မနီလာ၊ ဂျကာတာနှင့် ဘန်ကောက် … ။ အရှေ့တောင်အာရှ မြို့ကြီးများက ကျယ်ပြန့်သည်၊ ဆူညံရှုပ်ထွေးသည်၊ အလွန် အပြိုင်အဆိုင်များသည်၊ အန္တရာယ် တွေ့နိုင်သည်။
စွန့်စားကြည့်ချင်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မည်သူ့ကို ယုံကြည်မည်ဆိုသည်က အရေးကြီးသော ကိစ္စ တခု ဖြစ်သည်။ မှားယွင်းသော ဆုံးဖြတ်ချက်က သင်၏ ရင်းနှီးမြှုပ်နှံမှုကို ဖယ်ရှင်းပစ်လိုက်ပါလိမ့်မည်။ တခါတရံ ကျနော်တို့က ဘီလီယံနှင့် ချီ၍ စကားပြောဆိုနေကြသည်။
ရာစုနှစ်ဝက်ကျော် ကာလတခုအတွင်းတွင် အရွယ်နှင့်မလိုက်အောင် နုပျိုသွက်လက်သည့် အသက် ၉၀ ကျော်အရွယ် ပညာရှင် တဦးဖြစ်သည့် Washington SyCip (၂၀၁၇ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်) က ဖိလစ်ပိုင်နိုင်ငံ အတွက် သော့ချက် ဖြစ်ခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောတတ်သော၊ ပျော်တတ်သော၊ အလွန်စူးစမ်းတတ်သော (သူက အလွန် စာဖတ်သူ ဖြစ်သည်) Wash (အများက သူ့ကို ခေါ်ကြသည့် နာမည်)က ဒေသ၏ အလျှင်မြန်ဆုံးတိုးတက်နေသော စီးပွားရေးတခုတွင် ကြီးကျယ်သော၊ ခိုင်မြဲသော အမွေအနှစ်တခုကို ချန်ထားခဲ့သည်။
ပြင်ပ အရင်းအမြစ် အသုံးပြုခြင်း သို့မဟုတ် business process outsourcing (BPO) က ဖိလစ်ပိုင် စီးပွားရေး၏ အဓိက မဏ္ဍိုင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ ပြီးခဲ့သည့်နှစ်တွင် ထိုကဏ္ဍက ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံ ဖော်ဆောင်နိုင်ခဲ့ပြီး အလုပ်သမား ၁.၃ သန်းကျော်အတွက် အလုပ်အကိုင် ပံ့ပိုးပေးခဲ့သလို ကြီးမားသည့် ပိုင်ဆိုင်မှုနှင့် စားသုံးမှုဖွံ့ဖြိုးခြင်းကိုလည်း လှုံ့ဆော်ပေးခဲ့သည်။
သို့သော်လည်း အဆိုပါကဏ္ဍ၏ မူလအရင်းအမြစ်တွင် Wash နှင့် ၁၉၄၆ ခုနှစ်တွင် မနီလာ၌ သူတည်ထောင်ခဲ့သည့် စာရင်းကိုင်နှင့် အတိုင်ပင်ခံကုမ္ပဏီကြီး ဖြစ်သော SGV Group တို့၏ ကျေးဇူးကြီးစွာ ရှိနေကြောင်း လူ အနည်းငယ်ကသာ သတိပြုမိကြပါသည်။
(SGV တွင် Wash က လမ်းညွှန်ပျိုးထောင်ပေးခဲ့သူ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ၂ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ) ဆီဆာပူရီစီမာ Cesar Purisima က “၁၉၆၀ နဲ့ ၇၀ နှစ်တွေမှာ Mississippi ရဲ့ အနောက်ဖက်မှာ SGV က အကြီးဆုံး စာရင်းကိုင် ကုမ္ပဏီပဲ” ဟု ရှင်းပြသည်။
“၁၉၈၀ နှစ်တွေမှာ Wash နဲ့ SGV က အဲဒီတုန်းက Andersen Consulting နဲ့ ပူးပေါင်းပြီး BPO ဝန်ဆောင်မှုတွေကို စ ပြီးပေးခဲ့တယ်။ အဲဒါကို Manila Solutions Center လို့ အဲဒီတုန်းက ရည်ညွှန်းခဲ့ကြတယ်” ဟု သူက ထပ်ပြောသည်။
အမှန်တကယ်တွင် ကော်ပိုရိတ်ဖောက်သည်များက စံနှုန်းများကို ထိန်းသိမ်းထားရင်း ရုံးလုပ်ငန်း နောက်ကွယ်မှ ဝန်ဆောင်မှုများအတွက် ကုန်ကျစရိတ် လျှော့ချရန် နည်းလမ်းရှာဖွေကြလိမ့်မည်ကို Wash က အလွန်စောစီးစွာ သဘောပေါက်ခဲ့သည်။ မှန်ပါသည်။ သူစတင်ခဲ့သော အရာ၏ ကြီးမားသော အတိုင်းအတာကို သူ ကြိုတင်မျှော်လင့်ခဲ့ သလားဆိုသည်ကို ကျနော်တို့ မည်သည့်အခါတွင်မှ သိကြလိမ့်မည် မဟုတ်ပါ။
Wash နှင့် ကောင်းကောင်းသိသည်ဟု ကျနော် မပြောနိုင်သော်လည်း ကံကောင်းထောက်မစွာဖြင့် သူနှင့် အခြေအနေ အချို့တွင် တွေ့ဆုံခွင့်ရခဲ့ပါသည်။ သူ၏ ချစ်စရာအကောင်းဆုံး စရိုက်များထဲမှတခုမှာ သူနှင့် ညစာအတူစားသူ သို့မဟုတ် စကားဝိုင်းတွင် ပါဝင်ပြောဆိုနေသူ အပေါ်တွင် အခြားသော အကြောင်းကိစ္စများထက်ပို၍ အာရုံစူးစိုက်နိုင်စွမ်း ဖြစ်သည်။
စိတ်အနှောက်အယှက် ဖြစ်စရာများ (စမတ်ဖုန်းများနှင့် ဆိုရှယ်မီဒီယာ) ဆက်တိုက်ရှိနေသည့် ယနေ့ခေတ်ကာလတွင် စိတ်အာရုံစူးစိုက်နိုင်စွမ်းနှင့် နားထောင်နိုင်စွမ်းက အလွန်အရေးကြီးလာသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များက လူအများနှင့် သင်ဆက်သွယ်သည့် နည်းလမ်း ဖြစ်သောကြောင့်ပင်။ သင်က မည်သို့ သင်ယူသည်၊ ထို့နောက် ဘဝ တလျှောက်တွင် မည်သို့ဆက်လက် သင်ယူသွားမည် ဆိုခြင်းလည်း ဖြစ်သည်။
Wash က ကျနော့်ကို အလွန်ဆွဲဆောင်နိုင်ခဲ့သည်မှာ သေချာပါသည်။ သို့သော်လည်း လွန်ခဲ့သော ၂ နှစ်ခန့်က သူ ကွယ်လွန်သည့် အချိန်တွင် ဝမ်းနည်းခြင်း အမှတ်တရ စာတပုဒ်ရေးရန် သူ့အကြောင်းကို ကျနော် တကယ်ပင် လုံလုံ လောက်လောက် မသိခဲ့ပါ။ ထိုအချိန်မှစ၍ သူ၏ ဘဝနှင့် အောင်မြင်မှုများအကြောင်းကို ပို၍ သိရန် အချိန်တချို့ ပေး၍ သုတေသနပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရင်း Wash နှင့် ပတ်သက်၍ ကျနော်သဘောပေါက်လာသည်မှာ သူလုပ်ခဲ့သမျှတိုင်းတွင် လေ့လာသင်ယူခြင်းနှင့် ပညာရေးက အဓိက အလယ်ဗဟိုတွင် ရှိနေခဲ့ခြင်းပင်။
သူက ဒေသ၏ အဆင့်မြင့် စီးပွားရေးကျောင်း ဖြစ်သော Asian Institute of Management သို့မဟုတ် AIM တည် ထောင်ရာတွင် အရေးပါခဲ့သည်။ မရေမတွက်နိုင်သော ဆင်းရဲနွမ်းပါးသည့် ဖိလစ်ပိုင် ကလေးငယ်များ၏ ပညာရေး အတွက် ငွေကြေးထောက်ပံ့ခဲ့သည်။
Wash နှင့် ပတ်သက်၍ Magsaysay Group ၏ ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ် ဒေါရစ်ဟို Doris Ho က “သူက ဖိလစ်ပိုင် နိုင်ငံမှာ ရှိတဲ့ ကော်ပိုရိတ် စီးပွားရေးလုပ်ငန်းရှင် အများအပြားအတွက် လူတယောက်ထဲပါတဲ့ နာယက ကောင်စီတခု ပါပဲ။ ထိပ်တန်း ပရော်ဖက်ရှင်နယ်တွေကို သူ လမ်းပြဦးဆောင်ခဲ့တယ်၊ ဖိလစ်ပိုင် စီးပွားရေးလုပ်ငန်းရှင် အများစုကို အကြံပေးတယ်။ သိန်းနဲ့ချီတဲ့ ဘဝအခြေအနေ နိမ့်ပါးတဲ့ ကလေးငယ်တွေကို ကျောင်းကို ပို့ပေးတယ်။ အဆိုးရွားဆုံး အချိန်တွေထဲမှာတောင် သူက ဖိလစ်ပိုင်ကို ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်” ဟု မှတ်ချက်ပေးသည်။
Wash ကို ၁၉၂၁ ခုနှစ်က မနီလာတွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ တရုတ်နိုင်ငံ ဖုကျန့် Fujian ပြည်နယ်မှ ရွှေ့ပြောင်း ဝင်ရောက်လာသူများမှ ဆင်းသက်လာသူဖြစ်ပြီး မိခင်၏ မိသားစု အရင်းအမြစ်မှာ ရှန်ဟိုင်း Shanghai မှ ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီတွင် ကိုလမ်ဘီယာ Columbia တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် စစ်တပ်၌ အထူးဖွဲ့စည်း ထားသည့် ဖိလစ်ပိုင် တပ်ရင်းများသို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း လက်နက်ကိုင်တပ်သားအဖြစ် တာဝန် မထမ်းဆောင်ရသေးမီမှာပင် ဂျပန်ဘာသာ သင်ကြားရန် ရွေးချယ်ခြင်းခံခဲ့ရပြီး မဟာမိတ်များအတွက် လျှို့ဝှက်သင်္ကေတများ ရေးသားသူ သို့မဟုတ် သင်္ကေတဖော်သူ အဖြစ် ကလ္လကတ္တား Calcutta တွင် အဆုံးသတ်ခဲ့ရသည်။
အဆိုပါနှစ်များအတွင်းမှ သူ့အကြောင်းကို ဖတ်ရင်း အဖိုးတန်မည့် သတင်းတခုကို ရှာဖွေရန် ဂျပန်တို့၏ ဆက်သွယ်ရေး မှတ်တမ်း စက္ကူထုပ်ကြီးများကြား ထယ်ထိုးသလို အလုပ်လုပ်ခဲ့ရခြင်းက သူ၏ စိတ်ကို အမှန်တကယ် ထက်မြက်အောင် လုပ်ပေးခဲ့သည်ကို ကျနော်မြင်နိုင်လာသည်။
သူ၏ အတ္ထုပတ္တိ ရေးသူကို Wash ရှင်းပြခဲ့သည့် အတိုင်းဆိုလျှင် အဆိုပါ လုပ်ငန်းစဉ်က စုံစမ်းထောက်လှမ်းခြင်းကဲ့သို့ပင် ရှိသည်။ သင့်တွင် အကြမ်းဖျင်း အချက်အလက်များ တပုံတပင်နှင့် ဗုံးကျဲလေယာဉ် ၅ စင်းကို နေရာတခုသို့ ပို့လိုက်ကြောင်း သတင်းတခု ရှိနေမည်။ ထို့နောက် သင့်အနေဖြင့် လိုအပ်သော ကွက်လပ်များကို ဖြည့်နိုင်သည့် အချိန်အထိ သတင်းအချက်အလက်နှင့် ကိုက်ညီမည့် (ဖြစ်လေ့ ဖြစ်ထ) ပုံစံများကို နောက်ကြောင်းပြန်၍ လိုက်ရှာရတော့မည် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာသောအခါ Wash က ဘင်္ဂလားပြည်နယ်ရှိ ဟူးဂလိ Hooghly မြစ်ဘေးတွင် နေထိုင်ခဲ့သည့် အဆိုပါနှစ်များ အကြောင်းကို ရေးရန် ဖြစ်လာသည်။
“မည်သည့်နေရာမှန်း မသိသည့်နေရာတွင် ရန်သူ၏ သတင်းစကားများကို ဖော်ရခြင်းက အများစုအတွက် ဆွဲဆောင်မှုရှိသော ကိစ္စ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ သို့သော်လည်း ကျနော့်ကို အမြင်တခု ပေးခဲ့သည်။ နောက်ဆုံးတွင် ဆက်သွယ်ရေး လမ်းကြောင်းများမှ တဆင့် ကမ္ဘာမြေက မည်သို့ ပိုမိုသေးငယ်သွားလိမ့်မည် ဆိုသည့် အမြင်ဖြစ်သည်။ ဝေးလံသော နေရာများဟု ထင်ရသည်များပင်လျှင် နောက်ဆုံးတွင် ပင်မရေစီးနှင့် ဆက်သွယ်သွားလိမ့်မည်ဟု ကျနော့်၏ အတွေ့အကြုံက ကျနော်ကို သင်ကြားခဲ့ပါသည်။ ကွဲပြားခြားနားသည့် လုပ်ငန်း ကဏ္ဍများမှ ပလေယာများသည် ကြီးမားသော၊ ထွက်ပေါ်လာနေသော၊ သေးငယ်သော စီးပွားရေးများမှ လာကြလိမ့် မည်ဖြစ်ခြင်းက တူညီသော ငွေရေးကြေးရေးဆိုင်ရာ ဘာသာစကားတခုကို ပြောကြားရေး မရှိမဖြစ် လိုအပ်လာအောင် ပြုလုပ်လိမ့်မည်။”
ဒုတိယ ကမ္ဘာစစ်က Wash ကို ကမ္ဘာနှင့် တံခါးဖွင့်ပေးခဲ့သည်။ သူ၏ ဘဝကို ပြောင်းလဲပေးခဲ့သည်။ သူက ဘာသာစကား အသစ်များနှင့် ပုံမှန်မဟုတ်သည့် ကျွမ်းကျင်မှုများကို သင်ယူခဲ့သည်။ သွားရောက်လည်ပတ်ရန် မည်သည့်အချိန်ကမျှ မမျှော်လင့်ခဲ့သည့် ကမ္ဘာ့ အစိတ်အပိုင်းများတွင် နေထိုင်ခဲ့သည်။ သူက မလေးရှားနိုင်ငံမှ အသက် ၉၀ ကျော်အရွယ် ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက် ကဲ့သို့ မဟုတ်ပါ ။ ဒေါက်တာ မဟာသီယာ မိုဟာမက်၏ စစ်ပွဲကာလ အတွေ့အကြုံများက သူ့ကို ကိုလိုနီအာဏာကို စိန်ခေါ်ရန်နှင့် လူ့ စံနှုန်းများကို လက်ခံရန် သတ္တိရှိလာစေခဲ့သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကျနော်တို့ အများစုက ငြိမ်းချမ်းသော အချိန်များတွင် ကြီးပြင်းခဲ့ကြသည်။ အခြေခံ အရဆို လျှင် ကိုယ်ပိုင်ပုံရိပ်ကို ကိုယ့်ဘာသာ တည်ဆောက်ယူကြခြင်းသာ ဖြစ်သည်။ ကျနော်တို့၏ အတွေ့အကြုံများက ကျနော်တို့၏ အနာဂတ် လမ်းကြောင်းကို ပုံဖော်သည်။ ကျနော်တို့က အခုအခါ ပိုမို၍ လွယ်ကူသက်သာသည့် အချိန်များတွင် ရှိနေခြင်းက ကျနော်တို့ကို ယခင်မျိုးဆက်များ၏ နက်နဲကျယ်ဝန်းမှုမျိုး ကင်းမဲ့စေခဲ့သည်ဆိုသည့် အဓိပ္ပါယ် ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အခက်အခဲ ဒုက္ခနှင့် ရင်ဆိုင်ရသည့် အချိန်တွင် ကျနော်တို့က အပြောင်းအလဲများနှင့် အတူ ဖြတ်ကျော်ရန် ဇွဲသတ္တိ ခံနိုင်ရည် ကင်းမဲ့နေတတ်ကြပါသည်။
Wash က သူ၏ အမှီအခိုကင်းမှုကို အမြဲတမ်း ထိန်းသိမ်းထားခဲ့သည်။ သူက သူ၏ မိခင်မြေမှ နိုင်ငံရေးခေါင်းဆောင် ပိုင်း၏ ရက်စက်မှုကို ပစ်ပစ်ခါခါ ဝေဖန်ပြောဆိုနေခဲ့သည်။
အငြင်းပွားရန် မကြောက်တတ်သည့်သူက ကောင်းမွန်သော အုပ်ချုပ်မှုကို ပေးရာတွင် ဒီမိုကရေစီ၏ ထိရောက်မှုကိုလည်း မေးခွန်းထုတ်ခဲ့သည်။ အိန္ဒိယနှင့် ဖိလစ်ပိုင်တို့နှင့် နှိုင်းယှဉ်လျှင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၌ တရုတ်နှင့် ဗီယက်နမ်ကဲ့သို့သော အာဏာရှင်နိုင်ငံတို့၏ အောင်မြင်မှုကို သူက အကိုးအကားပြသည်။
သူ၏ အင်အားကောင်း၍ စည်းကမ်းပြည့်ဝသော အသံကို ဖိလစ်ပိုင်နိုင်ငံက လွမ်းဆွတ်နေပါသည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
Crazy Rich Asians ရဲ့ အခြားတဖက်မှာ
အာရှ ရွေးကောက်ပွဲများမှ သင်ခဏ်းစာ