ဆောင်းပါး

ထိုင်းလက်နက်ဈေးကွက် စိန်ခေါ်မှုများ

Want create site? Find Free WordPress Themes and plugins.

“မင်းဆီမှာ သေနတ်တလက် ရှိတယ်ဆိုရင် ငါ့ကို ပစ်လိုက်စမ်း” ဟု မေလ ၁၉ ရက်က မြောင်ခရိုင်၊ ဆာရာဘူရီ တွင် ပစ်သတ်ခံရသူ ပရီးချာကွန်သောင်က ကျည်ဆန်များ သူ့မျက်စိရှေ့မကျလာမီက အော်ပြောလိုက်သည်။

သူသည် အသင့်ဖျော် ကော်ဖီထုတ်တထုပ် ဝယ်ရင်း ပစ်သတ်ခံရခြင်း ဖြစ်သည်။

အသက် ၅၉ နှစ်ရှိ ပရီးချာကွန်သောင်သည် မိတ်ဆွေတဦးနှင့်အတူ နံနက်စာစားရန် ဈေးဘက်ထွက်လာစဉ် ဆာရာဘူရီ ဆေးရုံနှင့် မျက်နှာချင်းဆိုင်ရှိ ကုန်မျိုးစုံ စတိုးဆိုင်တွင် ရပ်နေရင်း သေနတ်သမားကို အော်ဟစ် ပြောဆိုလျှက် လဲကျသွားခဲ့သည်။

ဤဖြစ်စဉ်သည် ထိုင်းနိုင်ငံတွင်း သမရိုးကျမဟုတ်ဘဲ၊ အာရှတိုက်၌ သေနတ်ဖြင့် လူသတ်မှုကျူးလွန်နှုန်း အမြင့်ဆုံး ပေါ်ပေါက်နေခြင်းကို ပြသလိုက်ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတွင်း အတိုင်းအတာအရ ဒုတိယ အမြင့်ဆုံးနှုန်း ရှိနေသည်။

ပရီးချာအသတ်ခံရမှုကို ရဲက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မီဒီယာသတင်းများက ဆိုသည်။ အကယ်၍ စုံစမ်း စစ်ဆေးနေသူများသည် ကျည်ဆံများကို ခြေရာကောက်၍ သေနတ်ပိုင်ရှင်၏ လက်နက်ကိုင်ဆောင်ခွင့် မှတ်ပုံ တင် (လိုင်စင်) များအပေါ် မူတည်နေသည်ဟု ဆိုလျှင် လူသတ်သမားကို ဖော်ထုတ် ပေးနိုင်မည် မဟုတ်သလို၊ တခြား ဖြစ်နိုင်ချေများလည်း ရှိနေသည်။

အကြောင်းမူကား ထိုင်းနိုင်ငံတွင် ရှိနေသည့် သေနတ်အားလုံး၏ ထက်ဝက်နီးပါးမှာ မှတ်ပုံတင် (လိုင်စင်) မရှိဟု ယုံကြည်ရ၍ ဖြစ်သည်။

GunPolicy.org ဝက်ဘ်ဆိုက်၏ အဆိုအရ ပုဂ္ဂလိက တဦးချင်းပိုင်ဆိုင်သည့် သေနတ် စုစုပေါင်း အရေ အတွက် မှာ ထိုင်းတွင် ၁၀ သန်းကျော် ရှိနေပြီး ၆ သန်းသာ တရားဝင် မှတ်ပုံတင် (လိုင်စင်) ရရှိထားကာ ကျန် ၄ သန်း မှာ တရားမဝင် ကိုင်ဆောင်ကြသည့် အလားအလာ များသည်။

တရားမဝင် သေနတ်ကိုင်ဆောင်ကြခြင်း အတွက် အကြောင်းပြချက်က မျိုးစုံဖြစ်သည်။ ဆွေမျိုးတဦး
သေဆုံး၍ ၎င်းမိသားစုထံတွင် လက်နက်များ ကျန်ခဲ့ခြင်းဆိုပါက ယင်းလက်နက်များ၏ ပိုင်ရှင်အသစ်က မှတ်ပုံတင် ထပ်မံ မလျှောက်ခြင်းမျိုး ရှိနိုင်သည်။

တချို့ သေနတ်ပိုင်ရှင်များက တရားဝင် မှတ်ပုံတင်ထားသည့် သေနတ် ဝယ်ယူမှု စာရွက်စာတမ်းများကို ခြေရာမခံမိစေရန် အစဖျောက်ထားခြင်းလည်း ဖြစ်နိုင်သည်။

ကြေးစားလူသတ်သမား (သို့မဟုတ်) မူးယစ်ကုန်ကူးသူများ ကဲ့သို့ တချို့က ၎င်းတို့ကို တရားဝင် မှတ်ပုံတင်ထား သည့် လက်နက် ကိုင်ဆောင်ထားခြင်းဖြင့် ခြေရာမခံနိုင်စေရန် ရှောင်ရှားလိုကြသည်။

နိုင်ငံတကာ အကြမ်းမဖက်ရေးအဖွဲ့ (Nonviolence International) နှင့် ထိုင်းတရားမျှတမှုနှင့် ပြန်လည် သင့်မြတ်ရေး ကော်မရှင်အပါအဝင် အဖွဲ့အစည်းများတွင် လုပ်ကိုင်နေသည့် လက်နက် သုတေသီတဦး ဖြစ်သည့် Chutimas Suksai ၏ အဆိုအရ သေနတ် ပစ်ခတ်ခြင်းနှင့် ဆက်စပ်သည့် ရာဇဝတ်မှု အများအပြားသည် ထိုင်းရှိ လိုင်စင်မဲ့ သေနတ်များဖြင့် ကျူးလွန်ကြခြင်း ဖြစ်ကြောင်းနှင့် သမီးရည်းစားများ အကြား ငြင်းခုံမှုရလဒ်များ အဖြစ်လည်း တွေ့ရလေ့ရှိကြောင်း သိရသည်။

အကယ်၍ သမီးရည်းစားများအကြားတွင် သူ့လူက တခြားလူနှင့် စကားလက်ဆုံ ကျနေသည်ကို တွေ့ရလျှင် ဒေါသ ထွက်နေသည့် ရည်းစားက သူ့လူကို သူ ပစ်ခတ်ခြင်းမှာ မဆန်းလှပေ။

“ဒါမျိုးဖြစ်နေတာတွေ ထိုင်းမီဒီယာတွေမှာ တလကို အကြိမ်ရေ ခပ်နည်းနည်း ရှင်တို့ ကြားရ၊ တွေ့ရမှာပါ” ဟု မစ္စချုတီမက်စ်က ပြောသည်။ သင့်အတွက် ထိုအလုပ်မျိုးလုပ်ဖို့ လူငှားရှာတွေ့ရန်အတွက် ကျန်ကျစရိတ်လည်း သိပ်မများလှပေ။

ဈေးအပေါဆုံး အငှားပစ်ခတ်စေမှုအတွက် ဘတ်ငွေ ၁ သောင်းသာ ရှိသည်။ သို့သော် နာမည်ကြီး ကိစ္စမျိုး ဖြစ်လာလျှင်မူ ဈေးက ဘတ်ငွေ ၁ သိန်းအထက် တက်သွားနိုင်သည်။

“ခက်ခက်ခဲခဲ ဘယ်လောက် လုပ်ရသလဲဆိုတဲ့အပေါ်မှာ မူတည်တာပါ။ တကယ်လို့ ခင်ဗျားက ဝက်ဘ်ဆိုက် တခုကနေ ဈေးပေါတဲ့ သေနတ်သုံးပြီးတော့ ရှင့်ရွာထဲကို အဲဒီလူက ဆိုင်ကယ်စီး ဝင်လာရမယ်ဆိုရင် ဘတ် ၁ သောင်းလောက် ပေးရမယ့်သဘောရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်နက်တလက် ဝယ်ရန်အတွက် အကြောင်းပြချက်မှာ ထွေထွေထူးထူး မရှိသော်လည်း လုပ်ဆောင်ရမည့် အဆင့်များကတော့ ရှိသည်။ တရားဝင် သေနတ်တလက် ဝယ်ရေးအတွက် ငွေရှိရန်လိုသည်။ ထိုင်းနိုင်ငံသား တဦးအတွက် လစဉ်ပျမ်းမျှ လုပ်ခလစာမှာ ဘတ်ငွေ ၃ သောင်းဖြစ်၍ သေနတ်ဝယ်ရန် အခက်အခဲ ရှိနိုင်သည်။

ဘဏ္ဍာရေးကိစ္စအပြင် ခိုင်လုံသည့် အကြောင်းပြချက်လည်း ရှိဖို့ လိုသေးသည်။ ဝယ်ယူနိုင်ရန် အလားအလာ ကောင်းသူအနေဖြင့် သေနတ်တလက် ပိုင်ဆိုင်ရန် ကုန်ကျစရိတ် မြင့်မားမည်သာမက၊ ပြည်ထဲရေး ဝန်ကြီး ဌာနတွင် လူကိုယ်တိုင် အင်တာဗျူး ဖြေရခြင်း အပါအဝင် ကျယ်ပြန့်သည့် စစ်ဆေးမှု လုပ်ငန်းစဉ်များကို ဖြတ်သန်း ဆောင်ရွက်ရသည်။

“သေနက်တလက် ပိုင်ဖို့အတွက် ကိုယ့်မှာ ကာကွယ်စရာ ပိုင်ဆိုင်မှု ပြနိုင်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် အန္တရာယ် များတဲ့ အိမ်နီးချင်းတွေနဲ့ အတူ နေရတာမျိုး ပြနိုင်ရပါတယ်” ဟု မစ္စ ချူမီတက်စ်က ပြောသည်။

“ဒါက နမူနာရပ်တည်မှု အခြေအနေပါ” ဟု ၎င်းက ရှင်းပြသည်။

အထူးသဖြင့် အမျိုးသမီးများဆိုလျှင် (သေနတ်လိုင်စင် ထုတ်ပေးရေး) တင်းကြပ်သည့် စည်းမျဉ်း ရှိနေခြင်း ကြောင့် စာအုပ် (ကန့်သတ်ချက်) မပါဘဲ၊ ဝယ်ယူခွင့် ပြုကောင်းပြုနိုင်သည်။ ရံဖန်ရံခါ ကာကွယ်ရန် ပိုင်ဆိုင်မှု မပြနိုင်သော အမျိုးသမီးများ ဆိုလျှင် သေနတ်လိုင်စင် လျှောက်ရန်အတွက် ပယ်ချကောင်း ပယ်ချခံရနိုင် ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် သေနတ်များနှင့် ပတ်သက်၍ စာရင်းဇယားများတွင် အကြီးအကျယ် ကွာဟမှုတခုမှာမူ ရှိနေဆဲ ဖြစ် သည်။ ထိုင်းနိုင်ငံရှိ သေနတ်ပိုင်ရှင်များ၏ ကျား/မ၊ အသက်အပိုင်းအခြားတို့မှာ လတ်တလော အခိုင် အမာ မရှိသေးဘဲ၊ သုတေသနအဖွဲ့များနှင့် အစိုးရစာရင်းဇယားများ အကြား သေနတ်ပိုင်ဆိုင်မှုအချိုးမှာ ယေဘုယျ ခန့်မှန်းခြေသာ ဖြစ်ပြီး ကွဲလွဲနေဦးမည် ဖြစ်သည်။

တရားမဝင်သေနတ်များ လွယ်လင့်တကူ ကိုင်ဆောင်နိုင်ခြင်း

ယမန်နှစ် ဖေဖော်ဝါရီလ ၄ ရက်က အီတာလျံလူမျိုး ဆောက်လုပ်ရေး လုပ်ငန်းရှင် ဥက္ကဋ္ဌ ပရမ်ချိုင်းကာနာ ဆူတာကို ကန်ချနာဘူရီ ပြည်နယ်တွင် နောက်လိုက်နောက်ပါ ၃ ဦးနှင့်အတူ ရှားပါးကျားသစ်နက် အမဲလိုက် သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခဲ့ဖူးသည်။

သို့သော် ရဲက ၎င်းတို့ တောတွင်းစခန်းနှင့် ပရမ်ချိုင်း၏ နေအိမ်တို့ကို ရှာဖွေသည့်အခါ တိရစ္ဆာန် အသေ ကောင် များကို မတွေ့ရဘဲ၊ ပရမ်ချိုင်း ပိုင်ဆိုင်သည့် လက်နက် ၄၃ မျိုးကို တွေ့ခဲ့ရသည်။ ယင်းတို့အနက် သေနတ် ၆ လက်မှာ လိုင်စင်မဲ့ (သို့မဟုတ်) တရားမဝင် ကိုင်ဆောင်ဖြစ်ကြောင်း ရဲက တွေ့ခဲ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် လက်နက်မှောင်ခိုဈေးကွက်မှာ လက်လှမ်းမမီသည့် နေရာတွင် ရှိခြင်းမဟုတ်ဘဲ၊ မှောင်ခို ကူးသူများမှာ (နာမည်ကြီး) အရေးပါလှသူများပင် မဟုတ်ပေ။

ဝယ်ယူလိုသူများ အနေဖြင့် ဝေးဝေးလံလံ သွားနေစရာမလိုဘဲ၊ ဝက်ဘ်ဆိုက်ထဲဝင်၍ ရောင်းချသူများထံမှ ၎င်းတို့တပတ်ရစ် (သို့မဟုတ်) လက်ဖြစ် သေနတ်များက အသင့်ရှိနေပြီး တခါတရံ ဈေးလျှော့ရောင်း သည်များ ပင် ကြုံရတတ်သည်။

သေနတ်ဝါသနာအိုးများ အတွက် Facebook (သို့မဟုတ်) တွစ်တာထဲဝင်၍ လူကြိုက်များသည့် သေနတ် မော်ဒယ်မျိုးစုံ ရှာဖွေနိုင်ကြပြီး လက်နက် ရောင်းချသည့် လူမှုကွန်ရက် စာမျက်နှာများတွင် ရောင်းရန် တင်ထား သည့် ဓာတ်ပုံများကို လေ့လာနိုင်ကာ ဈေးနှုန်းများ၊ ဆက်သွယ်ဝယ်ယူရမည့် သတင်း အချက်အလက်များ စူးစမ်း၍ ရသည်။

ယင်းကဲ့သို့ ဝက်ဘ်ဆိုက်များကို တရားမဝင် လက်နက် ရောင်းဝယ် ဖောက်ကားခြင်းအတွက် လုံး၀ လွှင့်တင်ပေးထားသည်။

လက်နက်တချို့မှာ တကြိမ် တရားဝင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး အခြား လက်နက်များကို “ထိုင်းလုပ်” (သို့မဟုတ်) ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည်ဟူ၍ အများအားဖြင့် ညွှန်းဆို ကြော်ငြာနေကြသည်။

အချို့အချို့သော လူမှုမီဒီယာပို့စ်များမှာ လိုင်စင်ရ ရောင်းချသူများ၊ အရောင်းဆိုင်များဟု တံဆိပ် ကပ်ထားကြ သော်လည်း တချို့မှာ ၎င်းတို့ထံတွင် ရောင်းချခွင့်လိုင်စင် ရှိသည်ဟု ဖော်ပြထားခြင်းမရှိဘဲ၊ တဦးချင်း၊ တဖွဲ့ချင်း အလိုက် ရောင်းဝယ် ဖောက်ကားနေလျှက်ရှိသည်။

“ရှင်တောင် အမှောင်ဝက်ဘ်ဆိုက် တွေထဲ မရောက်ဖူးဘူး မဟုတ်လား” ဟု ကွန်ပျူတာ ဖန်သားပြင်တွင် ပေါ်လာနေသည့် အငြင်းပွားဖွယ် လက်နက်ကြော်ငြာများကို ဆွဲချပြရင်း မစ္စချုတီမတ်စ်က ပြောသည်။

သေနတ်ပိုင်ရှင်များနှင့် ရောင်းချသူများအပေါ် သတ်မှတ်ထားသော တရားဝင် ပြုလုပ်ရေး လုပ်ငန်းစဉ် များစွာရှိသော်လည်း သေနတ်အရောင်းသမားနှင့် ပိုင်ရှင်များကတော့ ရှည်ရှည်ဝေးဝေး ဖြေကြားနေရသော စာရွက်စာတမ်း ကိစ္စများကို ကျော်လွှား၍ ရောင်းဝယ် ကိုင်ဆောင်နေကြသည်။

“အများစုဖြစ်တာက သူတို့ Page တွေ ပိတ်လိုက်ကြတာပဲ” ဟု ၎င်းက ပြောသည်။ “ထိုင်းလုပ်” ဟု တံဆိပ် ကပ်ထားသော သေနတ်များနှင့် အထောက်အထားမဲ့ လက်နက်ရောင်းသူများကို ထိုင်းအာဏာပိုင်များက လက်ပူးလက်ကြပ် ဖမ်းဆီးခြင်း ရှိသော်လည်း ဖမ်းဆီးဖြစ်သည့် အကြိမ်ရေက နည်းပါးသလို ကြဲပါး၏။
ဖမ်းဆီးဖြစ်ခြင်းကပင် လက်ကား ရောင်းဝယ်ဖြန့်ဖြူးမှု ဆီသို့ ဦးတည်သွားလေ့ ရှိသည်။

ထို့ပြင် သေနတ်တလက်ကို တရားဝင် ဝယ်ယူသည်ဖြစ်စေကာမူ တခါတရံ ဒေသလုပ် သေနတ် ရောင်းချသူများ က အမှန်တကယ် ထိရောက်စွာ ပစ်ခတ် သုံးစွဲနိုင်သည်အထိ အဆင့်မြှင့်တင် မွမ်းမံ ပေးနိုင်ကြသည်။ အကယ်၍ သင့်အနေဖြင့် သေနတ် ကိုယ်တိုင် လုပ်နည်းသိလိုပါက အင်တာနက်ဖွင့်၍ YouTube စာမျက်နှာတွင် ထိုင်းဘာသာစကားဖြင့် သေနတ် တဆင့်ချင်း ပြုလုပ်နည်းလေ့လာလျက် သေနတ်တလက် ပြုလုပ်နိုင်ပြီဖြစ်သည်။

(အမည်ပြောင်းလဲထားသူ သေနတ်ဆိုင်ပိုင်ရှင်) ဆုန်ချိုင်းက “ယင်း လုပ်သေနတ်များ၏ ပေါက်ကွဲအားနှင့် ချို့ယွင်းချက်များကို သိထားပြီးဖြစ်၍ ထပ်ဆင့် မွမ်းမံထားသော ထိုင်းလုပ်သေနတ်များမှာ အန္တရာယ် များကြောင်း” ရှင်းပြသည်။

“သူတို့က အဲဒါမျိုးကို ထိုင်းပရာထေ့ (သို့မဟုတ်) ထိုင်းလုပ်လို့ ခေါ်ကြတယ်။ အရည်အသွေး သိပ်ညံ့ပါတယ်။ ခင်ဗျား ပစ်နိုင်ဆိုရင်တောင် ခင်ဗျားအတွက် ထိခိုက်နိုင်တယ်။ ခင်ဗျား လက်ထဲမှာတင် ပေါက်ကွဲနိုင်တဲ့ သေနတ်မျိုးဗျ” ဟု သူက ဆိုသည်။

မည်သို့ပင်ဆိုစေ ကွန်ပျူတာ မောက်စ်ကလစ်တချက်၊ တယ်လီဖုန်း ခေါ်ဆိုမှုတခုတည်းဖြင့် အရောင်းအဝယ် ကတော့ ဖြစ်နေကြသည်။

အရောင်းသမား တဦးအနေဖြင့် ကုန်ကျစရိတ်

လက်နက် ရောင်းချဖို့ကိစ္စသည် ဂိမ်းကစားသလို အလွယ်တကူတော့ မဟုတ်ပေ။

ဘန်ကောက်မြို့အနီး Rattanokasin လိုင်စင်ဖြင့် သေနတ် ရောင်းချနေသည့် ဆိုင်ပေါင်း ၈၀ ကျော် အခြေချ ထားပြီး လမ်းဘေးဆိုင်များ အဖြစ် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ဖြန့်ဖြူးရောင်းချနေကြသည်။

ရက်သတ္တပတ်တပတ်တရက် မွန်းလွဲပိုင်းဆိုလျှင် ယင်းမြို့ကြီးသည် ထိုဒေသအတွက် ပျားပန်းခတ် စည်ကားနေ ခြင်း မရှိတော့ပေ။ လမ်းများတွင် လူသွားလူလာ ခြောက်ကပ်၍ ဆိုင်အများစုမှာ ဟောင်းလောင်း ဖြစ်နေတတ် သည်။

ဆိုင်များမှာ ဆိုင်ငယ်လေးများ ဖြစ်ကြသည်။ ဆိုင်အများစုက အခန်းတခန်းတည်းသာ ရှိပြီး ပြတင်းပေါက် များနှင့် မှန်ကောင်တာများတွင် သေနတ် အနည်းငယ် ပြသထားသည်။

အရောင်းသမားများကို လူတဦးလျှင် ရောင်းချခွင့်လိုင်စင် တစောင်သာ ကန့်သတ်ချထားပေးပြီး လိုင်စင် တစောင် ကိုင်ထားလျှင် ရိုင်ဖယ်အလက် ၅၀ နှင့် ပစ္စတိုကဲ့သို့ လက်တဖက်တည်းဖြင့် ပစ်နိုင်သော (ပြောင်းတို) Handgun အလက် ၃၀ နှစ်စဉ် တင်သွင်းခွင့်ပြုသည်။ ထိုသဘောမှာ ယင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် နှစ်စဉ် ကန့်သတ် တင်သွင်းခွင့်ထက် ကျော်၍ တင်သွင်းရောင်းချခြင်း မရှိစေရေးဖြစ်ပြီး အရောင်းသမားများ အနေဖြင့် မိသားစုလိုက် လိုင်စင် တစောင်စီကိုင်၍ လုပ်ကိုင်ကြသည်။

မစ္စတာ ဆွန်ချိုင်း၏ ဆိုင်မှာလည်း ထိုနေရာတဝိုက်တွင် တည်ရှိပြီး သူ့ဖခင်နှင့် ဇနီးတို့မှာလည်း လက်နက် ရောင်းချခွင့်လိုင်စင် ကိုယ်စီ ကိုင်ထားကြသည်။ ၎င်းတို့ ၃ ဦးစလုံးသည် သီးခြားစီ လက်နက် တင်သွင်းခွင့် ရှိသည်။ အကြောင်းမှာ သူ့အတွက် ရောင်းအားအကောင်းဆုံး Handgun တနှစ် တင်သွင်းခွင့်မှာ အလက် ၃၀ သာဖြစ်၍ အမြတ်ရရှိရန် မလွယ်ကူသောကြောင့် ဖြစ်သည်။

အများအားဖြင့် အမေရိကန်မှ တင်သွင်းသော သေနတ်တလက် သင်္ဘောချပြီးသည်နှင့် ထိုင်းတွင် အပြီးသတ် ရောင်းချမည့်သူက တင်သွင်းခွန် ၃၀ ရာခိုင်နှုန်း ပေးရပြီး ထပ်တိုးခွန်VAT ကြေးမှာ ၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်၍ ထိုင်းပြည်တွင်း၌ အရောင်းပြခန်း စင်ပေါ် မရောက်မီအထိ သေနတ်တလက် အတွက် ကုန်ကျ စရိတ်မှာ များပြား လာနေသည်။ ထိုအချက်က ဝယ်ယူသူများအတွက် သိသိသာသာ တိုးလာသော ဈေးနှုန်းဖြစ်ပြီး ဆိုင်ရှင်များ အတွက်လည်း ရောင်းချရန် အခက်အခဲ ဖြစ်စေသည်။

လက်နက်တင်သွင်းခြင်း လုပ်ငန်းစဉ်မှာ ရှည်လျားခက်ခဲ၍ နှုန်းထားလည်း မြင့်လွန်းသည်။

Bangkok Post သတင်းတွင် ဖော်ပြသည်  Gunning for firearms ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်

You May Also Like These Stories:

ထိုင်း ၆ ဦးပါ အဖွဲ့ လက်နက်များနှင့် အတူ တာချီလိတ်တွင် ဖမ်းမိ

တာချီလိတ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိ မူးယစ်ဆေး နှင့် လက်နက်များ တပ်မတော် ဝင်ဖမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading