ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း၏ ယာဉ်မောင်းဖြစ်သူက အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဦးလှဆွေ၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ကာကွယ်ရေး ဥပဒေအရ ပြီးခဲ့သည့် ၂ လခန့်က နေပြည်တော်၊ ဗုဗ္ဗသီရိမြို့နယ် ပတ္တာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
အမှုဖွင့်ရသည့် အကြောင်းမှာ ရုပ်သံ အွန်လိုင်း သတင်းဌာနတခု ဖြစ်သည့် လူထုမီဒီယာကို အထက်ပါ ၃ ဦးတို့၏ သူရ ဦးရွှေမန်းနှင့် ပတ်သက်သည့် ဖြေကြားချက်များတွင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည်ဟု ယုံကြည်သဖြင့် ယခုလို အမှုဖွင့်ရခြင်း ဖြစ်ကြောင်း သူရ ဦးရွှေမန်းနှင့် နီးစပ်သည့် လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ဧရာဝတီသို့ ပြောသည်။
“ဘိုဘိုကျော်ငြိမ်းက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြောတာတွေကိုလည်း ဦးရဲထွဋ်က သူ့ရဲ့ Facebook Page ကနေပြီးတော့ ပြန်ရှယ်တာ တွေလုပ်၊ ဘာတွေလုပ်နဲ့ အဲဒါမျိုးတွေ လုပ်တဲ့အခါမှာ ဦးရွှေမန်းအပေါ်မှာ လိုလားတဲ့ တချို့ တပည့်တွေက ဒီလို အသားလွတ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာကို မကျေနပ်လို့ ဒီကိစ္စက အမှုဖွင့်တယ်လို့ သုံးသပ်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ထို့ကြောင့် သူရ ဦးရွှေမန်း၏ မူဝါဒပိုင်းကို ဝေဖန်ခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့်သဘော၊ ဦးဘိုဘိုကျော်ငြိမ်း၏ ပြောဆိုမှု များကို ဦးရဲထွဋ်က လူမှုကွန်ရက်တွင် ပြန်ရှယ်ခြင်းသည် အားပေးကူညီသည့် သဘောဟု ဦးရွှေမန်း တပည့်များက မြင်ကြောင်း သိရသည်။
သို့သော် ဦးလှဆွေ၊ ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို အမှုဖွင့်ရန် သူရ ဦးရွှေမန်းကိုယ်တိုင် ဖိအားပေး ညွှန်ကြားခဲ့ခြင်း မရှိ ကြောင်း၊ သူရ ဦးရွှေမန်း၏ ခြံထဲမှ တပည့်တဦးဖြစ်သူ ဦးမျိုးမင်းလတ်က ၎င်း၏ သဘောဆန္ဒအလျောက် ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“သူက ဦးရွှေမန်းရဲ့ ကားကို မောင်းတဲ့သူ မဟုတ်ဘူး။ သူက ယာဉ်မောင်းအလုပ်တော့ လုပ်တယ်။ ဦးရွှေမန်းရဲ့ ကားကို မောင်းတဲ့ ဒရိုင်ဘာ မဟုတ်ဘူး။ ဦးရွှေမန်းအိမ်က အများသုံးကားပေါ့ဗျာ။ အုပ်ချုပ်မှု ယာဉ်ပေါ့လေ။ အဲဒီကားကို မောင်းတဲ့ ယာဉ်မောင်း၊
သူက ဖွင့်တာပါ။ ပြီးတော့ ဒီအမှုက ဖွင့်ပြီးရင် ပြန်ပိတ်လို့ မရဘူးလို့ ထင်တယ်”ဟု သူရဦးရွှေမန်းနှင့် နီးစပ်သူက ရှင်းပြသည်။
၎င်းက “ဦးရွှေမန်း သဘောက သူများအပေါ်မှာလည်း စွက်ဖက်တဲ့ သဘာဝ မရှိတဲ့အတွက် ဒါက သူ့ရဲ့ အခွင့်အရေးပဲ။ သူလုပ်တာ မှန်ခြင်း၊ မှားခြင်းဟာ တရားရုံးက သူ့ဟာသူ ဆုံးဖြတ်လိုက်မယ်။ ဦရွှေမန်း အနေနဲ့ ဒီပေါ်မှာ ဝင်စွက်ဖက်တာမျိုး လုပ်လိမ့်မယ် မ ထင်ဘူး။ သူ ဟန့်တာတွေ ဘာတွေ မလုပ်နိုင်ဘူး” ဟု ဆက်ပြောသည်။
လူထု မီဒီယာက ဦးလှဆွေ၊ ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ ၃ ဦးကို သူရ ဦးရွှေမန်းနှင့် ပတ်သက်ပြီး ၎င်း၏ နိုင်ငံရေး သြဇာ၊ တပ်မတော်နှင့် ဆက်ဆံရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး၊ လူထုကောင်းကျိုးဆောင် ပါတီအခြေအနေများကို ၂၀၁၉ ခုနှစ်အတွင်း မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မီဒီယာ မေးမြန်းသမျှကို ၎င်းတို့ ၃ ဦးကလည်း ပွင့်ပွင့်လင်းလင်း ပြန်လည် ဖြေဆိုသည့်အခါ အများပြည်သူ စိတ်ပါဝင်စားသော အင်တာဗျူးများ ဖြစ်လာသည်။
လူထုမီဒီယာမှ အယ်ဒီတာတဦး ဖြစ်သူ ဦးကျော်စိုးဦးက “ဦးဘိုဘိုကျော်ငြိမ်း အင်တာဗျူးက ဦးရွှေမန်းကို လွှတ်တော်က ကန့်ကွက် မဲနဲ့ ဖြုတ်မချမှီ တပတ်အလို၊ ဦးရဲထွဠ်ကတော့ ၂၀၁၉ ထဲမှာပဲ။ ဘူးလက်ကတော့ ဦးရွှေမန်း ပါတီထောင်ပြီးအချိန်မှာ မေးတာ၊ ဦး ရဲထွဋ်က တပ်မတော်နေ့ အခမ်းအနားအပြီး ရက်ပိုင်း လောက်မှာ တပ်မတော်နဲ့ သူရဦးရွှေမန်းရဲ့ ဆက်ဆံရေးပေါ့ အဲဒီပွဲမှာ သူရ ဦးရွှေမန်း တက်ရောက်တာ မတွေ့ရလို့ မေးဖြစ်တာ” ဟု ရှင်းပြသည်။
ဦးလှဆွေ၊ ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ ၃ ဦး၏ မီဒီယာတခုသို့ ဖြေကြားချက်များသည် သူရဦးရွှေမန်းကို ထိခိုက်မှု ရှိသဖြင့် ဧပြီလ ၃၀ ရက်နေ့တွင် သူရ ဦးရွှေမန်း၏ တပည့် တဦးက ရဲစခန်းသို့ လာရောက် အမှုဖွင့်ခဲ့ကြောင်း ဗုဗ္ဗသီရိမြို့နယ်၊ ပတ္တာရဲစခန်းမှ အမည်မဖော်လိုသော ရဲအရာရှိတဦးက အတည်ပြုသည်။
“မီဒီယာတခုရဲ့ မေးလိုက်တဲ့ အပေါ်မှာ ဖြေကြားချက်တွေက ဦးရွှေမန်းကို နည်းနည်း ထိခိုက်တယ်ပေါ့။ ထိခိုက်တဲ့အတွက် ဦးရွှေမန်း ရဲ့ ဝန်ထမ်းလို့ သုံးလို့ ရတယ်။ Driver ပေါ့နော်။ အမှု ဖွင့်တယ်”ဟု ယင်းအရာရှိက ရှင်းပြသည်။
သို့သော် ယခုအမှုတွင် နစ်နာသူကိုယ်တိုင် အမှုမဖွင့်ဘဲ ကိုယ်စား အမှုဖွင့်သည့်အပေါ် မေးခွန်းများ ရှိနေရာ လူတဦးတယောက် နစ် နာမှု ရှိပါက ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားဖြစ်စေ တိုင်ကြားမှုကို ဥပဒေ ခွင့်ပြုထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
“လူတယောက် နစ်နာရင် ဘယ်သူမဆို တိုင်လို့ ရတာပေါ့။ ဒဏ်ငွေ ၁၅ သိန်း ထောင်ဒဏ် ၆ လရယ် ချမှတ်လို့ ရတယ်။ ဒါက အ ကြမ်းဖျဉ်းပေါ့”ဟု ပတ္တာရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းကဆက်၍ “ဖမ်းထားလို့ ရလားဆိုတော့ တော်တော်များက သူတို့ ဖမ်ဆီးခွင့် ဥပဒေ အကြံပြုချက်မှာ ပါလာရင် ကျနော်တို့က ဒါ ကတော့ ထိန်းသိမ်းရမှာပေါ့။ ကျနော်တို့ ရဲလုပ်ငန်းစဉ်တွေကို အကုန်လုံး လုပ်နေပါတယ်။ မြို့ နယ် ဥပဒေရုံးရဲ့ ပြန်ကြားချက်အရ ဆိုရင် ဘယ်လို ပြန်ကြားမလဲတော့ မသိသေးဘူး” ဟု ပြောသည်။
ယခုအခါ ဦးလှဆွေ၊ ဦးရဲထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းတို့ ၃ ဦးတွင် ဦးလှဆွေကို ရဲတပ်ဖွဲ့က အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊
ကျန်ရှိနေသည့် ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို ရဲလုပ်ငန်းကိစ္စ မပြီးသဖြင့် မဆက်သွယ်ရသေးဘဲ ယခုအခါ ၎င်းတို့ ၂ ဦး ကိုလည်း ဆက်သွယ်တော့မည် ဖြစ်ကြောင်း ဇူလိုင်လ အစောပိုင်းတွင် ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ယခုအခါ သူရဦးရွှေမန်းသည် နေပြည်တော်ရှိ ၆ လုံးတန်းဟု နာမည်ကြီးသည့် အိမ်ကြီး ၆ လုံးထဲမှ တလုံးတွင် နေထိုင်လျက်ရှိပြီး ၎င်း ဦးဆောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ရုံးခွဲများကို တနိုင်ငံလုံးတွင် လိုက်လံ ဖွင့်လှစ်လျက်ရှိသည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်၊ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ ကို တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ်အထိ ဗိုလ်ချုပ်ကြီး အဆင့်၊ နံပါတ် ၃ နေရာ ဖြစ်သော ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးတာဝန် အထိ ထမ်း ဆောင်ခဲ့သူ တဦး ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် တပ်မတော် ယူနီဖောင်း ချွတ်ကာ သမ္မတဖြစ်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် တပ်မတော်မှ တည်ထောင် ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရာ နေပြည်တော်၊ ဇေယျသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အလိုအရ သမ္မတ မဖြစ်ဘဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသာ ဖြစ်ခွင့် ရခဲ့သည်။ ထိုအချိန်မှစ၍ ဦးရွှေမန်းသည် အချိန်ခါကြုံတိုင်း ဒီမိုကရေစီ ဘက်တော်သားဟု ကြွေးကြော်လေ့ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်တွင် ကြံ့ ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝမှ သန်းခေါင်ယံ အာဏာသိမ်းပွဲဟု နာမည်ကြီးသည့် ဖြစ်စဉ်နှင့် ရာထူးမှ ဖြုတ်ချခံရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင်လည်း သာမန် ပါတီဝင်တဦး အနေဖြင့် ၎င်း၏ ဇာတီ ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အာဏာရလာသည့်အခါ ၎င်း၏ ဒေါ် အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဆက်ဆံရေးကြောင့် ၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ ဖြစ်လာသည်။
၎င်းကော်မရှင်သည် ရှေ့နေချုပ်ရုံးကဲ့သို့ အစိုးရနှင့် လွှတ်တော်ထံသို့ သဘောထားမှတ်ချက်ပြုသည့် နေရာတွင် အရေးပါသည့် အ ထူး ကော်မရှင်တခုအဖြစ် ယခု အစိုးရလက်ထက်တွင် သြဇာကြီးခဲ့သည်။
သို့သော် ၎င်းသည် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တည်ထောင်တော့မည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုသည့် နောက် ပိုင်းတွင် ၎င်း၏ အထူးကော်မရှင် သက်တမ်းတိုးမှုကို NLD ပါတီ ကြီးစိုးသည့် လွှတ်တော်က ၂၀၁၉ ခုနှစ်တွင် ပယ်ချလိုက်သည့် အခါ သူရ ဦးရွှေမန်း အငိုက်မိသွားခဲ့ရသည်။
ထိုအချိန် ပတ်ဝန်းကျင်တွင် လူထု မီဒီယာက သူရ ဦးရွှေမန်း၏ ဘဝ အချိုးအကွေ့များ အလွန်များသည့် အကြောင်းကို နိုင်ငံရေး အ သိုင်းအဝိုင်းမှ ထင်ရှားသူများထံ ဆက်သွယ် မေးမြန်းခဲ့ရာ ဦးလှဆွေ၊ ဦးရဲထွဋ်နှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ ပါဝင်လာခြင်း ဖြစ်သည်။
လူထုမီဒီယာက လက်ရှိ အဏာရ NLD ပါတီမှ တာဝန်ရှိသူများထံလည်း ဆက်သွယ်ခဲ့သော်လည်း ယင်းပါတီက သူရ ဦးရွှေမန်း အကြောင်းကို တရားဝင် မပြောဆိုခဲ့သလို သူရ ဦးရွှေမန်းထံသို့လည်း ၎င်း၏ တပည့်များမှတဆင့် အင်တာဗျူး ဆက်သွယ်ခဲ့ဖူး ကြောင်း သိရသည်။
ဘူးလက်လှဆွေဟု နာမည်ကြီးသည့် လက်ရှိ ဘူးလက်ဂျာနယ် ထုတ်ဝေသူ ဦးလှဆွေနှင့် ၅ မိနစ်စာ အင်တာဗျူးတွင် ဦးလှဆွေက သူရ ဦးရွှေမန်းနှင့် ၎င်း၏ ပါတီကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။
သူရ ဦးရွှေမန်းကို ၎င်း၏ ဆွေမျိုးများကပင် မဲထည့်လိမ့်မည်ဟု မထင်ကြောင်း၊ ဖြူးမြို့နယ်တွင် ဝင်ပြိုင်သော်လည်း မနိုင်သည်မှာ ဆွေမျိုးများပင် မဲမထည့်၍ ဖြစ်ကြောင်း၊ ပါတီထောင်သည်မှာလည်း တိုင်းပြည်ကို ချစ်၍ မဟုတ်ဘဲ အာဏာလိုချင်သည့် ပုံစံ၊ နေရာတခု လိုချင်သည့် ပုံစံမျိုးဖြစ်ကြောင်း ဦးလှဆွေက ဗြောင်ဝေဖန်သည်။
ဦးလှဆွေ က “သူ့(ဦးရွှေမန်း)ကို မဲထည့်မယ့်သူတွေဟာ USDP ကို မဲထည့်မယ့်သူတွေ မဟုတ်ဘူး။ သူက ဒေါ်စုရဲ့ အရိပ် အာဝသကို ခိုခဲ့တဲ့သူ ဆိုတော့ စိတ်ပျက်နေတဲ့သူက သူ့ကို ထည့်ချင်ရင် ထည့်လိမ့်မယ်။ ကြံ့ခိုင်ရေးကို မထည့်ချင်ဘူးဗျာ။ ဒေါ်စုကိုလည်း စိတ် ပျက်နေတဲ့ သူ အနည်းအကျဉ်းက သူ့ကိုပဲ ထည့်နိုင်တယ်။ သူတမြို့နယ်မှ မနိုင်နိုင်ဘူး။ မယုံရင် သူ့ ဖြူးမြို့ နယ်မှာ သွားပြိုင်ကြည့် ရှုံးလိမ့်မယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “ကျနော်က သာကူးလို့ မပြောပါဘူး။ မှန်ပြောင်းပါ။ မှန်လို့ ပြောင်းတာ။ ကျနော်လည်း ၆၆ ဃ လည်း ကြောက်ရ သေးတယ်။ သူနိုင်ငံရေး သေသွားပြီလို့ ကျနော်မြင်တယ်။ ဒါဗြောင်ပြောတာ”ဟု ဆိုသည်။
ယင်းသို့ ပြောဆိုပြီး လပိုင်းအတွင်း ဦးလှဆွေ၏ နေအိမ်သို့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာရဲစခန်းမှ ရဲများရောက်ရှိလာပြီး သူရ ဦးရွှေမန်း၏ ဒရိုင်ဘာ ဖြစ်သူ၏ အမှုဖွင့်ခြင်းကို ခံခဲ့ရကြောင်း၊ ၎င်းအားလပ်သည့် အချိန်ကို ရဲများက လာမေးခဲ့ပြီး အားသည့် အချိန် တွင် ရဲစခန်းသို့ လာရောက်ရန် အသိပေးခဲ့သည်ဟု သိရသည်။
ဦးလှဆွေ က “သူတို့ မေးတာတွေ ဖြေပေးရမှာပေါ့။ ကျနော် လူထုမီဒီယာနဲ့ တွေ့ဆုံပြီးတော့ ဖြေတဲ့အချိန်မှာ ပြောစကားတွေက ဦး ရွှေမန်းကို ထိခိုက်စေတယ် ဆိုပြီးတော့ ဘာတဲ့ သူပြောတဲ့ဟာက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတယ်တဲ့၊ အမျိုး သား သင့်မြတ်ရေးကို ပြိုကွဲစေတယ်တဲ့။ အဲလိုတွေ ပြောတာပဲ။ နည်းနည်းတော့ ကြီးကျယ်တာပေါ့နော်” ဟု ဧရာဝတီသို့ ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို လူထုမီဒီယာက သူရဦးရွှေမန်းနှင့် တပ်မတော်ကြား ဆက်ဆံရေး၊ ၂၀၂၀ ရွေးကောက်ပွဲ တွင် တပ်မတော်၏မဲ၊ ကြံ့ခိုင်ရေးပါတီ၏ မဲများ ရနိုင်ခြေ ရှိ၊ မရှိ၊ သူရ ဦးရွှေမန်း၏ နိုင်ငံရေး သြဇာ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးနှင့် ဦးရဲထွဋ်သည် ဦးသိန်းစိန်၏ လူဖြစ်သဖြင့် သူရ ဦးရွှေမန်းကို ဝေဖန်နေခြင်းလားဆိုသည့် မေးခွန်းများ မေးမြန်းခဲ့သည်။
ဦးရဲထွဋ်ကလည်း မီဒီယာ၏ မေးမြန်းချက်များကို ပွင့်ပွင့်လင်းလင်း ပြန်လည် ဖြေကြားမှုများ ပြုလုပ်ခဲ့ပြီး ဦးရွှေမန်းနှင့် စတင် သ ဘောထားကွဲလွဲပြီး ရပ်တည်ချက်၊ မူဝါဒကို မကြိုက်တော့ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ကိစ္စတွင် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့၏ သဘောထား ကွဲလွဲမှုများကြားတွင် ပြီးခဲ့သည့် အစိုးရ လက် ထက်၌ ခုံရုံး အဖွဲ့တခုလုံး နုတ်ထွက်ခဲ့ရမှု ဖြစ်ပွားခဲ့ရာ ဦးရဲထွဋ်က ယင်းကိစ္စကို ဆိုလိုခြင်း ဖြစ်သည်။
“နောက်ပိုင်းမှာ သူ့ရဲ့ တပ်မတော်အပေါ်မှာ သဘောထားတွေ ဒီကိစ္စတွေ အပေါ်မှာလည်း ဘဝင်မကျဘူး။ အဲဒီအချိန်ကတည်းက ပုဂ္ဂိုလ်ရေးအရ သူ့အပေါ်မှာ ယုံကြည်မှု မရှိတော့ဘူး” ဟု ဦးရဲထွဋ်က လူထု မီဒီယာသို့ ပြောသည်။
ဦးရဲထွဋ်က ၎င်း၏ တပ်မတော်သား ဘဝတွင်လည်း ကာလတလျှောက်လုံး သမ္မတ ဦးသိန်းစိန်အောက်တွင် မနေခဲ့ရဘဲ ဗိုလ်ချုပ် ကြီး သူရ ရွှေမန်းနှင့် သိခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ ရန် စီစဉ်ပေးခဲ့သူမှာလည်း သူရ ဦးရွှေမန်း ဖြစ်ကြောင်း ပြောသည်။
ဦးရဲထွဋ်က “သူ (သူရ ဦးရွှေမန်း)ဟာ ကျနော့်အပေါ်မှာ မြင်ဆရာ ဖြစ်ခဲ့တယ်။ သင်ဆရာဖြစ်ခဲ့တယ်။ ကျနော့်ကို ပြန်ကြားရေး ပို့ပေးတဲ့ ကျေးဇူး ရှိတယ်ဆိုတာ လက်ခံတယ်။ သို့သော် သူနိုင်ငံရေး မလုပ်တော့ဘူး။ လုံးဝ အငြိမ်းစား ယူသွားတဲ့အချိန်မှာ ကျနော် အဲဒီ ကျေးဇူး တွေကို ပြန်ဆပ်မယ်။ ခုချိန်မှာတော့ အဲဒီကျေးဇူးတွေကို ခဏ ဘေးဖယ်ထားတယ်။ ကျနော် ဝေဖန်သင့်တယ်ထင်လို့ ဝေဖန်တယ်။ ဒါပါပဲ” ဟု ပြောသည်။
ဧရာဝတီက ဦးရဲထွဋ်ကို ဆက်သွယ်ကြည့်ရာ ၎င်းကို သူရ ဦးရွှေမန်းက အမှုဖွင့်သည် ဖြစ်စေ၊ တပည့် ဖြစ်သူက အမှုဖွင့်သည် ဖြစ် စေ အရေးမကြီးကြောင်း ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် က “ဦးရွှေမန်းနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ သုံးသပ် ပြောဆိုချက်တွေဟာ ဘယ်အချက် အလက်တွေကို အခြေခံသလဲ။ အဲဒီ အချက် အလက်တွေ မှန်လား၊ မှားလားဆိုတာကို ဦးရွှေမန်း အပါအဝင် သက်ဆိုင်သူတွေကို တရားရုံး ရှေ့မှောက်မှာ မေးနိုင်မယ့် အခွင့် အရေးကိုပဲ စိတ်ဝင်စားပါတယ်”ဟု ပြောသည်။
သူရ ဦးရွှေမန်းသည် ဦးရဲထွဋ် အပေါ်တွင် ကျေးဇူးရှိခြင်းမှာ ဦးရဲထွဋ်သည် ဒုတိယ ဗိုလ်မှူးကြီး ဘဝဖြင့် ရာထူးမတက်ဘဲ ရှမ်းပြည် နယ်ရှိ မြို့ ငယ်လေး တမြို့ တွင် တာဝန်ကျနေစဉ် ၎င်းတို့ မိသားစု၏ လူမှုရေး၊ ကျန်းမာရေး အခက်အခဲများကြောင့် ရန်ကုန် ဖြစ်စေ၊ အရပ်ဘက်ဖြစ်စေ ပြောင်းရွေ့ ပေးရန် သူရ ဦးရွှေမန်းဆီကို အကူအညီ တောင်းခံခဲ့ရာ သူရ ဦးရွှေမန်းက ၎င်း၏ သူငယ်ချင်း ဖြစ်သည့် ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းကို ပြောဆိုပေးခဲ့ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်း အနီးတွင် ရှိနေသူတဦးက ဧရာဝတီသို့ ပြောသည်။
“ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းကို ပြောပြီးတော့ သူ့ကို ခေါ်ပေးပါဆိုတော့ အဲဒါနဲ့ သူက ပြန်ကြားရေးကို ရောက်သွား တာ။ ရောက်သွားပြီးတော့မှ အဲဒီမှာ ညွှန်ချုပ်ဖြစ်၊ ဒုဝန်ကြီးဖြစ် ပြန်ကြားရေးမှာ ဝန်ကြီး ဖြစ်ပေါ့လေ။ အဲဒီလိုတွေ ဖြစ်သွားတာ။ ဆို တော့ ဦးရဲထွဋ်က သူကယ်တင် စောင့်ရှောက်ထားတဲ့သူတယောက်” ဟု ဦးရွှေမန်းနှင့် နီးစပ်သူက ပြောသည်။
ဦးဘိုဘိုကျော်ငြိမ်းကမူ “သူရ ဦးရွှေမန်းက ဝင်ကစွက် ဖြစ်တဲ့အတွက် ဒုတိယ ပိုဆိုးတာက သာကူး ဖြစ်တဲ့အတွက် သူ့ရဲ့ အသက်က ဒေါ်စုဆီမှာပဲ ရှိတယ်။ ဒေါ်စုက ထွီ ဆိုပြီး ထွေးထုတ်လိုက်ရင် အဝေးရောက်သွားမှာ”ဟု လူထုမီဒီယာသို့ ပြောဆိုသည်။
၎င်းတို့ ၃ ယောက် စလုံး၏ ပြောဆိုချက်များကို သူရ ဦးရွှေမန်း၏ အသိုင်းအဝိုင်းက အလွန် စိတ်ဆိုးခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ ၃ ဦးကို အမှုဖွင့်သည့် သူရ ဦးရွှေမန်း၏ ကားဒရိုင်ဘာဆိုသူ ကိုမျိုးမင်းလတ်ကို ဧရာဝတီက အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။
သို့သော် သူရ ဦးရွှေမန်းဘက်မှ တရားစွဲဆိုရန် အားထုတ်လာမှုသည် သူရ ဦးရွှေမန်းသည် ကြံ့ခိုင်ရေး မဟုတ်၊ တပ်မတော်ဘက်မှ မဟုတ်ဘဲ ဒီမိုကရေစီ ဘက်တော်သားဆိုသည့် ပုံစံကို ရယူရန် ကြိုးပမ်းမှု တခု ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ မှ သတင်းစာ ဆရာ ဦးသီဟသွေးက ပြောသည်။
“ဒီလိုအချိန်မှာ ဒီမိုကရေစီ ဘက်တော်သားပေါ့နော်။ အထူးသဖြင့်တော့ NLD နဲ့ တသားတည်းဆိုတာကို ပြဖို့ အခွင့်အရေး မရှိသေး ဘူးလေ။ အဲလို အခြေအနေမျိုးမှာ အခုလို တရားစွဲတာက သူ့ရဲ့ ရပ်တည်ချက်က ဟိုဘက်ကို မရောက်ဘူး။ ဒီဘက်ကိုဆိုတဲ့ ပုံရိပ် ထွက်သွားတာပေါ့”ဟု ၎င်းက သုံးသပ်သည်။
ထို့ပြင် သူရ ဦးရွှေမန်း နိုင်ငံရေးလောကတွင် ပါတီထောင်လိုက်ခြင်းသည် လက်ရှိ အတိုက်အခံ ကြံ့ခိုင်ရေးပါတီကို ထိခိုက်မှု ရှိနိုင် ကြောင်း၊ သူရ ဦးရွှေမန်းလက်ထက်က လွှတ်တော်တွင်း နိုင်ငံရေး အားကောင်းခဲ့သဖြင့် ကြံ့ခိုင်ရေးပါတီထဲတွင် သူရ ဦးရွှေမန်းကို သဘောကျသူ၊ သူရ ဦးရွှေမန်း၏ သြဇာသက်ရောက်သူများ ရှိနိုင်သည်ဟုလည်း ဦးသီဟသွေးက ပြောသည်။
မည်သို့ပင် ဖြစ်စေ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ဦးဘိုဘိုကျော်ငြိမ်းတို့၏ ဇာတ်လမ်းကို နိုင်ငံရေး စိတ်ဝင်စားမှုများ ရှိပြီး နေပြည်တော်တွင် ဆက်လက် စောင့်ကြည့်ရမည့် အမှုတခုအဖြစ် ဆက်ရှိနေဦးမည် ဖြစ်သည်။
You May Also Like These Stories:
“ခြံခုန်သော သစ္စာဖောက်”ဟု ဝေဖန်မှုများ ရှိသော်လည်း ပြည်သူ့ အကျိုးကိုသာ ကြည့်မည်ဟု ဦးရွှေမန်း ပြော