ယနေ့ ဇူလိုင် ၁၉ ရက်နေ့ဟာ ၇၂ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့မှာဆိုရင် ရန်ကုန်မြို့ မှာရှိတဲ့ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်၊ ဝန်ကြီးများရုံး စတဲ့နေရာ အများအပြားမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ဦးညွတ်အလေးပြုမှုများ၊ အထိမ်းအမှတ်ပွဲများကို ပြုလုပ်ကြပါတယ်။
ရန်ကုန်မြို့မှာတော့ ယနေ့ မနက်ပိုင်းကတည်းက အာဇာနည်ဗိမာန်၊ ဝန်ကြီးများရုံးနေရာ စတဲ့ အထင်ကရနေရာများမှာ သာမက ဗိုလ်ချုပ်ရုပ်တုများရှိရာ နေရာအချို့မှာလည်း လွမ်းသူ့ပန်းခွေချခြင်း၊ ဦးညွတ်အလေးပြုခြင်းများ ပြုလုပ်ကြတာ တွေ့ရပါတယ်။
မြို့တွင်းသွားလာနေကြတဲ့ လူငယ်အစုအဖွဲ့ တချို့ကလည်း အနက်ရောင်အင်္ကျီများ ဝတ်ဆင်ကာ အာဇာနည် ခေါင်း ဆောင်ကြီး များအပေါ် သူတို့ရဲ့အောက်မေ့သတိရမှုကိုဖော်ပြကြပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရတဲ့ အချိန်၊ ကျဆုံးခဲ့ချိန် မနက် ၁၀ နာရီ ၃၇ မိနစ် တိတိမှာတော့ သွားလာလှုပ်ရှားနေတဲ့လူများစွာက ၎င်းတို့ ရောက်ရှိရာနေရာတွေမှာ ရပ်တန့်ပြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများကို ငြိမ်သက်လျက် ဦးညွတ် ဂါရဝ ပြုကြသလို ယာဉ်များကလည်း ဟွန်းတီးကာ ဂုဏ်ပြုကြပါတယ်။
နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်၊ ဒီဟွန်းသံများ ဆူညံစွာကြားလိုက်ရချိန်တိုင်းဟာ အာဇာနည်နေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်များက မနေ့တနေ့ကလို မှတ်ထင်ရပြီး ဝမ်းနည်းစရာ ကောင်းလှပါတယ်။
နှစ်စဉ်ဆိုသလို လူအများအပြား လာရောက် လေ့လာကြည့်ရှု့ လေ့လာ လေ့ရှိတဲ့ ဝန်ကြီးများရုံးဟာ ယနေ့မှာလည်း လူစည်ကားလျက် ရှိပါတယ်။ မနက်မိုးလင်းကတည်းက လာရောက်တန်းစီသူ အများအပြား ရှိနေခဲ့တာဖြစ်ပြီး နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန်ထိ တိုင်အောင် ဝန်ကြီးများရုံး အတွင်း ဝင်ရောက်လေ့လာဖို့ တန်းစီစောင့်ဆိုင်းနေသူ အများအပြားကို တွေ့ခဲ့ရပါတယ်။
ဝန်ကြီးများရုံးရှေ့ သိမ်ဖြူလမ်း ဝင်ပေါက်အနီး တန်းစီစောင့်ဆိုင်းနေသူ ကိုငယ်လေးက “တန်းစီနေတာ မနက်ပိုင်းဆိုရင် လူပိုပြီးများမလားထင်လို့ နေ့လည်ဘက်လာတာ။ မနက်ပိုင်းလောက်တော့ လူမကျပ်ဘူးပေါ့။ တန်းစီနေတာတော့ ၁၅ မိနစ် လောက်ရှိပြီ။ နှစ်တိုင်းလာပါတယ်။ ကလေးတွေကို လာပြီး ပြဖြစ်တာပါ”လို့ ဧရာဝတီ ကို ပြောပြပါတယ်။
ထိုနေရာအနီးအနားမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်တွေအပြင် ရှင်သန်ရေးကူညီမှုအသင်းမှ စေတနာဝန်ထမ်းများ၊ လူနာတင်ယာဉ်များလည်း တွေ့ရှိရပါတယ်။
ဒီနေရာဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ အတွင်းဝန် ဦးအုံးမောင်၊ သခင်မြ၊ မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်း၊ ဦးရာဇာတ်နဲ့ ရဲဘော် ကိုထွေးတို့ ၉ ဦးကို ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ သေနတ်သမားတစုက လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးများရုံးဝင်းတွင်း ဝင်ဝင်ချင်းပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများအတွက် အထိမ်းအမှတ် ကျောက်တိုင်ကို ပထမဆုံးမြင် တွေ့ရမှာ ဖြစ်ပါတယ်။
ပြင်ဆင်ဆဲဖြစ်သဖြင့် ခိုင်ခံ့မှု မရှိသေးတဲ့ အဆောက်အအုံ အပေါ်ထပ်က အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့ အစည်းအဝေးခန်းမနေရာကို တက်ရောက်ခွင့် မပေးထားပေမယ့်လည်း မြင်ကွင်းကိုမူ အဝင်ဝတွင် ပရိုဂျက်တာဖြင့် ပြသထားတာ တွေ့ရပါတယ်။ အဲဒီနေရာမှာ ခင်းကျင်းထားတဲ့ ဓာတ်ပုံပြခန်းတွင်လည်း သမိုင်းရဲ့ အမှန်တရားများကို ရှာဖွေတူးဆွနိုင်သလို ကလေးများအနေနဲ့လည်း နိုင်ငံရဲ့ သမိုင်းတခု၊ အဖြစ်အပျက်တခုကို လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဝန်ကြီးများရုံးသို့ရောက်ရှိလာတဲ့ မသန်စွမ်းသူ ၁ ဦးဖြစ်တဲ့ ကိုကျော်လင်းနိုင်ကလည်း “ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ ဖြစ်ပါတယ်။ ကျနော်တို့ မသန်စွမ်းတွေလည်း အများပြည်သူတွေလို ပူးပေါင်း ပါဝင်ချင်ပါတယ်။ ပိုပြီးတိုးတက်မယ့် အခွင့်အရေးတွေ ဆုံးရှုံးသွားတဲ့နေ့ပါ။ ဒီနေ့ဟာ တိုင်းပြည်အတွက် အတိုင်းမသိ ဆုံးရှုံးခဲ့ရတဲ့ နေ့ရက်တရက်ပါ” လို့ ဧရာဝတီကို ပြောပြပါတယ်။
“ဒီနေ့ဆိုရင် အာဇာနည်ကြီးတွေ ကျဆုံးတဲ့နေ့ပေါ့။ ကျဆုံးပြီးကတည်း မြန်မာပြည် ဒုက္ခရောက်လာခဲ့ရတဲ့နေ့ပေါ့” လို့ တောင်ဒဂုံမြို့နယ်မှ လာရောက်ဂါရဝပြုသူ အသက် ၆၃ နှစ် အရွယ် ဦးထွန်းမြင့်ကလည်း ပြောပါတယ်။
ဒီနေ့မှာဆိုရင် အခြားနေရာတွေထက် မြို့တွင်းက အထင်ကရ နေရာများနဲ့ အများပြည်သူ အပန်းဖြေတဲ့နေရာများက အခြားနေ့များထက် ပိုပြီး လူစည်ကားလေ့ရှိပါတယ်။
ဒီနှစ်အတွက် ထူးခြားမှုအနေနဲ့ကတော့ အာဇာနည်ဗိမာန်မှာ ကျင်းပပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း သမ္မတ က ပထမဆုံးအကြိမ် လာရောက်ဂါရဝ ပြုတာ လို့ ဆိုရမှာပါ။
အာဇာနည်ဗိမာန်မှာ ပြုလုပ်တဲ့ အခမ်းအနားကို သမ္မတ၊ ဒုတိယသမ္မတများ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ အာဇာနည်ခေါင်းဆောင်များရဲ့ မိသားစုဝင် တွေလည်း တက်ရောက်ခဲ့ပါတယ်။
တာမွေ အစ္စလမ်သုသာန်မှာ ရှိတဲ့ အာဇာနည်ခေါင်းဆောင် ဝန်ကြီး ဦးရာဇာတ်နဲ့ ရဲဘော်ကိုထွေးတို့ အုတ်ဂူများမှာတော့ ၎င်းတို့ရဲ့ မိသားစုဝင်များ၊ ဘာသာပေါင်းစုံမှ လူပုဂ္ဂိုလ်များနဲ့ အစ္စလမ်ဘာသာဝင်များက အောက်မေ့ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ကြပါတယ်။
အာဇာနည်ဗိမာန်ကို လာရောက် ဂါရဝပြုသူ ပြည်သူလူထုကလည်း အများအပြားရှိနေပါတယ်။ ယခင်နှစ်များနည်းတူ ယခုနှစ်မှာလည်း လာရောက်ဂါရဝပြုသူ၊ မိသားစုများနှင့် လာရောက်သူများ၊ ပါတီများ၊ အသင်းအဖွဲ့များကလည်း လာရောက်ကြပါတယ်။
လာရောက်ဂါရဝပြုသူ တဦးဖြစ်သူ ဒေါ်ကြူကြူဝင်းက “အန်တီတို့ ငယ်ငယ် ၃ တန်း၊ ၄ တန်းကတည်းက ကျောင်းတွေက လိုက်ပို့တယ်။ ဗိုလ်ချုပ်ပြတိုက်တို့၊ ဒီလိုအလေးပြုပွဲတို့ကို အဲဒီအချိန်ကတည်းက ဘယ်လို ဝမ်းနည်းမှန်းမသိဘူး။ အဲဒီကတည်းက ဒီနေ့ ဒီအချိန်ထိအောင် ၁၀ နာရီ ၃၇ မိနစ်ဆို တမျိုးကြီးပဲ ငိုချင်တယ်။ မျက်ရည်လည်း တကယ် ဝဲရတယ်” ပြောပါတယ်။
ဂါရဝပြုသူတွေထဲမှာ ပြည်သူ့ပါတီကလည်း ပါဝင်ခဲ့ပြီး အာဇာနည်ခေါင်းဆောင်များရဲ့ ဓာတ်ပုံများကို ကိုင်ဆောင်လာ ခဲ့တာလည်း တွေ့ရပါတယ်။ အချို့ အမျိုးသား၊ အမျိုးသမီးငယ်တွေကတော့ “အာဇာနည်နေ့ တို့မမေ့”၊ “၁၉ ဇူလိုင် မမေ့နိုင်” စာသားပါ နဖူးစည်းများ၊ အကျီင်္များကို ဝတ်ဆင်ထားကြပါတယ်။ လာရောက်သူ များပြားလွန်းတာကြောင့် မူးမေ့လဲသူအချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“ဦးဇင်းတို့က ဒီနေ့ ဗိုလ်ချုပ်ရုပ်တုရှေ့မှာ ဂါရဝပြုဖြစ်တယ်။ အလေးပြုဖြစ်တယ်။ ပြီးရင် ရွှေတိဂုံဘုရားပေါ်တက်ပြီး ဝတ်ပြု ဆုတောင်းတယ်။ နှစ်တိုင်းလိုလို အခုလိုပဲ လာရောက်ဖြစ်ပါတယ်။ ဒီနှစ်က အခုချိန်ထိတော့ မိုးမရွာသေးဘူးဆိုတော့ သွားလို့လာလို့ ကောင်းနေတယ်။” လို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ဂါရဝပြုခဲ့တဲ့ သံဃာတော်တပါးက မိန့်ပါတယ်။
ရန်ကုန်မြို့ နတ်မောက်လမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကို ယနေ့ မနက်ပိုင်းမှာ ကျောင်းသားသမဂ္ဂများမှ ကျောင်းသားများလည်း လာရောက် အလေးပြုကြသလို ရဟန်းရှင်လူ ပြည်သူများစွာလည်း လာရောက်ခဲ့ကြတာ တွေ့ရပါတယ်။
ဒီလိုနေ့ဆိုရင် “ပဲပြုတ်နဲ့ နံပြား” ကို စတုဒီသာကျွေးမွေးကြတာမျိုးအပြင် ထူးခြားတာ တခုလည်း တွေ့ရပါသေးတယ်။ အဲဒါကတော့ Seven Taxi Group ကနေပြီးတော့ ဗိုလ်ချုပ်ပန်းခြံနဲ့ ဝန်ကြီးများရုံးကို သွားလာလိုသူတွေကို အသွားအပြန် အခမဲ့ပို့ဆောင်ပေးနေတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ ဒီလို အလှူလုပ်သူတွေ ဒီထက်မကလည်း ရှိနိုင်ပါသေးတယ်။
ရပ်ကွက်ထဲက အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေကလည်း ကားကြီး၊ ကားငယ်တွေနဲ့ အထင်ကရနေရာများကို စုဖွဲ့ သွားလာ ဂါရဝပြုကြတာ တွေ့ရပါတယ်။
နောက်ထပ် အထင်ကရ နေရာတခုကတော့ ဗိုလ်ချုပ်ပြတိုက် ဖြစ်ပါတယ်။ ပြတိုက်အတွင်းမှာ ဗိုလ်ချုပ် ရဲ့ ဘဝဖြစ်စဉ်များ၊ အကြောင်းအရာများအပြင် ဗိုလ်ချုပ်ရဲ့ နိုင်ငံ့ခေါင်းဆောင်ဘဝ၊ ကြေးရုပ်တု စတာတွေကိုလည်း ပြသထားပါတယ်။ အာဇာနည်နေ့ အမှတ်တရ စာအုပ်တွေကိုလည်း ပြတိုက်လာရောက်သူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခမဲ့ ဝေငှခဲ့တယ်လို့လည်း သိရပါတယ်။
ယခင်နှစ်က ပြတိုက်အပေါ်ထပ် တက်ရောက်ခွင့်ကို ပိတ်ထားခဲ့သော်လည်း ယခုနှစ်မှာတော့ တက်ရောက်လေ့လာခွင့် ပြုထားပါတယ်။ ပြတိုက်ကိုလည်း ကျောင်းသားကျောင်းသူအဖွဲ့များ၊ မိသားစုများစသည့် လူများစွာ လာရောက် ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် တနင်္လာနဲ့ အင်္ဂါနေ့ကလွဲပြီး ပြတိုက်ကို ဝင်ကြေး နဲ့ ဖွင့်လှစ်ပေးလေ့ ရှိတယ်လို့လည်း သိရပါတယ်။
ဒီနှစ်မှာလည်း ယခင်နှစ်များနည်းတူ အထင်ကရ နေရာများစွာကို လာရောက် ဂါရဝပြုသူများ၊ ဦးညွတ် ဂုဏ်ပြုသူများစွာ ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုနေ့ရက်ဟာ မြန်မာလူမျိုးတွေအတွက် နှမြောတသမှု၊ ဆုံးရှုံးမှုတွေကို တပြိုင်နက် ခံစားစေခဲ့ရတဲ့နေ့ဖြစ်သလို အာဇာနည်တွေရဲ့ ကျေးဇူးတရားတွေကို အောက်မေ့ သတိရစရာ သမိုင်းဝင် နေ့ရက်တရက် ဖြစ်ပါတယ်။ ။
မေစစ်ပိုင် နှင့် သဇင်လှိုင် ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန်
ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံရေးသမား
အောက်မေ့ဖွယ်ရာ အထိမ်းအမှတ် အာဇာနည်နေ့ အကြောင်း