ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် ထုတ်လုပ်ရေး Three Gorges Dam လျှိုမြှောင်သုံးသွယ်ဆည်ကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ဂူဂဲလ်က ကောင်းကင်မှ ရိုက်ထားသောဓာတ်ပုံ နှစ်ပုံကို နှိုင်းယှဉ်ဖော်ပြထားသည်ကို တရုတ် လူမှုကွန်ရက် အသုံးပြုသူများ မျှဝေလျှက်ရှိသည်။
ထိုနှိုင်းယှဉ်ထားသော ပုံတွင် ဆည်သည် ၁၀ နှစ်အတွင်း မည်မျှ တွန့်လိမ်သွားသည်ကို အထင်အရှား ပြသနေပြီး ကြီးမားသော တည်ဆောက်ပုံဆိုင်ရာ အားနည်းချက်များ ရှိကြောင်း ညွှန်ပြနေသည်။
နိုင်ငံပိုင်ဆည်လုပ်ငန်းက လူမှုကွန်ရက်၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန် ဇူလိုင်လ ၈ ရက်နေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ရသည်။ ထိုကြေညာချက်တွင် ဆည်သည် အန္တရာယ်ကင်းကြောင်း ဖော်ပြထားသည်။ သို့သော် ထိုဆည်သို့ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ခြင်းကို ဇူလိုင်လ ၅ ရက်နေ့မှ စတင်ပြီး ထိုလုပ်ငန်းက ပိတ်ပင်လိုက်သည်။
လျှိုမြှောင်သုံးသွယ်ဆည်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပတ်သက်သော ပူပန်မှုများအကြားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယန်စီမြစ်၏ ဂေဟဗေဒစနစ်ကို ထိန်းသိမ်းရန်လိုကြောင်းနှင့် အဖျက်သဘော ဆောင်သော တည်ဆောက်ရေး စီမံကိန်းများကို တားမြစ်ရမည်ဖြစ်ကြောင်း လွန်ခဲ့သောနှစ်က ပြောကြားခဲ့သည်။
၁၉၅၀ ပြည့်နှစ်များက စတင်စီစဉ်ခဲ့သော ထိုကြီးမားလှသည့် စီမံကိန်းကို ရေစီးဆင်းမှုဆိုင်ရာ အင်ဂျင်နီယာများက ဆန့်ကျင်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည်။ သို့သော် ယခင်တရုတ်သမ္မတ ကျန်ဇီမင်းသည် ၁၉၉၇ ခုနှစ်က အမျိုးသားကွန်ဂရက်တွင် စီမံကိန်းဆုံးဖြတ်ချက်ကို အတင်းအကျပ် အတည်ပြုခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုဆည်ပြီးစီးသောအခါ ဖွင့်ပွဲသို့ ဘေ့ဂျင်းမှ မည်သည့် ထိပ်တန်း အရာရှိမှ တက်ရောက်ခြင်းမရှိပေ။
နောက်ဆုံးစစ်ဆေး အတည်ပြုသည့် စာကိုလည်း စီမံကိန်းစစ်ဆေးရေး ကော်မတီက ယနေ့တိုင် လက်မှတ် ရေးထိုးခြင်း မရှိသေးပေ။
ထို့ကြောင့် စီမံကိန်းနောက်ဆုံး အတည်ပြုချက် မရှိဘဲ၊ လျှိုမြှောင်သုံးသွယ်ဆည်တွင် ဘေးဒုက္ခကြုံရပါက မည်သူ့ကို အပြစ်တင်ရမည်နည်း။
ရှီကျင့်ဖျင်၏ သွယ်ဝိုက်စကား
၂၀၁၈ ခုနှစ် ဧပြီလ ၂၄ နှင့် ၂၅ နေ့ရက်များတွင် ရှီသည် လျှိုမြှောင်သုံးသွယ်ဆည်နှင့် ပတ်ဝန်းကျင်မြို့များကို စစ်ဆေးသည်။
ဒေသတွင်း ဂေဟစနစ် ထိန်းသိမ်းရေးဆိုင်ရာ ညီလာခံတခုအတွင်းတွင် သူက “ကျနော်တို့ အနေနဲ့ ယန်စီမြစ်ရဲ့ ဂေဟဗေဒ ထိန်းသိမ်းရေးကို ဦးစားပေးရမယ်၊ အဖျက်သဘောဆောင်တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကို တားမြစ်ရမယ်” ဟု ပြောသည်။
ရှီ၏ ခရီးစဉ်သည် ကျန်ဇီမင်းနှင့် လီပင်းတို့ ဆည်ပိတ်ပွဲ အခမ်းအနား တက်ရောက်ပြီးနောက် တရုတ် ထိပ်တန်း ခေါင်းဆောင်များ ထိုဆည်သို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ်လည်းဖြစ်သည်။
လျှိုမြှောင်သုံးသွယ်ဆည်သည် အဖျက်သဘောဆောင်သော တည်ဆောက်ရေးလုပ်ငန်း အဖြစ် ထိပ်တန်း ခေါင်းဆောင်များက သတ်မှတ်ကြောင်း ရှီ၏ မိန့်ခွန်းက ဖော်ပြနေသည်။
ကျန်ဇီမင်း၏ အာဏာစီမံကိန်း
မူလ ကနဦးကပင် လျှိုုမြှောင်သုံးသွယ်ဆည် စီမံကိန်းသည် အငြင်းပွားဖွယ် ဖြစ်နေပြီး နိုင်ငံရေးသဘော လွန်စွာဆောင်နေသည်။ ထိုဆည်စီမံကိန်းကို ဆန့်ကျင်သည် သိပ္ပံပညာရှင်နှင့် အင်ဂျင်နီယာများကို မော်နှင့် တိန့်ရှောင်ဖိန်တို့ နိုင်ငံကို ဦးဆောင်သည့် ၁၉၄၉ မှ ၁၉၉၂ ခုနှစ်ခန့်အတွင်း အလုပ်စခန်းများသို့ ပို့ခဲ့ကြသည်။
အလုပ်စခန်းတွင် နေထိုင်ခဲ့ရသည့် ဇလဗေဒပညာရှင် ဟောင်ဝန်လီ သည် ၁၉၈၉ ခုနှစ်တွင် ထိုစီမံကိန်းကို ဆန့်ကျင် ပြောကြားခဲ့ကြောင်း လွတ်လပ်သောတရုတ် PEN Center ၏ အစီရင်ခံစာအရသိရသည်။ ထိုစဉ်က ကျန်ဇီမင်းသည် ၁၉၈၉ ခုနှစ် ဇွန်လတွင် ဖြစ်ပွားသော တီအန်မင် ကျောင်းသား ဒီမိုကရေစီလှုပ်ရှားမှုကို ဖြိုခွင်းသည့် တိန့်ရှောင်ဖိန်၏ ဆုံးဖြတ်ချက်ကြောင့် တရုတ်ကွန်မြူနစ် ပါတီ ထိပ်တန်းရာထူး ရလာသည်။
၁၉၃၅ ခုနှစ်က ကွန်းနဲလ် တက္ကသိုလ်နှင့် ၁၉၃၇ ခုနှစ်တွင် အီလီနွိုက်စ် တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ဟောင်သည် ကျင်းဟွာတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်ပြီး ထိုစီမံကိန်းသည် မြစ်အထက်ပိုင်း စီချွမ် ပြည်နယ်တွင် သေဆုံးမှု အများအပြားနှင့် ကြီးမားသော အပျက်အစီးများ ဖြစ်စေမည့် အဖျက်သဘော ဆောင်သော စီမံကိန်း ဖြစ်ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။ ထိုဆည်သည် နောက်ဆုံးတွင် ပြိုကျ ပျက်စီးမည်ဟုပင် သူကြိုတင် ပြောကြားခဲ့သေးသည်။
သို့သော် ကျန်ဇီမင်းသည် ထူးခြားသော နိုင်ငံရေး အောင်မြင်မှုကိုပြသကာ သူ၏အာဏာကို ခိုင်မာအောင် လုပ်ဆောင်ရန် စိတ်အားထက်သန်နေသည်။ သူသည် ထိုစဉ်က ဝန်ကြီးချုပ် လီပင်းနှင့် မဟာမိတ်ဖွဲ့ပြီး ထိုထိပ်တန်း ခေါင်းဆောင်နှစ်ဦးတို့သည် ထိုဆည်ကိုတည်ဆောက်ရန် နိုင်ငံလုံးဆိုင်ရာ အမျိုးသား ကွန်ဂရက်တွင် တွန်းအားပေးခဲ့ကြသည်။ နောက်ဆုံးတွင် ထိုစီမံကိန်းကို အငြင်းပွာမှုများစွာ အကြားတွင် စတင်ခဲ့သည်။
လီပင်းသည် ထိုစီမံကိန်းတွင် ပါဝင်ပတ်သက်သောကြောင့် နောင်တရခဲ့နိုင်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့နေ့စဉ် သတင်းစာက အစောပိုင်းနှစ်များတွင် လီသည် ထိုဆည် တည်ဆောက်ရေးတွင် ဆုံးဖြတ်ချက်ချသူမဟုတ်ကြောင်း လီ၏ အစည်းအဝေး မှတ်တမ်းများကို ကိုးကားသည်ဟု ဆိုသော ဆောင်းပါးတစောင်ကို ဖော်ပြသည်။ ထိုဆောင်းပါးအရ တိန့်ရှောင်ဖိန်သည် ထိုစီမံကိန်းကို ၁၉၈၉ ခုနှစ် မတိုင်မီကပင် အတည်ပြုပြီးဖြစ်ကာ ထို့နောက်တွင် အဓိက ဆုံးဖြတ်ချက်အားလုံးကို ကျန်ဇီမင်းက ချမှတ်သည်ဟု ထိုဆောင်းပါးကဆိုသည်။
နောက်ဆုံးစစ်ဆေးမှု မရှိ
ဂျာမနီတွင်နေထိုင်သော တရုတ် ဇလဗေဒအင်ဂျင်နီယာ ဝန်သေလျှောင်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဆောင်းပါးတစောင် ရေးသား၍ မေးခွန်းတခုထုတ်ခဲ့သည်။
ထိုမေးခွန်းမှာ တရုတ် ဒုတိယဝန်ကြီးချုပ် ဝန်ယန်သည် လျှိုမြှောင်သုံးသွယ်ဆည်၏ နောက်ဆုံးစစ်ဆေး အတည်ပြုသည့် အစီရင်ခံစာကို မည်သည့်အတွက် လက်မှတ်မထိုးသနည်း ဟူသော မေးခွန်းဖြစ်သည်။
ထိုဆောင်းပါး အရ ဝန်ယန်သည် ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် လျှိုမြှောင်သုံးသွယ်ဆည် ပြီးစီးမှု အတည်ပြုရေး ကော်မတီ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။ ထိုစဉ်ကသူသည် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လည်း ဖြစ်သည်။
နောက်ဆုံးစစ်ဆေးရေး ကော်မတီ၏ ပထမ စုံညီ အစည်းအဝေးတွင် ဝန်ယန်က “နောက်ဆုံး စစ်ဆေးရေး လုပ်ငန်းကို လုပ်တဲ့အခါ အားလုံးဟာ နိုင်ငံအတွက် ပြည်သူတွေအတွက် အနာဂတ် မျိုးဆက်တွေအတွက် အရမ်းကို တာဝန်ရှိတယ်” ဟု အလေးအနက် ပြောခဲ့သည်။
ထို့အပြင် ၂၀၁၆ ခုနှစ် ပထမ သုံးလပတ်အတွင်း စစ်ဆေးရေးလုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်းနှင့် သူ၏အဖွဲ့သည် နှောင့်နှေးမှု ရှိမည်မဟုတ်ကြောင်း ဇလဗေဒ စစ်ဆေးရေးအဖွဲ့မှ တည်ဆောက်ရေး ကျွမ်းကျင်သူများအနက် တဦးဖြစ်သော ချန် ကျင်ဟောင်က တရုတ်မီဒီယာများသို့ ပြောခဲ့သည်။
သို့သော် နှစ်နှစ် ကုန်ဆုံးပြီးနောက် ဝန်ယန်သည် လျှိုမြှောင်သုံးသွယ်ဆည် နောက်ဆုံးစစ်ဆေး လက်ခံသည့် အစီရင်ခံစာကို လက်မှတ်ထိုးခြင်း မရှိကြောင်း ဝန်ဝေလျှောင်က ၂၀၁၈ ခုနှစ်က ဆောင်းပါးတွင် ရေးသားသည်။
ဆည်တည်ဆောက်မှု ပြီးစီးကြောင်း အတည်ပြုသည့် ကော်မတီညွှန်ကြားရေးမှူးအဖြစ် ဝန်ယန်၏ တာဝန်မှာ လွန်စွာကြီးမားကြောင်း တချို့သုတေသီများက ယူဆသည်။ ထို့ကြောင့် ထိုကော်မတီသည် အပြစ် အနာအဆာများ တွေ့ခဲ့သောကြောင့် ဝန်ယန်အတွက် အကောင်ဆုံးနည်းလမ်းမှာ အချိန်ဆွဲရန်သာ ဖြစ်လာသည်။
ဝန်ယန်သည် လက်ရှိတွင် အဖွဲ့ဝင် ၇ ဦးပါသည့် တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်း နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဖြစ်ပြီး တရုတ်နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့အတိုင်ပင်ခံ ညီလာခံ ဥက္ကဋ္ဌဖြစ်သည်။ တရုတ်နိုင်ငံတွင် စတုတ္ထ သြဇာ အကြီးမားဆုံးသူလည်း ဖြစ်သည်။
ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူသား ပေးဆပ်ရမှုများ
လျှိုမြှောင်သုံးသွယ်ဆည် စီမံကိန်းကို ၁၉၉၂ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်းများမှာ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင်စတင်ပြီး ၂၀၀၉ ခုနှစ်တွင် ပြီးစီးသည်။ တရုတ်နိုင်ငံ အနောက် တောင်ပိုင်းတွင် ယန်စီမြစ်ကို ဆည်ပိတ်သောကြောင့် ဘဝပေါင်းများစွာကို ထိခိုက်သည်။ အနီးရှိ မြို့ပေါင်း ၁၀၀ ကျော်ကို ရေလွှမ်းမိုးပြီး လူ ၁.၂ သန်းကို နေရာရွှေ့ပြောင်း ပေးရသည်ဟု တရုတ်မီဒီယာ အမျိုးမျိုးက ဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း လျှိုမြှောင်သုံးသွယ်ဆည် အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ယွမ် ဘီလျံ ၅၀၀ (ဒေါ်လာ ၇၂.၇၂ ဘီလျံ) ကျော်သည်ဟု သတင်းများက ဖော်ပြသည်။ ထိုနှစ်များအတွင်း ဆည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတိုးတက်လာပြီး လျှိုမြှောင်သုံးသွယ်အုပ်စု ကော်ပိုရေးရှင်းသည် ငွေအမြောက်အများ ရသည်ဟု ဆိုသည်။ သို့သော် တရုတ် ပြည်သူများသည် ထိုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ အကျိုးမခံစားရပေ။ လျှိုမြှောင်သုံးသွယ်ဆည် စီမံကိန်းသည် ကွန်မြူနစ်ပါတီမှ အကျိုးစီးပွား အုပ်စုများအတွက် ငွေရှာပေးသော စီမံကိန်းသာ ဖြစ်နေသည်။
ထို့အပြင် ဆည် တည်ဆောက်ပြီးချိန်မှ စတင်ပြီး ပုံမှန်မဟုတ်သော ရာသီဥတု ပြောင်းလဲမှုများနှင့် သဘာ၀ ဘေးအန္တရာယ်များကို ယန်စီမြစ် အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် ခံစားရပြီး ထိုဘေးအန္တရာယ်များတွင် စီချွမ်ပြည်နယ်တွင် ဖြစ်ပွားသည့် မိုးခေါင်ရေရှားမှုများ၊ ရေလွှမ်းမိုးမှုများနှင့် ငလျင်များ ပါဝင်သည်။
ထိုစီမံကိန်းသည် ရေညစ်ညမ်းခြင်း၊ ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် မြေပြိုခြင်း၊ ဆည်၏ ရေလွှမ်းနယ်မြေ ကျယ်လာခြင်း၊ ယန်စီမြစ်အတွင်း ရေကြောင်းသွားလာမှု အကန့်အသတ်ဖြစ်ခြင်း၊ သမိုင်းဝင်နေရာများ ပျောက်ကွယ်ခြင်း၊ လူသေဆုံးခြင်း၊ ရှားပါး ရေသတ္တဝါများ ပျောက်ကွယ်ခြင်း စသည့် များပြားလှသော ဂေဟဗေဒဆိုင်ရာ ဆိုးကျိုးများကိုလည်း ဖြစ်စေသည်ဟု တရုတ် စိန သတင်းဝက်ဘ်ဆိုက်က ဆိုသည်။
ထိုစီမံကိန်းကြောင့် သန်းနှင့်ချီသော လယ်သမားများ မြေဆုံးရှုံးပြီး အလုပ်မဲ့၊ အနာဂတ်မဲ့ကာ ကြီးမားသော လူမှုအကျပ်အတည်း ဖြစ်ရသည်။
လျှိုမြှောင်သုံးသွယ်ဆည်သည် ကြီးမားသော အမှားကြီးဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက မကြာခဏ ဖော်ပြကြသည်။ ထိုစီမံကိန်းသည် နိုင်ငံပိုင်ငွေ အများအပြားကုန်ကျပြီး ကြီးမားသော ပြဿနာများကို ဖြစ်စေကြောင်း တရုတ်ဘဏ္ဍာရေးမဂ္ဂဇင်း ကိုင်ကျင်က ၂၀၁၂ ခုနှစ် ဧပြီလ ဆောင်းပါး တပုဒ်တွင် ဖော်ပြသည်။
အထူး မှတ်သားစရာကောင်းသော အချက်မှာ ထိုမျှကြီးမားသော ဆောက်လုပ်ရေး စီမံကိန်းကြီးသည် ၂၀၀၉ ခုနှစ်တွင် ထိပ်တန်း တရုတ်အရာရှိများ တက်ရောက်ခြင်း မရှိဘဲ အောင်မြင်ပြီးစီးသည့် အခမ်းအနား ကျင်းပခဲ့ခြင်းပင် ဖြစ်သည်။
(နယူးယောက်တွင် အခြေစိုက်ပြီး အမေရိကန် တရုတ်များ ထုတ်ဝေသော The Epoch Times သတင်းစာမှ Google Images Show Structural Problems of China’s Three Gorges Dam ကို ဘာသာပြန်ဆိုသည်။)
ဆတ်စပ်ဖတ်ရှုရန်
မြန်မာ့ ရေအားလျှပ်စစ် မူဝါဒကို တရုတ်နဲ့ရေးနေတယ် ဆိုပါလား
အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ
မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းရန် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် တောင်းဆို