ဆောင်းပါး

သွေးထွက်များလာနေသော ရခိုင်စစ်ပွဲ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ပြည်နယ်မှ အရှိန်အဟုန်မြင့်မားလာသည့် ပဋိပက္ခသည် ယခုနှစ်ဦးတွင် စတင်ချိန်မှ စပြီး သတင်းဖေါ်ပြခြင်း မပြုနိုင်ရန် တင်းကျပ်စွာ ပိတ်ပင်ထားခံရပြီး နိုင်ငံတကာအသိုင်းအဝန်း၏ လေ့လာစောင့်ကြည့်မှုအဆင့်သို့ ရောက်ရှိလာခြင်း မရှိပေ။

သို့သော် မီဒီယာ ပိတ်ပင်မှု တံတိုင်းကို ထိုးဖေါက်ထွက်လာသော မကြာသေးမီက ဖြစ်ရပ်နှစ်ခုဖြစ်သည့် အစိုးရက အင်တာနက်ဖြတ်တောက်ခြင်းနှင့် ပြည်နယ်မြို့တော် စစ်တွေမြို့စွန်တွင် AA က ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းသည် လုံခြုံရေးအကျပ်အတည်းကို မီးမောင်းထိုးပြလိုက်သည်။

နယ်မြေခံလူထု၏ ထောက်ခံမှုရပြီး ကောင်းစွာလေ့ကျင့် လက်နက်တပ်ဆင်ထားသည့် ရခိုင်အမျိုးသားရေးဝါဒီ AA နှင့် မြန်မာ့တပ်မတော်အကြား လက်နက်ကိုင် ပဋိပက္ခသည် ပြင်းထန်သော ထိခိုက်ကျဆုံးမှုများဖြစ်စေပြီး ယခင်က နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်မှ အခြားတိုင်းရင်းသားလက်နက်ကိုင်များကို တပ်မတော်က ဆုတ်ချီတလှည့် တက်ချီတခါ စစ်ဆင်ရေးများနှင့်လည်း ပုံသဏ္ဍာန် ကွဲပြားလာသည်။

စစ်ဆင်ရေး နယ်ပယ် လွန်စွာ ကျဉ်းမြောင်းလှသော်လည်း မြန်မာနိုင်ငံမှ ရခိုင်စစ်ပွဲသည် နိုင်ငံ၏ ပင်မလမ်းကြောင်းကို မထိခိုက်လျှင် ကံကောင်းသည်ဟု ဆိုရမည့် လူမှုစီးပွားရေးနှင့် နိုင်ငံရေးတွင် ပေးဆပ်ရမည်ကို ပုံသေတွက်မရသည့် စစ်ရေးပြဿနာဖြစ်လာသည်။ ရခိုင်စစ်ပွဲသည် ကျယ်ပြန့်သော လူမှုနှင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမည်၊ မဖြစ်လာမည်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုလုံးကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားသောကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အင်တာနက်လိုင်းများ ရုတ်တရက်ဖြတ်တောက်လိုက်ခြင်းသည် ပဋိပက္ခအရှိန်မြင့်မားလာခြင်းအပေါ် အစိုးရနှင့် တပ်မတော်၏ စိုးရိမ်ပူပန်မှုကို ဖေါ်ပြနေသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ ယန်ဟိလီအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ကြသော်လည်း အစိုးရအရာရှိများက ထိုလုပ်ရပ်သည် ဒေသခံရခိုင်တိုင်းရင်းသားများနှင့် နိုင်ငံတွင်ကြီးစိုးနေသည့် ဗမာတိုင်းရင်းသားအသိုင်းအဝန်းကို ပိုမိုသွေးကွဲစေသည်ဟု ဆိုကြသည့် အဆိပ်ပြင်းသော အွန်လိုင်း လူမျိုးရေး အမုန်းစကားကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အကြောင်းပြကြသည်။

အရောင်ပြ အဖွဲ့အစည်း အများအပြားရှိပြီး ဝါဒဖြန့်ချိမှုချောမွေ့ကာ လူမှုကွန်ရက်အသုံးချမှု ကျွမ်းကျင်သည်ဟု ကျော်ကြားသည့် AA က လူမျိုးစုအခြေခံ လူမျိုးရေးမုန်းတီးမှု မည်မျှလှုံ့ဆော်သည်ကို ရှင်းရှင်းလင်းလင်း မသိရသကဲ့သို့ အရှိန်မြင့်လာသည့် ပုန်ကန်မှုနှိမ်နင်းရေး စစ်ဆင်မှုများနှင့် ၎င်းတို့နှင့်ပူးတွဲပါ အလွန်အကျွံလုပ်ရပ်များကြောင့် မုန်းတီးမှု မည်မျှဖြစ်စေသည်ကိုလည်း မသိရပေ။ အရှိတရားမှာ ထိုအချက်နှစ်ချက်လုံး ရောနှောနေသော အခြေအနေဖြစ်သည်မှာ သေချာသည်။

သို့သော် စစ်ဖက်လုံခြုံရေးပြဿနာများ၊ AA တပ်ဖွဲ့ဝင်များနှင့် ဒေသခံထောက်ခံသူများက ဆိုရှယ် မီဒီယာ အပလီကေးရှင်းများအား ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးကိရိယာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ရာတွင် သုံးခြင်းတို့ကြောင့် အင်တာနက် ပိတ်ပင်မှု ပေါ်ပေါက်လာသည်ကိုလည်း သံသယရှိရန် မလိုပေ။

ထိုအချက်နှစ်ချက်အနက် မည်သည့်အချက်ကြောင့်ဖြစ်စေ ရလဒ်မှာ ပင်မမီဒီယာများ သို့မဟုတ် လူမှုကွန်ရက်မီဒီယာများ လက်လှမ်းမမီတော့ဘဲ တပ်မတော်ထဲမှ ဉာဉ်အဆိုးဆုံးများ အထိန်းအကွပ်မဲ့ လှုပ်ရှားနေနိုင်ဖွယ် အခြေအနေကို ကျော်လွန်သော သတင်းအချက်အလက် ကင်းမဲ့မှု လေဟာနယ် တွင်းနက်ကြီးတခု ပေါ်ပေါက်လာခြင်းပင်။

စစ်တွေတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုသည် ဇွန်လ ၂၂ ရက်နေ့အစောပိုင်းက ဖြစ်ပွားခဲ့ပြီး AA တိုက်ခိုက်ရေးသမားများသည် တရုတ်နိုင်ငံလုပ် ၁၀၇ မမ မြေပြင်မှမြေပြင်ပစ် ဒုံးကျည် အနည်းဆုံး ၃ ခုကို မြို့လယ်မှ ၆ ကီလိုမီတာခန့်အကွာ ကုလားတန်မြစ်ရှိ ရေတပ်ဆိပ်ကမ်းသို့ ပစ်ခတ်ခဲ့သည်။ ဒုံးကျည်တခုက ရေတပ်သင်္ဘောကို ထိပြီး တပ်ဖွဲ့ဝင် ၂ ဦးသေကာ တဦးဒဏ်ရာရသည်။

လွန်ခဲ့သောနှစ် ဖေဖေါ်ဝါရီလကလည်း စစ်တွေတွင် လက်လုပ်မိုင်း (IED ) သုံလုံး ချိန်ကိုက်ဖေါက်ခွဲမှု ဖြစ်ပွားခဲ့သေးသည်။ တလုံးကို အစိုးရရုံးများပြင်ပတွင် ချထားပြီး နံနက် ၄ နာရီ ၃၀ မိနစ်တွင် ပေါက်ကွဲစေရန် စီမံထားပြီး ထိုမိုင်းများသည် လူအသေအပျောက်ဖြစ်စေရန် ရည်ရွယ်ခြင်း မရှိကြောင်းမှာ ထင်ရှားလှသည်။ ယခု နောက်ဆုံးတိုက်ခိုက်မှုတွင်မူ စစ်ဖက်အဆောက်အအုံတခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ယခင်ကဲ့သို့သောအဆင့် မဟုတ်တော့ဘဲ ပြည်နယ်မြို့တော်အစပ်တွင် လှုပ်ရှားနိုင်သော AA ၏ စွမ်းဆောင်ရည်သစ်ကိုလည်း ပြသနေသည်။

ထို့အပြင် AA သည် ၁၀၇ မမ ဒုံးကျည်မျာ းသုံးနိုင်ကြောင်းလည်း ထင်ရှားသည်။ နိုင်ငံတွင် လက်နက်တပ်ဆင်မှု အကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံမှ ဝယ်ယူထားခြင်းဖြစ်ပုံရသော ထိုဒုံးကျည်များကို AA ၏ တိုင်းရင်းသား မဟာမိတ်များဖြစ်သော ကချင်၊ ကိုးကန့်နှင့် တအောင်းန်အဖွဲများက သုံးကြသော်လည်း ယခုလောက် ထိရောက်မှု မရှိပေ။

၈ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး အများအားဖြင့် တိကျမှု မရှိသော ထိုဒုံးကျည်များကို ထုံးစံအားဖြင့် ပစ်မှတ်နေရာကို အဝေးမှ ပစ်ခတ်ပြီး စစ်တွေတွင်ကဲ့သို့ အတွဲလိုက် တပြိုင်နက် ပစ်သည်။ AA သည် ထိုတိုက်ခိုက်မှုကို မြစ်၀ တဖက် ၂ သို့မဟုတ် ၃ ကီလိုမီတာအကွာမှ ပစ်ကြောင်း ဓာတ်ပုံများအရ သိရသည်။

မိုးရာသီရောက်လာသောကြောင့် စစ်တွေတိုက်ခိုက်မှုသည် ပထမနှစ်ဝက်အတွင်း သိသိသာသာ ပဋိပက္ခမြင့်မားလာကြောင်း ပြသနေသည်။ ဇန်နဝါရီလအစောပိုင်းမှ စတင်ပြီး AA သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဘူးသီးတောင်ရှိ ရဲစခန်းလေးခုကို ဝင်တိုက်ပြီး ပုန်ကန်မှု စတင်ခဲ့သည်။ လက်နက်ကိုင် ပဋိပက္ခသည် ကျယ်ပြန့်သော အဆင့် ၃ ဆင့်ဖြင့် ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလများတွင် တပ်မတော်သည် AA ကိုချေမှုန်းရန် ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရ၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်အတွင်းအခြေစိုက်ထားပြီးဖြစ်သော တပ်များကို အင်အားဖြည့်တင်းသည်။

ခန့်မှန်းခြေ ၈၀၀၀ မှ တသောင်းအထိ ရှိသောတပ်များကို လေကြောင်းမှပို့ဆောင်ပြီး ထရပ်ကားများဖြင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်တွင်ချထားလိုက်သည်။ ထိုတပ်များ၏အများစုမှာ ဗဟိုမှချုပ်ကိုင်သည့် ရွေ့လျှားခြေလျှင်တပ်များဖြစ်သည်။

တပ်သစ်များရောက်လာပြီးသောအခါ တပ်မတော်သည် AA တပ်များ အခိုင်အမာခြေကုပ်ယူထားသည့် ဘူသီးတောင်နှင့်ရသေ့တောင်မြို့နယ်များတွင်သာ အသေးစားတန်ပြန်ထိုးစစ်များ ဆင်နွဲသည်။ နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ဘက်ရှိ AA ၏ စုစုပေါင်း ခန့်မှန်းခြေ တိုက်ခိုက်ရေး အင်အား ၆၀၀၀ ခန့်ရှိနိုင်သည်။

အနီးရှိ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များအထိ ပျံ့နှံ့လာသော တပ်မတော် ထိုးစစ်၏ ရည်ရွယ်ချက်မှာ AA အင်အားစုစည်းမှုကို ဖြိုခွဲရေးနှင့် ပြေပြန့်နှင့် ထိစပ်နေသည့် တောတောင်များမှ AA စခန်းများ၊ လေ့ကျင့်ရေးစခန်းများ၊ လက်နက်သိုက်များကို ရှင်းလင်းရန်ဖြစ်သည်။

တချိန်တည်းတွင် တပ်မတော်သည် မြို့ပြဒေသများအနီးတွင် ခံတပ်သစ်များ၊ အမြောက်အခြေစိုက်စခန်းများ တည်ထောင်ပြီး ပတ်ဝန်းကျင်ကျေးလက်ကို စိုးမိုးရန်နှင့် ခြေလျှင်တပ်စစ်ဆင်ရေးများကို အထောက်အကူပြုရန် ကြိုးစားသည်။

၂၀၁၅ ခုနှစ်က နိုင်ငံအရှေ့မြောက်ပိုင်းကိုးကန့်ဒေသ တိုက်ပွဲများတွင် အစမ်းသပ်ခံပြီးနောက် အခြေစိုက်စခန်းများကို တံမြက်စည်းလှဲသလို ဗုံးကြဲခြင်းသည် ဗီယက်နမ်စစ်ပွဲအတွင် အမေရိကန် နည်းဗျူဟာကို လွန်စွာ အမှတ်ရစရာဖြစ်နေသည်။ ဗီယက်နမ်တွင်ကဲ့သို့ပင် ရခိုင်ပြည်နယ်တွင်လည်း အမြောက်ကြီးများဖြင့်ပစ်ခတ်မှုသည် အများအားဖြင့် နှောင့်ယှက်ဟန့်တား ပစ်ခတ်ခြင်း (H&I) ဖြစ်ပြီး မမြင်ရသော ရန်သူကို ဟန်ချက်ပျက်အောင် ပုံမှန် ရမ်းသမ်းပစ်ကြသည်။ သို့သော် တခါတရံတွင် ကျေးရွာများနှင့် အရပ်သားများကို ထိခိုက်စေသည်။

စစ်ပွဲ၏ ဒုတိယဆင့်မှာ မတ်လမှ ဧပြီလအထိဖြစ်ပြီး AA က လက်ဦးမှုပြန်လည်ရရှိပြီး ရခိုင်မြောက်ပိုင်း မြေပြန့်ဒေသများကို အပြင်းအထန်တိုက်သည်။

ထိုအချိန်မတိုင်မီ တပ်မတော်ကပြုလုပ်သည့် ရှာဖွေရှင်းလင်းမှုများ မအောင်မြင်သည့် သဘောသက်ရောက်နေပြီး စစ်ဆင်ရေးအချို့တွင် ရန်ကုန်-စစ်တွေလမ်းပေါ်တွင် ယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်ခြင်းနှင့် ရာနှင့်ချီသော AA  တပ်ဖွဲ့ဝင်များက အခိုင်အမာစခန်းများကို ထိပ်တိုက် တိုက်ခိုက်သည်။

မတ်လ ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အဝေးပြေးလမ်းတွင် ရဲစခန်းတခုကို AA တိုက်ခိုက်မှုတခုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသည်။ ထိုတိုက်ခိုက်မှုသည် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်အကြားတွင် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေစဉ် ပေါ်ပေါက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲများတွင် တပ်မတော်၏ အင်အားဖြည့်တင်းမှုကို AA ကဘေးမှ ဝင်တိုက်သောကြောင့် တပ်မတော်တပ်မှူးများသည် ရုရှားလုပ် Yak-130 မြေပြင်တိုက်ခိုက်ရေး ဂျက်လေယာဉ်သစ်များဖြင့် အနီးကပ် ပစ်ကူတောင်းရသည်။

ရဲစခန်းတိုက်ခိုက်ခံရသည့် တရက်တည်းတွင် AA တပ်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဘူးသီးတောင်ရှိ  တပ်မတော်၏ စစ်ဗျူဟာဌာနချုပ်ကို ဝင်တိုက်ကာ ထိုခံတပ်တခုလုံးကို ရှင်းလင်းလိုက်သည်ဟု သတင်းများက ဆိုသည်။

အဝေးပြေးလမ်းမှ အပြင်းထန်ဆုံး ခြုံခိုတိုက်ခိုက်မှုများတွင် မတ်လ ၁၈ ရက်နေ့က ကျောက်တော်ရှိ မဟာမုနိဘုရားအနီးတွင် တပ်မတော်ယာဉ်တန်းကို တိုက်ခိုက်မှုပါဝင်သည်။ လက်နက်ငယ်များ၊ အာပီဂျီ ဗုံးပစ်လောင်ချာများဖြင့် အနီးကပ်တိုက်ခိုက်မှုကြောင့် တပ်မတော်မှ ၂၀ ဦးသေဆုံးကြောင်း ဒေသခံများပြောသည်။

ထိုခြုံခိုတိုက်ခိုက်မှုကြောင့် ထိုညနေတွင် ဒေါသထွက်နေသော တပ်မတော်သားများက အရေးပါသည့် ခရီးသွားလုပ်ငန်းမြို့ဖြစ်သည့် မြောက်ဦးသို့ ဝင်ရောက်ကာ အဆောက်အအုံများနှင့် အရပ်သားများကို သိမ်းကြုံးပစ်ခတ်ကာ လူအနည်းဆုံး ၆ ဦး ဒဏ်ရာရသည်။

ထိုဖြစ်ရပ်ဖြစ်ပွားချိန်တွင် မြောက်ဦးသို့ရောက်နေသည့် ဧရာဝတီသတင်းဌာနမှ သတင်းထောက်တဦးက အဖြစ်အပျက်များကို နောက်ပိုင်းတွင် သတင်းတင်ပြခဲ့ခြင်းကြောင့် အများပြည်သူသိရှိလာသည်။ AA တိုက်ခိုက်ရေးသမားများ မြို့တွင်းသို့ စိမ့်ဝင်နေသောကြောင့် ပစ်ခတ်သည်ဟု နောက်ပိုင်းတွင် တပ်မတော်ကပြောသည်။ မြောက်ဦးသို့ စိမ့်ဝင်သည်ဟူသော စွပ်စွဲချက်ကို AA က ငြင်းဆန်သည်။

မြောက်ဦးတွင် အမြောက်ပစ်စခန်းအဖြစ်သုံးနေသော ရဲတပ်ဖွဲ့စခန်းတခုနှင့် မြို့ပြင်ရှိအခြား စစ်စခန်းတခုကို AA က ဧပြီလ ၉ ရက်နေ့တွင် ချိန်ကိုက်တိုက်ခိုက်သည်။ ထိုတိုက်ခိုက်မှုများတွင်လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ၂၀ ခန့် ကျသည်။

ဧပြီလလယ်မှ ဇွန်လအထိကာလသည် ပဋိပက္ခ၏ တတိယအဆင့်ဖြစ်ပြီး တပ်မတော်က မြေပြန့်ဒေသကို ထိန်းချုပ်ရန် အားစိုက်လုပ်ကိုင်ပြီး တိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်သောကြောင့် AA ဖက်မှ အဓိက စစ်ဆင်ရေးများ နည်းလာသည်။

ဖေဖေါ်ဝါရီလခန့်က စတင်ခဲ့သော ထိုဖြစ်စဉ်တွင် ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းနှင့် AA နှင့် အဆက်အသွယ်ရှိသည်ဟု ယူဆသော အမျိုးသားများနှင့် လူငယ်များကို အစုလိုက်ဖမ်းဆီးခြင်းတို့ကို အားထားသည်။ ကျောက်တော်တွင် အစိုးရအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခန့်အပ်သော ကျေးရွာလူကြီးများကို ဖမ်းဆီးမှုများကြောင့် ထိုရာထူးမှ လူများ အုပ်စုလိုက်နုတ်ထွက်ကြသည်ဟု ဆိုသည်။

တိုက်ပွဲများပြင်းထန်ခြင်းနှင့် တပ်မတော်က လူ့အခွင့်အရေးချိုးဖေါက်ခြင်းများကြောင့် စစ်ဘေးရှောင် (IDP) အရေအတွက်မှာ ယခုအခါ ၄၀၀၀၀ ခန့်ရှိနေပြီး မြောက်ဦး၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စုစည်းနေသည်။

နှစ်ဖက်အကျအဆုံးလည်း လွန်စွာမြင့်မားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ယခုနှစ်ဇွန်လ ၈ ရက်အတွင်းဖြစ်ပွားသော ထိတွေ့မှု ၅၀၀ ခန့်တွင် တပ်မတော်ဖက်က လူ ၁၁၀၀ ကျော် ကျဆုံးသည်ဟု AA ကပြောသည်။ ထိုထိတွေ့မှုများအနက် ၂၃၇ ခုသည် နာရီဝက်မှ သုံးရက်အထိ ကြာသည့်တိုက်ပွဲများဖြစ်သည်။

ထိုအကျအဆုံးစာရင်းကို ဝါဒဖြန့်ချိရန် AA ချဲ့ကားကြေညာသည်ဟု ၎င်းတို့၏အသေအပျောက်ကို ထုတ်ပြန်လေ့မရှိသည့် တပ်မတော်က ပယ်ချသည်။ သို့သော် ဇန်နဝါရီလမှ မေလအတွင်း တပ်မတော်ဖက်က အနည်းဆုံး ၄၀၀ သေဆုံးပြီး AA ဖက်က ၁၀၀ ကျော်သေဆုံးကြောင်း ထိုပဋိပက္ခကို စောင့်ကြည့်နေသည့် Asia Times နှင့် ဆွေးနွေးခဲ့သော နိုင်ငံခြား ထောက်လှမ်းရေးအရာရှိတဦးက ပြောသည်။

တပ်မတော်အကျအဆုံးမြင့်မားခြင်းကြောင့် မြန်မာပြည်မတွင် လူထုအမြင်အပေါ်နိုင်ငံရေးအရ ရိုက်ခတ်မှုကို ထူးထူးခြားခြားမခံစားရပေ။ စီစဉ်မှုမရှိဘဲ ငြိမ်းချမ်းရေးလှုပ်ရှားမှုများပေါ်လာပြီး မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေမရှိခြင်းနှင့် ကျောင်းသားများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများကို တင်းကျပ်စွာစောင့်ကြည့်သောကြောင့် ထိုကဲ့သို့သော ကိစ္စမျိုးကို အချိန်တိုအတွင်း လုပ်ဆောင်ရန်မဖြစ်နိုင်ပေ။

ပဋိပက္ခစတင်ပြီး ၆ လအတွင်း ပိုမိုများပြားလာသော လူငယ်စစ်အရာရှိများသည် AA လက်ဖြောင့်တပ်သားများ၏ သားကောင်များဖြစ်လာသည်မှာ လက်ခံရန်ခက်သည့် ပကတိအခြေအနေဖြစ်သည်။ ထိုအချက်သည် လူမှုကွန်ရက်တွင် အာရုံစိုက်ခံလာရသော အချက်ဖြစ်သည်။ ပြင်းထန်လာသော ပဋိပက္ခနှင့် လူသားဒုက္ခများအပြင် ရခိုင်စစ်ပွဲသည် မြန်မာနိုင်ငံပဋိပက္ခများရှိ အခြားစစ်မျက်နှာများနှင့်မတူသော ခြိမ်းခြောက်မှုများကို ဖြစ်စေသည်။

တပ်မတော်အတွင်း ရခိုင်တိုင်းရင်းသား အများအပြားရှိနေခြင်းကြောင့်လည်း လူမျိုးသွေးကွဲမှုကြီးထွားလာသောအခါ မြင်သာသော လုံခြုံရေးခြိမ်းခြောက်မှုဖြစ်လာသည်။ ဇန်နဝါရီလမှစတင်ပြီး  ဒေသပြင်ပမှ ခြေလျှင်တပ်အများအပြားကို ချထားခြင်း ရခိုင်တိုင်းရင်းသား အများအပြားပါသော ရခိုင်ပြည်နယ်မှ တပ်များအပေါ် အားကိုးရခြင်းနှင့်ပတ်သက်သော ပူပန်မှုပြသနေသည်ဟု သုတေသီအချို့က ခန့်မှန်းကြသည်။

မှတ်သားစရာကောင်းသည်မှာ ဇန်နဝါရီလမှစတင်ပြီး ရခိုင်စစ်မျက်နှာတွင်ချထားသည့် တပ်များတွင် တပ်မတော် ခြေမြန်တပ်မ ၁၀ ခုအနက်မှ ၅ ခုနှင့် အခြား ၃ ခုမှ အချို့ပါဝင်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်း တခုတည်းကို ထိုမျှများပြားသည့် တပ်များဖြင့် အန္တရာယ်ကို စွန့်စား ထိုးစစ်ဆင်ခြင်းသည် မကြုံစဖူး အခြေအနေဖြစ်သည်။ တိုက်ခိုက်မှုများ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားသောအခါ တပ်မတော်က နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ စစ်တိုင်း ၅ ခုတွင် တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းဖြင့် ထိုအန္တရာယ်ကို ချိန်ညှိသည်။

AA ၏ စစ်ဆင်ရေးအဓိကဒေသသည် တရုတ်-မြန်မာစီးပွားရေးစြင်္ကန် – CMEC နှင့် ထိုစြင်္ကန်၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မြို့ကြီးများနှင့်လည်း နီးကပ်နေသည်။ ဧပြီလက အစိုးရအရာရှိတဦး၏နေအိမ်ပြင်ပတွင် ထောင်ထားသည့် လက်လုပ်မိုင်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့သော်လည်း AA အနေဖြင့် CMEC နှင့်ပတ်သက်သော အဆောက်အအုံများကို ပစ်မှတ်မထားဟု မယူဆနိုင်ပေ။

ထိုသို့ဆိုသောကြောင့် AA သည် ၎င်းတို့၏ဌာနချုပ်နှင့် စစ်ဆင်ရေးနယ်မြေကို တရုတ်နယ်စပ် မဟာမိတ် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အရိပ်အာဝါသနှင့် ဌာနချုပ် လိုင်ဇာမှ ပြောင်းရွှေ့နေသည်မှာလည်း ထင်ရှားနေသည်။

ထိုသို့ပြောင်းရွှေ့ခြင်းကြောင့် AA သည် တရုတ်သြဇာနှင့် ဖိအား မှကင်းလွတ်လာပြီး CMEC မှ ရေနက်ဆိပ်ကမ်းနှင့်နီးကပ်သော ၎င်းတို့စစ်ဆင်ရေးနယ်မြေကြောင့် AA အတွက် အရေးပါသောအနေအထားကို ဖြစ်စေသည်။

မြန်မာနိုင်ငံမြို့ကြီးများ အထူးသဖြင့် ရန်ကုန်မှ စက်ရုံများမှ AA လိုလားသည့် အဝေးရောက် ရခိုင်တိုင်းရင်းသားများသည်လည်း အလားတူလုပ်ဆောင်နိုင်သည်။ AA ကထိုသူများကို အတွင်းလူအဖြစ်သုံးပြီး မြို့ပြများတွင် ဖေါက်ခွဲမှုများပြုလုပ်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကို ထိခိုက်မည်ဖြစ်သည်။

ပြည်တွင်းစစ်ဆယ်စုနှစ်များစွာအတွင်း  မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အဓိကမြို့ကြီးများတွင် တိုက်ခိုက်မှုကိုရှောင်ရှားသည်။ ယခု အမျိုးသားဇာတ်ခုံပေါ်ရောက်လာသော ဆုံးဖြတ်ချက်ပြတ်သားသည့် AA က ထိုရေးသားထားခြင်း မရှိသော စည်းမျဉ်းကို လိုက်နာမည် မလိုက်နာမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

မြန်မာနိုင်ငံတခုလုံး တည်ငြိမ်ရေးအပေါ် ရှည်ကြာသော ပဋိပက္ခတခုက သက်ရောက်မည်မှာ သံသယရှိရန် မလိုပါ။

( Asia Times ပါ Anthony Davis ၏ Why Myanmar is losing the Rakhine war ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

ဆိုင်ကလုန်း မုန်တိုင်းက ရခိုင်စစ်ပွဲကို ရပ်နိုင်မလား

ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ

မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရ မိုင်းလားတွင် တွေ့ဆုံ

ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍ အပစ်ရပ် ၂ လ တိုးဟု တပ်မတော် ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading