“အမေကြီး၊ ဓားတွေကျားတွေပိုင်တဲ့ အမေကြီးရေ …. မောင်းတုံစံရာဌာနေ … သေလာခရီး … နန်းတော်မှာလေ … အမေများနဲ့ ပျော်ပါးပါလို့နေ …..”
“အေးရေစင်တွေ တို့အမေက ဖြန်းပက်လို့ပင်၊ အေးမြတဲ့ ရေစင်တွေ … တို့အမေ ဖြန်းပက်လို့ပင် … ဘေးမခစေ၊ အေးမြစေ … အမေကြီးက စောင့်ရှောက်ပါလို့လေ …”
သီချင်းသံနဲ့အတူ ခန္ဓာကိုယ်ကို ဝေ့ကာဝိုက်ကာနဲ့ လက်ချောင်းကလေးများ တဆတ်ဆတ်တုန်ကာ ကနေတဲ့ နတ်ဆရာငယ် တဦး၊ မျက်နှာမှာ မိတ်ကပ် ရောင်စုံခြယ်သထားပြီး တလက်လက် တောက်ပ နေတဲ့ ဝတ်စုံတော်နဲ့ မျက်လုံးစုံမှိတ်လို့၊ သူကနေတဲ့ နေရာက မန္တလေးမြို့ အမရပူရ မြို့နယ်အတွင်းက ရတနာ့ဂူ အထက်နန်း တနေရာရဲ့ နတ်ပွဲတပွဲမှာပဲ ဖြစ်ပါတယ်။
“ခင်ခင်ပျိူမဒီ နှင်းဆီခက်ကို လက်လှမ်းကာကြိုမည်၊ တွေ့ပါပြီ၊ ပွေ့ကာချီ၊ ဖူးပွင့်ငုံဝေစီ … သုံးလေး ညွတ်တော့ ဆွတ်ခူးရည် … မှုန်ရွေဝတ်နဲ့ ရွှေနှင်းဆီ…. ရွှေနှင်းဆီ…. သင်းပျံ့မွှေးထုံချီ … ဖူးပွင့်ငုံေ၀ ရွှေရွှေနှင်းဆီ …. ကိုကို ချူတော့မည် …. မာလာပန်းတွေစီ ဝတ်မှုန်ချည် ယိမ်းကာနွဲ့လေပြီ … ယိမ်းကာနွဲ့လေပြီ၊ ရွှေနှင်းဆီ …”
လက်ထဲက နှင်းဆီပန်းကို ဝင့်ကာဝင့်ကာဖြင့် သီချင်းတပုဒ် အပြောင်းမှာ ကနေသော နတ်ဆရာငယ်လေးမှာ အချိုး အဆစ်ကအစ ပျော့ပြောင်း ညင်သာစွာ ကနေတာကို မြင်ရမှာပါ။ သီချင်းသံ ထွက်ပေါ်နေတဲ့ အဆိုတော် အမျိုးသမီးကြီးက ပင့်ကာ ရှိုက်ကာ ဆိုလိုက်၊ နတ်ဆိုင်းက ဗိန်းဗောင်းတီးလိုက်နဲ့ ဟန်ချက်ညီညီ ကနေတဲ့ နတ်ပွဲကို ကျမတို့ သူငယ်ချင်းတွေက ဝင်ရောက် အားပေး ဖြစ်နေပါတယ်။
ကနေရင်းနဲ့ လက်ထဲမှာ ငွေစက္ကူရွက်တွေကို ထိုင်အားပေးနေတဲ့ ပရိသတ်ကြား ကြဲချလိုက်ချိန်မှာတော့ တဟေးဟေးနဲ့ လုကောက်ကြသူများကြား ကျမတို့ပါ ပါဝင်သွားရပါတယ်။ ငွေစက္ကူ ဆက်သူ၊ ဘီယာ ပုလင်း ဆက်သူ၊ ပန်းဆက်သူတွေ အကြား နတ်ဆရာလေးက နတ်အချော့မပြတ် တရစပ်ကို ဆက်တိုက် ကသွားတာ ဟာဖြင့် ငေးလို့မဆုံးပါဘူး။
နတ်ကန္နားပွဲဆိုတာကို ကျမ အတော်ငယ်ငယ်ကပဲ ရန်ကုန်မှာ မြင်ဖူးပါတယ်။ ငယ်တုန်းကတော့ နတ်ပွဲ ရှိတဲ့နေရာ ရောက်ရင် ကချင် ခုန်ချင်လာတာမျိုး၊ နတ်ပွဲထဲမှာ ကနေတဲ့ နတ်ကတော်တွေ ကျဲမယ့် ငွေအကြွေတွေကို လုကောက်ချင်တာ တမျိုး၊ အဆိုအကတွေကို တငေးတမောနဲ့ ကြည့်ရတဲ့ အရသာကိုပဲ မှတ်မိတော့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်တုန်းက ကျမတို့ သူငယ်ချင်း တယောက် ကောင်းမှုနဲ့ ရတနာ့ဂူ အထက်နန်းမှာ ကျင်းပတဲ့ နတ်ပွဲသေးလေး တခုကို သွားပြီး ဆင်နွှဲတဲ့အခါ နတ်ကပုံ၊ နတ်ကိုယုံကြည်မှု၊ နတ်တွေအကြောင်းကို လေ့လာချင်စိတ်တွေ ဖြစ်ရပါတော့တယ်။
အဲဒါနဲ့ နတ်ပွဲမှာ ဆင်နွှဲနေကြတဲ့ နတ်ဆရာငယ်လေးတွေနဲ့ စကားစမြည် ပြောဖြစ်ကြရင်း ဒီနေ့ခေတ်မှာ ခေတ်မီ နည်းပညာတွေ၊ အတွေးအခေါ်၊ အယူအဆ ဘယ်လောက်ပဲ ပြောင်းလဲလာပါစေ၊ နတ်ပွဲပေးတဲ့ ရိုးရာတွေ၊ နတ်ဆရာ မျိုးဆက်သစ်တွေ၊ နတ်နဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေက တိမ်ကောသွားဖို့ မရှိဖူးဆိုတာကို သူတို့ဆီကနေ ကြားရပါတော့တယ်။
“ခုခေတ် နတ်ဆရာ (နတ်ကတော်ဟုအများခေါ်) လေးတွေက ပညာတတ် ဘွဲ့ရတွေနော်၊ အချဉ်မဟုတ်ဘူး၊ ဆရာဝန်တွေ အင်ဂျင်နီယာ တွေတောင် ပါတယ်” လို့ သူတို့တွေက ရယ်ရယ်မောမော ပြောကြပါတယ်။
နတ်ဆရာလို့ ခေါ်ကြတဲ့ နတ်ပွဲတပွဲမှာ ကန္နားစီးရတဲ့သူတွေဟာ နတ်သမားစဉ် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ နတ်ဆရာဘွဲ့ ခံယူကြတာပါ။ နတ်ပွဲတပွဲ ကျင်းပဖို့အတွက် လိုအပ်တာတွေ စီမံပေးရတာကအစ၊ နတ်ချော့တေး မျိုးစုံ၊ နတ်ပင့်နတ်ပို့၊ လုပ်ငန်းစဉ်အစုံစုံကို အာဂုံဆောင်နိုင်မှသာ နတ်ဆရာတဦးရဲ့ အရည်အချင်းနဲ့ ပြည့်စုံ တာပါ။
ကျမက နတ်ဆရာလေးတွေထဲက အသက် ၃၀ အရွယ်၊ စီးပွားရေးနဲ့ ကျောင်းပြီးထားပြီး၊ မြန်မာ့ရိုးရာနတ်နဲ့ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ စာတမ်းနဲ့ အရှေ့တိုင်းပညာ ဒီပလိုမာရယူထားတဲ့ ကိုသူရစိုးဆိုတဲ့ မန္တလေးသား နတ်ဆရာလေးနဲ့ စကားပြောဖြစ် ခဲ့ပါတယ်။
သူနတ်ဆရာလိုင်းကို ရောက်ရှိလာပုံကလည်း လေးတန်း ကျောင်းသားဘဝခန့်က နေထိုင် မကောင်းဖြစ်တဲ့ အချိန်မှာ နတ်မေးတဲ့ အလေ့အထ ကနေတဆင့် နတ်နဲ့ ပတ်သက်မှု ရှိတယ်ဆိုတာကို သိခဲ့ပြီး နောက်ပိုင်းက စတင်ကာ သူ့ကို စောင့်ရှောက်တဲ့ ခေါင်းစွဲနတ်ကို သိရှိခဲ့ရကြောင်း၊ အမည်ကတော့ မငွေတောင်လို့ ခေါ်တဲ့ နတ်ဖြစ်ကြောင်းက စတင်လို့ နတ်ဆရာတဦးအဖြစ် စတင်ဖို့ ခြေလှမ်းစခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“မငွေတောင်က ချစ်တယ်ပေါ့၊ အဲဒီမှာ လေးတန်းနှစ်က စပြီးတော့ နတ်ရေစင်ဆိုတာ စသောက်ခဲ့တာ။ နတ်ရေစင် သောက်တယ်ဆိုတာက နတ်ကတော် လုပ်တော့မယ်ဆိုရင် အေးရေစင်ဆိုတာရှိတယ်။ ဒီရေစင်ကို အဓိဌာန်နဲ့ သောက်ရတယ်။ နတ်ရဲ့ စောင့်ရှောက်မှုကို အပြည့်အ၀ ရရှိရပါစေလို့လည်း ဆုတောင်းရတယ်” လို့ သူက ပြောပါတယ်။
“အဲဒါကနေ ဆယ်တန်းရောက်တော့ ၃ ပွဲ ရေစင်ဆိုတာကို သောက်တယ်၊ ပြီးတော့ ၅ ပွဲရေစင်၊ ၂၀၁၀ ပြည့်နှစ်ကျတော့ ကျနော်က ၇ ပွဲရေစင် သောက်ပြီးသွားပြီ။ ၂၀၁၇ မှာ ကျတော့ စံခန်းဝင် ကန္နားစီး ဖြစ်သွားပြီ။ စံခန်းဝင် ဆိုတာကတော့ နတ်ကတော် တယောက် ဖြစ်ဖို့အတွက် အမြင့်ဆုံး လုပ်ဆောင်ချက် ပြီးသွားတာပေါ့” လို့ ကိုသူရစိုးက ပြောပါတယ်။
အရပ်ရှည်ရှည်၊ အသားလတ်လတ်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းပြီး မျက်နှာချိုတဲ့ ကိုသူရစိုးက ခပ်ပြုံးပြုံးနဲ့ သူစံခန်းဝင် နတ်ဆရာတဦး ဖြစ်လာတာကို ဆက်ပြောပြပါတယ်။ သူပြောတဲ့အထဲမှာ အင်္ဂလိပ်အသုံးနှုန်း လေးတွေကိုလည်း ဖြည့်စွက် ပြောတတ်တာလေးတွေ ကလည်း နားထောင်ကောင်းပါတယ်။
“စံခန်းဝင်တယ်ဆိုတာက ကိုယ့်ရဲ့ ခေါင်းစွဲနတ်နဲ့ ကိုယ့်ကို Close ပိုပြီးဖြစ်အောင် လုပ်သလိုပေါ့။ ဒါက နတ်သမားစဉ် အဆက်ဆက် လုပ်ခဲ့တဲ့ စံခန်းဝင်တာပေါ့” လို့ သူက ပြောပါတယ်။
အဲဒီအချိန်ကနေ တောင်ပြုံးရွှေနန်းတော်လို့ ခေါ်တဲ့ တောင်ပြုံးမင်းညီနောင် စံမြန်းတဲ့ နန်းမှာ ပွဲတော် ကာလအတွင်း သူ့ရဲ့ ဆရာတဦးဖြစ်သူ သက်တော်ရှည် နတ်ဆရာကြီး ဦးနိုးနိုးရဲ့ ဦးဆောင်မှုနဲ့ ၇ ပွဲရေစင်ကို ထပ်သောက်ခဲ့တဲ့သူ ဖြစ်ပါတယ်တဲ့။
ကိုသူရစိုးနဲ့ စကားစမြည် ပြောရင်းနဲ့ နတ်ဆိုတာဟာ ပြင်ပမှာ အလုံးအထည် မမြင်ရတဲ့ အခါ ဘယ်လို ဆက်သွယ် ပြောဆိုကြရသလဲလို့ မေးမြန်းမိရင်း သူကိုယ်တိုင်လည်း အဲဒီ မေးခွန်းတွေ အထုတ်ခံခဲ့ရ ဖူးကြောင်းနဲ့ စာတမ်းရေးသားခဲ့စဉ်ကလည်း ထိုအရာများကို လေ့လာမှုအဖြစ် ထည့်သွင်းခဲ့ရကြောင်း ပြောပါတယ်။
“ဒီလိုမေးခွန်းတွေ ထုတ်ကြတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ခံယူချက်အပေါ် မူတည်ပြီး အဖြေကလည်း အမျိုးမျိုး ကွဲပြားမှာပဲ။ အရာဝတ္တု တခုက ကိုယ့်စိတ်ထဲမှာ ရှိတယ်လို့ ယုံကြည်နေရင် အဲဒီအရာက တကယ်ကို ရှိကို ရှိပါတယ်” လို့ ကိုသူရစိုးက သူ့အဖြေကို ပြောပြပါတယ်။
ကိုသူရစိုးဟာ တကယ်တော့ မျိုးရိုးရှိလို့ နတ်ဆရာတဦး ဖြစ်လာတာတော့ မဟုတ်ပါဘူး။ မိရိုးဖလာ နတ်ပြ ကိုးကွယ်မှု အဆင့်လောက်သာ ရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာသူ တယောက်သာ ဖြစ်ပါတယ်။ နတ်ကတော် တယောက်အဖြစ်ကို မြတ်မြတ်နိုးနိုး တန်ဘိုးထားပြီးကို ရပ်တည်နေတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူယုံကြည်တာကတော့ ၇ ရက် သားသမီးတွေရဲ့ မပြေလည်မှုတွေကို နတ်များရဲ့ စောင့်ရှောက်မှု၊ သူ့ရဲ့ သစ္စာတရားနဲ့ ပေါင်းပြီး လုပ်ငန်းအဆင်ပြေအောင် ဆုတောင်းမေတ္တာ ပို့သရတာ ဖြစ်တာကြောင့် ကုသိုလ်လည်း ရတဲ့ အလုပ်လို့ ခံယူထားတာပါ။
“အခက်အခဲ ဖြစ်နေသူတဦးက၊ ဥပမာ သူ့မှာ အရောင်းအဝယ် ခက်နေတဲ့ မြေကွက်တခုကို အမြန် ထွက်အောင် လုပ်ချင်တဲ့အခါ နတ်တွေရဲ့ စောင့်ရှောက်မှုတွေ၊ လောကီပညာရပ်တွေနဲ့ မြေကွက်ကို သတ်မှတ်တဲ့ ကာလအတွင်း ရောင်းထွက်အောင် ဆုတောင်းတာ၊ ဒီလိုဆုတောင်းပြီး တကယ် ဖြစ်လာတဲ့အခါ နတ်တွေရဲ့ ကျေးဇူးကြောင့် ဖြစ်တယ်ဆိုပြီး ကန္နားပေး ကကြတာမျိုးပေါ့” လို့ သူက ဆိုပါတယ်။
“ဒေဝဒါန၊ ဗလိနတ်စာ ကျွေးရတာပေါ့နော်။ အရှင်သခင်တွေကို သဘင်နဲ့ ချော့တာပေါ့” လို့ သူက ဆိုပါတယ်။
ဒီလို နတ်ကန္နား ပေးကြရာမှာ ပွဲပေးလိုသူရဲ့ ဆန္ဒအပေါ် မူတည်ပြီး ခုနောက်ပိုင်းမှာတော့ တရက်ကန္နားကို ကျပ် ၁၂ သိန်းကနေ အထက် ကုန်ကျစရိတ်နဲ့ နတ်ပွဲတွေ ပေးကြတယ်လို့လည်း သိရပါတယ်။
နတ်ပွဲ ပေးလိုသူရဲ့ ဆန္ဒအရ အချိုကြိုက်သူ၊ အခါးကြိုက်သူ၊ အရည်ကြိုက်သူ နတ်ပေါင်းစုံကို ပင့်ဖိတ်ပြီး နတ်ချော့တာ ဖြစ်တာကြောင့် နတ်ကတော်တွေဟာ နတ်ပေါင်းစုံ ချော့မြှူနည်းကို အာဂုံဆောင်နိုင် နေရ ပါတယ်။ နတ်ပွဲတပွဲကို နတ်ဆရာ အနည်းဆုံး ၇ ယောက်လောက်က ပါဝင်ချော့မြှူကြပါတယ်။
ကိုသူရစိုးကလည်း နတ်ဧချင်း၊ သီချင်းပေါင်းစုံကို အလွတ်ရနေပြီး ဘယ် နတ်အချော့ကိုမဆို အဆင်သင့် ချော့ပေးနိုင်တဲ့ ခေတ်သစ် လူငယ်နတ်ဆရာ တဦးလည်း ဖြစ်နေပါတယ်။
နတ်ဆရာများရဲ့ သမိုင်းကြောင်းမှာ မင်းတုန်းမင်း လက်ထက်ကတည်းက နတ်ဝန် အမည်နဲ့ ဝန်များ ခန့်ခဲ့ကြောင်း၊ နတ်ဝင်သည်တွေကို စုပေါင်းပြီး နတ်အုပ်မင်း၊ နတ်သက်ရှည်မင်းများ ခန့်ထားပေးခဲ့ကြောင်း၊ ထိုသူများ စုစည်းကာ ပုပ္ပားတောင် ဒေသမှာ နတ်ချီနတ်ချော့ ပွဲကျင်းပပေးခဲ့ရာကနေ ဒီနေ့ နတ်ပွဲများအထိ ရှင်သန် နေတဲ့အကြောင်း ပြောဆိုပါတယ်။
ထင်ရှားတဲ့ နတ်ပွဲတွေမှာဆိုရင် မတ္တရာမြို့နယ်ထဲက တောင်ပြုံးပွဲတော်၊ အမရပူရက ရတနာ့ဂူပွဲ၊ တံတားဦး မြို့နယ်ထဲက အမေဂျမ်းပွဲ၊ ရေစကြို ပခန်းဒေသမှာ ကိုကြီးကျော်ပွဲ၊ ဧရာဝတီတိုင်းမှာ ရွှေကျွန်းပင်ပွဲ၊ မုံရွာမှာ အမေကြီးပွဲ စသဖြင့် ပါဝင်ပါတယ်။
“ကျနော်တို့ နတ်လောကမှာလေ နတ်ဆရာကတော့ မှေးမှိန်သွားမယ်လို့ မထင်ဘူး။ ကိုယ့်ရဲ့ ဝါသနာအရ ဆိုပေမယ့် တကယ်ကို နတ်ကို Crazy ဖြစ်ပြီးတော့ကို လုပ်တဲ့သူတွေ ရှိတယ်။ နတ်နဲ့ အကူအညီ ပေးနေတဲ့ သူတွေရှိတယ်”
“အမှန်အကန်လည်းရှိသလို၊ အကြံအဖန်လည်း ရှိတာပဲ။ ခုနောက်ပိုင်း နတ်ကတော်တွေထဲမှာ ပညာတတ် ဘွဲ့ရ လူငယ်လေးတွေ အများကြီး ပါလာတယ်။ ယုံကြည်မှုတွေက ရှိနေဆဲပဲ” လို့ သူက ဆိုပါတယ်။
လူငယ် နတ်ဆရာတွေ စဉ်ဆက်မပြတ် ရှိနေဆဲကြောင့် နတ်ရိုးရာနဲ့ မြန်မာ့ဓလေ့တွေကတော့ ပျောက်ကွယ် သွားမှာမဟုတ်ဘဲ ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြဦးမှာ ဖြစ်တဲ့အတွက် အားရ ကျေနပ်မှုတော့ ရှိတယ်လို့ သူကဆိုပါတယ်။
“နတ်သမားစဉ်တွေကိုလည်း မပျောက်စေဘဲနဲ့ အခုခေတ်မှာ ရိုးရာ ကိုးကွယ်သူတွေအတွက် လုပ်ပေး ရတာပေါ့” လို့ ကိုသူရစိုးက ဆိုပါတယ်။
ခေတ်အခြေအနေအရ နတ်ဆရာအဖြစ်သာ ရပ်တည်ခြင်းထက် တခြား ပညာရပ်ဆိုင်ရာ လုပ်ငန်းများနဲ့ အသက်မွေးဖို့လည်း လိုအပ်တာကြောင့် ကိုသူရစိုးတို့လို ခေတ်သစ် နတ်ဆရာလေးတွေဟာ အခြား ပညာရပ်ဆိုင်ရာ လုပ်ငန်းတွေအသီးသီးနဲ့ ရပ်တည် နေထိုင်ကြရတယ်လို့လည်း ဆိုပါတယ်။
ကိုသူရစိုး ကိုယ်တိုင်လည်း ပုဂ္ဂလိက အာမခံကုမ္ပဏီတခုမှာ ကြီးကြပ်ရေးမှူးတဦးအဖြစ် လုပ်ကိုင်နေပြီး အချိန်ပိုင်း စာသင်ပေးသူ အဖြစ်လည်း လုပ်ကိုင်ပါတယ်။ ရုံးပိတ်ရက်၊ အားလပ်ရက် တွေမှာတော့ ကိုသူရစိုးဟာ နတ်ဆရာ တဦးအဖြစ် ကိုးကွယ် ယုံကြည်သူတွေကြား နတ်ချော့ပေးခြင်းကို လုပ်ဆောင်ပါတယ်။
ဒါဟာ ခေတ်သစ် နတ်ဆရာတွေနဲ့ ယခင်က နတ်ဆရာအဖြစ်သာ ရပ်တည်ခဲ့ကြသူတွေကြား မတူညီမှုတွေလည်း ဖြစ်ပါတယ်။ ဝါသနာနဲ့ ယုံကြည်မှုနဲ့တင် ရပ်တည်တာထက် မိမိကျွမ်းကျင်သော အခြား ဘာသာရပ်များနဲ့ ဘဝရပ်တည်နေရင်း ရိုးရာ ယုံကြည်မှုတွေကို ဆက်လက် လက်ဆင့်ကမ်းသွားကြတဲ့ သူတို့ဟာ မကြာခင် ကျရောက်တော့မယ့် တောင်ပြုံးနတ်ပွဲသဘင်နဲ့ ရတနာ့ဂုူ နတ်ပွဲသဘင်တွေမှာ ပျော်ပျော်ကြီး ပါဝင်ဆင်နွှဲဖို့ စောင့်မျှော်နေကြပါပြီ။
ဆက်စပ်ဖတ်ရှုရန်
တောင်ကြီးရောက်ရင် သွားသင့်တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန်
ပဋိပက္ခကြောင့် ရိုးရာ ဓလေ့ ထုံးစံများလည်း ထိခိုက်ရသည်
ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာမျာ