သမိုင်းပညာရှင်များက အတိတ်နှင့် အလုပ်လုပ်ကြသည်။ နောက်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်းသည့် ကျနော်တို့ မှတ်ဉာဏ်များ၏ ဗိသုကာများအနေဖြင့် သူတို့က မှတ်တမ်းတင်ကြသည်၊ စုဆောင်းကြသည်၊ ထိန်းသိမ်းစောင့်ရှောက်ကြ သည်။
သမိုင်းက မည်သည့်အချိန်တွင်မှ ဓမ္မဒိဌာန် မကျနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တခြားသော ပုံပြောသည့် မည်သည့် ပုံစံကဲ့သို့ပင်မဆို အရင်းအမြစ်ပစ္စည်းများကို ရွေးချယ်၊ တည်းဖြတ်၊ ပုံဖော်သည့် စာရေးဆရာ သို့မဟုတ် ဇာတ်ကြောင်းပြောသူတဦးက အမြဲတမ်း ရှိနေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်လိုက်မှုများကိုလည်း မျှော်လင့် နိုင်ပါသည်။
ကျနော်တို့ အကောင်းဆုံး လုပ်နိုင်သည်မှာ ထိုအရာများရှိနေကြာင်း သတိပြုထားကြရန်သာ ဖြစ်ပါသည်။
သမိုင်းပညာရှင် အများစုက ပညာရေးနယ်ပယ်တွင်သာ ရှိနေကြသည်။ သူတို့၏ စိတ်ဝင်စားမှုကို ပညာရှင် အချင်းချင်းသာ သိနိုင်လေ့ရှိပြီး ထင်သာမြင်သာမရှိ နားလည်ရခက်သည်။ လက်တဆုပ်စာမျှသည်သာ အများပြည်သူကြား ဝင်ရောက်လာတတ်ပြီး (သြဇာလွှမ်းမိုးမှု ရယူရန်နှင့် လူအများ၏ အယူအဆကို ပုံဖော်ရန်) သူတို့၏ အချက်အလက် ခပ်နည်းနည်း သုတေသနများအတွက် ယေဘုယျကျသော ကောက်ချက်များကို ဆွဲကြသည်။ အားလုံး အောင်မြင်မှု မရရှိကြပါ။ အများအပြား ကျဆုံးကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပြောဆိုချက်များ၏ အမှားအယွင်း များ(ကိုယ်ကျင့်သိက္ခာ သို့မဟုတ် အခြားကိစ္စများ)ကြောင့် ဖြစ်သည်။
နိုင်ငံသစ်များ(အထူးသဖြင့် အရှေ့တောင်အာရှ) အတွက် အခြေခံကျကျ ပြည့်စုံ ကျယ်ပြန့်သော ဇာတ်ကြောင်းတခုက အရေးကြီးသည်။ အထူးသဖြင့် အဆိုပါဇာတ်ကြောင်းက ခန်းနားကြီးကျယ်၍ လူမျိုး၊ ဘာသာ သို့မဟုတ် ပထဝီ အရ ကွဲပြား နေသည့် ပြည်သူများကို စုစည်းနိုင်သည့် အကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေခဲ့လျှင် ဖြစ်သည်။
ထိုကဲ့သို့ ကျယ်ပြန့်သော ဇာတ်ကြောင်းတခုကို ပုံဖော်ရာတွင် အကယ်၍ သင်က ကျယ်ပြန့်သော စိတ်ဝင်စားမှုရှိသော သမိုင်းပညာရှင် တဦးဖြစ်မည်ဆိုက အထောက်အကူ ဖြစ်စေပါလိမ့်မည်။
မလေးရှားနိုင်ငံတွင် မလေးရှားတက္ကသိုလ်မှ ကွယ်လွန်သူ သမိုင်းပညာရှင်တဦး ဖြစ်သည့် ပါမောက္ခ ဒေါက်တာ ခူးကေးကင်မ် Khoo Kay Kim က ထိုကဲ့သို့သော သူတဦး ဖြစ်သည်။ သူက လူအများကြားမှ သူ၏ အခန်းကဏ္ဍကို အလွန် အလေးအနက်ထားခဲ့သည်။ သူက ကျနော်တို့ မလေးရှားနိုင်ငံသားများ၏ ခရီးလမ်းအတွက် အုပ်ထိန်းသူရော ဗိသုကာပါ ဖြစ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ပဉ္စသီလ Pancasila သဘောတရား (အခြေခံ နိယာမ ၅ ချက်) နှင့် အလားသဏ္ဍန်တူသည့် မလေးရှားနိုင်ငံ၏ အမျိုးသား နိယာမများ Rukunegara ကို ရေးဆွဲရာတွင် ကူညီခဲ့သည်။ ကျနော်တို့အတွက် ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒကို ကို ပယ်ချပြီး မရှိမဖြစ်သော အားလုံးပါဝင်နိုင်မှု ခိုင်မာအားကောင်းစေရန် တိုင်းပြည်၏ သမိုင်းဇစ်မြစ်များနှင့် ပတ်သက်သော သူ၏ ပညာဗဟုသုတများကို Rukunegara အတွက် ထည့်သွင်း အသုံးပြုခဲ့သည်။
သို့သော်လည်း သမိုင်းမှ သင်ခန်းစာများကို သင်ယူရန် ပျက်ကွက်ခဲ့သူများကို သမိုင်း အမှားများ ထပ်လုပ်ခြင်းအတွက် အပြစ်တင်ရမည် ဖြစ်သည်။
အတိတ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းနှင့် အတူ ဗြိတိန်က ကြိုးစားနေသည့် ဘေးအန္တရယ်ဖြစ်သော Brexit က ပြစရာ နမူနာတခု ဖြစ်သည်။ “ဥရောပ သမဂ္ဂ(EU) စီမံကိန်း” တခုလုံးက ၎င်းတို့တိုက်ပေါ်တွင် စစ်မက်ထပ်မံ ဖြစ်ပွားခြင်းကို ကာကွယ်ရန် အကြောင်း အမြဲ ဖြစ်ခဲ့ပါသည်။ သမိုင်းအမြင်မရှိသော အတွေးအခေါ်၊ အခြေခံအားဖြင့် အတိတ် သင်ခန်းစာများကို ငြင်းပယ်ခြင်းက နိုင်ဂျဲ ဖဲရတ်ချ် Nigel Farage (ဥရောပ ပါလီမန်မှ အင်္ဂလန် အရှေ့တောင်ပိုင်း အမတ်) နှင့် ဘောရစ်ဂျွန်ဆန် Boris Johnson (လွှတ်တော်ကိုယ်စားလှယ်၊ လန်ဒန်မြို့တော်ဝန် နှင့် အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း) တို့ကဲ့သို့သော နိုင်ငံရေးသမားများက (သူတို့က ခေါင်းဆောင်များ မဟုတ်ကြပါ) ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်တို့၏ ဆိုးရွားမှုများ ပြန်လည် အသက်ဝင်လာရန် ပြုလုပ်နေကြသည်။
ထို့ကြောင့် သမိုင်းနှင့် သမိုင်းပညာရှင်များက အရေးကြီးသည်။ သို့သော်လည်း ပညာရေးနယ်ပယ်ထက် သူတို့ ကျော်လွန် ရောက်ရှိရန် လိုပါသည်။ ကောင်းမွန်သော ခံစားချက်နှင့် ကျယ်ပြန့်သောအမြင် (ကျနော် ပြောနေသည့် ကျယ်ပြန့်ပြည့်စုံ သောဇာတ်ကြောင်း၏ တစိတ်တပိုင်း) ဖြည့်သွင်းပေးနိုင်ရမည် ဖြစ်သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ အနုပညာရှင်များ၊ အဆိုတော်များ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ပြစာအုပ် ရေးသားသူများနှင့် YouTube တွင် တင်ဆက်သူများ အစရှိသဖြင့် အတိတ်အကြောင်းများနှင့် ပတ်သက်နေသည့် ပရော်ဖက်ရှင်နယ် မဟုတ်သော သမိုင်း တင်ဆက်သူ အများအပြားလည်း ရှိနေသေးသည်။ အစိုးရက လွှမ်းမိုးသော တက္ကသိုလ်များ၏ အားနည်းချက်ကြောင့် သူတို့က ပို၍ အရေးကြီးလာကြသည်။
အကယ်၍ တစုံတယောက်က အရှေ့တောင်အာရှ သမိုင်းကြောင်းကို စိတ်ဝင်စားသည်ဟုဆိုလျှင် ကျနော် ထောက်ခံချက် ပေးမည့် နာမည်အချို့ ရှိပါသည်။
ကျနော်က ဖိလစ်ပိုင်စာရေးဆရာ အမ်းဘက်သ် အိုကမ်ပို Ambeth Ocampo ၏ အမာခံ ပရိသတ်တယောက် ဖြစ်ပါသည်။ သူ၏ သတင်းစာ အက်ဆေးများက ဖိလစ်ပိုင်၏ လွတ်လပ်ရေးသူရဲကောင်းများ ဖြစ်ကြသော ဂျိုဆေးရီဇော် Jose Rizal နှင့် အန်ဒရေစ် ဘိုနီဖာရှို Andres Bonifacio တို့၏ ကမ္ဘာကို အသက်ဝင်အောင် ယူလာပေးခဲ့သည်။ သူ၏ အရေးအသားက သမိုင်းသည် ပျော်စရာလည်း ဖြစ်နိုင်ကြောင်း သင်ပြပေးနေသည်။ ပျင်းရိငြီးငွေ့စရာကောင်းခြင်းက မည်သည့် ဦးတည်ချက်သို့မှ ရောက်စေမည် မဟုတ်ပါ။
ထုံချိုင်း ဝီနီချကူး Thongchai Winichaku ၏ စာအုပ်ဖြစ်သော “Siam Mapped” က အလွန် ကျွမ်းကျင်ပြောင်မြောက်သော လက်ရာတခု ဖြစ်သည်။ သူက ထိုင်းဆိုသည့် အဓိပ္ပါယ်က မည်သို့ ရှိသည်ကို ရှင်းလင်းတင်ပြသည့် အပေါ်၌ အဓိက အလေးပေးရင်း အာဏာ၊ ပထဝီ နှင့် ယဉ်ကျေးမှုတို့တွင် အနောက်တိုင်းနှင့် ထိုင်း အမြင်များကို နှိုင်းယှဉ်ပြခဲ့သည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၏ သိနားလည်ရန် ခက်ခဲသော နယ်စပ်ဒေသများတွင် ဖြစ်သည်။
၁၉၇၆ ခုနှစ်က သမ္မာဆတ် Thammasat တက္ကသိုလ် အစုအပြုံလိုက် သတ်ဖြတ်မှုမှ အသက်မသေ လွတ်မြောက်လာခဲ့သည့် တက်ကြွ လှုပ်ရှားသူ ကျောင်းသားတယောက်အနေဖြင့် ထုံချိုင်းက အရှေ့တောင်အာရှ၏ သမိုင်း မှတ်ဉာဏ်များထဲမှ အများအပြား ဖျက်ဆီးခြင်း မခံခဲ့ရသည့်တိုင် ထုတ်ပယ်ပစ်ခြင်း ခံခဲ့ရသည့် အရေးပါသည့် ရှုထောင့်တခုဖြစ်သော လက်ဝဲယိမ်းသည့် အသံတခုကိုလည်း ကိုယ်စားပြုသည်။
ကျေးဇူးတင်စရာ နောက်တခုမှာ စင်ကာပူနိုင်ငံသား ပညာရှင်တဦးဖြစ်သည့် သွင်းပင်ဂျင်း Thum Ping Tjin (PJ Thum) က အဆိုပါ သိသာထင်ရှားသော မညီမျှမှုကို သူ၏ ဒေသတွင်း စာနယ်ဇင်းဆိုင်ရာ အားထုတ်မှုတခု ဖြစ်သည့် New Naratif ဖြင့် ပြန်လည်ပြင်ဆင်ရန် စတင်နေခြင်း ဖြစ်သည်။ စာရေးဆရာနှင့် ရုပ်ပြစာအုပ ်ဖန်တီးသူ အနုပညာရှင်တဦး ဖြစ်သော ဆန်နီလျူး Sonny Liew ( အလွန်အောင်မြင်ခဲ့သည့် အာဏာရပါတီ PAP ဆန့်ကျင်ရေး စာအုပ်ဖြစ်သော “The Art of Charlie Chan Hock Chye” ကို ရေးသားခဲ့သူ) ပါဝင်နေခြင်းကလည်း အနီးကပ် စောင့်ကြည့်ရမည့် အလုပ်တခု ဖြစ်သည်ဆိုသော အဓိပ္ပါယ်ကို ဆောင်နေသည်။
စိတ်ဝင်စားစရာ နောက်တခုမှာ အင်ဒိုနီးရှားမှ အင်အားအကောင်းဆုံး သမိုင်းဆိုင်ရာ အရေးအသားက စိတ်ကူးယဉ် ဖန်တီးမှု အရေးအသား ပုံစံတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် ကွန်မြူနစ် ဆန့်ကျင်ရေး သတ်ဖြတ်မှုများက သမိုင်းပညာရှင် မျိုး ဆက်များကို အသံတိတ်စေခဲ့ပြီး ဝတ္ထုရေးဆရာ ပရာမိုးဒယာ အနန်တ တိုးဝါး Pramoedya Ananta Toer နှင့် သူ၏ Buru Quartet က အင်ဒိုနီးရှားနိုင်ငံကို အသိစိတ် ဖြစ်စေခဲ့သည်။ သူက သူ့တိုင်းပြည်၏ DNA ကို ခိုင်မာပြတ်သားစွာ ကာကွယ်သူတယောက် ဆိုသည်ကို ထည့်သွင်း ရည်ညွှန်းရန် လိုမည် မထင်ပါ။
မြန်မာနိုင်ငံမှ သန့်မြင့်ဦး၏ လူသိအနည်းဆုံး လက်ရာဖြစ်သည့် “The Making of Modern Burma” ကလည်း သူ၏ အရေးအပါဆုံး တခုဖြစ်သည်။ ဗြိတိသျှတို့၏ ကိုလိုနီ တိုးချဲ့လာသည့် အချိန်တွင် မြန်မာတို့၏ လွတ်လပ်မှုကို ဆက်လက် ထိန်းထားနိုင်ရန် အပတ်တကုတ် ကြိုးစားခဲ့ရသော၊ နာကျင်ပင်ပန်းခဲ့သော ကြိုးစားမှု နောက်ဆုံးတွင် ပျက်သုဉ်းခဲ့ရခြင်းက တိုင်းပြည်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော သူစိမ်းမုန်းတီးမှုကို နားလည်ရန် ကြိုးစားနေသူမှန်သမျှအတွက် အရေးကြီးပါသည်။ မာလာယုတွင် ဗြိတိသျှတို့က အစဉ်အလာ အထက်တန်းလွှာ အုပ်ချုပ်သူ ဘုရင်နှင့် မူးမတ် အနွယ်တော်တို့ကို နေရာပေးခန့်ထားခဲ့သည်။ မြန်မာနိုင်ငံတွင် သူတို့ကို ဖယ်ရှားခဲ့ခြင်းက ကြီးမားသော သက်ရောက်မှု ဖြစ်စေခဲ့သည်။
ပါမောက္ခ ဝန်ကွန်ဝူး Wang Gungwu ၏ မှတ်တမ်းဖြစ်သော “Home is Not Here” က ဝမ်းနည်းစရာ၊ နက်နက်ရှိုင်းရှိုင်း ခံစားစရာ ဖြစ်သည်။ ၁၉၃၀ နှင့် ၄၀ နှစ်များ အတွင်းက ယာယီ အခြေချနေထိုင်သူများ အဖြစ်မှ အမြဲတမ်း နေထိုင်သူများ၊ နောက်ပိုင်းတွင် နိုင်ငံသားများ ဖြစ်လာကြသူများအတွက် တရုတ်လူမျိုးနှင့် အရှေ့တောင်အာရှသား ဖြစ်ရသည့် အဓိပ္ပါယ်က မည်သို့ရှိသည်ကို ဖော်ပြရာတွင် အကောင်းဆုံး လက်ရာများထဲမှ တခုဖြစ်သည်။
ဝီလျံ ဂျေ ဂျူကာ William J. Duiker ၏ “Ho Chi Minh: A Life.” ကိုလည်း ကျနော် ထည့်သွင်းရပါမည်။ ကျော်ကြားသော ဗီယက်နမ် ခေါင်းဆောင်(သူက ပြင်သစ်၊ အမေရိကန် နှင့် တရုတ် တို့ကို အနိုင်ယူခဲ့သည်) က အံ့အားသင့်စရာ ဘဝတခုကို ဦးဆောင်ခဲ့သည်။ သူက ၁၉ ရာစု၏ Scarlet Pimpernel ဖြစ်သည်။ သူလျှိုများနှင့် နှစ်ဘက်ချွန် ဧဂျင့်များ၏ ကမ္ဘာအနှံ့ ခြေရာခံလိုက် မှုကို ရှောင်ကွင်းသွားလာခဲ့သူလည်း ဖြစ်သည်။ ပထမပိုင်းတွင် မျိုးချစ်တဦးနှင့် အမျိုးသားရေး ဝါဒီတဦး ဖြစ်သည့် ဟိုချီမင်းက နောက်ဆုံးတွင်မှ ကွန်မြူနစ်ဝါဒ ဘက်သို့ ပြောင်းလဲလာခဲ့သည်။
နောက်ဆုံး အနေဖြင့် YouTube တွင် ဗီဒီယိုများတင်နေသူ ဖြစ်သော မိုက်ကယ်ရော့ဂ် Michael Rogge နှင့် ကျနော် အဆုံးသတ်ရပါမည်။ သူ၏ YouTube ချန်နယ် (၁၉၅၀ နှစ်များက ဟောင်ကောင်နှင့် ဂျပန်ရုပ်ရှင်ကားများ ပါဝင်သလို သူ့ဖခင်၏ စစ်ပွဲမတိုင်မီ အင်ဒိုနီးရှားနိုင်ငံ မှတ်တမ်းများလည်း ပါဝင်သည်) က အတိတ်ကို ကြည့်ရန် အင်အားကောင်းသော ပြတင်းတချပ် ဖြစ်သည်။ ဒီဂျစ်တယ်က ရုပ်ရှင်နှင့် ဗီဒီယိုများကို နေရာတိုင်းသို့ ရောက်ရှိစေခဲ့၏။ မိုက်ကယ်ရော့ဂ်၏ ချန်နယ် (အခြားသူလည်း အများအပြား ရှိပါသည်) က အတိတ်ကို ပစ္စုပ္ပန်ဆီသို့ ရှားပါးသော အရည်အသွေးတခုနှင့်အတူ ယူဆောင လာခဲ့သည်။
အစပိုင်းတွင် ကျနော်ပြောခဲ့သည့်အတိုင်း သမိုင်းပညာရှင်များသည် ကျနော်တို့ အတိတ်၏ ဗိသုကာများနှင့် စောင့်ရှောက် သူများ ဖြစ်ကြပါသည်။ နည်းပညာပါဝင်လာသည်နှင့် အမျှ မြင်တွေ့ခံစားနိုင်သည့် ပုံပြောခြင်းက ထိုမှတ်ဉာဏ်၏ ကြီးမားသော အစိတ်အပိုင်းတခု ပို၍ ဖြစ်လာပါလိမ့်မည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ဖိလစ်ပိုင် စီးပွားရေးရဲ့ မဟာလူသား