အဆိပ်ဖြစ်စေသော ပစ္စည်းများ၊ အနံ့ဆိုးများ၊ အရည်တရွှဲရွှဲ စွန့်ပစ် အညစ်အကြေးများဖြင့် ပြည့်နေသော ဟက်တာ ၁၂၀(ဧက ၃၀၀ ခန့်)ကျယ်သည့် မညီမညာ မျက်နှာပြင်နှင့် ဤကြီးမားသော အမှိုက်ပုံကြီး(အရှေ့တောင် အာရှတွင် အကြီးမားဆုံး အဖုံးအကွယ်မဲ့ ဖို့မြေပုံ) က လူဦးရေ ၃၂ သန်းနေထိုင်သော ဂျကာတာကို ဝန်ဆောင်မှုပေးနေရသည်။ အမှိုက်တန်ချိန် ၃၉ သန်း ရှိသည်ဟု ခန့်မှန်းရပြီး (နေ့စဉ် တန်ချိန် ၇၀၀၀ ထပ်တိုးနေသည်) အမြင့်ဆုံးလက်ခံနိုင်စွမ်း ဖြစ်သည့် တန်ချိန် ၄၉ သန်းသို့ မကြာမီ မဟုတ်ခဲ့လျှင်ပင် ၂၀၂၁ ခုနှစ် မတိုင်မီ ရောက်ရှိလိမ့်မည် ဖြစ်သည်။
ယခုအခါ အသက် ၅၂ နှစ် ရှိပြီဖြစ်သော အီဘူး စူကီဆရီ Ibu Suki Sri က ဤအမှိုက်ပုံ စတင်ဖွင့်လှစ်ခဲ့သည့် လွန်ခဲ့သော နှစ် ၃၀ ကတည်းက အမှိုက်ကောက်သည့် အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ကျောက်ထုတ်လုပ်ခြင်းများ လုပ်ကိုင်ခဲ့ပြီးနောက် တသီတတန်းကြီး ကျန်ရစ်ခဲ့သော ကျင်းချိုင့်ကြီးများထဲသို့ အမှိုက်များ စတင်စွန့်ပစ်ခဲ့ကြသည်။ နောက်ထပ် ဆယ်စုနှစ် ၃ ခု ကြာမြင့်ပြီးခဲ့သည့်အခါ ဘန်တာဂီဘန် Bantar Gebang က အကွာအဝေးတခုမှနေ၍ ကြည့်လိုက်မည်ဆိုလျှင် တောင်တန်းတခုနှင့် ပို ၍ တူလာသည်။ အတိအကျပြောရလျှင် တောင်ငယ် ၁၀ လုံး ရှိသည်။
အီဘူးက အမှိုက်များထဲတွင် ကိုယ်တိုင်လိုက်ရှာကောက်ရသူ မဟုတ်တော့ပါ။ သူက ပစ္စည်းပြန်ဝယ်သူ တယောက် ဖြစ်လာပြီး ပလပ်စတစ်ပုလင်းများ၊ ပိုက်များ၊ ပလပ်စတစ်ဆေးဗူးများ(သိပ်သည်းဆနည်းသည့် polyethylene သို့မဟုတ် HDPE ပလပ်စတစ်)၊ ဖိနပ်များ၊ ဒန်၊ သတ္တုနှင့် သံဖြူ များကို လိုက်လံရှာဖွေ ကောက်ယူသည့် အမှိုက်ကောက်သမား အဖွဲ့တခုကို ဦးဆောင် စီမံခန့်ခွဲနေသည်။ မျိုးတူရာ စုစည်းခြင်း၊ အဆင့်အတန်းခွဲခြင်းနှင့် သန့်ရှင်းခြင်းများ ပြုလုပ်ပြီးနောက်တွင် အမှိုက်များက စီးပွားရေးတန်ဖိုး အနည်းငယ်ရှိလာခဲ့သည်။ ပလပ်စတစ်ပုလင်း များကို တကီလိုလျှင် အင်ဒိုငွေ ရူပီးယား ၅၀၀၀ (ကျပ်ငွေ ၅၄၀ ကျော်) ဖြင့် ပြန်လည်ရောင်းချနိုင်သည်။ HDPE ပလပ်စတစ်ဆိုလျှင် တကီလို အတွက် ရူပီးယား ၇၀၀၀ (ကျပ်ငွေ ၇၅၀ ကျော်) ရသည်။
သို့သော်လည်း ၂၀၂၁ တွင် ပိတ်ပစ်လိုက်နိုင်သည့် အလားအလာနှင့် ပတ်သက်၍ အီဘူးက များစွာ ခံစားချက်မထား ပါ။ “ဘန်တာဂီဘန်ကို မကြာခင် အချိန်အတွင်း ပိတ်ပစ်မယ်လို့ ကျမ မထင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ပိတ်ပစ် လိုက်တယ်ဆိုရင်လည်း ကျမက နောက်ထပ် အမှိုက်ပစ်မယ့် နေရာကို ပြောင်းလိုက်ရုံပဲ။ အမှိုက်တွေ ဘယ်ကိုသွား သွား ကျမက နောက်က လိုက်မှာပဲ” ဟု သူကပြောသည်။
မနီလာမြို့တော်ရှိ တွန်ဒို Tondo မှသည် ဟိုချီမင်းမြို့တော်ရှိ ဒါဖော့ Da Phuoc အထိ အရှေ့တောင် အာရှတလွှားတွင် ဘန်တာဂီဘန်လို အမှိုက်ပုံပေါင်း များစွာ ရှိနေပါသည်။ ဘုရားဟော အမှန်တရားတခုလို ကျနော်တို့ အားလုံး လက်ခံထားခဲ့ကြသည့် စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အောင်မြင်ကြီးပွားမှု ဇာတ်ကြောင်းမှ အခြေခံကျသော အပြစ် အနာ အဆာတခု အဖြစ် သူတို့က သက်သေခံနေသည်။

အတိုချုံးရသော် ကျနော်တို့ကို မုသားတခု ရောင်းခဲ့ကြသည်။ ကန့်သတ်မှု မရှိသည့် များများထုတ်၊ များများသုံးဝါဒနှင့် ကျနော်တို့၏ ဘဝများ ရေရှည် ရပ်တည်နိုင်စွမ်းမဲ့အောင် ထောက်ပံ့နေသည့် စားသုံးမှု ဖြစ်သည်။
သွားတိုက်ဆေးဗူးများ၊ ရှန်ပူပုလင်းများ၊ ဒိန်ချဉ်ဗူးများ၊ ထုပ်ပိုး အခွံများ၊ ဈေးဝယ် ပလပ်စတစ်အိတ်များ အရာရာတိုင်းက တနေရာရာတွင်ရှိသော ဘန်တာဂီဘန် သို့မဟုတ် တွန်ဒို သို့မဟုတ် အမှိုက်ပုံ တခုခုတွင် အဆုံးသတ်သည်။ သို့မဟုတ် ပိုမိုဆိုးရွားသွားလျှင် ကျနော်တို့ ကမ်းခြေများ၏ အပြင်ဘက် ပင်လယ်ပြင် တနေရာရာတွင် ပေါလောမျော ပါနေကြသည်။
ကျနော်တို့၏ လက်ရှိ စီးပွားရေးပုံစံ၏ အချက်အချာနေရာတွင် ရှိသော စိတ်ပျက်ဖွယ် မုသားက လွန်ခဲ့သော ၁၈ လကျော် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် တရုတ် အာဏာပိုင်များက စွန့်ပစ်ပစ္စည်းများ တင်သွင်းခြင်းကို ပိတ်ပင်ရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် ပို၍ပင် ထင်ရှားလာခဲ့သည်။
“အမျိုးသား ဓားရှည်(National Sword)”ဟု အမည်တွင်သည့် သူတို့၏ မူဝါဒက အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဘိုးရှိသော ကမ္ဘာ့ စွန့်ပစ်ပစ္စည်း ပြန်လည်သန့်စင် ထုတ်လုပ်ရေးလုပ်ငန်းကို သေလုမျောပါး ထိခိုက်နစ်နာ စေခဲ့သည်။ ၎င်း၏ အကျိုးဆက်များကို အရှေ့တောင်အာရှ၊ ဥရောပနှင့် မြောက်အမေရိက တလွှားတွင် ခံစားနေကြ ရသည်။
အခြေခံအားဖြင့် ပြန်လည်သုံးစွဲနိုင်သည့် အမှိုက်ပုံများ၊ သိုလှောင်ရုံများနှင့် မီးရှို့ဖျက်ဆီးသည့် စက်ရုံများဖြင့် တည်ဆောက်ထားသော လူသားကောင်းကျိုး မျှော်ကိုးသည့် ဂေဟစနစ်တခုလုံးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မဖြစ်စေဘဲ အသုံးအဖြုန်း ကြီးသည့်လမ်းများအတိုင်း ဆက်သွားနိုင်သည်ဟု အနောက်တိုင်း စားသုံးသူများ အကြား ထင်ယောင်မှတ်မှားမှု ပေါ်ပေါက်လာစေခဲ့သည်။
ယင်းသည် အလွန်ပင် အဓိပ္ပါယ်မဲ့သည်။ အမှန်တော့ အမှိုက်သရိုက်သာ ဖြစ်သည်။
အန္တရာယ်ရှိသည့် စွန့်ပစ် ပစ္စည်းများမှသည် ပလပ်စတစ်နှင့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများအထိ အနောက်တိုင်း တွင် ဖောဖောသီသီ သုံးစွဲသမျှ၏ အပျက်အစီး အစုတ်အပြတ်များကို တရုတ်က တင်သွင်းရန် ဆန္ဒရှိနေသမျှ ကာလတလျှောက်တွင်သာ ဂေဟစနစ်က အလုပ်ဖြစ်ပါသည်။

တရုတ်နိုင်ငံက သူတို့၏ သဘာဝပတ်ဝန်းကျင်တွင် တန်ချိန်သန်းနှင့် ချီသော စွန့်ပစ်ပစ္စည်းများ ရှိနေခြင်း၏ သက်ရောက်မှုကို အချိန်နှောင်းခါမှ သတိပြုမိလာသည့် အချိန်တွင် သူတို့ စိတ်ပြောင်းခဲ့သည်။ စိတ်ကူးယဉ် အဆောက်အဦး တခုလုံးလည်း ပြိုလဲခဲ့ရတော့သည်။
ထိုအမှိုက်အားလုံးကို ပြန်လည်သန့်စင် ထုတ်လုပ်ခြင်းက အလုပ်ဖြစ်ကြောင်း အနောက်တိုင်း၏ စိတ်ကူးက အကြီးဆုံး ရှုံးနိမ့်သူ ဖြစ်ခဲ့ရသည်။ ယင်းအိုင်ဒီယာသည် အလိမ်အညာတခုထက် အနည်းငယ်မျှသာ ပိုကြောင်း ယခုအခါ ပေါ်ထွက်လာခဲ့သည်။
ပြန်လည် အသုံးပြုခြင်းက ကုန်ကျစရိတ် မရှိ ဆိုသည်မှာ မဟုတ်ကြောင်း ယခု ကျနော်တို့ သိကြသည်။ သဘာဝပတ်ဝန်းကျင်အတွက်လည်း ကောင်းသည် မဟုတ်ပါ။
အရှေ့တောင်အာရှက တန်ချိန် ထောင်နှင့် ချီသော အန္တရာယ်ရှိသည့် (အများစုက ကြွားဝါတတ်သော၊ သူတော်ကောင်းယောင် ဆောင်တတ်သော သူဌေးနိုင်ငံများထံမှ လာသည့်) စွန့်ပစ်ပစ္စည်းများထဲတွင် နစ်မြုပ်နေသည့် အချိန်တွင် ၂ ဘက်လုံးမှ အပြန်အလှန် စွပ်စွဲချက်များက ခါးသီးခဲ့သည်။
ယခုလ အစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီနှင့် ဟောင်ကောင်မှ အဆိပ် အတောက်ဖြစ်စေသော စွန့်ပစ်ပစ္စည်း ကုန်သေတ္တာ ၄၉ လုံး ကို ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။
မေလအတွင်းတွင် မလေးရှားနိုင်ငံက ပလပ်စတစ်တန် ၃၀၀၀ ကို မူရင်းနိုင်ငံ ၁၄ ခုသို့ ပြန်ပို့ခဲ့သည်။ ထိုအချိန်မှာပင် ဖိလစ်ပိုင်နိုင်ငံက သမ္မတ ဒူတာတေး ပြုလုပ်နေကျ အနောက်တိုင်းဆန့်ကျင်ရေး ခြိမ်းခြောက်မှုများနှင့် အတူ ကုန်သေတ္တာ ၆၉ လုံးနှင့် အတူ ကနေဒါသို့ ပြန်ပို့ခဲ့သည်။
အမှန်တကယ်တွင် အရှေ့တောင်အာရှနိုင်ငံများသည် အနောက်နိုင်ငံများ ကိုင်တွယ်နေရသည်ထက် များစွာ နည်းပါးသော သူတို့၏ ကိုယ်ပိုင်အမှိုက်များကို စီမံနိုင်ရုံမျှသာ ရှိသည်။

ဂျကာတာတွင် ဘန်တာဂီဘန်ကို အစားထိုးရန် စွန့်ပစ်ပစ္စည်း ၂၂၀၀ တန် သိုလှောင်ထားနိုင်သည့် အမေရိကန် ဒေါ်လာ သန်း ၂၅၀ တန် အလယ်အလတ်အဆင့် သန့်စင်ပေးနိုင်မည့် စက်ရုံဇုန်တခု ၂၀၂၂ ခုနှစ် မတိုင်မီ ဖန်တီးရန် အစီအစဉ် ရှိသည်။
သို့သော်လည်း ဖော်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း တနေ့လျှင် တန် ၇၀၀၀ ထုတ်လုပ်ပေးနေသည့် မြို့တော်အတွက် လုံလောက်နိုင်ဖွယ်ရာ မရှိပါ။
အကယ်၍ မြေကျင်းများ ပိုမိုဖန်တီးနိုင်သည့်တိုင် ဂျကာတာပြည်သူများ၏ အခြေခံပြဿနာကို ဖြေရှင်းမပေးနိုင်သေးပါ။
အမှန်တကယ်တွင် အရှေ့တောင်အာရှနှင့် ကမ္ဘာ့ပြည်သူများသည် နောက်ဆုံးတွင် ၂၁ ရာစု၏ လူနေမှုနှင့် များများသုံး များများထုတ်ဝါဒမှ ထုတ်လုပ်ပေးလိုက်သော အမှိုက်များ အားလုံးကို ဖြေရှင်းရန် နည်းလမ်းရှာရတော့မည် ဖြစ်သည်။
စားသုံးသူများ၏ အပြုအမူ သို့မဟုတ် အလေ့အထများကို ပြောင်းလဲရန် ကုန်ထုတ်လုပ်သူများကိုရော ပြည်သူများကိုပါ တောင်းဆိုမှုများကလည်း အတိုင်းအတာတခု အထိသာ သက်ရောက်နိုင်သည်။ ယင်းက ပြဿနာကို ဖုံးကွယ်ရုံမျှသာ တတ်နိုင်သည်။ ဘန်တာဂါဘန်ကို ပို၍ပင် မြင့်မားလာစေခဲ့သည်။

နည်းပညာနှင့် ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုတို့ကလည်း ထိုကိစ္စတွင် ကျနော်တို့အတွက် ရှင်းရှင်းလင်းလင်းပင် ကျရှုံးခဲ့ သည်။
ဥရောပသားများနှင့် အမေရိကန်များ (လျှို့ဝှက်စွာပင် ဖြစ်သော်လည်း) လုပ်ခဲ့ကြပြီး ဖြစ်သလို သင်၏ အမှိုက်များကို နိုင်ငံခြားသို့ တင်ပို့ခြင်းက သူတော်ကောင်းယောင်ဆောင်ခြင်း၊ ခေါင်းရှောင်ခြင်း ဖြစ်သည်။
ကျနော်တို့၏ အမြန်ထုတ် စားသုံးကုန်ပစ္စည်း (Fast Moving Consumer Goods) ထုတ်လုပ်ရေး လုပ်ငန်းများက ထုတ်ပေးနေသည့် အမှိုက်ပုံများကို အမြဲ စီမံခန့်ခွဲရခြင်း၏ မဖြစ်နိုင်မှုများအား လူမှုအသိုင်းအဝိုင်းများ အားလုံးအနေဖြင့် ရင်ဆိုင်ရန် လိုပါသည်။
လိုအပ်သည်မှာ အမြန်ထုတ် စားသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၏ အရောင်းနှင့် ဖြန့်ချိမှုကို အလုံးစုံ အသစ်ပြန်လည်ပြင်ဆင်ခြင်း ဖြစ်ပါသည်။ အကယ်၍ ကျနော်တို့က စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် လက်လီအရောင်းသမားများကို ပြန်လည် ပညာပေးခြင်း မပြုလုပ်လျှင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းက ရေတိုနှင့် ယာယီသာ ဖြစ်ပါလိမ့်မည်။
ထိထိရောက်ရောက် မလုပ်နိုင်ပါက ကျရှုံးပါလိမ့်မည်။ ဖြေရှင်းနိုင်သည့် အချိန်အထိ အရှေ့တောင်အာရှ၏ ဘန်တာဂီဘန်များက ဆက်လက်၍ မှိုလိုပေါက်နေပါ လိမ့်မည်။ ကြီးထွားလာပါလိမ့်မည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
သမိုင်းပညာရှင်များက ဗိသုကာများလည်း ဖြစ်နိုင်သည်
ဖိလစ်ပိုင် စီးပွားရေးရဲ့ မဟာလူသား