ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနေသလို ဆေးဖြတ်လိုသူများလည်း ရှိနေရာ ၎င်းတို့အတွက် ဒေသတွင်း လက်လှမ်းမီနိုင်သည့် မူးယစ်ဆေးဖြတ်စခန်းများ လိုအပ်နေကြောင်း ဒေသခံများက ထောက်ပြကြသည်။
ရှမ်းပြည်နယ်တဝိုက်တွင် အစိုးရက ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဖြတ်စခန်းမှာ ကျိုင်းတုံနှင့် လားရှိုးတွင် တည်ရှိပြီး ကျေးရွာနယ်ခံများက ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထဆေးခန်းမှာ ၃ ခုရှိကြောင်း သိရသည်။ ထိုကိုယ်ထူကိုယ်ထဆေးခန်းများသည် ကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများ၏ အလှူငွေဖြင့် ရပ်တည်နေရသည့်အတွက် ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲရှိကြောင်း သိရသည်။
မူဆယ်မြို့နယ်၊ နမ့်ကတ်ကျေးရွာအုပ်စု၊ မိုင်းဆက်ကျေးရွာတွင် တအာင်းဘာသာဖြင့် သွေးသစ်ဟု အဓိပ္ပါယ် ရသော ဆေးဖြတ်စခန်းတခုကို နမ့်ကတ်ကျေးရွာဥက္ကဋ္ဌ မိုင်းဘသန်း အပါအဝင် ရပ်မိရပ်ဖများနှင့် ရဟန်းသံဃာတော်များ ပူးပေါင်းဖွင့်လှစ်ထားသည်။
ထိုကျေးရွာတွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် ခိုးဆိုးလုယက်သူများ လွန်စွာများပြားလာသည့်အတွက် ပြည်သူများက အမြဲစိုးရိမ်မှု၊ ကြောက်လန့်မှုစွာဖြင့် နေထိုင်ကြရသည်။ ၎င်းခိုးဆိုးလုယက်မှုများ ပပျောက်ရန်နှင့် မူခင်းကျဆင်းရန်အတွက် ရည်ရွယ်ပြီး ထိုဆေးခန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
“ဆေးဖြတ်စခန်းက အမြဲဖွင့်ထားမှာ မဟုတ်ဘူး။ တနှစ်မှာ သုံးလ တကြိမ်နားမယ်။ ကျနော်တို့က ဆေးသုံးစွဲတဲ့ပေါ်မှာ မူတည်ပြီး ဖွင့်မှာဖြစ်တယ်။ ဘာလို့လည်းဆိုတော့ နေရာအခက်အခဲနဲ့ ငွေကြေးကြောင့်ပါ ”ဟု ဆေးဖြတ်စခန်း၏ ကော်မတီနာယက ဦးကျော်ရင်က ပြောသည်။
ကျေးရွာများရှိ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်စခန်းအများစုသည် ငွေကြေးအခြေအနေအရ သစ်၊ ဝါးကျဲကျဲဖြင့် ကာရံထားသော အိမ်ခန်းကျဉ်းထဲတွင် နေထိုင်ရသည့်အတွက် ဆေးဖြတ်လိုသူ အများအပြား ၎င်းတို့ အလုပ်ပါးသည့်ကာလဖြစ်သော မိုးရာသီတွင် လာရောက်လေ့ရှိသည့် အခါ နေရာထိုင်ခင်း အခက်အခဲ ဖြစ်ကြရသည်။
ထိုဆေးခန်းမှ ဆေးဖြတ်သူများကို စောင်၊ အခင်းများပေးသည့်အပြင် တရက်ကို ထမင်းနှစ်နပ်ကျွေးပြီး ငွေကြေးအခြေအနေပေါ် မူတည်၍ အသားဟင်းကျွေးသည်။ ပုံမှန်အားဖြင့် တရက်စာ စားစရိတ် တဦးလျှင် ၂၅၀၀ ကျပ် ကုန်ကျသော်လည်း လူနာများသည့်အခါ နေရေးစားရေး စီစဉ်ရမှု ခက်ခဲသည်ဟု ဦးကျော်ရင်က ဆိုသည်။
ထိုနေရာတွင် မိမိဆန္ဒသဘောထားအရ ဆေးဖြတ်သူများအား ၅ နှစ်အထက်ဆေးသုံးသူများကို မူးယစ်ဆေး အစားထိုး မက်သာဒုန်းဆေး တနေ့ တကြိမ် ၃ ရက်တိုက်ပြီး ၁၀ နှစ်အထက်သုံးစွဲနေသူများကို ၅ ရက်တိုက်သည်။
ဆေးဖြတ်သူများအတွက် ဆေးကို ကျန်းမာရေးဌာနမှ ရရှိပြီး ကျန်းမာရေးစစ်ဆေးမှုကို ကျေးရွာကျန်းမာရေး သားဖွားဆရာမများက နေ့စဉ်လာရောက်ကြည့်ရှုစောင့်ရှောက်ပေးသည့်အတွက် ဆေးအတွက် ငွေကြေး ကုန်ကျမှု တစုံတရာမရှိကြောင်း သိရသည်။
ယခုဖွင့်လှစ်ထားသည့် ဆေးဖြတ်စခန်းသည် ငွေကြေးတစုံတရာပေးရန်မလိုဘဲ အမှန်တကယ် ဆေးဖြတ်လိုသောဆန္ဒရှိသူ မည်သူမဆို အခမဲ့ဆေးဖြတ်ပေးမည်ဖြစ်ပြီး လက်ရှိတွင် ထိုစခန်းတွင် ဆေးဖြတ်နေသူ အမျိုးသား ၂၃ ဦး ရှိသည်။
ထိုဆေးဖြတ်စခန်း၏ ကုန်ကျစရိတ်များကို ဒေသခံမိဘပြည်သူများနှင့် ငွေကြေးပြည့်စုံသည့် မိတ်ဆွေများထံမှ ရရှိသည့် အလှူငွေဖြင့် ရပ်တည်နေရသည့်အတွက် ရံဖန်ရံခါ ခက်ခဲမှုရှိရာ အလှူငွေထည့်ဝင်လိုသူများကို ၎င်းတို့က ဖိတ်ခေါ်ထားသည်။
အလားတူ နမ့်ခမ်းမြို့နယ်တွင်လည်း ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်စခန်းတခုကို မန်အောင် ကျေးရွာတွင် ဖွင့်လှစ်ထားသည်။ တောင်ပေါ်ဒေသများသာမက မြို့နယ်များအထိ ဆေးသုံးသူများလာသည့်အတွက် ထိုဆေးဖြတ်စခန်းကို မန်အောင်ကျေးရွာအပါအဝင်ရွာ ၃ ရွာမှ ပူးပေါင်း ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုဆေးခန်းတွင်လည်း မူးယစ်ဆေးစွဲသူတွေကို စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာပေးလုပ်ငန်းများလည်း အခမဲ့ ပြုလုပ်ပေးသည်။ ဆေးခန်းအတွက် ကုန်ကျစရိတ်များကို ကျေးရွာအတွင်းက ကူညီလှူဒါန်း ကြသည့် ငွေကြေးကိုသာ သုံးစွဲပြီး ဆေးနှင့် စောင့်ရှောက်မှုအတွက် ကျန်းမာရေးဌာနက ကူညီပေးနေရသည်။
အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံ ဆေးစွဲနေသည့်ရွာသားများ အဓိက လာရောက်ဆေးဖြတ်မှုများပြီး လက်ရှိတွင် ဆေးဖြတ်နေသူ ဦးရေ ၃၇၀ ကျော်ရှိသည်ဟု စခန်းတာဝန်ခံ ဦးညီထက်က ပြောသည်။
အချို့ ကိုယ်ထူကိုယ်ထဆေးဖြတ်စခန်းများက လစဉ်ကြေးပေးသွင်းရပြီး အိမ်မှ ခြင်ထောင်၊ စောင်စသည့် တကိုယ်ရေသုံးပစ္စည်းများယူလာပေးရသည့် စခန်းများလည်းရှိသည်။ ထိုကဲ့သို့သော ကိုယ်ထူကိုယ်ထ စခန်းများ အနေဖြင့် ရေရှည်ရပ်တည်ရန် အခက်အခဲမရှိကြပါ။
ရှမ်းပြည်နယ်၊ မိုင်းဆက်ကျေးရွာတွင် လူဦးရေ ၁၈၂၈ ဦးရှိသည့်အနက် လူဦးရေ နှစ်ရာကျော်က မူးယစ်ဆေးစွဲနေပြီး ၎င်းတို့သည် WY ဆေးပြားနှင့် ဘိန်းဖြူကို အဓိက သုံးစွဲပြီး အသက် ၁၈နှစ်မှ ၂၅ နှစ်အတွင်းလူများ ပိုမို သုံးစွဲကြသည်ဟု သိရသည်။
နမ့်ကတ်ကျေးရွာဥက္ကဋ္ဌ မိုင်းဘသန်းက “ကျနော်တို့ လူငယ်တွေစုပြီး မနှစ်က ဆေးသုံးတဲ့သူတွေကို ဖမ်းပြီး သက်ဆိုင်ရာပို့တယ်။ ဒီနှစ်တော့ လူအင်အား မရှိ၊ နောက်ပြီး ဒီအလုပ်က အန္တရာယ်အရမ်းများတော့ အရင်လို မလုပ်နိုင်တော့ဘူး”ဟု ဆိုသည်။
မူးယစ်ဆေးသည် သုံးစွဲသူ၏ စိတ်၊ ခံစားချက်နှင့် စဉ်းစားတွေးခေါ်မှုများကို ပြောင်းလဲသွားစေနိုင်သော အရာ ဖြစ်သည်။ လူအများသုံးစွဲနေကြသည့် အရက်၊ ဆေးလိပ်၊ အားဖြည့်အချိုအရည်များကလည်း မူးယစ်ဆေးဝါး အမျိုးအစား ထဲ၌ ပါဝင်သော်လည်း တရားဝင်အသုံးပြုနိုင်သည်။
ဘိန်းဖြူ၊ စိတ်ကြွဆေး စသည့်တို့က ဥပဒေအရ တားမြစ်ထားသော မူးယစ်ဆေးဝါးဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစွာ ဖြစ်စေသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဥပဒေ ပုဒ်မ ၁၆(ဂ)အရ မူးယစ်ဆေးသုံးစွဲသူများသည် မူးယစ်ဆေးပမာဏ အနည်းငယ်လက်ဝယ်တွေ့ ရှိရုံမျှဖြင့် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခံရနိုင်ပါသည်။
“မူးယစ်ဆေးအများစုက လက်နက်ကိုင်တွေဆီကနေ လာတာများတယ်။ ကျနော်တို့သာမာန်ပြည်သူတွေက မလုပ်နိုင်ပါဘူး။ နောက်ပြီး ဒါက အန္တရာယ်လည်း အရမ်းများတယ်” ဟု ဒေသခံများက ရှင်းပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်းနှင့် မူဆယ်မြို့ရှိ တောင်ပေါ်ကျေးရွာများတွင် မူးယစ်ဆေး သုံးစွဲသူ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး တချို့နေရာများတွင် အမျိုးသမီးများပါ မူးယစ်ဆေးသုံးစွဲနေကြသည်ဟု သိရသည်။
ရှမ်းပြည်နယ်ရေးရာ ဗမာတိုင်းရင်းသားဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က “ရှမ်းပြည်နယ်မှာ မြို့တိုင်းကို ဆေးသုံးနေကြတယ်။ ဆေးသုံးစွဲသူများလာတယ်”ဟု ထောက်ပြသည်။
သို့ဖြစ်ရာ အစိုးရအနေဖြင့် မူးယစ်ဆေးသုံးစွဲသူများ လျော့နည်းပပျောက်ရန်အတွက် ဆေးဖြတ်စခန်းများဖွင့်လှစ်ပြီး အခမဲ့ ဆေးစစ်ပေးခြင်း၊ မူးယစ်ဆေးအစားထိုးဆေးများ တိုက်ကျွေးခြင်း၊ ပညာပေးလုပ်ငန်းများလည်း ထိထိရောက်ရောက်ဖြစ်အောင် ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။
အစိုးရက ပြုလုပ်သည့် ဆေးဖြတ်လုပ်ငန်းစဉ်မှာ ဆေးစွဲလူနာတဦးကို ၂ ပတ်ကြာအောင် ဆေးအရင်ဖြတ်ပေးပြီး ပြန်လည်ထူထောင်ရေးအနေဖြင့် ၃ပတ် ပြုလုပ်ပေးကြောင်း၊ ဆေးပြတ်ပြီးနောက် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ရန် စောင့်ရှောက်မှုသင်တန်းကို ၂ နှစ်ပေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်၂၀၀၆ ခုနှစ်မှစပြီး ဆေးဖြတ်လိုသူများကို မက်သာဒုန်းအစားထိုး တိုက်ခြင်း စတင်ခဲ့ရာမှ ၂၀၁၈ ၌ မက်သာဒုန်းတိုက်ကျွေးသည့်ဌာနပေါင်း ၅၃ ခု ရှိသည်။ ထို ၅၃ ခုအနက် ရှမ်းပြည်နယ်ရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲ၊ တာမိုးညဲ၊ နမ္မတူ၊ နန့်ပေါင်၊ တန့်ယန်း၊ နန့်စန်၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ တာချီလိတ်တို့တွင် ၁၆ ခု ရှိသည်။
မူးယစ်ဆေးစွဲကုသမှုခံယူသူများသည် ဆေးကုသရေးဌာနသို့ နေ့စဉ်သွားရောက်၍ မက်သာဒုန်း သောက်သုံးရန် လိုအပ်သည်။ မက်သာဒုန်ုးသောက်သုံးခြင်းဖြင့် ယင်းထသည့် လက္ခဏာများ မခံစားရတော့ဘဲ ဆေးကြောင့် အိပ်ချင်ခြင်း၊ ဆေးမူးခြင်းများလည်း မရှိသည့်အတွက် အလုပ်ကိုထိခိုက်မှု မရှိဘဲ သာမာန် လူတယောက်ကဲ့သို့ အရည်အချင်း အပြည့် ဖြင့် အလုပ်လုပ်နိုင်သည်ဟု သိရသည်။
မူးယစ်ဆေးစွဲခြင်းသည် ကုသရန် ခက်ခဲရှည်ကြာပြီး မကြာခဏ ဆေးပြန်လည်သုံးစွဲမှု ဖြစ်တတ်သည့်အတွက် မိသားစုဝင်များ အနေဖြင့် ဆေးစွဲနေသူအား ပုံမှန်ဆေးကုမှုခံယူနိုင်ရန် ကူညီပေးရန်လည်း လိုအပ်ကြောင်း မူးယစ်ဆေးဝါးသုံးစွဲသူပပျောက်ရေးဆောင်ရွက်နေသည့် ရှမ်းလူငယ်အဖွဲ့ဥက္ကဌ စိုင်းဟန်က ထောက်ပြသည်။
လားရှိုးမြို့နေ ဒေသခံတဦးဖြစ်သူ နန်းချယ်ရီကလည်း ၎င်းတို့ ဒေသတွင် WY မူးယစ်ဆေးများကို ငွေကျပ် တထောင်ဖိုး ၃ ပြားနှုန်းဖြင့် ရရှိနေကြောင်း၊ သို့ဖြစ်ရာ ကျောင်းသားများပါ မူးယစ်ဆေးစွဲနေကြကြောင်း၊ ၎င်း၏သားငယ်ဖြစ်သူ ၁၀ တန်းကျောင်းသားကိုပင် ဆေးဖြတ်စခန်းပို့ရန် စီစဉ်နေရကြောင်း သိရသည်။
နန်းချယ်ရီက “အဓိကက ဒီဆေးလာတဲ့ပင်ရင်းတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူသင့်တာပါ။ အခုဖမ်းဆီးနေတာတွေက ပိုင်ရှင်မပေါ်တာနဲ့ ဖမ်းရင်လည်း မရှိဆင်းရဲသား လက်ခွဲလေးတွေပဲ မိတော့ မူးယစ်ဆေးက ပပျောက်ဖု့ိ ခက်နေမှာပါ။ ကျမကတော့ အရမ်းကို စိတ်ဆင်းရဲနေရပြီ”ဟု ပြောပြသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စစ်ဆင်ရေးအသွင်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် တနှစ်ထက် တနှစ် မူးယစ်ဆေးဝါး ပမာဏအများအပြား ပိုမိုတိုးမြှင့် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်က မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားတွင် ပြောကြားထားသည်။
ဘိန်းထုတ်လုပ်မှုကိုလည်း ၂၀၁၇ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းလျော့ချနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ၅.၃ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက ၂၀၁၇ခုနှစ်တွင် ၂၄၃၄ မှု၊ ၂၀၁၈ခုနှစ်တွင် ၂၈၈၆ မှုနှင့် ၂၀၁၉ ခုနှစ် အတွင်း ဇွန် ၂၅ ရက်နေ့အထိ အမှုပေါင်း ၈၆၀ ကျော် ဖမ်းဆီးအရေးယူခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC၏အစီရင်ခံစာတွင် ဖော်ပြထားသည်။