ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် တိုင်းရင်းသားများနှင့် ၎င်းတို့၏ ပါတီများအပေါ် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန် ပျက်ကွက်ခြင်းက နောက်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်များ၌ အထိနာစေနိုင်သည်။
တိုင်းရင်းသား ပြည်နယ်များမှ ဌာနေတိုင်းရင်းသားများ၏ ဆန္ဒများကို NLD က လေးစားရန် ပျက်ကွက်ခဲ့သည်ကို နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက သတိပေးမှုများရှိခဲ့သည်။ ထိုအထဲတွင် ဒေသခံ ထောင်ပေါင်းများစွာက ဆန့့်ကျင်ဆန္ဒပြခဲ့ကြပြီး ပြည်နယ်နှင့် ပြည်ထောင်စု လွှတ်တော်သို့ပါ လက်မှတ်ရေးထိုး ကန့်ကွက်နေသည့်ကြားမှ မွန်ပြည်နယ်ရှိ တံတားတစင်းကို လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အမည် ပေးခြင်းလည်း ပါဝင်သည်။
ဒေသခံများက ထိုတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်အစား မွန်လူမျိုးစုများ၏ အမွေအနှစ် ယဉ်ကျေးမှုကို ဂုဏ်ပြုသော အမည်တခုခုပေးရန် လိုလားကြသည်။
အခြားထင်ရှားသော ဥပမာတခုမှာ ဒေသခံတိုင်းရင်းသားများ ဆန့်ကျင်ကြသည့်ကြားမှ တိုင်းရင်းသား ပြည်နယ်များတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ တည်ဆောက်ခြင်း ဖြစ်သည်။ ရုပ်တု ဆန့်ကျင်မှုမှာ ကယားပြည်နယ်တွင် အထူးသဖြင့် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး အာဏာပိုင်များက ဦးဆောင်ကန့်ကွက် ဆန္ဒပြသည့်သူများကို တရားစွဲဆို ဖြိုခွင်းသည့်တိုင် ပြည်နယ်မြို့တော် လွိုင်ကော်တွင် စိုက်ထူ ထားသည့် ထိုရုပ်တုကို ဖယ်ရှားရေးအတွက် တက်ကြွလှုပ်ရှားသူများက ဆက်လက် တောင်းဆိုနေဆဲ ရှိသေးသည်။

၎င်းတို့တွင် ၎င်းတို့လေးစားသည့် တိုင်းရင်းသား သူရဲကောင်းများရှိကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးမှုအဖြစ်သာ မြင်ကြောင်း ဆန္ဒပြ ကန့်ကွက်သူများက ပြောသည်။
ထိုလုပ်ရပ်များ အားလုံးသည် ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၏ ထောက်ခံမှု ဆုံးရှုံးစေမည့် တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး NLD ၏ နိုင်ငံရေး ခြေလှမ်းမှားများဖြစ်ကြောင်း၊ ပါတီ၏ ရည်ရွယ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ညီညွတ်ရေးအတွက် ပိုမိုခက်ခဲသွား စေမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများက NLD ကို သတိပေးနေကြသည်။
အလားတူပင် ယခင်က ဒီမိုကရေစီ တိုက်ပွဲတွင် နှစ်ပေါင်းများစွာ လက်တွဲခဲ့သည့် မိတ်ဖက် တိုင်းရင်းသားပါတီများနှင့် NLD ၏ ဆက်ဆံရေးမှာလည်း အေးစက်လာခဲ့သည်။
NLD သည် မိတ်ဖက် တိုင်းရင်းသား ပါတီများနှင့် ပတ်သက်သည့် ချဉ်းကပ်ပုံ ပြောင်းလဲသွားကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ် (UNA) အတွင်းရေးမှူးအဖွဲ့ဝင်၊ ရခိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးမျိုးကျော်က ပြောသည်။
မြန်မာနိုင်ငံရှိ အဓိက တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် UNA တွင် ALD အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၃ ခုခန့် ပါဝင်သည်။ NLD နှင့်အတူ စစ်အစိုးရ ဆန့်ကျင်ရေးများ အတူတကွ လုပ်ခဲ့ကြသည့် တိုင်းရင်းသား ပါတီများလည်း ပါဝင်သည်။
NLD သည် အတိုက်အခံဖြစ်ခဲ့စဉ်က အာဏာရှင် ပြုတ်ကျရေးအတွက် တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်း၊ တိုင်ပင်မှုများ လုပ်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ညှိနှိုင်း ဆွေးနွေးမှုများ မလုပ်တော့ဘဲ လုံး၀ ပြန်လှည့်ကြည့်ခြင်း မရှိကြောင်း သူကပြောသည်။
“ရွေးကောက်ပွဲ ပြီးကတည်း ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မရှိပါဘူး” ဟု ပြောသည်။ NLD ၏ ထိုချဉ်းကပ်ပုံကြောင့် တိုင်းရင်းသားပါတီများက ပါတီအပေါ် ယုံကြည်မှု ကျသွားကြောင်း သူက ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲကာလများတွင် NLD သည် တိုင်းရင်းသားပါတီ ၂၀ ကျော်ဖြင့် ၁၉၈၈ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား လူမျိုးများအတွက် လူမျိုးရေး တန်းတူညီမျှမှု၊ နိုင်ငံရေး တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အတွက် ထောက်ပြခဲ့ကြသည်။
ထို ရွေးကောက်ပွဲများတွင် NLD အနိုင် ရရှိခဲ့သော်လည်း ရလဒ်ကို ထိုစဉ်က အာဏာ ချုပ်ကိုင်ထားသည့် စစ်အစိုးရက ပယ်ဖျက်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် NLD နှင့် ၁၉၉၀ ရွေးကောက်ပွဲကတည်းက မိတ်ဖက်ပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် အခြား တိုင်းရင်းသားပါတီ အချို့ကပါ ရွေးကောက်ပွဲက မယုံကြည်ရဘဲ၊ တရားမျှတမှုမရှိနိုင်ဟု ယုံကြည်သည့်အတွက် သပိတ်မှောက်ခဲ့ ကြသည်။
၂၀၁၅ ရွေးကောက်ပွဲပြီးနောက် NLD သည် အသစ် ဖန်တီးထားသည့် ရာထူးဖြစ်သော တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို SNLD သို့ ကမ်းလှမ်းသော်လည်း ထိုရာထူးသည် ၎င်းတို့ အာရုံစိုက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း သိရပြီးနောက် SNLD က ထိုကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု သိရသည်။
၎င်းတို့နှင့် NLD အကြား ဆက်ဆံရေးမှာ ယခင်ကလောက် နွေးထွေးမှုမရှိကြောင်း SNLD က ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် NLD နှင့် မဟာမိတ်ဖွဲ့ရန် အစီအစဉ်ရှိမရှိ သတင်းထောက် တဦးက မေးသောအခါ “တဖက်က ကျနော်တို့ကို စကားတောင်မှ မပြောတဲ့အချိန်မှာ ကျနော်တို့က သူတို့ကို ချစ်ပါတယ်လို့ သွားပြောလို့ မရဘူး” ဟု SNLD တွဲဖက် အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောသည်။
NLD သည် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ရည်မှန်းချက်တွင် တိုင်းရင်းသား ပါတီများနှင့် ရည်မှန်းချက် တူသောကြောင့် ပူးပေါင်း ဆောင်ရွက်လိမ့်မည်ဟု တိုင်းရင်းသားပါတီများက မျှော်လင့်ခဲ့သော်လည်း မျှော်လင့်သလို ဖြစ်မလာကြောင်း ALD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် မထုမေက ပြောသည်။
NLD သည် ဖက်ဒရယ် ဒီမိုကရေစီတွင် အကြွင်းမဲ့ ယုံကြည်လျှင် တိုင်းရင်းပါတီများနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ဦးစားပေးသင့်သည်ဟု သူက ပြောသည်။
NLD သည် ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားပါတီများနှင့် ပိုမို ကောင်းမွန်သော ဆက်ဆံရေးမူဝါဒ ချမှတ်ရန် စဉ်းစားနေကြောင်း NLD ၏ ပြောခွင့်ရသူ ဦးမျိုးညွန့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က တိုင်းရင်းသာပါတီတွေနဲ့ အမြဲတမ်း ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ကျနော်တို့ မူဝါဒက သူတို့နဲ့ ရည်မှန်းချက်ချင်းတူလို့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ” ဟု သူက ပြောသည်။
သို့သော် NLD သည် ထိုသို့လုပ်ရန် ဆန္ဒမျိုးမမြင်သောကြောင့် သူ၏ပါတီသည် NLD နှင့် ပူးပေါင်း လုပ်ဆောင်နိုင်မည် မထင်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၏ ဒုဥက္ကဋ္ဌ ဂမ်ဂရောင် အောင်ခမ်းက ဧရာဝတီသတင်းဌာန၏ မကြာသေးမီက အင်တာဗျူးတခုတွင် ပြောသည်။
ပြည်နယ်လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တွင်ပါ နေရာအများစု အနိုင်ရရေး ရည်မှန်းချက်ဖြင့် ကချင်ပါတီ ၃ ခုဖြစ်သော ကချင်ဒီမိုကရက်တစ် ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီနှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပူးပေါင်းပြီး KSPP ကို ထူထောင်ထားသည်။
လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၉၈ ခု ရှိပြီး လာမည့် ရွေးကောက်ပွဲတွင် ပါတီ ၁၀၀ ကျော် ပါဝင်မည်ဟု မျှော်လင့်ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၀ ကျော်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၃ ပါတီ ပါဝင်ခဲ့သည်။
NLD သည် တနိုင်ငံလုံးတွင် အထူးသဖြင့် ဗမာ အများစုရှိသော ဒေသများတွင် လူကြိုက်အများဆုံး ပါတီ ဖြစ်နေသေးသော်လည်း ၎င်းတို့ ပြည်နယ်များတွင် ထောက်ခံမှု အခိုင်အမာရရှိထားသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ တဒါဇင်ခန့်လည်း ရှိနေသည်။
NLD က တိုင်းရင်းသား ဒေသများမှ နေရာများအပါအဝင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်ပင် ရှမ်းနှင့်ရခိုင် ပြည်နယ်တွင် တိုင်းရင်းသားပါတီများက အောင်ပွဲခံခဲ့သည်။

“၂၀၁၅ ရွေးကောက်ပွဲတုန်းက တနိုင်ငံလုံး အနိုင်ရတဲ့ပါတီကို တကယ့် ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စေချင်တာကြောင့် တိုင်းရင်းသားတွေအပါအဝင် ပြည်သူတွေက သူတို့ကိုမဲပေးခဲ့တယ်” ဟု မထုမေက ပြောသည်။
NLD ကို မဲပေးလိုက်ခြင်းအားဖြင့် ပါတီက တနိုင်ငံလုံး ပြုပြင်ပြောင်းလဲရေး လုပ်မည်ဟု သုံးသပ်ချက်များ ရှိခဲ့သော်လည်း ပြီးခဲ့သည့် သုံးနှစ်ကျော်အတွင်း အာဏာရပါတီ၏ ဆောင်ရွက်ချက်တွေက တိုင်းရင်းသားများ၏ လိုလားချက်များစွာကို ကိုယ်စားမပြုခဲ့ခြင်းများ ရှိကြောင်း သူက ဆက်ပြောသည်။
NLD အနေဖြင့် မွန်ပြည်နယ်မှ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးပြီးနောက် မကြာမီ ကျင်းပသည့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ သင်ခန်းစာ တွေ့ရပြီးဖြစ်သည်။
NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ခဲ့သည့် မွန်ပြည်နယ် ချောင်းဆုံ နေရာတွင် ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ရှုံးနိမ့်သွားသည်။ NLD သည် ၂၀၁၅ ခုနှစ်က ရရှိခဲ့သည့်မဲ၏ ထက်ဝက်ပင် မရခဲ့ပေ။
၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း NLD သည် ယှဉ်ပြိုင်သောနေရာ ၁၃ နေရာအနက် နေရာ ၆ ခုတွင် ရှုံးသည်။ ထိုရှုံးသည့် ၆ နေရာတွင် ၂၀၁၅ ရွေးကောက်ပွဲက နိုင်ခဲ့သည့် နေရာ ၄ နေရာ ပါဝင်ပြီး ရန်ကုန်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် USDP သို့ ၃ နေရာနှင့် ချင်းပြည်နယ်တွင် ဒေသခံ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ တနေရာ ရှုံးနိမ့်ခဲ့သည်။
လာမည့် ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများ အနိုင်ရနိုင်ခြေ မြင့်မားလာနိုင်သည်ဟု မထုမေက မြင်သည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ပိုရနိုင်တယ်လို့ ယူဆတယ်” ဟု သူက ပြောသည်။
( San Yamin Aung ၏ Ignoring Ethnic Parties will Hurt NLD in 2020 ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ
NLD အနေနဲ့ တိုင်းရင်းသား ပြည်သူတွေဆီကနေ မဲရဖို့ အခွင့်အလမ်းနည်းပါတယ်
စစ်တပ်ကိုပဲ ဖြစ်စေ အစိုးရကိုပဲ ဖြစ်စေ၊ ကျနော်တို့ အယုံအကြည် သိပ်မရှိဘူး