နှစ်ပေါင်းများစွာ အားထုတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေနှင့် ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်ရာ ဒေသဖြစ်သည့် ပုဂံကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၊ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကော်မတီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးက ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်း ထည့်သွင်းလိုက်သည်။
ကမ္ဘာလှည့် ခရီးသွားများ အဓိက လာရောက် လည်ပတ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသရှိ ပုဂံ ရှေးဟောင်းဒေသတွင် ၉ ရာစုမှ ၁၃ ရာစုအတွင်း တည်ဆောက်ထားသော ဘုရားပုထိုးစေတီ ၃၀၀၀ ကျော်ရှိသည်။
ကမ္ဘာ့အမွေအနှစ် အဖြစ် ဂုဏ်ယူစရာ စာရင်းတွင် ထည့်သွင်းခံရပြီး ဖြစ်သော်လည်း၊ ထိုအခြေအနေကို ရေရှည် ထိန်းသိမ်းထားနိုင်ရေး အတွက် ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ဒေသခံများ အတွက် စိန်ခေါ်မှုများစွာက စောင့်ကြိုနေသည်။
“ဒါဟာ အခုမှ စတာလို့ ပြောရမှာပေါ့။ ဒေသတွင်း စီးပွားရေး၊ လူမှုရေး တိုးတက်မှုရဲ့ ရိုက်ခတ်မှုတွေ၊ ဒီအမွေအနှစ် နေရာရဲ့ တန်ဖိုးကို ဆက်လက် ထိန်းသိမ်းဖို့ လိုအပ်တဲ့ နိုင်ငံတကာစံချိန်မီ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ဖို့တွေက ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်” ဟု ပုဂံမှ ရှေးဟောင်း ဘုရားပုထိုးများ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ဝင် တဦးဖြစ်သည့် ဗိသုကာပညာရှင် ဦးစန်းဦးက ပြောသည်။
ရှေးဟောင်း အဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ စံနှုန်းမမီသော ပြည်တွင်း လုပ်ထုံးလုပ်နည်း များဖြင့် ယခင်က ပြုပြင်ခဲ့ဖူးသည့် အမှားများကြောင့် ပုဂံ၏ ယဉ်ကျေးမှု တန်ဖိုး ကျဆင်း ခဲ့ဖူးပြီး ဖြစ်၍ ယခုတွင် ထိုအမှားမျိုး ထပ်မံ မဖြစ်စေလိုတော့ကြောင်း သူက ပြောသည်။
“ပုဂံအကြောင်း ပြောတဲ့အခါ ဒီရှေးဟောင်း ဘုရားပုထိုးတွေ ချည်းကိုပဲ သပ်သပ် ပြောတာမဟုတ်ဘဲ၊ ဒီ ရှေးဟောင်း အဆောက်အအုံတွေ တည်ရှိတဲ့ လွင်ပြင်ကြီး တခုလုံးကို ထည့်ပြောမှ၊ အာရုံစိုက်မှ ရမယ်။ ဘုရားပုထိုး တွေကိုချည်း ထိန်းသိမ်းနေလို့ မရဘူး။ သူ့ ပတ်ဝန်းကျင်မှာ ဘာလေး ဆောက်လိုက်မယ်၊ ညာလေး ဆောက်လိုက်မယ် ဆိုရင် ဒီဒေသကြီး တခုလုံးကို ထိခိုက်တာ ရှိမလားဆိုတာတွေ ထည့်တွက်ရမယ်။ နောက်ပြီးတော့ ဒီဒေသကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရာမှာ လူမှုတိုးတက်မှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှု တွေကိုလည်း ထည့်တွက်ဖို့လိုတယ်။ အတိတ်က အာဏာပိုင်တွေဟာ ဒါကိုလျစ်လျှူရှုထားပြီး လမ်းချဲ့တာတို့၊ မီးတိုင်စိုက်တာတို့၊ ဟိုတယ် တည်ဆောက်ခွင့်ပေးတာတို့ စတဲ့ ခေတ်မီ အဆောက်အအုံတွေ တည်ဆောက်ခွင့် ပြုခဲ့တယ်” ဟု သူက ဆိုသည်။
“အဲဒီ ခေတ်သစ် အဆောက်အအုံတွေဟာ ကျနော်တို့ အမွေအနှစ်တွေရဲ့ တန်ဖိုးကိုကျစေခဲ့ပြီးပြီ၊ ထိခိုက်စေ ပြီးပြီ။ ဆိုတော့၊ ဒါတွေကို သင်ခန်းစာယူပြီး အမှားတွေ ထပ်မလုပ်မိအောင် ရှေ့လျှောက် သတိထားဖို့လိုတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပုဂံရဲ့ထူးခြားမှု ဝိသေသတွေ ပျောက်ကွယ်သွားမှာပဲ” ဟု သူက ပြောသည်။
တဖက်တွင်လည်း UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်သွားခြင်းကြောင့် နိုင်ငံတကာ၏ စောင့်ကြည့်ခြင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများ၏ ကြီးကြပ်ကူညီမှုများ ရရှိလာမည် ဖြစ်၍ ယခင်ကကဲ့သို့ လွဲမှားသည့် စီမံခန့်ခွဲမှုများ ဖြစ်နိုင်ခြေ အလွန် နည်းပါးသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှု အမွေအနှစ်များ ထပ်မံ ထိခိုက်ပျက်စီးခြင်းကို တားဆီးနိုင်မည် ဖြစ်ကြောင်း သူက ဆိုသည်။
“စီမံခန့်ခွဲမှုကို ဘယ်သူပဲ ဦးဆောင်ဆောင်၊ အဲဒီလူဟာ အရေးအကြီးဆုံး သူပဲ။ အဲဒီလူဟာ ပုဂံကိုပဲ အာရုံစိုက်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝရှိတဲ့သူ ဖြစ်သင့်တယ်။ ဒါမှသာ ပုဂံဒေသကို အပြည့်အဝ ကာကွယ် စောင့်ရှောက်နိုင်မယ်။ ဒီကနေမှ တဆင့် ခရီးသွားလုပ်ငန်းတွေ တိုးတက်လာပြီး နိုင်ငံဝင်ငွေလည်း တိုးလာမယ်။ ဒီလို အပြည့်အဝ သေသေချာချာ မလုပ်နိုင်ရင်တော့ ပုဂံကို ဒီစာရင်းကနေ ဖျက်ပြီး အန္တရာယ် ကျရောက်နေတဲ့ စာရင်းထဲ ထည့်ခံလိုက်ရတဲ့ အခြေအနေမျိုးများ ဖြစ်သွားခဲ့ရင် အရမ်းကို ရှက်စရာ ကောင်း လိမ့်မယ်။ UNESCO က အဆိုပြုတဲ့ စီမံခန့်ခွဲရေး စီမံချက်မှာ ဖော်ပြထားတဲ့ အစီအစဉ်တိုင်းကို ကျနော်တို့ လိုက်နာရလိမ့်မယ်” ဟု သူက ပြောသည်။
နယ်မြေအတွင်းရှိ ဟိုတယ်၊ အပမ်းဖြေစခန်းများအပေါ်စိုးရိမ်မှု
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဇုန် အတွင်းတွင် ရှိနေသော ခန့်မှန်းခြေ ဟိုတယ် ၂၅ ခုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှု များစွာရှိနေသည်။
၂၀၁၆ ခုနှစ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့သည် အဆိုပါ ဟိုတယ်များကို ပြန်လည် နေရာချထားရေးနှင့် ပတ်သက်၍ ဟိုတယ်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆက်တိုက် ပြုလုပ်နေခဲ့သည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရှေးဟောင်း သုတေသနဦးစီးဌာနက UNESCO သို့ တင်သွင်းရန် စီစဉ်ထားသည့် ပေါက်ကြားခဲ့သော မှတ်တမ်းများအရ ရှေးဟောင်း နယ်နိမိတ်အတွင်း ရှိနေသေည့် အဆိုပါ ဟိုတယ်များကို ၂၀၂၈ ခုနှစ် နောက်ဆုံးထား ရွှေ့ပြောင်းရမည်ဟု ဆိုသည်။
“မြို့တွင်း ဟိုတယ်များမှအပ၊ နယ်မြေအတွင်းရှိ ဟိုတယ်နှင့် အပမ်းဖြေ စခန်းများအားလုံးသည် ဥပဒေ ပြဋ္ဌာန်း ချက်များကို လိုက်နာပြီး ၂၀၂၈ ခုနှစ် နောက်ဆုံးထား ထွက်ပေးရမည်ဖြစ်သည်။ အပမ်းဖြေ စခန်း ထပ်မံ တည်ဆောက်မှု အားလုံးကို ရပ်ဆိုင်းရမည်။ ဟိုတယ်များကို လုံး၀ ဖယ်ရှားမည်ဖြစ်ပြီး ထိုနေရာများကို ယဉ်ကျေးမှုဆိုင်ရာ နေရာများဖြစ်လာစေရန် လုပ်ဆောင်ရမည်” ဟု ထို မှတ်တမ်းတွင် ဖော်ပြထားသည်။
သို့သော်လည်း အဆိုပါ ရွှေ့ပြောင်းရေး အစီအစဉ်သည် အတည်မဖြစ်သေးကြောင်း၊ ဆွေးနွေး သုံးသပ်နေဆဲ ဖြစ်ကြောင်းနှင့် ဌာနအနေဖြင့် အဆိုပါအစီအစဉ် ပြုလုပ်မည့် အချိန်နှင့် ရက်စွဲကို အတည်မပြုနိုင် သေးကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ဒါဟာ အခြေခံအယူအဆတခုပဲ ဖြစ်နေသေးပြီး ဆွေးနွေးသုံးသပ်ဆဲ အခြေအနေမှာပဲ ရှိနေပါသေးတယ်။ အသေးစိတ်တွေ၊ အတည်ပြုတာတွေကို ကျနော်တို့ မလုပ်နိုင်သေးပါဘူး။ ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။ ဒါတွေလုပ်ဖို့က လျော်ကြေး ကိစ္စတွေရော၊ အမွေအနှစ်အဆင့်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေ တွေမှာ ဟိုတယ်တခုလုံး နေရာရွှေ့ရတာလည်း ဖြစ်နိုင်သလို၊ တစိတ်တပိုင်း ရွှေ့ရတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါတွေက အခု ညှိနှိုင်းနေတုန်းပဲ ရှိသေးတာကြောင့် ယတိပြတ်ကြီး ကျနော်တို့ ပြောလို့ မရသေး ပါဘူး” ဟု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် ပြောသည်။

“ဒီကိစ္စက ဒေသတွင်းအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်လို့ လက်လွတ်စပယ် ကျနော်တို့ လုပ်လို့ မရဘူး။ တဖက်မှာလည်း ကျနော်တို့က ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ရေရှည် အသေးစိတ် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုတွေ၊ ထိန်းသိမ်း စောင့်ရှောက်ရေး စီမံကိန်း ရေးဆွဲတာတွေက မပြီးသေးဘူး။ အမွေအနှစ် ထိန်းသိမ်းရေးနဲ့ စီးပွားရေးတိုးတက်မှု နှစ်ခုစလုံးအတွက် အကောင်းဆုံးရလဒ် ဖြစ်လာအောင် အကျိုးစီးပွား အားလုံးကို ချိန်ခွင်လျှာညှိဖို့ ဥပဒေနဲ့အညီ ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမှာပါ” ဟု သူက ပြောသည်။
Aureum Palace ဟိုတယ်အတွင်း တည်ရှိသော နန်းမြင့်မျှော်စင်၊ ပုဂံ သံတဲဟိုတယ်၊ ပုဂံဟိုတယ် (မြစ်ရှုခင်း)၊ ပုဂံသီရိပစ္စယာ ဘေးမဲ့တော အပမ်းဖြေစခန်း၊ ဟိုတယ် အက် သရပါဂိတ်၊ ဧရာဝတီဟိုတယ် စသည်တို့ အားလုံးသည် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း ကျရောက်နေပြီး ပြန်လည် နေရာချထားရေး စီမံကိန်းကိုသာ အတည်ပြုပြီးသွားပါက ရိုက်ခတ်မှု အများဆုံး ခံရမည့် ဟိုတယ်များဖြစ်သည်။
“ဇုန်ုအပြင်မှာရှိနေတဲ့ ဒေသခံတွေ၊ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ လူနေအိမ်တွေကို ရွှေ့ပြောင်းမှာ မဟုတ်ကြောင်း ကျနော်တို့ အာမခံတယ်၊ ဘုရားတွေမှာ ရှိနေပြီးသား ဆိုင်တွေနဲ့ အမှတ်တရ ပစ္စည်းဆိုင်တွေက ဆက်ဖွင့်လို့ ရတယ်” ဟုလည်း သူက ပြောသည်။
၁၉၉၀ ခုနှစ်များ နှောင်းပိုင်းက စစ်အစိုးရသည် ပုဂံမြို့ဟောင်းအတွင်း ဟိုတယ်များကို တည်ဆောက်ခွင့် ပြုခဲ့သည်။ အချို့ဟိုတယ်များသည် ရှေးဟောင်း ဘုရားကျောင်းကန်များနှင့် အလွန်နီးကပ်စွာ ရှိနေသလို၊ ရှေးဟောင်း စေတီပုထိုးများကို ဟိုတယ်ဝင်းအတွင်း တွင်ပင် ထည့်သွင်း တည်ဆောက်မှုများလည်း ရှိခဲ့သည်။
ထို့အပြင်၊ ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် မီတာ ၆၀ မြင့်သည့် နန်းမြင့်မျှော်စင်ကို Aureum Palace ဟိုတယ်ဝန်းအတွင်း တည်ဆောက်ခဲ့သည်။ ရှေးဟောင်း စေတီပုထိုးများ ဖြန့်ကျက်ထားသည့် ပုဂံ လွင်ပြင် အတွင်း ထီးထီး ရပ်တည်နေသည့် ထိုမျှော်စင်သည် သဘာဝရှုခင်းကို အနှောင့်အယှက် ဖြစ်စေသောကြောင့် အကြီးအကျယ် ဝေဖန်ခံရသည်။
ဒေသခံတို့၏ စကားများ
ပုဂံကို UNESCO အဆင့် သတ်မှတ်ခံရပြီဖြစ်၍ အပျော်ရွှင်ဆုံး သူများမှာ ကာလကြာမြင့်စွာ မျှော်လင့်နေသည့် ပုဂံ ဒေသခံများပင် ဖြစ်သည်။
“နောက်ဆုံးတော့ ပုဂံဟာ ကမ္ဘာ့အမွေအနှစ် နေရာဖြစ်လာလို့ အရမ်း ဝမ်းသာတယ်။ ဒါပေမယ့် ကျမတို့ရဲ့ အဘိုးအဘွားတွေ ဖြစ်တဲ့ ဒီရှေးဟောင်း စေတီပုထိုးတွေကို ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ဖို့ စီမံမှုတွေ၊ ထိန်းသိမ်း စောင့်ရှောက်သူတွေရဲ့ တာဝန် ဝတ္တရားတွေနဲ့ အသုံးစရိတ်ပါ ပွင့်လင်းမြင်သာမှု ရှိစေချင်တယ်” ဟု Bagan House ယွန်းလုပ်ငန်းမှ စီးပွားရေး လုပ်ငန်းရှင် မမော်မော်အောင်က ပြောသည်။
ယခင်က ပွင့်လင်းမြင်သာမှု မရှိကြောင်းနှင့် ထိန်သိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပြောရေးဆိုခွင့် မရှိခဲ့ကြောင်း ဒေသခံများက ပြောကြသည်။
“အရင်က ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းတွေကို ကျမတို့ ဒေသခံတွေ ဘာမှမသိရဘူး။ ဒေသတခုလုံးကို ထိခိုက်တဲ့ ကိစ္စတွေမှာတောင် ဒေသခံတွေရဲ့ အသံတွေကိုလည်း ဘယ်သူမှ နားမထောင်ကြဘူး။ အဲဒါမျိုးတွေ ထပ်ဖြစ်မှာကို ကျမတို့ မလိုလားဘူး။ အခု ဒီကိစ္စမှာ ပါဝင်တဲ့ အဖွဲ့အစည်းတိုင်းက ဒေသခံတွေရဲ့ အသံတွေကို နားထောင်ပြီး ကျမတို့ အမွေအနှစ်တွေကို ထိန်းသိမ်းရာမှာ ကျမတို့ကို ပါဝင်ခွင့်ပေးမယ်လို့ မျှော်လင့်တယ်” ဟုလည်း မမော်မော်အောင်က ဆက်ပြောသည်။
ပုဂံကို UNESCO ၏ စာရင်းတွင် ထည့်သွင်းရန် ၁၉၉၄ ခုနှစ်ကပင် စတင်ကြိုးစားခဲ့သည်။ သို့သော် ထိုကြိုးစားမှုကို ပယ်ချခံခဲ့ရပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မည့် စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိကြောင်း သတ်မှတ်ခဲ့သည်။ ထိုသို့ သတ်မှတ်ရခြင်းမှာ တည်ဆောက်ရေး စီမံကိန်းများ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် ယခင် အစိုးရများခေတ်၊ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်များအးတွင် စံမမီဘဲ၊ စစ်မှန်မှုမရှိသော ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကြောင့် ဖြစ်သည်ဟု ဆိုကြသည်။
၂၀၁၄ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ပုဂံကို UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းအတွင် ထပ်မံ အဆိုပြုပြီး စာရွက်စာတမ်းများကို ၂၀၁၆ ခုနှစ်တွင် တင်သွင်းခဲ့သည်။
ထို အတောအတွင်း ၎င်းနှစ် သြဂုတ်လတွင် ပြင်းအား ၆.၈ ရှိသော ငလျင်တခု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့ရာ ပုဂံရှိ ရှေးဟောင်း သမိုင်းဝင်ဘုရားအဆူ ၂၀၀ ခန့် ပျက်စီးကာ ရှေးဟောင်း သုတေသန ပညာရှင်များကို တုန်လှုပ်စေခဲ့ပြီး အဆိုပြု လုပ်ငန်းများအတွက် စိုးရိမ်ပူပန်မှု၊ စိတ်ဝင်စားမှုများ ပိုမို များပြားစေခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် စီစဉ်ထားသည့်အတိုင်း UNESCO သို့ လိုအပ်သည့် အချက်အလက်များကို တင်သွင်း အဆိုပြုနိုင်ခဲ့သည်။
အထိမ်းအမှတ်များနှင့် သမိုင်းဝင် နေရာများဆိုင်ရာ နိုင်ငံတကာကော်မတီ (ICOMOS) နှင့် ကမ္ဘာ့သမိုင်း အမွေအနှစ်များ ဆိုင်ရာ ကော်မတီတို့သည် ပြီးခဲ့သောနှစ် စက်တင်ဘာလက ပုဂံသို့သွားရောက် စစ်ဆေး ခဲ့သည်။ ICOMOS မြေပြင် စစ်ဆေးရေးအဖွဲ့သည် ၎င်းတို့၏ တွေ့ရှိချက်များကို UNESCO သို့ တင်သွင်းကာ စနေနေ့က အဇာဘိုင်ဂျန် နိုင်ငံ ဘာကူးတွင် ကျင်းပသော ၄၃ ကြိမ်မြောက် UNESCO ၏ ကမ္ဘာ့အမွေအနှစ်များ ကော်မတီ အစည်းအဝေးတွင် စဉ်းစား သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။
(Zarni Mann ၏ Bagan Makes UNESCO List, but Challenges Remain ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ပုဂံကို ခရီးသွားမြှင့်တင်ရေး ယဉ်ကျေးမှု နှင့် ဟန်ချက်ညီရန် လုပ်ဆောင်မည်ဟု ဆို
ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ
မဖြစ်မနေ လည်ပတ်သင့်တဲ့ အရှေ့တောင်အာရှ နေရာများစာရင်းမှာ ပုဂံ ထိပ်ဆုံးက ပါဝင်