော့ကြောင်း ကိုဝဏ္ဏခွာညိုက ပြောပြီး အရပ်သားများကို ဥပဒေမဲ့ အရေးယူမှုများ တိုးပွားလာတော့မည်ကို စိုးရိမ်မှု ကြီးထွားနေကြောင်း သူက ဆိုသည်။
အင်တာနက် ဖြတ်တောက်ရန် မည်သူအမိန့်ပေးသနည်း
တိုက်ပွဲများဖြစ်ပွားနေသော မြို့နယ် ၉ ခုတွင် အင်တာနက် ယာယီဖြတ်တောက်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ခန့်အပ်သည့် ပြည်ထောင်စု ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဆက်သွယ်ရေး ကုမ္ပဏီလေးခုကို အမိန့်ပေးခဲ့သည်။ ပြည်ထောင်စုအစိုးရနှင့် သမ္မတရုံးက ဖော်ပြသည့် ဒေသတွင်း မတည်ငြိမ်မှု သတင်းများကို ကိုးကားပြီး ထိုအမိန့်ကို ပေးခဲ့ကြောင်း ထိုဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တဦးဖြစ်သူ ဦးမျိုးဆွေက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအတွက် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေနှင့်အညီ လိုအပ်သော အရေးယူမှုများ ဆောင်ရွက်ရေးအတွက် ဆက်သွယ်ရေး ကုမ္ပဏီများကို ညွှန်ကြားရန် ဝန်ကြီးဌာနတွင် အပြည့်အ၀ လုပ်ပိုင်ခွင့်ရှိကြောင်း ထိုအရာရှိက ပြောသည်။ ထိုသို့ ယာယီဖြတ်တောက်မှုကို အချိန်ကာလ အကန့်အသတ်တခုဖြင့် ပြုလုပ်သည် သို့မဟုတ် မည်သည့်အချိန်တွင် အင်တာနက် အသုံးပြုခွင့် ပြန်လည်ပေးမည်ကို သူက ပြောကြားခြင်းမရှိပေ။
ထိုသို့ ယာယီ အင်တာနက် ဖြတ်တောက်ခြင်းကို လွန်ခဲ့သည့်အပတ် သောကြာနေ့က စတင်ခဲ့ပြီး တယ်လီနော ဆက်သွယ်ရေး ကွန်ရက်က ထိုနေ့ အကြောင်းကြားစာ စာတို လက်ခံရရှိကြောင်း ကြေညာချက်တစောင် ထုတ်ပြန်သော်လည်း တခြားသော ဆက်သွယ်ရေး လုပ်ငန်းများဖြစ်သည့် MPT၊ အော်ရီဒူးနှင့် Mytel တို့က ကြေညာချက် ထုတ်ပြန်ခြင်း မတွေ့ရပေ။
ဆက်သွယ်ရေး ဝန်ဆောင်မှုများမှ တဆင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လူသားချင်းစာနာမှု ကိစ္စများအတွက် ထိန်းသိမ်းသင့်ကြောင်း၊ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားနေချိန်တွင် ထိန်းသိမ်းသင့်ကြောင်း တယ်လီနောက ကြေညာချက် ထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ထိုသို့ အင်တာနက် ပိတ်ဆို့ရန် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ချဉ်းကပ်ပြောဆိုခြင်း မရှိခဲ့ကြောင်း ယခင်ရက်သတ္တပတ်ကုန်က နေပြည်တော်တွင် တပ်မတော်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရသူများက သတင်းထောက်များကို ပြောသည်။ အစိုးရ၏ လုပ်ဆောင်မှုမှာ လူမှုကွန်ရက်တွင် ဝါဒဖြန့်ချိခြင်းနှင့် လူမျိုးရေး အမုန်း စကားများကို တားဆီးရန်ဖြစ်ကြောင်း တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကရင်နှင့် ကချင် တိုင်းရင်းသားများသည် လက်နက်ကိုင် တော်လှန်ရေး ရှည်ကြာစွာဆင်နွှဲခဲ့သည့် သမိုင်း ရှိသော်လည်း ရခိုင်ပြည်နယ်တွင်ကဲ့သို့ လူမျိုးရေး အမုန်းစကားများ ဖြန့်ချိခြင်း မရှိကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“ရခိုင်ပြည်နယ် အခြေအနေက ရခိုင်နဲ့ ဗမာအကြား လူမျိုးရေး ခွဲခြားဆက်ဆံမှု အဆင့်ကို ရောက်နေတယ်” ဟု သူက ဆိုသည်။
စစ်အစိုးရကို သတိရစရာ
ပဋိပက္ခနှင့် ပတ်သက်သော သတင်းမှားများနှင့် အမုန်းစကားများကို ဖြိုခွဲရန် အင်တာနက် ပိတ်ပင်ခြင်း ဖြစ်ကြောင်း အစိုးရက ပြောသော်လည်း အင်တာနက်ကို ပိတ်ခြင်းသည် ပြဿနာများကို ဖြေရှင်းရန် မှန်ကန်သော နည်းလမ်းမဟုတ်ကြောင်း မီဒီယာ ကျွမ်းကျင်သူများက ပြောကြသည်။
အစိုးရ၏ မကြာသေးမီက ဆောင်ရွက်ချက်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအတွင်းက စစ်အစိုးရ၏ သတင်းပျံ့နှံ့မှု ပိတ်ပင်သည့် လုပ်ရပ်နှင့် တူညီကြောင်း၊ ထိုစဉ်က စစ်အစိုးရ၏ လုပ်ရပ်သည် အောင်မြင်မှု မရှိကြောင်း Internews Myanmar ၏ မီဒီယာ အကြံပေး ဦးစိန်ဝင်းက ပြောသည်။
အင်တာနက် ပိတ်ပင်ခြင်းသည် လုံခြုံရေးတပ်များ အောက်ခြေတွင် တရားဥပဒေ စိုးမိုရေးကို အထောက်အကူ ပြုရန်ထက် အရပ်သားများအပေါ် ကျူးလွန်သော ပြစ်မှုများကို ကင်းလွတ်ခွင့်ပေးရာသာ ရောက်နိုင်ကြောင်း သူက ဆက်ပြောသည်။
အင်တာနက် ပိတ်ပင်ခြင်းသည် သတင်းဖြန့်ချိမှုကို မဟန့်တားနိုင်ခဲ့ဘဲ သတင်း အရေအတွက် လျော့နည်းသွားခြင်းသာ ရှိကြောင်း ဦးစိန်ဝင်းက ဆိုသည်။
“လုပ်ရပ်တခုဟာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေရင် သတင်းကတော့ ပေါက်ကြားမှာပဲ” ဟု ဦးစိန်ဝင်းက ပြောသည်။
ထို့ကြောင့် ရွေးကောက်ခံ အရပ်သားအစိုးရသည် လူထု၏ ယုံကြည်မှုကို ဆုံးရှုံးပြီး သဟဇာတ ဖြစ်သော လူ့အဖွဲ့အစည်း ထူထောင်ရေး ရည်မှန်းချက်ကို ထိခိုက်နိုင်ကြောင်းလည်း သူက ဆိုသည်။
“အင်တာနက်ကို ပိတ်ပင်တာဟာ အစိုးရအတွက်ရော၊ ပြည်သူအတွက်ပါ နှစ်ဖက်စလုံးအတွက် အောင်မြင်တဲ့ အဖြေမဟုတ်ဘူး။ ဒါမလုပ်သင့်ဘူး” ဟု ဦးစိန်ဝင်းက ပြောသည်။
အင်တာနက် ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်
အင်တာနက် ပိတ်ပင်မှုအမိန့် အပြီးတွင် ဒီဂျစ်တယ်အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လူမှုတာဝန်သိသော စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း ၂၁ ဖွဲ့က တနင်္လာနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ပြီး ၂၀၁၈ ခုနှစ်က ချမှတ်ခဲ့သည့် ကြားဖြတ်မှု မရှိသည့် အင်တာနက် အသုံးပြုခွင့်သည် လူ့အခွင့်အရေး ခံစားခွင့် အခြေခံဖြစ်သည်ဟူသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံမှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မြှင့်တင်ရေး အဖွဲ့အစည်းဖြစ်သော အသံ သည် ထိုသို့ ကြေညာချက် ထုတ်ပြန်သော အဖွဲ့အစည်း ၂၁ ခုတွင် ပါဝင်သည်။
ပဋိပက္ခဖြစ်ပွားနေသော မြို့နယ် ၉ ခုတွင် အစိုးရက အင်တာနက် ပိတ်ပင်ခြင်းသည် စစ်မြေပြင်မှ သတင်း အချိန်မီ စီးဆင်းမှုကို ထိခိုက်စေပြီး သတင်းသမားများကို ကန့်သတ်ထားပြီး ဖြစ်သော ထိုဒေသများတွင် အရပ်သားများကို သတင်းမှောင်ချခြင်းသို့ ပိုမို တွန်းပို့နေကြောင်း ထိုအဖွဲ့ကို တည်ထောင်သူ မောင်ဆောင်းခက ပြောသည်။
“အင်တာနက် အသုံးပြုခွင့်ဆိုတာ ပဋိပက္ခဒေသက အရပ်သားတွေအတွက် လုံခြုံရေး အစောင့်အရှောက်ဖြစ်တဲ့ အခြေခံ အခွင့်အရေးဖြစ်တယ်” ဟု မောင်ဆောင်းခက ပြောသည်။
၂၀၁၅ ခုနှစ်က စတင်ပြီး ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းနေသော Myanmar Center for Responsible Business (MCRB) သည်လည်း တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်ကို ပါဝင် လက်မှတ် ရေးထိုးခဲ့သည်။ အစိုးရ၏ လုပ်ရပ်သည် လူပုဂ္ဂိုလ်တဦးချင်း၏ အခွင့်အရေးကို သာမက ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကိုပါ ထိခိုက်စေကြောင်း MCRB မှ အရာရှိ ဒေါ်ဝေဖြိုးမြင့်က ပြောသည်။
“ဥပမာ ပြောရရင် အင်တာနက် ပိတ်ထားတဲ့ ဒီမြို့နယ်တွေမှာ မိုဘိုင်းငွေ ပေးချေမှုနဲ့ ငွေပေးငွေယူတွေ လုပ်လို့ မရတော့ဘူး” ဟု ဒေါ်ဝေဖြိုးမြင့်က ဆိုသည်။
အင်တာနက်ကို ကန့်သတ်ခြင်းသည် အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုများရရှိရေးနှင့် ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာရေးအတွက် သတင်း အချက်အလက်များကို အာဏာပိုင်များက ဖြန့်ချိရာတွင်လည်း ထိခိုက်စေကြောင်း ထိုပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုပိတ်ပင်မှုကို ခြွင်းချက်မရှိ ရုပ်သိမ်းရန် ထိုကြေညာချက်က အစိုးရကို တိုက်တွန်းထားပြီး အခြေခံ လူ့အခွင့်အရေးများ ပြည့်မီရေးအတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၇ နှင့် ၇၈ တို့နှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များကို ပြန်လည်သုံးသပ်ရန်လည်း ထပ်မံ တောင်းဆိုထားသည်။
အစိုးရ၏ ကန့်သတ်ချက်နှင့် ပတ်သက်သော သတင်းအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ရန် ဆက်သွယ်ရေး လုပ်ငန်းများက တောင်းဆိုပြီး အစိုးရအနေဖြင့် နောင်တွင် ထိုသို့ ပိတ်ပင်မှု မလုပ်ရေးအတွက် ဒီဂျစ်တယ် အခွင့်အရေးကို အားပေးရန် ထိုအဖွဲ့များက တိုက်တွန်းလိုက်သည်။
ကုလသမဂ္ဂ အထူးသံတမန်၏ အစိုးရအတွက် သတင်းစကား
အင်တာနက် ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုစောင့်ကြည့်ရေး လုပ်ငန်းများအတွက် ပြင်းထန်သော ထိခိုက်မှုဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် မီဒီယာနှင့် နိုင်ငံတကာ လူသားချင်း စာနာမှု လုပ်ငန်းများကို ထိုဒေသတွင် ကန့်သတ်ထားချိန်တွင် ပိုမို ထိခိုက်စေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးသံတမန် ယန်ဟီးလီက ပြောသည်။

“အဲဒီဒေသတခုလုံးမှာ အင်တာနက် အမှောင် ကျနေတယ်။ အဲဒီက အရပ်သားတွေ အနေနဲ့ ဒေသတွင်းနဲ့ ပြင်ပ ဆက်သွယ်ရေး နည်းလမ်းတွေ ပြတ်တောက်ကုန်မှာ ကျမ စိုးရိမ်တယ်” ဟု သူက ပြောသည်။
အင်တာနက် ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန်၊ မီဒီယာနှင့် အကူအညီပေးရေး လုပ်သားများကို သွားရောက်ခွင့် ပေးရေးတို့ကို အစိုးရထံ သူက တောင်းဆိုလိုက်သည်။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများ အပေါ် လုံခြုံရေးတပ်များက ကျူးလွန်သော ရက်စက်မှုများကို မမေ့သင့်ကြောင်း၊ ထိုလုပ်ရပ်များကို ကျူးလွန်သူ များသည် အပြစ်ပေးခံရခြင်း မရှိသေးကြောင်းလည်း သူကပြောသည်။
NLD အစိုးရ၏ လုပ်ရပ်အပေါ် လူ့အခွင့်အရေး အုပ်စုများ၊ ကုလသမဂ္ဂ အစီရင်ခံစာ တင်သွင်းသူနှင့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များက ဝေဖန်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ကမူ အများပြည်သူသို့ ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။
“ရခိုင်ပြည်နယ်မှာ အင်တာနက် ဆက်ပိတ်ရင် အနာဂတ်အတွက် မကောင်းဘူးလို့ ထင်တယ်” ဟု DVB သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောသည်။
(Moe Myint ၏ Govt Faces Backlash for N. Rakhine Internet Blackout ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
အင်တာနက်ဖြတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်
ရခိုင်နှင့် ချင်းပြည်နယ် အင်တာနက် ဖြတ်တောက်ခံလိုက်သည့် အပေါ် သူတို့အမြင်
ရခိုင် စစ်ဘေးရှောင် ကလေးငယ် ၂သောင်းခန့် ပညာသင်ကြားရန် အခက်အခဲဖြစ်နေ