နိုင်ငံခြား ကုမ္ပဏီများနှင့် ပြည်တွင်းနှင့် ပြည်ပ ဖက်စပ် ကုမ္ပဏီများကို မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်း အုပ်စု ၇ မျိုး တင်ပို့ခွင့် ယခုနှစ် ဇွန်လမှ စတင်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စီးပွား/ကူးသန်း က ခွင့်ပြု လိုက်ပြီ ဖြစ်သည်။
ယင်းအတွက်ကြောင့် မြန်မာ့ ပို့ကုန်ကဏ္ဍ တချို့တွင် မျက်နှာသစ် နိုင်ငံခြားသားများ စတင် ဝင်ရောက်လာတော့မည် ဖြစ်ပါ သည်။
ပြည်တွင်း ပို့ကုန် လုပ်ငန်းရှင်များ အတွက်လည်း နိုင်ငံခြားသားများနှင့် ယှဉ်ပြိုင်ရမည့် အချိန်ကာလ တခုသို့ ရောက်ရှိလာ တော့မည် ဖြစ်သည်။
ပြည်တွင်း အရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက် ပိုမိုရရှိနိုင်ရန်နှင့် ထုတ်လုပ်သူများ ရောင်းဈေး ပိုမို ရရှိ စေရန် အတွက်ဟု ဆိုကာ စီးပွား/ကူးသန်း က ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို ကုန်ပစ္စည်းအုပ်စု ၇ မျိုး၌ လက်ရှိ ပြည်တွင်း လုပ်ငန်းရှင်များ ပုံမှန် အားကောင်းကောင်းနှင့် လုပ်ကိုင်နေသော ကဏ္ဍ များလည်း ပါသလို ပြည်ပက လိုချင်သော ထုတ်ကုန်များ ထုတ်လုပ်မှုကို အပြည့်အဝ မလုပ်နိုင်သေးသည့် ကဏ္ဍများ ပါဝင် နေသည်။
ခွင့်ပြုလိုက်သော ပစ္စည်းအုပ်စု ၇ မျိုးမှာ အသားနှင့် ငါး၊ တဆင့်မြှင့် ပြုပြင် ထုတ်လုပ်ထားသော ကောက်ပဲသီးနှံ၊ ပျော့ ဖတ် နှင့် စက္ကူ အမျိုးမျိုး၊ မျိုးစေ့၊ သန့်စင် သတ္တုရိုင်း၊ သစ်သီးဝလံ တဝက်တပျက် ကုန်ချော (သို့) ကုန်ပစ္စည်းနှင့် သစ် အခြေခံ ပရိဘောဂ ပစ္စည်းတို့ ဖြစ်သည်။
ယင်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင် လာရောက် ထုတ်လုပ်ကာ ပြန်လည် တင်ပို့နိုင်သလို၊ ထုတ်လုပ်သူများထံမှ ဝယ်ယူ တင်ပို့နိုင်ခြင်း၊ ပြည်တွင်း လုပ်ငန်းရှင်များနှင့် ဖက်စပ် လုပ်ကိုင်နိုင်ခြင်း တို့ကိုလည်း လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပို့ကုန်ကဏ္ဍ နိုင်ငံခြား လုပ်ငန်းရှင်များ တင်ပို့ခွင့်ပေးလိုက်သည်နှင့် စိတ်ဝင်စား၍ ဆက်သွယ် မေးမြန်းမှုများလည်း ရှိလာကြောင်း စီးပွား/ကူးသန်းက ပြောသည်။
ယင်းသို့ နိုင်ငံခြား ကုမ္ပဏီများကို ခွင့်ပြုခြင်းနှင့် ပတ်သက်၍ စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က“ဒါတွေ ခွင့်ပြုပေးတာက ဒီက ထုတ်ကုန်တွေကို ဈေးကွက်များများ ရရှိစေချင်တဲ့ အတွက်ပါ။ အခုလည်း ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ဈေးကွက်ရှာနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားကုမ္ပဏီတွေက ရှာလာမယ့် ဈေးကွက်တွေ ပါ ထပ်ရလာမယ့် အနေအထားပေါ့”ဟု ပြောဆိုသည်။
ပြည်တွင်း ပို့ကုန်သမားများအတွက်မူ တင်ပို့မည့် ဈေးကွက်ဝေစု လုမည်ကို မစိုးရိမ်ရသော်လည်း ထုတ်လုပ်သူများ ဘက် တွင်မူ ဝယ်လက်အသစ်များ ထပ်မံရရှိလာမည့် အခြေအနေတခု ဖြစ်ပေသည်။
ကောက်ပဲ သီးနှံကဏ္ဍ ဆန် နှင့် ဆန်ကွဲ
ထိုခွင့်ပြုလိုက်သော ကုန်ပစ္စည်းအုပ်စု ၇ မျိုးထဲမှ တဆင့်မြှင့် ပြုပြင် ထုတ်လုပ်ထားသော ကောက်ပဲသီးနံှ ဆိုသည်မှာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့ကို အမှုန့်အဖြစ် သော်လည်းကောင်း၊ အသင့် စားသုံးနိုင်သည် အထိ တဆင့်မြှင့် ပြုပြင် ထုတ်လုပ် ထားသော ထုတ်ကုန်များ၊ သန့်စင် အခွံချွတ်ပြီး အဆင့်မြင့် ထုတ်ပိုး၍ ပြုပြင်ထားသော ကောက်ပဲသီးနှံများ နှင့် ထုတ်ကုန် များ အပြင် ဆန် နှင့် ဆန်ကွဲများလည်း ပါဝင်ကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကောက်ပဲသီးနှံများကို တဆင့်မြှင့်ပြုပြင် ထုတ်လုပ်ထားသော ထုတ်ကုန်များကို မြန်မာနိုင်ငံအနေဖြင့် အနည်းငယ် ထုတ် လုပ် နိုင်သေးသော်လည်း ဆန် နှင့် ဆန်ကွဲမှာမူ မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်တခု ဖြစ်သည်။
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်က“နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာရင်တော့ ယှဉ်ပြိုင်မှုတခုတော့ ဖြစ်မှာပါပဲ။ ဒါပေမယ့် မျှတတဲ့ ယှဉ်ပြိုင်မှု ဖြစ်ဖို့အတွက် အချိန်ပေးပြီးမှ လုပ်တာလား။ ဒီလိုယှဉ်ပြိုင်မှုဖြစ်လာရင် ကိုယ့်နိုင်ငံ သားတွေက ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်လား ဆိုတာတွေတော့ ပြန်လည် သုံးသပ်ဖို့လိုတယ်”ဟု ပြောသည်။
နိုင်ငံခြား ကုမ္ပဏီများသည် နိုင်ငံတကာ လုပ်ငန်းအတွေ့အကြုံများရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေး လိုအပ်မှုများ အတွက် အတိုးနှုန်း သက်သက်သာသာနှင့် ရရှိခြင်းတို့က ပြည်တွင်း လုပ်ငန်းရှင်များနှင့် တန်းတူ ယှဉ်ပြိုင်နိုင်ရန် အခက်အခဲ များဖြစ်စေသည်ဟုလည်း ဆိုသည်။
သို့သော် ပြည်တွင်း ကုမ္ပဏီများကလည်း ဈေးကွက် ကျွမ်းကျင်မှုနှင့် လုပ်ငန်းလုပ်ကိုင်နိုင်မှု စွမ်းရည်များ ရှိနေပါသည်။
ဦးလူမော်မြင့်မောင်က“ကျနော်တို့က လုပ်ငန်းရှင်တွေပဲ ရအောင်ကြိုးစားပြီး ပြိုင်မှာပဲလေ။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု အတွက် လိုအပ်တဲ့ အရင်းအနှီးရရှိမှုနဲ့ နိုင်ငံတကာ အတွေ့အကြုံကိုတော့ သူတို့ကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး” ဟု ပြောဆိုသည်။
ဝန်ကြီးဌာနကလည်း နိုင်ငံခြား ကုမ္ပဏီများကို ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ခွင့်ပြုခြင်းကို ကန့်သတ်ချက် တချို့ဖြင့် ထိန်းချုပ် ထားသည်။
ယင်းကန့်သတ်ချက်မှာ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် ဆန်နှင့် ဆန်ကွဲတင်ပို့ခြင်း လုပ်ငန်းဆောင်ရွက်ပါက ပြည်တွင်း ဘဏ်တခုခုသို့ ကနဦး ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ သန်း လွှဲပြောင်းထားရမည် ဖြစ်ပြီး လုံလောက် သော ကုန်သိုလှောင်ရုံများကို ရှိထားရမည့် အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အသင်းဝင် ဖြစ်ရန်လည်း လိုအပ်မည် ဖြစ်သည်။
ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်လည်းဖြစ်သူ ဦးလူမော်မြင့်မောင်က“အခုတင်ပို့နေတာကလည်း နိုင်ငံခြားကုမ္ပဏီ နဲ့ ချိတ်ဆက်ပြီး လုပ်နေကြဆိုတော့ အဲဒီလို ရိုးရိုး ကုန်သည်တွေနဲ့က ပုံမှန်ပဲ ရှိနေမှာပါ။ ဒါပေမယ့် သူတို့ ဈေးကွက်က သုံးစွဲသူတွေ အထိ (End User) တိုက်ရိုက်ရောင်းချနိုင်တဲ့ ကုမ္ပဏီကြီးတွေဆိုရင်တော့ ယှဉ်နိုင်မှာ မဟုတ်ဘူး”ဟု ပြောဆို သည်။
ထို့ကြောင့် ပြည်တွင်းဈေးကွက်တွင် ယခင်က ဝယ်လက် တဦးတည်း ရှိနေရာမှ နိုင်ငံခြား ကုမ္ပဏီများပါ ထပ်တိုးလာမည် ဖြစ်ခြင်းကြောင့် ဈေးကွက် သဘောတရားအရ ဝယ်လိုအားများလာပါက တောင်သူများအတွက် ဈေးကောင်းရ ရှိနိုင်မည့် အခြေအနေလည်း ရှိနေသည်။
သို့သော်လည်း ကမ္ဘာ့ဆန်ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်း အပေါ်သာမူတည်ပြီး အရောင်းအဝယ် လုပ်ကြမည် ဖြစ်ခြင်းကြောင့် ပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ကုမ္ပဏီများက မြန်မာ့ဆန်များ အပေါ် ဝယ်ယူမည့် ဈေးနှုန်းသည် ကွာခြားမှု သိပ် မရှိနိုင်ကြောင်း ဆန်ကုန်သည်များက ပြောဆိုကြသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲများကြောင့် ပြည်တွင်းဆန်ပို့မှုသည် ယခင်နှစ်ကထက် တန်ချိန် ၁ သန်း နီးပါး လျော့ကျခဲ့ပြီး ဆန်စပါး ဈေးနှုန်းများသည်လည်း ဆန်စပါး အသင်းချုပ်က သတ်မှတ်ပေးထားသော အခြေခံစပါးဈေး နှုန်းအောက်သို့ ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
ပြည်တွင်း ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် နှစ်တွင် တန်ချိန် ၃ သန်း နီးပါးအထိ တင်ပို့နိုင်ခဲ့ပြီး အာရှ၊ အာဖရိက နိုင်ငံများ နှင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော်လည်း မြန်မာ့ဆန် ပြည်ပတင်ပို့မှု၏ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံသို့ သာ တင်ပို့ လျက်ရှိသည်။
ယင်းသို့ ခွင့်ပြုမှုများသည် အစိုးရဘက်က ပြည်တွင်း ထုတ်ကုန်များ အတွက် ဈေးကွက်ပိုမိုရရှိရန်နှင့် ဈေးကွက်တခု တည်း ကို မှီခိုနေရမှုများ အထိုက်လျောက် ဖြေရှင်းနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သလို လုပ်ငန်းရှင်များ ဘက်ကိုလည်း ကြိုတင် ပြင်ဆင်ထားရန် လိုအပ်နေပြီ ဟူသော အချက်ပေး ခေါင်းလောင်းသံ တခုလည်း ဖြစ်ပါသည်။
ဆန်ကုန်သည် တဦးက“မပြင်ဆင်ဘူး ဒီအတိုင်းပဲနေမယ့် ကုမ္ပဏီတွေကတော့ နောက်ကျရင် ကျန်ခဲ့မှာပဲ။ သူတို့နဲ့က ယှဉ်ပြိုင်ဖို့ ခက်ခဲပေမယ့် ကိုယ့်အားသာချက်နဲ့ သူ့အားသာချက်ကို ဘယ်လို ပူးပေါင်းပြီးလုပ်မလဲ ဆိုတဲ့ အခွင့်အရေး ရှိတယ်လေ”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ပြန်လည် ဖွင့်လှစ်မှု ဖြစ်ခြင်းကြောင့် ယခုလို ကိစ္စများသည် မိမိတို့ လုပ်ငန်းကဏ္ဍမျိုးမှ မဟုတ်ဘဲ လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ၍ ဈေးကွက် ပိုမိုကောင်းလာသည့် ကဏ္ဍများ လည်း ရှိနေပြီဖြစ်ပြီး ပြည်တွင်း လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့် ရရှိထားသော အခြားကဏ္ဍများတွင်လည်း နိုင်ငံခြား ကုမ္ပဏီများကို နောင်တချိန်တွင် ထပ်မံခွင့်ပြုရန် ရှိနေဦးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ထိုသို့ နိုင်ငံခြား ကုမ္ပဏီများကို ခွင့်ပြုလိုက်ခြင်း၊ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့မှု တချို့ ရရှိလာခြင်းနှင့် အာရှနိုင်ငံများ တွင် ဈေးကွက်အသစ်များ ရရှိနေခြင်းကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှုအတွက် အခြေအနေကောင်းများ ရှိနေလေသည်။
ရေထွက်ကုန်
နိုင်ငံခြား ကုမ္ပဏီများကို ပြည်တွင်းမှ ထုတ်ကုန်များ တင်ပို့ခွင့်ပြုရာတွင်လည်း ရေထွက်ကုန် လုပ်ငန်းမှ သားငါး တင်ပို့မှု လည်း ပါဝင်နေသည်။
လက်ရှိအချိန်တွင် ပြည်တွင်း လုပ်ငန်းရှင်များကသာ ပြည်ပဈေးကွက်သို့ တင်ပို့နေသော ငါးတင်ပို့ ကဏ္ဍသည် မွေးမြူရေးမှ မဟုတ်ဘဲ သဘာဝ ပင်လယ်ရေပြင်က ဖမ်းဆီးရမိသော ကုန်ကြမ်းများကို အဓိက တင်ပို့ခြင်း ဖြစ်သည်။
ငါး ပြည်ပတင်ပို့မှု စုစုပေါင်း၏ ထက်ဝက်ကျော် တင်ပို့နေရသည့် တရုတ်နိုင်ငံ၏ ဝယ်လိုအားရှိသော ငါးအမျိုးအစားများကို အဓိက မွေးမြူ ထုတ်လုပ်ကာ တင်ပို့နေမှုများလည်း ရှိသည်။
ပြည်တွင်းထွက် ရေထွက်ကုန် အများစုသည် နည်းပညာ အခက်အခဲနှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုရရှိရန် အခက်အခဲရှိ နေခြင်းကြောင့် ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော ငါးကုန်ကြမ်းများကိုသာ တင်ပို့လျက် ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရ သည်။
လတ်တလောတွင် ပြည်တွင်း ရေထွက်ကုန်ကဏ္ဍ၌ မွေးမြူထုတ်လုပ်သော လုပ်ငန်းပိုင်းများတွင်သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုမှာ များစွာလိုအပ်လျက်ရှိပြီး ပြည်ပ တင်ပို့သည့် အပိုင်းတွင် နိုင်ငံခြား ကုမ္ပဏီများ လိုအပ်မှု မရှိသေးကြောင်း လုပ်ငန်းရှင် များ က ပြောဆိုကြသည်။
ယင်းကဏ္ဍတွင် ပြည်တွင်း လုပ်ငန်းရှင်များက နိုင်နိုင်နင်းနင်း တင်ပို့နေကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောသည်။
၎င်းက“အဓိကက ကုန်သွယ်မှု (Trading) ပိုင်းထက်စာရင် မွေးမြူရေးပိုင်းကို ရင်းနှီးမြှုပ်နှံမှုဝင်တာ ပိုကောင်းတာပေါ့။ အခု က မွေးမြူရေးပိုင်းမှာက အများကြီး လိုအပ်နေတယ်။ Trading ပိုင်းက လာလည်း ကုန်ကြမ်း မရှိရင် အလကားပဲလေ။ ရေပေါ်ဆီသဘောမျိုး လာလုပ်သလိုဖြစ်နေမှာပေါ့ ”ဟု ပြောဆိုသည်။
နိုင်ငံအတွက် ကောင်းသော ရည်ရွယ်ချက်များဖြင့် ဝင်ရောက်လာမည် ဆိုပါက ကြိုဆိုရမည် ဖြစ်သော်လည်း ကုန်သွယ်ရေး လုပ်ငန်း ဆိုင်ရာများတွင် ဈေးကွက်ကစားသည့် ကိစ္စရပ်များ ရှိခြင်းကြောင့် ဥပဒေပြင်ပ လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် သေချာပြင်ဆင်ထားရန် လိုအပ်ကြောင်းလည်း ဦးအေးထွန်းက အကြံပြုသည်။
ထို့ပြင် ကုန်ကြမ်း လိုအပ်ချက် ရှိနေခြင်းကြောင့် ပြည်ပတင်ပို့မှု ဈေးကွက် လိုအပ်ချက်ကို ပြည့်မီရန် တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းများတွင် ပြည်တွင်းဈေးကွက် စားသုံးမှုများသော ငါးမြစ်ချင်း၊ ငါးကြင်းများနှင့် တရုတ် နိုင်ငံ ၏ အဓိက ဝယ်ယူလျက်ရှိသော ငါးတန်များကိုသာ အဓိက မွေးမြူထုတ်လုပ်လျက် ရှိနေသည်။
နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများကို ငါးတင်ပို့မှုတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်း ဦးစီးဌာန ၏ ထောက်ခံချက်ဖြင့် ပို့ကုန်လိုင်စင် ခွင့်ပြုသွားမည် ဖြစ်ကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်ထားသည်။
စီးပွား/ကူးသန်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က“သူတို့ ဒီကကုန်တွေ တင်ပို့ဖို့အတွက်ဆိုရင် အအေးခန်း သိုလှောင်ရုံတွေ လိုလာမယ်။ အဲ့ဒီတော့ သိုလှောင်ရုံလိုမျိုး လုပ်ငန်းတွေမှာပါ သူတို့က ရင်းနှီးမြှုပ်နှံလာနိုင်မယ်”ဟု ပြော သည်။
ထို့ပြင် ကုန်သွယ်မှုအတွက် ငွေရေးကြေးရေးဆိုင်ရာ ကြုံတွေ့နေရသော အခက်အခဲတချို့သည်လည်း နိုင်ငံခြား ကုမ္ပဏီ များမှ တဆင့် လုပ်ဆောင်နိုင်မည် ဖြစ်ခြင်းကြောင့် ယခုထက် ပိုမိုလွယ်ကူလာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခဲ့ဖူးသော အိမ်နီးချင်းနိုင်ငံများက ကုမ္ပဏီအများစုသည် ပြည်တွင်း၌ မွေးမြူ ထုတ်လုပ် ခြင်းများထက် မြန်မာ့ ပင်လယ်ပြင်မှ ငါးကုန်ကြမ်းများကိုသာ ဖမ်းဆီးပြီး ပြန်လည် တင်ပို့လိုကြကြောင်း လုပ်ငန်းရှင်များက လည်း ပြောဆိုကြသည်။
ယင်းကဏ္ဍတွင် ပြည်ပသို့ ငါးများ တင်ပို့နေသော လုပ်ငန်းရှင်များနှင့် နိုင်ငံခြားကုမ္ပဏီများကြား အဓိက ယှဉ်ပြိုင်မှုများဖြစ် ပေါ်လာနိုင်ပါသည်။
ထိုသို့ ပြည်ပတင်ပို့သူများ အတွက် ယှဉ်ပြိုင်မှုများ ရှိမည်ဖြစ်သော်လည်း ငါးကန်လုပ်ငန်းရှင်များ အတွက်မူ ဝယ်သူ အသစ် များ ထပ်တိုးလာမည် ဖြစ်ခြင်းကြောင့် အခွင့်အလမ်း အသစ်များ ရရှိနိုင်မည် ဖြစ်သည်။
သို့သော် ငါးမွေးမြူရေး လုပ်ငန်းများမှ ငါးများကို နိုင်ငံခြား ကုမ္ပဏီများက လာရောက် ဝယ်ယူရေး မျှော်လင့်ချက် အလွန် ထား၍ မရကြောင်း ဧရာဝတီတိုင်း လက်ပံတန်းမြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းရှင် တဦးဖြစ်သော ဦးလှထွန်းမြင့်က ပြော သည်.
၎င်းက“အခုက ပြည်တွင်းစားသုံး မှုအတွက်ပဲ အဓိက မွေးမြူနေကြတာ။ နိုင်ငံခြားကုမ္ပဏီတွေက လိုချင်တဲ့ ငါးမျိုးတွေကို မွေးဖို့ကျတော့ အရင်းအနှီးနဲ့ နည်းပညာလိုတယ်”ဟုလည်း ပြောဆိုသည်။
ပြည်ပသို့ ငါးတင်ပို့မှုတွင် ရေချိုမှ မွေးမြူထုတ်လုပ်သော ငါးများနှင့် သဘာဝမှ ဖမ်းဆီးရမိသော ရေငန်ငါးများကို တင်ပို့မှု ဟူ၍ နှစ်ပိုင်း ရှိပါသည်။
ရေချိုငါးများ ပြည်ပတင်ပို့မှုတွင် ကုန်ထုတ်လုပ်မှု အတွက် မျိုးကောင်းမျိုးသန့် ရရှိမှု မရှိခြင်းနှင့် အစာကုန်ကြမ်း စရိတ် ကြီးမြင့် မှုများကြောင့် ပြည်ပဈေးကွက်တွင် အခြားနိုင်ငံများက တင်ပို့သော ကုန်များထက် မြန်မာ့ငါး ထုတ်ကုန်များ၏ ဈေးနှုန်းသည် အနည်းငယ်များကြောင်း နှစ် ၂၀ ကျော် ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက ဆက်လက်၍ “သူတို့က ကန်တွေအထိ ဆင်းဝယ်ပြီး သူတို့ ဈေးကွက်မှာ ပြန်ရောင်းမယ်ဆိုရင် ယှဉ်ပြိုင်ဖို့ ခက်ခဲ မယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အရည်အသွေးပဲ ထိန်းထားပြီး ပြိုင်ရမှာပဲ”ဟု ပြောဆိုသည်။
နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာခြင်းကြောင့် ယှဉ်ပြိုင်ရမည့် စိန်ခေါ်မှုများရှိမည့် အပြင် ပြည်တွင်း လုပ်ငန်းရှင်များ တင်ပို့ နိုင်ခြင်း မရှိသေးသော ဈေးကွက် အသစ်များနှင့် ပြည်တွင်းစားသုံးမှု အတွက်သာ အဓိက မွေးမြူနေသော ငါး အမျိုး အစား များအတွက်လည်း တင်ပို့နိုင်မည့် အခွင့်အလမ်း ရရှိနိုင်မည်ဟု ထင်မြင်ကြောင်းလည်း ၎င်းက ပြောသည်။
အထက်ပါ လုပ်ငန်းရှင်က“ဒီကလူတွေကတော့ ကိုယ့်မြေကို ဝင်လာမယ့်သူထက် စာရင် တခြားအရာတွေမှာ အားနည်း ပေမယ့် ကိုယ့်ဈေးကွက် အခြေအနေနဲ့ ထုတ်လုပ်မှုကို အသိဆုံးတွေပဲလေ”ဟုလည်း ပြောဆိုသည်။
မြန်မာ့ ရေထွက်ကုန် တင်ပို့မှုသည် တနှစ်ထက် တနှစ် တင်ပို့မှု မြင့်တက်လာလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လ ပထမပတ်အထိ ပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် အထိ တင်ပို့ထားနိုင်ပြီး လာမည့် ၂၀၂၀ ပြည့် နစ်တွင် ရေထွက်ကုန် တင်ပို့မှုကို ဒေါ်လာ သန်း ၁၀၀ အထိ ရောက်ရှိနိုင်ဟု လုပ်ငန်းရှင်များက မျှော်မှန်း ထားကြသည်။
သစ်သီးဝလံ
သစ်သီးဝလံ ကဏ္ဍတွင်မူ ဆန်နှင့် ရေထွက်ကုန် ငါး ကဲ့သို့ မဟုတ်ဘဲ သစ်သီးဝလံ ကုန်ကြမ်းတို့မှ တဆင့် အဆင့်မြှင့် ထုတ်လုပ် ထားသော တဝက်တပျက် ကုန်ချော (သို့မဟုတ်) ကုန်ချောပစ္စည်းများကိုသာ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် တင်ပို့နိုင်မည် ဖြစ်သည်။
နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီများ တင်ပို့နိုင်မည့် သစ်သီးဝလံ ကုန်ပစ္စည်းများသည် သစ်သီးကို အလုံးလိုက် (ကုန်ကြမ်းအဆင့်) တင်ပို့ခွင့် ရရှိမည်မဟုတ်ဘဲ သစ်သီးကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ထား သော ထုတ်ကုန်များကိုသာ တင်ပို့နိုင်မည် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါထုတ်ကုန်များ ဆိုသည်မှာ အခြောက်ခံ ထုတ်လုပ်ထားခြင်း၊ သစ်သီးဆီသွပ်ဘူး၊ ဖျော်ရည်၊ အေးခဲသစ်သီး (Frozen Fruits) စသည် တန်ဖိုးမြှင့် ထုတ်ကုန်များကို ဆိုလိုခြင်း ဖြစ်ပါသည်။
လက်ရှိအချိန်တွင် ပြည်တွင်းထုတ် သစ်သီးဝလံများသည် ကုန်ကြမ်း အတိုင်းသာ ပြည်ပနိုင်ငံများ တင်ပို့နေရပြီး နည်း ပညာ နှင့် အရင်းအနှီး အခက်အခဲကြောင့် ကုန်ချော ထုတ်လုပ်နိုင်မှု အနည်းငယ်သာ ရှိကြောင်း သိရသည်။
အဆိုပါ ကဏ္ဍတွင် ထုတ်လုပ်ပြီး ကုန်ချောများကို ဝယ်ယူပြီး တင်ပို့သည့် အလုပ်ထက် ထုတ်လုပ်မှု လုပ်ငန်းဆိုင်ရာများ ကိုသာ ဝင်ရောက် ရင်းနှီးမြှုပ်နှံပါက ပြည်တွင်း လုပ်ငန်းရှင်အားလုံးအတွက် ပို၍ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ အတွင်းရေးမှူး ဦးကျော်သူက ပြောသည်။
၎င်းက“ပြည်တွင်းက လူတွေ အဲဒီလို ကုန်ချောအဆင့် ထုတ်လုပ်တဲ့ ကဏ္ဍမှာ သိပ်မလုပ်နိုင်ဘူး။ ဒီလိုကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာရင်တော့ ပိုကောင်းတာပေါ့။ သူတို့က Exporter သီးသန့်တော့ ဝင်လုပ်နိုင်မယ် မထင်ဘူး။ ဘာလို့ ဆိုရင် အဲဒီလို ပစ္စည်းတွေကို ဘယ်သူက ထုတ်ပေးမှာလည်း ဒီမှာက ကုန်ကြမ်းပဲ ရောင်းကြတာ”ဟုလည်း ပြောဆိုသည်။
ယင်းသို့ ကုန်ကြမ်းအဆင့် အနေဖြင့်သာ ရောင်းချနေရခြင်းကြောင့် အဓိက ဝယ်လက်ဖြစ်သော တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်း အလဲများနှင့် ဝယ်လိုအား မတည်ငြိမ်မှုများကြောင့် ဈေးနှိမ်ဝယ်ယူခံရခြင်းနှင့် သစ်သီးများဖြစ်၍ ကြာရှည်မခံနိုင် သည့် အတွက် ကုန်ပစ္စည်း ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဦးကျော်သူက“ဒီမှာသာ ကုန်ချောထုတ်လုပ်တဲ့ အဆင့်ကို အားကောင်းကောင်းနဲ့ လုပ်လာနိုင်ရင် အခုလို ဆုံးရှုံးမှုတွေ မဖြစ်တော့ဘူးပေါ့။ အခုဆိုရင် အထဲက အသားက ကောင်းတယ် အပြင် အခွံ့လေး မကောင်းတာနဲ့ မဝယ်တော့ဘူး။ အဲဒီ လို မျိုးတွေကို ဖျော်ရည်လုပ်တာတို့ အခြောက်ထုတ်တာတို့ လုပ်နိုင်ရင် တန်ဖိုးလည်းမကျဘူး။ အချိန်ကြာကြာလည်း အထားခံပြီး ဈေးကွက်ကို ရောင်းနိုင်မယ်”ဟု ပြောဆိုသည်။
အစိုးရ၏ ရည်ရွယ်ချက်သည်လည်း ယင်းသို့ ကုန်ချောထုတ်လုပ်နေသော အသေးစားအလတ်စား လုပ်ငန်းများ အတွက် ဈေးကွက် ရရှိစေရန်နှင့် ယခုထက်ပိုပြီး ဖွံ့ဖြိုးလာစေရန် အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စီးကူး/ကူးသန်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။
၎င်းက“အဲ့ဒီလို လုပ်ငန်းလေးတွေကလည်း ဝယ်လက်ရှိမှ ရောင်းနိုင်မယ်။ အဲဒီလို ရောင်းဖို့ ဈေးကွက်ရှိမှ ဒီလုပ်ငန်းတွေက ပိုပြီး တက်လာမယ် ပိုပြီးတော့လည်း တိုးချဲ့လုပ်ကိုင်လာနိုင်မယ်”ဟု ပြောဆိုသည်။
ထိုသို့ ကုန်ချော လုပ်ငန်းများ ဖွံ့ဖြိုးလာပါက ကုန်ကြမ်းအဆင့်ဖြင့် ပြည်ပသို့ ရောင်းချနေရသော လုပ်ငန်းရှင်များ အတွက် လည်း ကုန်ချော ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်မည့် ဈေးကွက်အသစ် တခု ရရှိမည် ဖြစ်ပါသည်။
လက်ရှိ အချိန်တွင် ပြည်ပနိုင်ငံများသို့ ပြည်တွင်းထွက် သစ်သီးဝလံ ၂၅ မျိုးခန့် တင်ပို့လျက်ရှိပြီး အများဆုံးတင်ပို့နေသာ သစ်သီးဝလံများမှာမူ ၃ မျိုးမှ ၅ မျိုးခန့်သာ ရှိသည်။
အများဆုံး တင်ပို့နေသည့် သစ်သီးဝလံများထဲတွင် ဖရဲသီးမှာ တနှစ်လျှင် တန်ချိန် ၈ သိန်းကျော်၊ သခွားမွှေး တနှစ်လျှင် တန်ချိန် ၁ သိန်းခွဲမှ ၂ သိန်း နှင့် သရက်သီးကို တနှစ်လျှင် တန်ချိန် သုံးသောင်းမှ လေးသောင်း ဝန်းကျင်ဖြင့် တင်ပို့လျက် ရှိပြီး တရုတ်နိုင်ငံသို့သာ အများဆုံးသွားနေကြ ပါသည်။
သစ်သီးဝလံများ ပြည်ပတင်ပို့မှုသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် တင်ပို့နိုင်ပြီး ယင်းပမာဏသည် အခြား အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆယ်ဆခန့် နည်းပါးနေသေးကြောင်း သိရသည်။
သစ်သီးဝလံအပြင် အခြားလုပ်ကိုင်ခွင့်ပြုခဲ့သည့် ပျော့ဖတ်နှင့် စက္ကူ အမျိုးမျိုး၊ မျိုးစေ့၊ သန့်စင် သတ္တုရိုင်း၊ သစ်အခြေခံ ပရိ ဘောဂ အစရှိသည့် ကဏ္ဍများမှာမူ မြန်မာ့ပို့ကုန် လုပ်ငန်းရှင်များ အတွက် တင်ပို့မှု နည်းပါးသော ကဏ္ဍများဖြစ်၍ ယခုလို လုပ်ကိုင် တင်ပို့ခွင့် ပြုခြင်းကြောင့် ပြည်တွင်း ထုတ်လုပ်သူများအတွက်မူ အခွင့်အလမ်းအသစ်များ ရရှိနိုင်မည် ဖြစ်ပါသည်။
မျက်နှာသစ် ပြိုင်ဘက်များနှင့် ပြည်ပ ကုန်သွယ်ရေး
မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး တံခါး ဖွင့်လှစ်ပြီးနောက် ယခင်က ပြည်တွင်း လုပ်ငန်းရှင်များနှင့် အစိုးရကသာ လုပ် ကိုင်သော လုပ်ငန်း ကဏ္ဍများကိုပါ နိုင်ငံခြားကုမ္ပဏီများကို လုပ်ပိုင်ခွင့်များ ခွင့်ပြုပေးလိုက်သည်။
လက်ရှိအချိန်တွင် ဆက်သွယ်ရေး ကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ လက်လီလက်ကား လုပ်ငန်း ကဏ္ဍ၊ စက်သုံးဆီ လုပ်ငန်းကဏ္ဍများ၌ နိုင်ငံခြားကုမ္ပဏီများကို ရာခိုင်နှုန်းပြည့် ခွင့်ပြုထားခြင်း ရှိသလို တချို့လုပ်ငန်းများကိုမူ အကန့် အသတ် တချို့ဖြင့် အစိုးရက ခွင့်ပြုပေးထားသည်။
ပြည်ပ ကုန်သွယ်ရေးတွင် မျက်နှာသစ် နိုင်ငံခြားသားများ ဝင်ရောက်လာခြင်းကြောင့် စိန်ခေါ်မှုများ၊ ယှဉ်ပြိုင်မှုများ ရှိမည် ဖြစ်သလို အခွင့်အရေးနှင့် အခွင့်အလမ်းများကိုလည်း ပူးတွဲရရှိလာနိုင်မည် ဖြစ်ပါသည်။
ယင်းလုပ်ဆောင်မှုသည် လက်ရှိမြန်မာနိုင်ငံ ကုန်သွယ်မှုကဏ္ဍ၌ ပို့ကုန်တင်ပို့မှုကို တိုးမြှင့်ရန် လုပ်ဆောင်သည့် နည်းလမ်း များထဲမှ နည်းလမ်းတခု ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးရဲမင်းဦးက ပြောသည်။
၎င်းက“ပြည်တွင်းကနေ ပြည်ပပို့နေတဲ့ ကုမ္ပဏီတွေရှိတယ်။ ဒါပေမယ့် တချို့ကုမ္ပဏီတွေက အရင်းအနှီးကြောင့်ပဲ ဖြစ်ဖြစ် ဈေးကွက်မရှိလို့ပဲ ဖြစ်ဖြစ် မပို့နိုင်တဲ့ အခက်အခဲတွေ ရှိနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီ နဲ့ ဖက်စပ်ကုမ္ပဏီ ကို ပြည်ပတင်ပို့ခွင့်ပြု လိုက်တယ်ဆိုရင် သူတို့တွေက နောက်ထပ် ပိုကျယ်ပြန့်တဲ့ ဈေးကွက်ကို များများပို့နိုင်မယ်”ဟု ဆိုသည်။
ထို့ပြင်“အဲ့ဒီလို များများပို့နိုင်လာရင် ပြည်တွင်း ထုတ်လုပ်သူတွေ အတွက် ကုန်ကြမ်း ထုတ်တဲ့သူတွေပဲ ဖြစ်ဖြစ်၊ စိုက်ပျိုး မွေးမြူတဲ့ သူပဲ ဖြစ်ဖြစ် သူတို့အတွက် ဈေးကွက်တခု ဖြစ်လာမှာပေါ့”ဟုလည်း ဦးရဲမင်းဦးက ပြောသည်။
သို့သော်လည်း နိုင်ငံခြားကုမ္ပဏီများ ရရှိမည့် အခွင့်အရေးများအတိုင်း ပြည်တွင်း ကုမ္ပဏီများလည်း ရရှိသင့်ပြီး အခွင့် အရေး များ တန်းတူ ရရှိသင့်ကြောင်း ဦးရဲမင်းဦးက ထောက်ပြ ပြောဆိုပါသည်။
လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) တွင် ပါဝင်နေပြီ ခြင်းဖြစ်ကြောင့် စီးပွားရေး အခွင့်အလမ်းများကို လမ်းဖွင့်ပေးထားရနေပြီ ဖြစ်သည်။
AEC တွင် အာဆီယံနိုင်ငံများကြား လွတ်လပ်စွာ ကုန်သွယ်ခြင်း၊ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်း နှင့် လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့လုပ်ကိုင်ခြင်း စသော စီးပွားရေး ဆိုင်ရာများကို အလွယ်တကူ လုပ်ကိုင်နိုင်ရန်အတွက် အကောင် အထည် ဖော်ထားခြင်း ဖြစ်သည်။
အစိုးရ၏ မူဝါဒသည် ယခင်က ထုတ်လုပ်သူများ ဘက်ကို ဦးစားပေး မူဝါဒဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် သုံးစွဲသူ များကို ဦးစားပေးသည့် မူဝါဒဘက် ပြောင်းလဲလာသည်ကို တွေ့မြင်ရကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။
၎င်းက“အရင်ကတော့ ကုမ္ပဏီကြီး လေးငါးခုလောက်ကပဲ လက်ဝါးကြီးအုပ်ပြီး ဈေးကွက်ကို ထိန်းချုပ်ခဲ့တာပေါ့။ အခု ကတော့ သက်ဆိုင်ရာ ကဏ္ဍအလိုက်မှာ ယှဉ်ပြိုင်သူတွေ ဝင်လာမှာ ဖြစ်တဲ့အတွက် စားသုံးသူတွေ အတွက်က ပိုပြီး ကောင်းမှာပေါ့”ဟု ဆိုသည်။
ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် မျက်စိဖွင့် နားစွင့်ကာ မိမိလုပ်ငန်းများ တိုးတက်ရန်နှင့် အခြားသူများနှင့် ယှဉ်ပြိုင် နိုင်ရေး ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ မပြင်ဆင်ထားပါက အခြားကုမ္ပဏီကြီး၏ နောက်တွင်သာ ကျန်ခဲ့ လိမ့်မည် ဖြစ်ကြောင်းလည်း စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က သတိပေး ပြောကြားသည်။
စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်မည့် နိုင်ငံတိုင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်သလို အခြေခံ အဆောက်အအုံ များစွာ လိုအပ်ချက်ရှိသော မြန်မာနိုင်ငံသည်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်ရန် လိုအပ် ချက် ရှိနေပါသည်။
လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စက်မှုကုန်ထုတ် လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း၊ စွမ်းအင် ထုတ်လုပ်ရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများတွင်သာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံအတွက် အဓိက ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သော စိုက်ပျိုးရေးကဏ္ဍ၊ ရေလုပ်ငန်းနှင့် မွေးမြူရေး ကဏ္ဍများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အနည်းငယ်သာ ဝင်ရောက်လျက် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ စာရင်းများတွင် ဖော်ပြထားသည်။
စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ နှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရာတွင် များစွာ အားနည်းချက်များ ရှိနေကြောင်း ထောက်ပြ ေ ပြာ ဆိုသည်။
“နိုင်ငံက စီးပွားရေး ဖွင့်ထားပြီ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံတွေက ဝင်လာတော့မှာလေ။ အသိပညာ ပေးမှုတွေလည်း လို တာပေါ့လေ။ တကယ်ဆိုရင် အခုချိန်မှ စပြီး ပြင်တယ်ဆိုတာတောင် နောက်တောင်ကျနေပြီ”ဟုလည်း ၎င်းက ဆိုသည်။
ယင်းသို့ ပို့ကုန်ကဏ္ဍတွင် နိုင်ငံခြားသား လုပ်ငန်းရှင်များကို ဝင်ရောက်ခွင့် ပေးလိုက်သည့် အတွက် ပြည်တွင်းရှိ ထွက်ကုန် ပစ္စည်းများ၏ အရည်အသွေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ရှိလာနိုင်သလို ဈေးကွက်အသစ်များလည်း ရရှိနိုင်မည် ဖြစ်ပါသည်။
သွင်းကုန်ပမာဏထက် အမြဲလိုလို လျော့နည်းနေသော ပို့ကုန်ပမာဏလည်း တိုးလာနိုင်မည် ဖြစ်ကာ နိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍကို ဘက်မျှနိုင်စေမည်ဟု ယူဆမိပါသည်။ ။
You may also like these stories:
ထားဝယ် အထူးစီးပွားရေး ဇုန် ၂၀၂၀ နှစ်လယ်ပိုင်းတွင် စတင်နိုင်ရန် မျှော်မှန်း
အမေရိကန် ဒေါ်လာ ၃၅ သန်းတန် နွားမွေးမြူရေး လုပ်ငန်း တရုတ် ရင်းနှီးမြှုပ်နှံရန် စီစဉ်
ပြည်တွင်းပြည်ပ ဖက်စပ် အာမခံ ကုမ္ပဏီများ သြဂုတ်လ အတွင်း ခွင့်ပြုရန် ရှိ
ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အတွက် ရန်ကုန်တိုင်းအစိုးရက မြေထုတ်ရောင်းမည်