ဆောင်းပါး

အရှိန်တန့် သွားတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ

Want create site? Find Free WordPress Themes and plugins.

ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန်နှင့် တရုတ်ခေါင်းဆောင်များ စနေနေ့က သဘောတူခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခွန်သစ်များ ချမှတ်ခြင်းကို ဆိုင်းငံ့ခဲ့ကာ ဟွာဝေး နည်းပညာကုမ္ပဏီ၏ တင်ပို့မှုအပေါ် တင်းကျပ်ထားခြင်းကို လျှော့ပေးလိုက်သည်။

ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြီးဆုံးမည့်ရက်ကို သတ်မှတ်ထားခြင်း မရှိသောကြောင့်လည်း တရုတ်နိုင်ငံသည် ဖိအားအောက်မှ သိသိသာသာ လွတ်မြောက်သွားပြီး ၎င်းတို့ ရွေးချယ်သည့်အတိုင်း အနာဂတ် ဆွေးနွေးပွဲများကို ပြုလုပ်နိုင်သည့် အနေအထားဖြစ်သည်။

“ကျနော်တို့ အခွန်တွေကို ဆိုင်းငံ့ထားမယ်” ဟု ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ပြီးခဲ့သည့် စနေနေ့ ဂျပန်နိုင်ငံ အိုဆာကာ၌ ကျင်းပခဲ့သော G-20 အစည်းအဝေး တွေ့ဆုံဆွေးနွေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

သတင်းထောက်များကို တနာရီကျော်ကြာ ပြောကြားရာတွင် တရုတ်နိုင်ငံသို့ အလျှော့ပေးရခြင်း အကြောင်းရင်းနှင့် ပတ်သက်ပြီး ထရမ့်က ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိပေ။

အမေရိကန် ကုမ္ပဏီ ထုတ်ကုန်များကို ဟွာဝေးသို့ ဆက်လက်ရောင်းချခွင့် ပြုမည်ဟု ထရမ့်က ပြောကြားလိုက် သဖြင့် ဆန့်ကျင်ဘက် အပြောင်းအလဲ ဖြစ်နေသည်။ ထရမ့်အစိုးရသည် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်ရှိသော လုပ်ငန်းများ စာရင်းအရ အဆင့်မြင့် နည်းပညာ ထုတ်ကုန်များနှင့် ဆော့ဖ်ဝဲလ်များကို တရုတ်ကုမ္ပဏီ များသို့ ရောင်းချခွင့် ယခင်က ပိတ်ပင်ထားသည်။

“ကျနော်တို့က ဟွာဝေးကို သူတို့ထုတ်တဲ့ ပစ္စည်းတွေမှာ သုံးတဲ့ အစိတ်အပိုင်းတွေ အများကြီး ရောင်းခဲ့တယ်၊ ပို့ခဲ့တယ်။ ဒါ အဆင်ပြေတယ်လို့ ကျနော်ပြောခဲ့တယ်” ဟု ထရမ့်က ပြောသည်။ “အမေရိကန် ကုမ္ပဏီတွေမှာ ပြဿနာတွေ ရှိခဲ့တယ်” ဟု သူက ပြောသည်။ “ဒီကုမ္ပဏီတွေက ဟွာဝေးကို မရောင်းရလို့ လုံးဝကို စိတ်ပျက်နေကြတယ်” ဟု သူက ပြောသည်။

စနေနေ့က ထရမ့်-ရှီ အစည်းအဝေးသည် တနာရီကျော်သာ ကြာပြီး လွန်ခဲ့သော ၇ လက သူတို့နှစ်ဦး ဗျူနိုအေရီတွင် ၂ နာရီခွဲကြာ တွေ့ဆုံခဲ့သည်နှင့်စာလျှင် တိုတောင်းလှသည်။

မေလအစောပိုင်းက ဆွေးနွေးပွဲများ ပျက်သွားပြီးနောက် တိုးတက်မှုမရှိသလောက် ဖြစ်ကြောင်း သုတေသီများက သုံးသပ်ကြသည်။

တရုတ်နိုင်ငံက အပေးအယူ လုပ်ချင်နေကြောင်း ထရမ့်က အကြိမ်ကြိမ် ပြောခဲ့သည်။ နှစ်ဖက်တိုးတက်မှု မလုပ်နိုင်လျှင် တရုတ်ထုတ်ကုန် ဒေါ်လာ ၃၀၀ ဘီလျံဖိုးကို အခွန်ထပ်မံ ချမည်ဟု ထရမ့်က ခြိမ်းခြောက် သော်လည်း ရှီက တစုံတရာ ပြောကြားခြင်း မရှိပေ။

အိုဆာကာတွင် ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူသော်လည်း နောက်ဆုံးအချိန်က ကန့်သတ်ကာလ ရက် ၉၀ သတ်မှတ်သကဲ့သို့ အချိန်ကာလ ကန့်သတ်ခြင်း မရှိပေ။

ထရမ့်သည် အခွန် ထပ်မံကောက်မည့် အစီအစဉ်ကို သာမန်ဆိုင်းငံ့ရုံ မဟုတ်ဘဲ၊ အချိန် အကန့်အသတ်မရှိ ဆိုင်းငံ့ခြင်း ဖြစ်သည်။

“ကျနော် အလျင်စလို မလုပ်ပါဘူး” ဟု ထရမ့်က ပြောပြီး ကုန်သွယ်ရေး ဆွေးနွေးပွဲများ စောလျင်စွာ ကျင်းပရန် မလိုသည့် သဘော သူက ပြောသည်။

“ကျနော် မှန်ကန်တဲ့ သဘောတူညီမှုကိုပဲ လိုချင်တယ်” ဟု ထရမ့်က ဆိုသည်။

ဖိအား မရှိတော့သောကြောင့် တရုတ်နိုင်ငံသည် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို စောင့်ကြည်ပြီး နောက်တဆင့်ကို ဆုံးဖြတ်မည်ဖြစ်သည်။

မကြာသေးမီက ဖြစ်ရပ်များ၏ အချိန်ကာလကို ကြည့်ပါက တရုတ်နိုင်ငံသည် အမေရိကန် ရွေးကောက်ပွဲကို ဂရုတစိုက် စောင့်ကြည့်နေသည်။

“တရုတ်တွေက လူဆိုးတွေမဟုတ်ပါဘူး။ သူတို့တွေက ပြိုင်ဘက်မဟုတ်ဘူး” ဟု ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်က မေလ အစောပိုင်းက ပြောခဲ့ပြီး ရက်အတန်ကြာတွင် တရုတ်နိုင်ငံသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတိဗ်မာနူးရှင်းက ၉၀ ရာခိုင်နှုန်း အောင်မြင်ပြီးဖြစ်သည်ဟု ဆိုသော ထရမ့် အစိုးရနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲများမှ နောက်ပြန်ဆုတ် လိုက်သည်။

ရှေ့တွင် တိုက်ပွဲကြာရှည်မည်ကို သိသောကြောင့် တရုတ်က လယ်ယာထုတ်ကုန် ဝယ်ယူမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်ကိုလည်း ပိုမိုတင်းမာစွာ ဆုပ်ကိုင်ထားသည်။ မူလက အမေရိကန် လယ်ယာထုတ်ကုန်နှင့် စွမ်းအင် ဒေါ်လာ ၁.၂ ထရီလျံဖိုး ဝယ်ရန် သဘောတူသော်လည်း ယခုအခါ ဝယ်လိုအားအပေါ် အခြေခံသော ပျော့ပြောင်းသည့် သတ်မှတ်ချက်ကို တရုတ်နိုင်ငံက တောင်းဆိုသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

သမ္မတ ရွေးကောက်ပွဲမတိုင်မီ လျှင်မြန်သော အောင်မြင်မှုကို ထရမ့်လိုချင်ပါက တရုတ်နိုင်ငံကို ပြောင်းလဲရန် တွန်းအားပေးသည့် အားထုတ်မှုသည် ခရီးမရောက်ဘဲ ဖြစ်နိုင်သည်။

ကုန်သွယ်ရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းနိုင်ခြင်းလည်း မရှိသေးပေ။ အစိုးရ၏ ကြီးမားသော အကူအညီများဖြင့် တရုတ်နည်းပညာ ကုမ္ပဏီများကို အဆင့်မြှင့်တင်မည့် တရုတ်နိုင်ငံတွင် ကျင်းပမည် ဖြစ်သော ၂၀၂၅ အစီအစဉ်ကို ဝါရှင်တန်က ပြဿနာအဖြစ် မြင်သည်။

ထိုသို့ အစိုးရက အကူအညီပေးခြင်းသည် အမေရိကန် ပြိုင်ဘက်ကုမ္ပဏီများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည်ဟု ဆိုကာ အမေရိကန်ဘက်က ထိုအကူအညီကို အဆုံးသတ်ရန် တောင်းဆိုသည်။ တရုတ်နိုင်ငံဘက်က ငြင်းဆန်ပြီး ဗဟိုချုပ်ကိုင်သော အစိုးရ ဦးဆောင်သည့် စီးပွားရေးပုံစံကို ဆုပ်ကိုင်ရန် ရွေးချယ်သည်။

“ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စမှာနဲ့ အခွန်သစ်တွေ ဆိုင်းငံ့တာဟာ သတင်းကောင်းပဲ” ဟု အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူဟောင်းနှင့် Asia Society Policy Institute မှ ဒုတိယ ဥက္ကဋ္ဌ ဝင်ဒီ ကက်တလာက ပြောသည်။

“ဒါပေမယ့် ဒီလောက်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ပြီးပြီလို့တော့ ပြောလို့မရသေးဘူး။ စေ့စပ်ညှိနှိုင်းသူတွေ အနေနဲ့ လုပ်ကိုင်ရမယ့် ပြဿနာတွေ အများကြီးရှိသေးပြီး နှစ်ဖက်စလုံးက သူတို့ ရပ်တည်ချက်တွေကနေ ရွှေ့ပေးဖို့ အဆင်သင့် ရှိမရှိ ဆိုတာကို သေသေချာချာ မသိရဘူး” ဟု သူက ပြောသည်။

အထိအခိုက်များသော ကုန်သွယ်ရေးစစ်ပွဲသည် စီးပွားရေး နှစ်ခုစလုံးကို ထိခိုက်စေခဲ့သည်။ မေလက တရုတ်နိုင်ငံ၏ စက်မှုထုတ်ကုန်များသည် ၂၀၀၉ ခုနှစ် အကျပ်အတည်း နောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသည်။ ကုန်ထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်နှုန်းလည်း စံချိန်တင် ကျဆင်းသည်။

အမေရိကန်ဘက်တွင်လည်း ကုန်ထုတ်လုပ်သူများ၏ စီပွားရေး အညွှန်းကိန်းမှာ နှစ်နှစ်ခွဲအတွင်း (ထရမ့်သမ္မတ ဖြစ်လာပြီးနောက်) အဆိုးဆုံးသို့ ရောက်သွားသည်။

ထိခိုက်လွယ်သော ကုန်သွယ်ရေးစစ်ပွဲ အပစ်အခတ်ရပ်စဲမှုသည် ဆက်လက်တည်တံ့မည်ဟု ပြောရန် လွန်စွာ စောနေသေးသော်လည်း ယခု အမေရိကန်-တရုတ် ဆွေးနွေးပွဲတွင် အနိုင်ရသူများနှင့် ရှုံးနိမ့်သူများ လေ့လာချက်ကို အောက်တွင် ဖော်ပြထားသည်။

အနိုင်ရသူများ

တရုတ်နိုင်ငံသည် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေးတွင် အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်ထံမှ အလျှော့ပေးမှု တချို့ရရှိခဲ့သည်။ ဆွေးနွေးနေစဉ် တရုတ်ထုတ်ကုန် နောက်ထပ် ဘီလျံ ၃၀၀ ဖိုးကို အခွန်မကောက်တော့ရန် ထရမ့်က သဘောတူသည်။ ဟွာဝေးအပေါ် ကန့်သတ်ချက် တချို့ကိုလည်း ထရမ့်က ရုပ်သိမ်းသည်။ ဟွာဝေးသည် အမေရိကန်နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိလျှင် မှောင်မိုက်သော အနာဂတ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း အမေရိကန် လယ်ယာ ထုတ်ကုန်များကို ပြန်လည်ဝယ်ယူရန် သဘောတူသည်။ လယ်ယာ ထုတ်ကုန်များမှာ တရုတ်နိုင်ငံက လိုအပ်နေသော အရာများဖြစ်ပြီး ထိုသို့လုပ်ရန် ကမ်းလှမ်းနေသည်မှာ တနှစ်ကျော်ကြာပြီ ဖြစ်သည် (တရုတ်နိုင်ငံက မည်မျှဝယ်ယူမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ)။

အမေရိကန် လက်လီအရောင်းလုပ်ငန်းများ (Walmart, Target, Amazon … စသည်) တို့သည် သက်ပြင်း အကြီးအကျယ် ချနိုင်ခဲ့သည်။ စမတ်ဖုန်း၊ ကလေးသုံးပစ္စည်းနှင့် ရှူးဖိနပ်အပါအဝင် ကျန် တရုတ်ထုတ် သွင်းကုန် အားလုံးကို အခွန်ကောက်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့သည်။ သို့သော် ထိုအခွန်များ ယခုအခါ မရှိတော့ပေ။ ထိုအချက်သည် လက်လီ အရောင်းလုပ်ငန်းများ အတွက် ကြီးမားသော အောင်ပွဲဖြစ်သည်။ ၎င်းတို့သည် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာတွင် ကျရောက်သည့် အဓိက အားလပ်ရက် ဈေးဝယ်ကာလအတွက် ကုန်ပစ္စည်း အားလုံးနီးပါးကို တင်သွင်းနေရသော လုပ်ငန်းများဖြစ်သည်။

အမေရိကန် စားသုံးသူများလည်း နိုင်သည်။ ထရမ့်၏ လက်ရှိ အခွန်များသည် လူဦးရေ ၄ ဦး ရှိသော မိသားစုတခုကို တနှစ်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျစေသည်။ ကျန် တရုတ်ထုတ်ကုန်များကို အခွန် ကောက်ရန် ခြိမ်းခြောက်မှုကို ထရမ့်ဆက်လုပ်ခဲ့လျှင် ပုံမှန်မိသားစုတစုလျှင် ထိုငွေထက် ၂ ဆ (ဒေါ်လာ ၁၈၀၀ ကျော်) အထိ ကုန်ကျစေမည် ဖြစ်သည်။

ဟွာဝေးက အပျော်ဆုံးဖြစ်မည်။ ဟွာဝေးသည် ၎င်း၏နည်းပညာ ပစ္စည်းများကိုသုံးပြီး အမေရိကန်များကို ထောက်လှမ်းနေသည်ဟု အမေရိကန် အစိုးရက စွပ်စွဲသည်။ အမေရိကန် ကုမ္ပဏီများ ဟွာဝေးနှင့် စီးပွားရေး မလုပ်ရန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ပိတ်ပင်ထားသည်။ သို့သော် ထရမ့်က ယခုရက်သတ္တပတ်ကုန်တွင် ထိုပိတ်ပင်မှုကို ဖြေလျှော့သည်။ ထရမ့်သည် ထိုလုပ်ရပ်ကို သူ၏ အကြံပေးများနှင့် ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ်များကို ကျော်ကာ လုပ်ဆောင်သောကြောင့် ဟွာဝေးအတွက် မဟာအောင်ပွဲ ဖြစ်သည်။ ထရမ့်က ဟွာဝေးကို ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင် အစိတ်အပိုင်းအဖြစ် လက်ခံလိုကြောင်း ကိုလည်း ထိုလုပ်ရပ်က ပြသနေသည်။ တရုတ်ဘက်က ထိုအချက်ကို လိုလားသော်လည်း ဟွာဝေးနှင့် လုပ်ကိုင်ခြင်းသည် အမျိုးသား လုံခြုံရေး စိုးရိမ်ရသည်ဟု ဆိုကာ ထရမ့်၏ အကြံပေးများက ဟွာဝေးကို သီးခြား ထားလိုသည်။

ဝေါ့စထရိ ငွေကြေးဈေးကွက်လည်း နိုင်သည်။ ယခုလတွင် စတော့ဈေးကွက် တက်လာသည်။ ထရမ့်သည် ကုန်သွယ်ရေး ဆွေးနွေးပွဲ ပြန်စလိမ့်မည်ဟု ဝေါ့စထရိ ငွေကြေးဈေးကွက်မှ ရင်းနှီးမြှုပ်နှံသူများက လောင်းကြေးထပ်ပြီး ထိုအတိုင်း ဖြစ်လာခဲ့သည်။ ထရမ့်၏ ကုန်သွယ်ရေး စစ်ပွဲကြောင့် ထိခိုက်လာပါက လိုအပ်လျှင် အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း လျှော့မည့် အရိပ်လက္ခဏာကိုလည်း ရင်းနှီးမြှုပ်နှံသူများက ကြိုဆိုကြသည်။

အရှုံးသမားများ

ထရမ့် အစိုးရအတွင်းရှိ တရုတ်မုန်းတီးရေး သမားများ ရှုံးသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် အမျိုးသား လုံခြုံရေးသည် အမေရိကန် နိုင်ငံကို စိန်ခေါ်နေသည် ဆိုသည့် တရုတ်သြဇာ တက်လာသည်ကို ပူပန်သူများက ယခုကိစ္စကို သဘောကျမည် မဟုတ်ပေ။ ထိုသူများတွင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုလည်း ပါဝင်သည်။ သူသည် အမုန်းတရားကို သွေးထိုးပေးသူအဖြစ် တရုတ်မီဒီယာများက ဖော်ပြကြသည်။ သူသည် တရုတ်နိုင်ငံကို ပြင်းထန်စွာ အရေးယူရေးအား အဓိက ဦးဆောင်သူ ဖြစ်သည်။ အခြားတဦးမှာ တရုတ်ကြောင့် သေဆုံးရခြင်း စာအုပ်ကို ရေးသားသူ အကြံပေး ပီတနာဗာရို ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ထရမ့်က တရုတ်နိုင်ငံအပေါ် သူ၏ အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်နိုင်သည့် တရုတ်ထုတ်ကုန် အားလုံး အခွန်မြှင့်တင်ရေးကို စွန့်လွှွတ်ရန် သဘောတူခဲ့သည့် စားပွဲဝိုင်းတွင် သူကိုယ်တိုင်ဝင်ပြီး ကြည့်နေရသည်။
ကွန်ဂရက်မှ တရုတ် မုန်းတီးရေးသမားများလည်း ရှုံးသည်။ အထက်လွှတ်တော် အမတ် မာကိုရူဘီရို (ရီ-ဖလော်ရီဒါ) နှင့် အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ချားလ် အီးရှူးမား (ဒီ-နယူးယောက်) အပါအဝင် နှစ်ဖက်စလုံးမှ လွှတ်တော် ကိုယ်စားလှယ်များက ကုန်သွယ်ရေး ဆွေးနွေးပွဲများတွင်၊ အထူးသဖြင့် ဟွာဝေးနှင့် ပတ်သက်လျှင် ထရမ့် အားနည်းချက် ပြသလာသည်ကို စိုးရိမ်ကြသည်။ ကုန်သွယ်ရေး ဆွေးနွေးပွဲများ၏ အစိတ်အပိုင်းအဖြစ် ထရမ့်က ဟွာဝေးအပေါ် ကန့်သတ်ချက်များ ဖြေလျှော့သည့် ဆုံးဖြတ်ချက်ကို ဝေဖန်ကြမည်မှာ သေချာသည်။

၂၀၂၀ ဒီမိုကရက်များလည်း ရှုံးသည်။ ဒီမိုကရက်တစ် သမ္မတလောင်း များသည် ကုန်သွယ်ရေးနှင့် ပတ်သက်လျှင် ထရမ့်နောက် လိုက်ရန် ရုန်းကန်နေကြရသည်။ ထရမ့်၏ အခွန်များသည် အမေရိကန်များအတွက် ဈေးနှုန်းများ မြင့်စေသောကြောင့် ထိုနည်းသည် တရုတ်ကို ရင်ဆိုင်ရာတွင် မှားယွင်းသော လုပ်ရပ်ဖြစ်သည်ဟူသည့် စကားသည် ဒီမိုကရက် သမ္မတလောင်းများ အတွက် အကောင်းဆုံး တိုက်ခိုက်ရေး လမ်းကြောင်း ဖြစ်သည်။ ထိုစကားကို လွန်ခဲ့သော ကြာသပတေးနေ့ကပင် ပိ ဘွတ်တီဂျပ်က ပြောခဲ့သေးသည်။ သို့သော် တရုတ် နိုင်ငံအပေါ် အခွန်အကြီးအကျယ် မချရန် ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် စားသုံးသူများအတွက် ထိခိုက်မှု သက်သာစေသည်။

အနိုင်အရှုံး မရှင်းလင်းသူများ

ထရမ့် ကိုယ်တိုင် နိုင်လား ရှုံးလား မသိပါ။ သူသည် ဆွေးနွေးပွဲများ ပြန်စအောင် လုပ်နိုင်ခဲ့သည်။ ထိုသို့ လုပ်ကိုင်ခြင်းသည် ဈေးကွက်ကို အကျိုးပြုပြီး ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ မတိုင်မီအထိ စီးပွားရေး ကောင်းစေရန် အလားအလာရှိသည်။ သို့သော် ထိုသို့လုပ်ရန် ထရမ့်သည် တရုတ်နိုင်ငံကို များစွာ အလျှော့ပေးခဲ့ရသည်။ သူသည် တရုတ်နိုင်ငံကို အခွန်အကြီးအကျယ် ကောက်ရန် ခြိမ်းခြောက်မှုကို စွန့်လွှတ်ခဲ့ရသည်။ ကမ္ဘာတဝှမ်း ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြန်လည် စတင်သောအခါ ထိုခြိမ်းခြောက်မှုကို တရုတ်၊ ဥရောပသမဂ္ဂနှင့် အခြား အင်အားကြီး နိုင်ငံများက မေ့ကြမည်မဟုတ်ပေ။ ရှီ ထံမှ အဓိက အလျှော့ပေးမှုများ ရရန် ထရမ့်သည် တရုတ်နိုင်ငံနှင့် သဘောတူညီမှု ရနိုင်သည်။ ယခုတကြိမ်တွင်မူ ထရမ့်သည် တရုတ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရန် လွန်စွာ စိတ်အားထက်သန်နေသည်။

အမေရိကန် တရုတ် ဆက်ဆံရေး တွင်လည်း အရှုံးအနိုင် မရေရာပါ။ တရုတ်နိုင်ငံနှင့် ညှိနှိုင်းသည့် ထရမ့်၏ နည်းလမ်းကို တချို့က အပြင်းအထန် ဝေဖန်နေသည့် တချိန်တည်းတွင် တရုတ်နိုင်ငံသည် ၎င်း၏ စီးပွားရေးကို ပြုပြင် ပြောင်းလဲရန် လိုပြီး ပြည်ပ စီးပွားရေး လုပ်ငန်းများအတွင်း ညီမျှသော ယှဉ်ပြိုင်မှု ဖြစ်စေရန် လုပ်သင့်သည် ဟူသည့် အချက်ကို ကျယ်ပြန့်စွာ သဘောတူညီနေသူများလည်း ရှိနေသည်။ ယခု ထရမ့်ဘက်က အလျှော့ပေး လိုက်ခြင်းကြောင့် ထရုတ်နိုင်ငံက ထိုအချက်များကို ပြင်မည်၊ မပြင်မည်ကို ရှင်းရှင်းလင်းလင်း မသိရတော့ပေ။

ကိုးကား။ ။ Nikkei Asian Review, Washington Post

ဆက်စပ်ဖတ်ရှုရန်

အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီ 

တရုတ်ဥပဒေ ရာနှင့်ချီ၍ ပြောင်းလဲရေး အမေရိကန် တောင်းဆို 

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှေ့တောင်အာရှသို့ ရောက်လာ 

Did you find apk for android? You can find new Free Android Games and apps.
Loading