ဆောင်းပါး

ဘတ်စ်ကား မှတ်တိုင်သစ်တွင် အမည်ရင်း ပျောက်ခဲ့ရသည့် သူဌေးကြီး ချန်မာဖီ

Want create site? Find Free WordPress Themes and plugins.

လူတဦး တယောက်၏ အမည်ကို စာလုံးပေါင်း သတ်ပုံ ဂရုမစိုက် လက်လွတ်စပယ် ပေါ့ပေါ့တန်တန် ပြောင်းလဲ၍ ရေးသင့် ပါ၏လော။

အကယ်၍ သင့်၏ အမည်ကိုသာ စာလုံးပေါင်း သတ်ပုံ မှားယွင်းစွာ ရေးသားမည် ဆိုပါက သင် မည်သို့ ခံစားရမည် နည်း၊ အနည်းဆုံးတော့ ကန့်ကွက်ခြင်း၊ ပြန်လည်ပြင်ဆင်ခိုင်းခြင်း သို့မဟုတ် စိတ်ဆိုးခြင်း မလွဲမသွေ ဖြစ်မည်မှာ ဧကန်ပင်။

ထိုသို့ ပြုလုပ်ခံရသူသည် အာဏာရှိသူ၊ ထင်ရှားသူ ဖြစ်ပါက ပို၍ပင် စိတ်ဆိုး စိတ်ပျက်ခြင်း ရှိပေလိမ့်မည်။

ယခုအခါတွင်လည်း ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ထင်ရှားခဲ့သည့် ပရဟိတသမား သူဌေးကြီး ချန်မာဖီ (Chan Mah Phee) ကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့သည့် ချန်မာဖီ မှတ်တိုင်မှာ ရန်ကုန်စည်ပင်၏ ဘတ်စ်ကား မှတ်တိုင်များ အသစ်ပြုလုပ် သည့် စီမံချက်၏ အောက်တွင် ချာမာပီ (Char Mar Pe) ဟု အမည် ပြောင်းလဲသွားခဲ့ရလေပြီ။

သို့သော် ၁၉၂၀ ပြည့်နှစ် စက်တင်ဘာက ကွယ်လွန်သွားပြ ီဖြစ်သည့် သူဌေးကြီး ချန်မာဖီအနေဖြင့် သူ၏အမည်ကို ချာမာပီသို့ ပြောင်းလဲခံလိုက်ရမှန်း သိတော့မည် မဟုတ်ပေ။

ချန်မာဖီမှ ချာမာဖီဟာ စာလုံးပေါင်း လွဲမှားစွာ ရေးထားသည့် ကားမှတ်တိုင်

အလားတူ ကိုလိုနီခေတ် မျက်နှာဖြူအရာရှိများသာ တက်ရောက်ရသည့် (Gymkhana Club) ကိုအစွဲပြု ခေါ်ဝေါ်ခဲ့သည့် ဂျင်မခါနာ မှတ်တိုင်သည်လည်း ကာလရွေ့လျောလာပြီးနောက် Ginmakanna ဟုသာ စာလုံးပေါင်း ရေးသားခံရသဖြင့် နှောင်းလူတို့အတွက် မည်သည် အဓိပ္ပာယ်ဟုပင် သိတော့မည် မဟုတ်ပေ။

Gymkhana အား Ginmakanna ဟု အသံထွက်အတိုင်း လွဲမှားစွာ ရေးသားထာသည့် ကားမှတ်တိုင်

ဤသို့ ထင်ရှားသည့် ကားမှတ်တိုင်နှစ်ခုကို မိမိတို့ စိတ်ထင်ရာ အသံထွက်ဖြင့် စာလုံးပေါင်း ရေးသားခြင်းမှာ အမှတ် မထင် ကြည့်ပါက အသွေးအမွှား ကိစ္စရပ်ဟု ထင်ရသော်လည်း ရန်ကုန်မြို့၏ သမိုင်းကို ကိုယ်စားပြု လေ့လာ နေသူ များ အဖို့၊ ဧည့်လမ်းညွှန်များ အတွက်မူ စိတ်ကသိကအောက် ဖြစ်စရာပင်။

ချန်မာဖီဆိုသည့် တရုတ်သူဌေးကြီးက ရန်ကုန်မြို့တွင် အကျော်ဒေးယျ နေထိုင်ခဲ့သူဖြစ်ပြီး သူ၏ အမည်ကို အစွဲပြု၍ အလုံမြို့နယ်တွင် ချန်မာဖီ လမ်းဟုပင် သတ်မှတ်ခေါ်ဝေါ်ခဲ့ရသူဖြစ်သည်။

ယခုအခါ ၎င်းအမည်ဖြင့် လမ်းမှာ နှင်းဆီလမ်းဟု ပြောင်းလဲ ခေါ်ကြသော်လည်း ချန်မာဖီ မှတ်တိုင်ဆိုပါက ဘတ်စ်ကား သမားတိုင်း ခရီးသည်တိုင်း သိပေသည်။

ချန်မာဖီဆိုသည့် အမည် အဘယ်ကြောင့် ကိုလိုနီခေတ်မှသည် ယနေ့တိုင် စွဲထင် ကျန်ရစ်ခဲ့ သနည်းဆိုသည် အတိုင်း အတာ အတိမ်အနက်ကို စာဖတ်သူ အနေဖြင့် တွေးထင်နိုင်မည်ဖြစ်သည့်။

Gymkhana အား Ginmakanna ဟု အသံထွက်အတိုင်း လွဲမှားစွာ ရေးသားထာသည့် ကားမှတ်တိုင်

သူသည် ရန်ကုန် ဇာတိတော့ မဟုတ်ပါ၊ သူဌေးကြီး ချန်မာဖီ၏ ငယ်ဘဝမှာ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် အမွိုင်မြို့မှ ဖြစ်သည်။

၁၈၄၈ ခုနှစ်က ဆင်းရဲသည့် မိသားစုမှ ပေါက်ဖွားလာပြီး အတန်းပညာသင်ယူနိုင်ခြင်း မရှိပေ။ အသက် ၂၂ နှစ်အရွယ် တွင် အလုပ်အကိုင်အတွက် ပီနန်သို့ ထွက်လာခဲ့သည်။

၂နှစ်ခန့်အကြာ ၁၈၇၂ ခုနှစ်တွင် ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပြီး သမ္ဗန်ခတ်ကာ ငှက်သမားတဦးအဖြစ် ရပ်တည်နေစဉ် ဒေးဒရဲမှ သူကြီး ဦးအောင်ဘက ခေါ်ယူထားပြီး နောက် သမီးဖြစ်သူ မအေးမြနှင့် လက်ထပ်ပေးခဲ့သည်။

ဆယ်နှစ်ခန့် ပင်ပန်းစွာ စီးပွားရှာပြီးနောက် အမှတ် ၇၅ ကမ်းနားလမ်းတွင် Taik Leong & Co ခေါ် ကုမ္ပဏီကို ထူထောင် ၍ ဆန်၊ ဆီနှင့် ဆေးရွက်ကြီး ရောင်း ဝယ်ရေး လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ လုပ်ငန်း အောင်မြင်လာသည့် အခါ ပိုမိုကြီးမားသော အဆောက်အအုံဖြစ်သည့် အမှတ် ၅၇ ကမ်းနားလမ်းကို ဝယ်ယူပြောင်းရွှေ့သည်။

ချန်မာဖီသည် ၁၈၉၄ ခုနှစ်မှ ၁၈၉၉ ခုနှစ်အတွင်းကာလ မြန်မာ့ဆန်စပါး ရောင်းဝယ်ရေးတွင် အရေးပါသူ ဖြစ်လာ သည်။

သူသည် ထိုစဉ်က ရန်ကုန်တွင် အကြီးမားဆုံး အိမ်ခြံမြေပိုင်သူ အဖြစ် ကျော်ကြား၏၊ ဝင်ဒါမီယာ (ယခုသံလွင်လမ်း) တွင် အဆောက်အအုံ အပါအဝင် တခြားသော မြေကွက် ၉၉ ကွက် ပိုင်ဆိုင်ပြီး၊ အလုံတွင် သူ၏ စံအိမ်ကြီးရှိသည်။

ချန်မာဖီ လမ်းဟုပင် မှည့်ခေါ်ခဲ့ရပြီး ယခုအခါ ထိုလမ်းမှာ နှင်းဆီလမ်းဟု ပြောင်းလဲလိုက်ပြီ ဖြစ်သည်။

ချန်မာဖီသည် ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်အေးမြတို့သည် ရွှေတိဂုံကုန်းတော်တွင် ကြီးမားသော အာရုံခံ တန်ဆောင်းကြီး ဆောက်လုပ် လှူဒါန်းထားသည်။

သူဌေးကြီး ချန်မာဖီနှင့် ဒေါ်အေးမြ(ဂျော်လီကျော်၏ Facebook မှ ကူးယူဖော်ပြသည်)

တရုတ်ဟန် မှန်ပြတင်းဝိုင်းကြီး ဖောက်ထားပြီး သစ်သားပန်းပုလက်ရာများဖြင့်် တည်ဆောက်ထားသည့် ယင်း တန်ဆောင်း ကို မာဖီးယား တန်ဆောင်းဟုလည်း ခေါ်သည်။

အလားတူ ရန်ကုန် တရုတ်တန်းမှ ချိန်ဖူကုန်း၊ ဖူကျင်းကွမ်ရင်ဘုရားကျောင်း၊ ကြည့်မြင်တိုင်လမ်းရှိ  ဟွာကျုံး ရေခြား မြေခြား တရုတ်အလယ်တန်းကျောင်း (နောင်တွင် ဒေသကောလိပ် ၃- RC 3) ကိုလှူဒါန်းခဲ့သလို၊ ဆေးရုံကိုလည်း ဒါနပြုခဲ့သည်။

တခါကနေခဲ့ဖူးသည့် ပီနန်ရှိ ဘုရားကျောင်းများကိုလည်း လှူဒါန်းခဲ့သည်ဟု သိရသလို၊ ကျေးဇူးရှိသူ အပေါင်းကိုလည်း တလေးတစား ကျေးဇူးဆပ်၏

ထို့အတွက် ချန်မာဖီသည် အင်္ဂလိပ်စကားမပြောတတ်သော်လည်း လူတန်းစားပေါင်းစုံ၏ လေးစားမှုကိုရသည်။ ၁၉၀၃ ခုနှစ် တွင် တည်ဆောက်သည့် ရန်ကုန် ဟုတ်ကိန်အသင်း၏ အဓိက အလှူရှင်လည်း ဖြစ်သည်။

သူ၏ သားသမီးများ ဖြစ်သည့် ချန်ချောခိုင်၊ ချန်ချောပိုင်၊ ချန်ချောလှိုင်တို့မှာ နာမည်ကြီးပြီး၊ သားဖြစ်သူ ချန်ချောခိုင်မှ နေ၍ ရန်ကုန်တက္ကသိုလ် သထုံလမ်းထောင့်ရှိ တက္ကသိုလ် အားကစားရုံနှင့် လဟာပြင် ပြဇတ်ရုံကို ကျပ် ၁သိန်း လှူဒါန်း ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

သူဌေးကြီး ချန်မာဖီ၏ သားဖြစ်သူ ချန်ချောခိုင်((ဂျော်လီကျော်၏ Facebook မှ ကူးယူဖော်ပြသည်)

ဤသို့ ရန်ကုန်မြို့၏ အထင်ကရ ရှေးဟောင်းနေရာများဖြစ်သည့် ရွှေတိဂုံ စေတီတော်ကြီးနှင့် ရန်ကုန်တက္ကသိုလ်တွင် လှူဒါန်း အကျိုးပြုခဲ့သည့် သူဌေးကြီး ချန်မာဖီနှင့် အဆက်အနွယ်များ၏ အမည်ကိုမူ မှန်ကန်အောင် စာလုံးပေါင်း သင့် သည်။

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အအုံများ၊ လမ်းများကို ထိန်းသိမ်းမှုများ ပြုလုပ်နေချိန်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းမှလည်း ရန်ကုန်မြို့ကို လာရောက် လည်ပတ်မည့် နိုင်ငံခြားသား များအတွက် ခရီးစဉ် အသစ်များ ဖော်ထုတ်မည်ဟု ပြောထားချိန်တွင် သမိုင်းဝင် လူသိများသည့် သူဌေးကြီး ချန်မာဖီ၏ အမည်နှင့် ဂျင်မခါနာ ကလပ်တို့ ၏ အမည် အင်္ဂလိပ် စာလုံးပေါင်းများ လွဲချော်နေသည်မှာ မသင့်လျော်သည့် အမှားဟု ဆိုရမည် ဖြစ်ပါသည်။  ။

You may also like these stories:

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ အကြို လှုပ်ရှားမှုများ တနှစ်ပတ်လုံး လုပ်မည်

ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ

မြန်မာနိုင်ငံက ဘိုးဘွားရိပ်သာတွေအတွက် မျိုးစေ့ချပေးခဲ့သူ ဒေါ်ဦးဇွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading