ဆောင်းပါး

ဘဝကို ရုန်းကန်ရင်း ချန်ပီယံဆုရအောင် ယူချင်တဲ့ လက်ဝှေ့မယ် ချယ်ရီမောင်

Want create site? Find Free WordPress Themes and plugins.

အသားဖြူဖြူ၊ တုတ်တုတ်ခိုင်ခိုင် သွက်လက်ချက်ချာသော ပြောဆိုဟန်ရှိသော ချယ်ရီမောင်သည် မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားမယ် တဦးဖြစ်သည်။  လူတိုင်း မလုပ်နိုင်သည့် လက်ဝှေ့အားကစားကိုမှ ဝါသနာ ပါသူ သူ့အတွက် စိန်ခေါ်မှုများစွာကို ဖြတ်သန်းခဲ့ရသည်။

အသက် ၂၆ နှစ်ရှိပြီ ဖြစ်သော ချယ်ရီမောင်သည် မြန်မာ့ရိုးရာလက်ဝှေ့မယ် တဦးဖြစ်လာရန် ယှဉ်ပြိုင်ခဲ့ရသော ပွဲများက ကြီးစွာသော စိန်ခေါ်မှုများ ရှိခဲ့သကဲ့သို့ ၎င်း ရုန်းကန်ဖြတ်သန်းခဲ့ရသည့် ဘဝကလည်း အရွယ်နှင့် မလိုက်အောင် လွန်စွာ ကြမ်းတမ်းခဲ့သည်။ သူသည် လက်ဝှေ့လောကသို့ လွန်ခဲ့သည့် ၄ နှစ်က စတင် ဝင်ရောက်လာသူ ဖြစ်သည်။

အသားဖြူဖြူ၊ အရပ် ၅ ပေကျော် ခန္ဓာကိုယ် တုတ်ခိုင်ဖွံ့ဖြိုးပြီး ချင်းနှင့် ရှမ်းလူမျိုးစပ် တိုင်းရင်းသားဖြစ်သော ချယ်ရီမောင်သည် ရိုးရာလက်ဝှေ့မယ် တဦးပါဟု ဆိုပါလျှင် ယုံကြည်ရန် ခက်ခဲပါလိမ့်မည်။

သူ ရိုးရာလက်ဝှေ့မယ် တဦး ဖြစ်လာသည်ကလည်း ဆန်းကြယ်ပါသည်။ သူ နေထိုင်ခဲ့ရာ လားရှိုးမြို့မှတဆင့် ရန်ကုန်မြို့ရှိ ကော်ဖီဆိုင် ၁ ဆိုင်တွင် လာရောက်အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုဆိုင် ပိတ်မည့် အခြေအနေ ကြုံလာသည့် အခါ အလုပ်သစ်ရှာဖွေရာ သူငယ်ချင်းတဦးအကူအညီဖြင့် Phoenix လက်ဝှေ့ရုံတွင် အလုပ်ရခဲ့ကြောင်း၊ ထိုမှ တဆင့် လက်ဝှေ့ ထိုးရန် စတင် ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် အလုပ်မရွေးပါက အလုပ် တခုရရန် မခက်ခဲသော်လည်း ကျောတခင်းစာ နေစရာရရန် အတွက် များစွာ အခက်အခဲရှိသည်။ အထူးသဖြင့် အတန်းပညာ အားနည်းပြီး မိဘဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း မရှိသော ချယ်ရီမောင်အတွက် အလုပ်တခုရရန် ပို၍ ခက်ခဲပါသည်။

ချယ်ရီမောင်၏ ပထမဆုံး စင်ပေါ်တက်ထိုးရသည့် အချိန်က လက်ဝှေ့အခြေခံပင် မတတ်မြောက်သေးသည့် အချိန်ဖြစ်သည်။ “သူတို့က တက်ထိုးမလား မေးတာနဲ့ ထိုးဖြစ်သွားတာ။ ရတယ်ဆိုပြီး ၃ ချီလုံးလုံး ခံနိုင်ရည် အပြည့် ထိုးတာ။ အမှတ်ပေးစနစ်နဲ့ဆိုတော့ သုံးချီမှာ ၂ ကြိမ်ရေတွက်ခံရပြီး ရှုံးသွားခဲ့တယ်” ဟု ချယ်ရီမောင်က ရယ်မောကာ ပြော၏။

နောက်ထပ် အတွေ့အကြုံတခုကိုလည်း သူက ပြောပြသည်။

ထိုနေ့ ပြိုင်ပွဲတွင် တဖက်လူ၏ လုံးထွေး သတ်ပုတ်မှုမှ လွတ်မြောက်ရန် အားထုတ်နေစဉ် လက်ဝဲဘက် မျက်လုံးနား ရောက်လာသည့် ဝိုက်လက်သီးကြောင့် ချယ်ရီမောင် လဲကျသွားသည်။

ပြိုင်ဘက်နှင့် အရပ်အမောင်း၊ ကိုယ်အလေးချိန် တူညီသော်လည်း လက်ရည်မတူ၊ အတွေ့အကြုံနုသေးသည့် ချယ်ရီမောင်က အချိန်တိုတိုအတွင်း ရှုံးနိမ့်သွားရခြင်းကြောင့် ပရိသတ်အား တာဝန်မကျေခဲ့သည့်အပေါ် တောင်းပန်ခဲ့သည်ဟု သူ ထိုးသတ်ခဲ့သည့် လက်ဝှေ့ပြိုင်ပွဲ အတွေ့အကြုံ တခုကို ပြန်လည် ပြောပြခြင်း ဖြစ် သည်။

ထိုပြိုင်ပွဲ၌ ပထမအချီမှာပင် ချယ်ရီမောင်ကို အလဲထိုးကာ အနိုင်ရသွားသူက ၂၀၁၇ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်း အကောင်းဆုံး အမျိုးသမီးရွှေတံဆိပ်ဆု၊ ၂၀၁၈ ခုနှစ် ရွှေခါးပတ် ချန်ပီယံရရှိထားသူ ရွှေကိုလေး ဖြစ် သည်။

မြန်မာ့ရိုးရာလက်ဝှေ့မယ် ချယ်ရီမောင်သည် လက်ဝှေ့သက်တမ်း ၄ နှစ်အတွင်း ၅ ပွဲထိုးသတ်ခဲ့ရာ ၂ ပွဲနိုင် ၁ ပွဲသရေနှင့် ၂ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။ ရွှေကိုလေးနှင့် ထိုးသတ်သည့်ပွဲက ချယ်ရီမောင်အတွက် ၅ ကြိမ်မြောက် ပွဲဖြစ်ပြီး ဒုတိယအကြိမ် ရှုံးနိမ့်မှုလည်း ဖြစ်သည်။

ပထမဆုံးအကြိမ် ရှုံးခဲ့စဉ်က ချယ်ရီမောင်ကို ပရိသတ်များက ဟားတိုက်ရယ်မောခဲ့ကြခြင်းနှင့် ရွှေကိုလေးနှင့် ထိုးသတ်သည့် ဒုတိယအကြိမ် ရှုံးနိမ့်ပွဲတွင် ပရိသတ်၏ ဝိုင်းဝန်း ဆဲဆိုကြခြင်းအပေါ် နာကျင်စွာ ခံစားရ ကြောင်း သူက ဝမ်းနည်းစွာဖြင့် ပြောပြသည်။

သို့သော် သူသည် စိတ်ကို လွယ်လွယ်ကူကူ အလျှော့ပေးတတ်သူ မဟုတ်သည်က သူ့စကားများကို ကြည့်ရုံဖြင့် မြင်နိုင်သည်။

“ကျနော် ရှုံးပွဲ ၂ ပွဲရှိပါပြီ။ ထပ်မရှုံးအောင်လည်း ကြိုးစားသွားမယ်။ ရှေ့ဆက်မယ့်ပွဲအတွက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်။ ချန်ပီယံဖြစ်အောင် ကြိုးစားမှာပါ”ဟု ချယ်ရီမောင်က အားမာန်ပါသည့် အသံဖြင့် ပြောပြသည်။

မြန်မာ့ရိုးရာလက်ဝှေ့  အားကစားနည်းတွင် MMA အမည်ရှိ ကစားနည်းက လက်ဝှေ့ထိုးသတ်ခြင်း အပြင် ချုပ်နည်း၊ ချိုးနည်း၊ ညစ်နည်းစသည့် လျင်မြန်သည့် တိုက်ကွက်များနှင့် ပြိုင်ဘက်ကို အနိုင်ရရန်အတွက် ကစားရသောနည်းဖြစ်သည်။

ရိုးရာလက်ဝှေ့တွင် လက်သီးဖြင့် ထိုးသတ်ကစားခြင်းကို ဦးစားပေးပြီး တံတောင်ဖြင့် တွက်ခြင်း၊ ထောက်ခြင်း၊ ထောင်းခြင်း အပြင် တဖက်လူ၏ ဒူးကို လက်ဖြင့် ချုပ်ကိုင်တိုက်ခိုက် အနိုင်ယူနိုင်သည်။

ထို့အပြင် ရိုးရာလက်ဝှေ့၏ ထူးခြားချက်မှာ တဖက်လူ ဟန်ချက်ပျက်အောင် ခတ်ခြေသုံးပြီး အယောင်ပြ တိုက်ခိုက်တတ်သကဲ့သို့ တဖက်လူ ပြေးဝင်လာပါကလည်း တားခြေကို သုံးကာ ကစားရသည့် အားကစား လည်း ဖြစ်သည်။

“ပွဲကလည်း မဖြစ်မနေ လေ့ကျင့်ရေး ဆင်းရမယ်။ အလုပ်ကလည်း တဖက်ဆိုတော့ အဲဒီ ဒဏ်တွေ မခံစားနိုင် တော့ဘူး။ တခါတလေတော့ အရှုံးပေးလိုက်ရမလား။ လက်လျော့လိုက်ရမလားလို့ ဖြစ်မိတယ်။ ဒီ ၄ နှစ်ကာလ မှာ အခက်အခဲတွေ အများကြီးရှိခဲ့တယ်” ဟု ချယ်ရီမောင်က ပြောပြသည်။

သို့သော် ချယ်ရီမောင်က ယခုအခါ သူ၏ အမှား၊ သူ၏ အားနည်းချက်များကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေပြီး ၎င်းအနေဖြင့် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းထက် ပရိသတ် အသိအမှတ်ပြုခံရရုံဖြင့် ကျေနပ်ပါပြီဟု သူ၏ဆန္ဒကို ပြောပြသည်။

မြန်မာ့ရိုးရာလက်ဝှေ့အားကစားမယ် ချယ်ရီမောင် /Cherry Mg/ Facebook

“သူ့ကို ကျနော် ယုံတယ်။ ယုံပေမယ့်လည်း မကြိုးစားရင်တော့ မတိုးတက်ဘူးပေါ့၊ ကြိုးစားရင်တော့ မဖြစ်နိုင်တာ မရှိပါဘူး။ ချယ်ရီမောင်က သတ္တိလည်းရှိတယ်။ ကိုယ့်ထက် သမ္ဘာရင့်တွေနဲ့လည်း ပြိုင်ဖူးတော့ ပိုကြိုးစားဖို့ပဲ လိုပါတယ်” ဟု ချယ်ရီမောင်၏ နည်းပြဖြစ်သူ ရိုးရာလက်ဝှေ့ ရွှေခါးပတ် ချန်ပီယံဟောင်း ဒေါနအောင်က မှတ်ချက်ပြုသည်။

မြန်မာ့ရိုးရာ လက်ဝှေ့ပညာသည် ရှေးနှစ်ပေါင်းများစွာ ကတည်းက တိုက်ခိုက်ရေးပညာတခု အနေဖြင့် စတင် ပေါ်ပေါက်ခဲ့ပြီး၊ ရိုးရာလက်ဝှေ့ကစားသူသည် လျင်မြန်ဖျတ်လတ်ရမည်။ အထိုးအကြိတ်၊ အထုအထောင်းကို ခံနိုင်သော သက်လုံလည်း ရှိရမည်ဖြစ်သည်။

ထို့ကြောင့် လက်ဝှေ့ပညာကို ယခင်က အမျိုးသားများသာ သင်ယူကြရာမှ ယခုအခါ အမျိုးသမီးများပါ သင်ယူ နေပြီဖြစ်သည်။ အမျိုးသမီးလက်ဝှေ့သမားများ အများအပြားရှိသော်လည်း အလဲထိုး အနိုင်ယူနိုင်သည့် အမျိုးသမီးများ နည်းနေသေးသည်ဟု သိရသည်။

အချို့သော လက်ဝှေ့မယ်များက လူမူရေး ပြဿနာများရှိခြင်း၊ အရက်၊ ကွမ်း စသည့်တို့ကို အလွန်အကျွံ သုံးစွဲသည့် အတွက် သက်လုံမကောင်းခြင်းကြောင့် အမှတ်ပေး စနစ်ဖြင့်သာ အနိုင်ရကြသည်က များကြောင်း အမည် မဖော်လိုသူ ဝါရင့် လက်ဝှေ့နည်းပြတဦးက ထောက်ပြသည်။

ချယ်ရီမောင်သည် ငယ်စဉ်က ဇာတိမြေ လားရှိုးတွင် နှစ်ကြိမ်တိုင်တိုင် စစ်ပြေးခဲ့ရပြီး ဗုံးခိုကျင်း အတွင်း ၂လခန့် နေထိုင်ခဲ့ဖူးသူလည်း ဖြစ်သည်။

၎င်း ၉နှစ်အရွယ်တွင် မိဘများက နောက်အိမ်ထောင်ပြုသွားကြသည့်အခါ ရန်ကုန်ရှိ အဒေါ်ဝမ်းကွဲက ကျောင်းထားပေးမည်ဟု ခေါ်သဖြင့် လိုက်သွားခဲ့ပြီး အစ်ကိုဖြစ်သူက လားရှိုးတွင် နေရစ်ခဲ့သဖြင့် မောင်နှမ ၂ ဦး ကွဲသွားကြောင်း၊ လက်တွေ့တွင် ကျောင်းမထားပေးဘဲ အိမ်ဖော်တယောက်ကဲ့သို့ ၁၀ နှစ်နီးပါး နေခဲ့ရကြောင်း၊ မိဘများမှာလည်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ချယ်ရီမောင် အသက် ၁၈နှစ်တွင် အဒေါ်အိမ်က ထွက်လာပြီး လားရှိုးသို့ ပြန်ရောက်ချိန်တွင် အစ်ကို ဖြစ်သူနှင့် ပထမဆုံး အကြိမ် ပြန်တွေ့ခဲ့ပြီးနောက် ထပ်မံမတွေ့ဖြစ်ကြသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု သူ့ဘဝဇာတ်ကြောင်းတချို့ကို ပြောပြသည်။

ယခုနှစ်အတွင်းမှာပင် World Lethwei Championship –WLC နှင့် ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး ဦးစွာပထမ   မြန်မာနိုင်ငံသား ပြိုင်ဘက် ၃ ဦးဖြင့် ဦးစွာ ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်ပြီး အနိုင်ရရှိပါက နိုင်ငံခြားသား ပြိုင်ဘက်နှင့် ဆက်လက်၍ ထိုးသတ်ရမည်ဖြစ်သည်။

လက်ရှိတွင် သူသည် Yangon Fight Club လက်ဝှေ့သင်တန်းကျောင်း- YFC တွင် နည်းပြ အဖြစ် လုပ်ကိုင် နေပြီး လစာ ၁၈၀၀၀၀ ကျပ် ရရှိသည်။

နည်းပြတဦးဖြစ်သည့်အတွက် အသင်းဝင်များ လေ့ကျင့်ရန် ပဲ့ကိုင်ပေးရသည့်အခါ သင်တန်းသားများမှ မတော်တဆ ခြေချော်လက်ချော် ထိုးမိတတ်ရာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသည် အထိ ဖြစ်တတ်ပြီး၊ ထိုအခါ ရရှိသည့် လစာမှာ ကျန်းမာရေး အတွက် ဖြစ်သွားတတ်ကြောင်းလည်း ဆိုသည်။

“အိမ်မရှိဘူး။ နေစရာမရှိဘူး။ စားစရာမရှိဘူးဆိုတော့ ရပ်တည်ဖို့အတွက်က ဒီအလုပ်ကို လုပ်ရမှာဖြစ်တယ်” ဟု ချယ်ရီမောင်က ဆိုသည်။

ဝါသနာပါသည့် လက်ဝှေ့ထိုးခြင်းကို ဆက်လုပ်နိုင်ရန်အတွက် ဝင်ငွေရှိမှ ရပ်တည်၍ ရမည့်အပြင် လေ့ကျင့်ပေး နိုင်သည့် ဆရာကောင်းများလည်း ၎င်းအတွက် လိုအပ်နေကြောင်း ချယ်ရီမောင်က ထောက်ပြသည်။

လက်ဝှေ့အားကစားက တခြားသူကိုသာ နာကျင်စေရုံမက ကိုယ်တိုင်လည်း ထိခိုက်နာကျင်ရသည့်အတွက် အသက် ၃၀ ကျော်ပါက အနားယူသင့်သော အားကစားနည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အသက်ကြီးလာပါက နားလေးခြင်း၊ မျက်စိတိမ်စွဲသည့် ဝေဒနာများကို ခံစားကြရသည်။

လက်ဝှေ့ကစားသမားများသည် ထိုးစင်ပေါ်ရောက်သည်နှင့် ကျိုးကန်း၊ သေဆုံးမှုက အချိန်မရွေး ဖြစ်နိုင်သည်။

ထို့အပြင် လက်ဝှေ့ထိုးသူများသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်ခြင်းကြောင့် တခြား ကစားသမားနည်းတူ ထောက်ပံ့စေလိုပြီး ရွှေခါးပတ်ချန်ပီယံကစားသမားဟောင်းများကိုလည်း အလားတူ ထောက်ပံ့မှုပေးစေလိုကြောင်း ချယ်ရီမောင်က တောင်းဆိုသည်။

ရိုးရာလက်ဝှေ့ပွဲများတွင် အနိုင်ရပါက အနည်းဆုံး ဆုကြေးက သုံးသိန်းရရှိပြီး သရေပွဲဖြစ်လျှင် ၁ သိန်းရသည်။ ပုံမှန်အားဖြင့် ၁၀သိန်း အထိ ရနိုင်သည့် ပွဲများရှိပြီး တချို့က နိုင်ပွဲအလိုက် ဆုကြေးထပ်မြှင့်လာသည့် ပွဲမျိုး လည်း ရှိကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့သမားကစားသမားများထဲတွင် တွေ့မရှောင်၊ ထွန်းထွန်းဝင်းတို့ကို လေးစားအားကျပြီး အမျိုးသမီး ကစားသမား အနေဖြင့် နိုင်ငံခြားကစားသမားများကို ပိုမိုသဘောကျနှစ်ခြိုက်ကြောင်း သူက ဆိုသည်။

ချယ်ရီမောင်၏ အနာဂတ် အိပ်မက်က လက်ဝှေ့လောကတွင် ပရိသတ် အသိအမှတ်ပြုမည့် နာမည်တခု၊ မိသားစု အားလုံးနေထိုင်နိုင်မည့် ကိုယ်ပိုင်အိမ်တွင် ကုန်ခြောက်ဆိုင်ဖွင့်ရင်း ဘဝကို ကုန်ဆုံးရန်ဟု သူ၏ အနာဂတ်ရည်မှန်းချက်ကို ပြောပြသည်။

You may also like these stories:

ရေကူး အားကစားသမားကောင်း ဖြစ်ချင်တဲ့ သွန်းမိုးမေ

ကျား၊ မ တန်းတူရေး လုပ်ဆောင်ရာတွင် ရန်သူကဲ့သို့ မမြင်ရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

အမျိုးသမီးအားလုံးကို ကိုယ်စားပြုပေးတဲ့ ခေါင်းဆောင် ဖြစ်ရမယ်

အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေပေါ်ထွက်လာတော့မလား

Did you find apk for android? You can find new Free Android Games and apps.
Loading