ဂါဝန်အတို ဝတ်ဆင်ထားပြီး လက်နောက်ပစ်၊ ဘေးတစောင်း အနေအထားဖြင့် မတ်တပ်ရပ်နေသည့် မိန်းကလေးငယ် တဦး၏ ပုံပေါ်တွင် Justice for Victoria (ဗစ်တိုးရီးယားအတွက်တရားမျှတမှု) ဟု ရေးသားထားသည်။ ထိုပုံနှင့်အတူ နောက်ကွယ်က ဖြစ်ရပ်သည် လူမှုကွန်ရက် အသုံးပြုသူတို့အကြား တစစ ပြန့်နှံ့လာခဲ့သည်။
“လိင် မတရားကျင့်ခံရသည့် ကလေးတိုင်းသည် ကျမတို့ ကလေးတွေပါ”၊ “လိင် မတရားကျင့်ခံရတဲ့ ကလေးတွေရဲ့ မိဘတိုင်းဟာ ကျမတို့ ကိုယ်တိုင်ပါပဲ”၊ “ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်တဲ့ လူ့အဖွဲ့အစည်း တခုရအောင် ကြိုးစားကြပါစို့” ဟူသည့် စာသားများနှင့်အတူ ပရိုဖိုင်း၊ ကာဗာပုံများ ပြောင်းကာ တောင်းဆို တိုက်ပွဲ ဝင်လာကြသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းရှိ အသက် ၂ နှစ်နှင့် ၁၁ လအရွယ် ကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိရေးအတွက် အစပြုရာမှ ယင်းသို့ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုလိုက်ပြီဖြစ်သော်လည်း ဖမ်းခံရသည့် ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး( ခ) အောင်ကြီး ( အသက် ၃၀ နှစ်) သည် ယခင်က မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခဲ့ရပြီး တရားစွဲတင်ရန် အထောက်အထား မခိုင်လုံဟု ဆိုကာ မကြာမီ ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးလိုက်သူ ဖြစ်သည်။ ထိုသို့ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုမှာ ပွင့်လင်းမြင်သာခြင်း မရှိမှုကြောင့် အကြီးအကျယ် ဝေဖန်ခံရပြီး တရားခံ အစစ်အမှန်နှင့် မည်သည့် နေရာတွင် ဖြစ်ပွားခဲ့သည်ဟူသော အဖြေကို တရားဝင် တိတိကျကျ အများပြည်သူက သိချင်နေကြသည်။
ထို့အတူ ဇွန် ၁၅ ရက် ညဉ့်နက်ပိုင်းကလည်း ရန်ကုန်တိုင်း ရွှေပေါက္ကံမြို့နယ်တွင် အသက် ၁ နှစ် ၉ လ အရွယ် ကလေးငယ်ကို ခိုးယူသွားပြီး အဓမ္မပြုကျင့်ကာ ကိုင်းတောအတွင်း ပစ်ထားခဲ့မှု ဖြစ်ပွားခဲ့ပြန်သည်။ ခြင်၊ ဖြုတ်များ ကိုက်ခံထားရပြီး မိန်းမကိုယ်တွင်း ပွန်းပဲ့ဒဏ်ရာများ ရရှိထားသည့် ကလေးငယ်ကို နောက်တနေ့ နံနက်တွင်မှ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထိုသို့ လူမဆန်စွာ စွန့်ပစ်ထားခဲ့သူမှာ ပစ္ဆိမာရုံကျောင်းတိုက်မှ အသက် ၃၉ နှစ်ရှိ ကိုရင်ကြီး (ခ) ဥူးဥတ္တရ (ခ) ဇေယျာလင်း ဟု သိရှိရပြီး ၎င်းကို ရွှေပေါက်က္ကံ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆/၃၆၃ ဖြင့် လူဝတ်လဲ ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့သော်လည်း အသက် ၂ နှစ်ပင် မပြည့်သေးသည့် သမီးငယ်လေး၏ အဖြစ်ဆိုးကြောင့် မိဘများ အနေဖြင့် ရင်ကွဲမတတ် ခံစားနေရရှာသည်။ အစစ အရာရာ ချို့တဲ့သည့် အဆိုပါ မိသားစုကို စေတနာရှင်တချို့က ထောက်ပံ့ကူညီပေးနေသည်။
အလားတူ သက်ငယ်မုဒိမ်းမှုများကို နေ့စဉ်နှင့်အမျှ သတင်းဌာနများ၊ လူမှုကွန်ရက် စာမျက်နှာများမှတဆင့် မြင်တွေ့ ကြားသိနေရရာ သက်ငယ်မုဒိမ်းမှု မြန်မာပြည်တွင် ဘယ်လောက်ထိ ဖြစ်ပွားနေသလဲဟု မေးစရာ ဖြစ်လာခဲ့ပြန်သည်။ တရားဝင် ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံ၌ သက်ငယ်မုဒိမ်းမှု ၂၀၁၇ တွင် ၈၉၇ မှု၊ ၂၀၁၈ တွင် ၁၀၂၈ မှု နှင့် ၂၀၁၉ တွင် (ဇွန်လအထိ) ၄၁၉ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုအချက်အလက်များသည် တိုင်တန်းမှုကြောင့် ရဲစခန်းသို့ ရောက်ရှိလာသည့် စာရင်းမျှသာ ရှိသေးသည်။ လူမသိ သူမသိဖြင့် တိမ်ဖုံး ပျောက်ကွယ်ခဲ့ရသော၊ မဖြစ်စလောက် လျော်ကြေးဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကျေအေးပေးခဲ့ရသော အမှုမြောက်မြားစွာ ရှိနေနိုင်သေးသည်။
သက်ငယ်မုဒိမ်း ကျူးလွန်သူ အများစုသည် ပထွေးများ၊ ဆွေမျိုးတော်စပ်သည့် အစ်ကိုဝမ်းကွဲ၊ ဦးလေးဖြစ်သူတို့နှင့် အိမ်နီးနားချင်း လမ်းထဲရပ်ရွာထဲမှ သူများဖြစ်ကြပြီး ဖခင်အရင်းကပင် ကျူးလွန်သည့် အမှုများပင် ရှိနေသည်။
၂ ရာခိုင်နှုန်းခန့်ကသာ သူစိမ်းများက ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ရဲစခန်းနှင့် တရားရုံးများသို့ မရောက်ရှိလာသည့် သက်ငယ်မုဒိမ်းမှုများ ၈၀ ရာခိုင်နှုန်းခန့် ကျန်နေလိမ့်မည်ဟု ကလေးသူငယ် အမှုများကို လိုက်ပါ ကူညီပေးနေသူ တရား လွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ကောက်ချက်ချသည်။
“ကလေးဆိုတော့ ခြိမ်းခြောက်ရတာလည်း လွယ်တယ်။ ကျူးလွန်တာလည်း ၁၀၀ မှာ ၁၀၀ အောင်မြင်တယ်။ လူကြီးတချို့က ကျူးလွန်ဖို့ ကြိုးစားရင် မအောင်မြင်ဘူးလေ။ ပြန်တုန့်ပြန်တာတွေလည်း ရှိတယ်။ ကလေးကျတော့ ဒီလိုမျိုး ရမှန်းသိတော့ ကျူးလွန်တာ ပိုများတယ်” ဟု ၎င်းက ပြောသည်။
ဥပဒေရေးရာ ကုစားရေးအဖွဲ့ ဒါရိုက်တာ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကလည်း ကလေးများသည် ချဉ်းကပ်ရ လွယ်ကူခြင်း၊ တခုခုဖြင့် ခြိမ်းခြောက်၊ ဖျားယောင်းသွေးဆောင်ရန် လွယ်ကူခြင်းတို့ကြောင့် ကလေးများကို အဓိက ပစ်မှတ်ထားလာခြင်းဟု သုံးသပ် ပြောဆိုသည်။
ထို့ပြင် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု (sex education) ကောင်းကောင်း မရှိသည့် မြန်မာနိုင်ငံတွင် အင်တာနက်မှ တဆင့် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်း ဗီဒီယို၊ ဓာတ်ပုံ၊ စာအုပ်များကို လွယ်လင့်တကူ ရနေခြင်းကလည်း သက်ငယ် မုဒိမ်းမှု များလာရခြင်း၏ အကြောင်းတရပ်ဟု ၎င်းက ပြောသည်။
“လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုဖြစ်လာတဲ့အခါ အနီးအနားမှာရှိနေတဲ့ ကလေးတွေကို ကလေးလို့ မမြင်တော့ဘဲ သားကောင်အဖြစ် ကျူးလွန်တာတွေ ဖြစ်လာတယ်” ဟု ဒေါ်လှလှရီက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက သင်တန်းပေးသည့်အခါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ဖုန်းများ၊ ဆိုရှယ် မီဒီယာများကြောင့် ဖြစ်သည်ဟူသော လူငယ်တော်တော်များများ၏ ဆွေးနွေးချက်ကို တွေ့ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုရှယ်မီဒီယာတွင် ညစ်ညမ်း စာအုပ်၊ ဗီဒီယို၊ ဓာတ်ပုံများကို အလွယ်တကူ ဝင်ကြည့်၍မရအောင် ပြုလုပ်ထားသင့်ကြောင်း ထောက်ပြသည်။
“ဖုန်းမှာက ဆော့ဖ်ဝဲတွေကို ဒေါင်းလုပ်ခ်ချပြီး ညစ်ညမ်းဟာတွေကို အချိန်တိုင်း ဖတ်လို့ရတယ်။ အင်တာနက် တက်တက်၊ မတက်တက် ဆော့ဖ်ဝဲတွေကနေ ညစ်ညမ်း ဝတ္ထုတွေ၊ ဓာတ်ပုံတွေကို ပို့ပေးတယ်ဆိုတဲ့ဟာတွေက လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်လာတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာအသိပညာပေးမှု မရထားတဲ့အခါ ကိုယ့်ရဲ့ပတ်ဝန်း ကျင်မှာရှိတဲ့ ကလေးတွေကို ပစ်မှတ်ထားပြီး လုပ်ကြတယ်ဆိုတာ တွေ့လာရတယ်” ဟု ဒေါ်လှလှရီက ဆိုသည်။
သက်ငယ်မုဒိမ်းမှုများတွင် ကျူးလွန်သူအချို့သည် အသက် ၁၈ နှစ်အောက်များ ပါဝင်နေသည့် အချက်ကလည်း လူမှုအသိုင်းအဝိုင်းအတွက် စိုးရိမ်စရာ တခုဖြစ်လာသည်။ ထို့အတွက် sex education နှင့် ပတ်သက်၍ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ရန် လူထုက တိုက်တွန်းလာကြသည်။
လိင်မှုဆိုင်ရာ အသိပညာပေးမှုကို မှန်မှန်ကန်ကန် မရရှိထားသည့် လူပျိုပေါက်အရွယ် ယောကျ်ားလေးများအတွက် ကိုယ့်မျက်စိရှေ့ရှိ နှမဝမ်းကွဲ၊ အိမ်တွင် လာကစားသည့် ကလေးငယ်တို့အပေါ် လက်တည့်စမ်းလိုခြင်းများ ရှိနိုင်ရာ Sex education မဖြစ်မနေ ပေးသင့်သည်ဟု ဒေါက်တာ ဖြိုးသီဟက အကြံပြုသည်။
ဒေါက်တာ ဖြိုးသီဟသည် စိတ်ခွန်အားဖြည့် စာပေများ၊ ကျန်းမာရေး ဗဟုသုတများ မျှဝေရေးသားနေသူ တဦးဖြစ်သကဲ့သို့ ဗစ်တိုးရီးယားလေး အမှုအတွက်လည်း တရားမျှတမှု ရရှိရေး တဖက်တလမ်းက ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။
Sex education နှင့် ပတ်သက်၍ တတိယတန်း သင်ရိုးသစ် ဘဝတွက်တာ ဘာသာရပ်တွင် ကလေးငယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိကိုင်ခွင့် မပြုရ ဆိုသည့် အခန်း ပါဝင်လာပြီ ဖြစ်သည်။
‘ငြင်းဖို့လိုတယ်’ ခေါင်းစဉ်ဖြင့် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားသည့် အပြုအမှုများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ပြုလုပ်ခံရလျှင် တုန့်ပြန်မှုများနှင့် လူကြီးမိဘများကို မည်သို့မည်ပုံ ပြန်ပြောရမည်နည်း ဆိုသည်တို့ ပါဝင်သည်ကို တွေ့ရသည်။
ထိုကဲ့သို့ သင်ရိုးညွှန်းတမ်းထဲ ပါဝင်လာသည်ကို ကြိုဆိုကြောင်း၊ သင်ရိုးညွှန်းတမ်းထဲ ထည့်ပြီး သင်နေရုံမျှ သာမက မိဘ သူငယ်ချင်း အသိုင်းအဝိုင်းအတွင်းတွင်လည်းကောင်း၊ ဆိုရှယ်မီဒီယာတွင်လည်းကောင်း မှန်ကန်သည့် သတင်း အချက်အလက်များ ရရှိရန် လိုအပ်ကြောင်း ဒေါက်တာဖြိုးသီဟက ထောက်ပြသည်။
Sex education သင်ကြားရာတွင် လူငယ်များက ကျန်းမာရေးဟု မမြင်ဘဲ တလွဲအဓိပ္ပာယ်ကောက်ယူမှုများ ရှိနိုင်သော်လည်း အပြစ်ထက် အကျိုးက ပိုများသည့်အတွက် စနစ်တကျ သင်ကြားပေးသင့်သည်ဟု ၎င်းက ဆိုသည်။
နေပြည်တော် မူကြိုက ဗစ်တိုးရီးယားလေး၏ အမှုကို ကြည့်မည်ဆိုလျှင် မိဘနှစ်ပါးစလုံးက ဝန်ထမ်းများဖြစ်ရာ ကလေးကို ယုံကြည်စိတ်ချရသည်ဟု ယူဆရသော မူကြိုကျောင်းတွင် အပ်နှံထားခဲ့ရာမှ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ထို့အတူပင် စားဝတ်နေရေးအတွက် မိဘနှစ်ပါးစလုံး ရုန်းကန်လှုပ်ရှားနေကြရသည့် ယနေ့ခေတ်ကြီးထဲတွင် ကိုယ့်သားသမီးကို နီးစပ်ရာ ဆွေးမျိုးသားချင်း၊ အိမ်နီးချင်းများနှင့် အပ်နှံထားခဲ့ကြရသည်။
ယခုလို ဖြစ်ရပ်များ ခပ်စိပ်စိပ် မြင်တွေ့ ကြားသိလာရသည့်အခါ ယုံကြည်စိတ်ချစွာ အပ်နှံထားရန် စိုးရိမ်ကြောင့်ကြမှု များဖြစ်လာသည့် အနေအထားသို့ ရောက်မှန်းမသိ ရောက်လာတော့သည်။
နိုင်ငံတော်မှ အကာအကွယ်ပေးမှုများ၊ အသိပညာပေးမှုများ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေး သည့် အခြေအနေတွင် မိဘများအနေဖြင့် ကိုယ့်ရင်သွေးငယ်လေးများကို အတတ်နိုင်ဆုံး ကိုယ့်မျက်စိအောက်တွင် ထားပြီး စောင့်ကြည့်ရမည့် အနေအထားဟု သမီးလေး မွေးထားသူ ဒေါ်လှလှရီက ဆိုသည်။
“အရင်အခြေအနေဆိုရင် ကြည့်ထားလိုက်၊ ထားခဲ့လိုက် စိတ်ချရသော်ငြားလည်း အခု အခြေအနေမှာ အဲဒီကြည့်ထားတဲ့သူက ဖုန်းတွေသုံးမယ်။ ညစ်ညမ်းတာတွေ ကြည့်နေမယ်ဆိုရင် ရင်းနှီးလို့တာဝန်ယူထားပြီး ကြည့်ထားပေးမယ်ဆိုသော်လည်း လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ဖြစ်လာတဲ့အခါ အဲဒီကလေးရဲ့ လုံခြုံမှုကို အာမခံချက် မပေးနိုင်တော့ဘူး” ဟု ၎င်း၏ စိုးရိမ်ချက်ကို ပြောပြသည်။
ကျောင်း၊ ကျူရှင်များသို့ ပို့သည့်အခါတွင်လည်း ကျောင်းလုံခြုံရေးနှင့် ပတ်သက်၍ ကျောင်းမှ ဆရာ၊ ဆရာမများက ကလေးများ၏ ဘေးကင်း လုံခြုံရေးသည် ၎င်းတို့တွင် အပြည့်အဝ တာဝန်ရှိသည်ကို သိရှိနားလည်ထားရန် လိုကြောင်း၊ ထို့အတွက်လည်း အသိပညာ ပေးမှုများ ပြုလုပ်ရန် များစွာလိုအပ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က ဖြည့်စွက် အကြံပြုသည်။
“ကလေးတွေကို မုဒိမ်းကျင့်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရက ပြည်သူကို အသိပေး နှိုးဆော်တဲ့ဟာ အားနည်းနေသေးတဲ့ အပေါ်မှာ အစ်မတို့ မိခင်တွေအနေနဲ့ အရမ်းကို စိုးရိမ်မှုတွေ များနေတယ်။ ကလေးတွေကို ဒီလို လုပ်ခြင်းသည် ရေရှည်ကြာရှည်သွားမှာကို အရမ်းစိုးရိမ်တယ်။ တာဝန်ရှိသူတွေအနေနဲ့ ကလေးတွေကို မုဒိမ်းကျင့်ခြင်း သည် ဘယ်လိုပြစ်ဒဏ်မျိုးတွေနဲ့ ဘယ်လိုမျိုး အရေးယူမယ်ဆိုတဲ့ အသိပညာပေးမှုတွေ လူတိုင်း လက်လှမ်းမီအောင် လုပ်သင့်တယ်လို့ မြင်တယ်” ဟု ဒေါ်လှလှရီက ဆိုသည်။
စိုးရိမ်မှုများကတဆင့် ပြည်သူလူထုသည် လူမမည်အရွယ် ၂၊ ၃ နှစ် ကလေးငယ်များကို ပစ်မှတ်ထား ကျူးလွန် လာကြသည့် မုဒိမ်းကောင်များကို သေဒဏ်ပေးရန်အထိပင် လူ့အဖွဲ့အစည်းက ကျယ်ကျယ်လောင်လောင် တောင်းဆို လာကြပြီ ဖြစ်သည်။
၂၀၁၇ နှစ်ကုန်ပိုင်းလောက်က မကွေးတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ၇ နှစ်အရွယ် သက်ငယ်မုဒိမ်းမှုတွင် သွေးသား တော်စပ်သည့် ကျူးလွန်သူကို ဖြစ်နိုင်လျှင် အသက်ကိုပင် နုတ်ယူချင်ကြောင်း၊ ဥပဒေကြောင်းအရဆိုလျှင်လည်း အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်စေလိုကြောင်း ကလေး၏ မိခင်ဖြစ်သူက နာကျင်စွာ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
သေဒဏ်နှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသော်လည်း အားလုံး၏ ဘုံ စိတ်ဆန္ဒကတော့ ကျူးလွန်သူကို ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ် ပေးရန်နှင့် လွတ်ငြိမ်းချမ်းသာခွင့် (လုံးဝ) မပေးရန် ဖြစ်သည်။
“ဥပဒေပြုတာတော့ ကျနော်တို့ ဉာဏ်မမီပါဘူး။ ဒါပေမယ့် အမြင့်ဆုံး ပြစ်ဒဏ်တော့ ပေးစေချင်ပါတယ်။ ဒါမှ နောင် ထပ်မဖြစ်ရဲအောင်လို့ပါ” ဟု ဗစ်တိုးရီးယားလေး၏ ဖခင်က ပြောသည်။
သေဒဏ်ပေးခြင်းထက် သေဒဏ်ကဲ့သို့ ကြီးလေးသော ပြစ်ဒဏ်၊ ကျူးလွန်သူများကို အမိန့်ချသည့်နေ့မှ ၎င်းတို့ သေဆုံးသည်အထိ ထောင်ထဲတွင် ထားသည့် ထောင်ဒဏ်တသက် ပေးလိုက်ခြင်းမျိုးက ပိုမိုထိရောက်လိမ့်မည်ဟု ဒေါ်လှလှရီက မှတ်ချက်ပြုသည်။
သေဒဏ်ပေးရုံဖြင့် နိုင်ငံတွင်း ဖြစ်ပျက်နေသည့် သက်ငယ်မုဒိမ်းမှုများ လျော့ကျသွားမည်မဟုတ်ဘဲ နောက်ဖြစ်လာ မည့် မုဒိမ်းမှုများတွင် ကလေးငယ်များကို အစဖျောက်လာနိုင်ကြောင်း၊ မိမိသက်သေ ထွက်ချက်ကြောင့် လူတယောက် သေဒဏ်ကျသွားမည် ဟူသော အသိဖြင့် သက်သေအခက်အခဲများ ရှိလာနိုင်ကြောင်း၊ နိုင်ငံ၏ တရားဥပဒေ စိုးမိုးရေး အခြေအနေအရ တချို့အမှုများတွင် တစုံတရာ လွဲမှားမှု၊ အားနည်းမှုကြောင့် မှားယွင်းသော စီရင်ချက်ချမှုများ ဖြစ်လာ နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ပင် ဒေါက်တာ ဖြိုးသီဟကလည်း ယူဆသည်။ သူ့အနေဖြင့် သေဒဏ် ပေးသင့်၊ မပေးသင့် ဆိုသည်ထက် တရားဥပဒေစိုးမိုးရေးကိုသာ တောင်းဆိုချင်ကြောင်း၊ ကျူးလွန်သူကို လက်ရှိ သတ်မှတ်ထားသည့် ပြစ်ဒဏ်အတိုင်း တိတိကျကျ ချနိုင်ရေးကို ဇောင်းပေးပြီး လုပ်မည်ဆိုပါက ကလေးများအတွက် အကာကွယ် များစွာ ရမည်ဖြစ်ကြောင်း ပြောသည်။
ဦးငိုင်ဆာ့ခ်ကတော့ သေဒဏ်ပေးခြင်းကို ယခင်က မထောက်ခံခဲ့သော်လည်း လက်ရှိအခြေအနေများအရ အမြင်တမျိုး ပြောင်းလာကြောင်း၊ အနည်းဆုံး ပြစ်ဒဏ်ကို ထောင် အနှစ် ၃၀ ခန့် သတ်မှတ်ပြီး အများဆုံးကို သေဒဏ်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးစေချင်သည်ဟု ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် တချို့ကလည်း သေဒဏ်ထိ အမိန့်ချမှတ်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင်း တင်ပြ ဆွေးနွေးမှုများ ရှိခဲ့သော်လည်း မဲခွဲဆုံးဖြတ်သည့်အခါ ကန့်ကွက်သူများသည့်အတွက် သေဒဏ်ချမှတ်ရေးက ယခုအချိန်ထိ မအောင်မြင်သေးပါ။
သို့သော် အသက် ၁၂ နှစ်အောက် ကလေးငယ်များအပေါ် မုဒိမ်းမှု ကျူးလွန်သူများအား အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တသက် ပြစ်ဒဏ်ကျခံရမည့် ရာဇသတ်ကြီး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကိုတော့ နိုင်ငံတော် သမ္မတက ပြီးခဲ့သည့် မတ်လအတွင်းက လက်မှတ်ရေးထိုး၍ အတည်ပြု ပြဋ္ဌာန်းခဲ့သည်။
သို့ဖြစ်ရာ လက်တွေ့ တရား စီရင်မှုများကို စောင့်ကြည့်ရမည် ဖြစ်သည်။
ယခင်က သက်ငယ်မုဒိမ်းမှု တော်တော်များများသည် လမ်းပေါ်လေလွင့်နေသည့်၊ မိဘက အချိန်ပြည့် မစောင့်ရှောက်နိုင်သည့် အခြေခံလူတန်းစား မိသားစုမှ ကလေးများသာ ကြုံတွေ့ရသည်ဟု ယူဆနိုင်သော်လည်း ဗစ်တိုးရီးယားလေး၏ အမှုကြောင့် လူလတ်တန်းစား၊ အထက်တန်းစား အသိုင်းအဝိုင်းမှ ကလေးများတွင်လည်း ကြုံရနိုင်ကြောင်း မီးမောင်းထိုးပြလိုက်ပေသည်။
အုပ်ချုပ်ရေး ယန္တရားများ ရုံးစိုက်ရာ၊ နိုင်ငံတော်အကြီးအကဲများ နေထိုင်ရာ နေပြည်တော်က ဗစ်တိုးရီးယားလေး၏ အမှုကို ပြည်သူအများက စောင့်ကြည့်နေသကဲ့သို့ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက်လည်း ဖိအား ပေးနေကြသည်။
တရားခံ ဖြစ်နိုင်ခြေ ပြောလျှင် ရှည်ရှည်ဝေးဝေး သိပ်စဉ်းစားစရာ မလိုဘဲ ဖြစ်နိုင်ခြေရှိသည့် သူများမှာ လက်တဆုပ်စာလောက်ပဲ ရှိသည်ဟု ကာယကံရှင် မိသားစု အပါအဝင် ပြည်သူလူထုက နားလည် ယုံကြည်ထားသည့် အမှုကို တရားဥပဒေက မှန်မှန်ကန်ကန်ဖြင့် ပြစ်ဒဏ်မပေးနိုင်ပါက တခြားသော ကလေးများအတွက် ရင်လေးစရာ ကောင်းလှသည်။
တခြားသော ကလေးငယ်လေးများ၏ အနာဂတ်အတွက် ရင်မောစရာ ကောင်းသည့် အနေအထားမျိုး ရောက်ရှိသွား ပေလိမ့်မည်။ ဗစ်တိုးရီးယားလေး အမှုက နိုင်ငံ၏ တရားဥပေဒ စိုးမိုးရေးကို တိုက်ရိုက် စိန်ခေါ်နေခြင်းပင် ဖြစ်သည်။
ထို့အတူ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို မြှင့်တင်ပြီး နောက်ထပ် ဗစ်တိုးရီးယားလေးတွေ ထပ်မံ မပေါ်ပေါက် လာစေရေးနှင့် ကလေးငယ်များအတွက် လွတ်လပ်လုံခြုံ စိတ်ချရသည့် လူ့အဖွဲ့အစည်းတခုကို ဖန်းတီးနိုင်ရေးအတွက် ပုံစံမျိုးစုံဖြင့် တောင်းဆို တိုက်ပွဲဝင်မှုများလည်း စတင်ပေါ်ပေါက်လာနေပြီဖြစ်သည်။ ။
ဆက်စပ်ဖတ်ရှုရန်
ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရသည့်အမှု ကြန့်ကြာနေ
သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု
ကမ္ဘာပေါ်မှာ မုဒိမ်းမှု အဖြစ်ပွားဆုံး နိုင်ငံမျာ
သက်ငယ်မုဒိမ်းမှုတွေ ပိုများလာသလား