ဆောင်းပါး

ဧရာဝတီ မြစ်ဝကျွန်းပေါ်က ခေါင်းနီ ကြိုးကြာ

Want create site? Find Free WordPress Themes and plugins.

စိမ်းလဲ့လဲ့ စပါးခင်းများကြား နွဲ့နှောင်းနှောင်း လျှောက်သွားနေသည့် မီးခိုးရောင် ကိုယ်ခန္ဓာနှင့် အနီရောင် ဦးခေါင်း ပိုင်ရှင် ကြိုးကြာခေါင်းနီ ငှက်များကို ခပ်ဝေးဝေးကတည်းက လှမ်းမြင်နေရသည်။

သုံးလေးပင်ခန့်ရှိမည့် ကုက္ကိုပင်တန်းကြားမှ မြင်ရသမျှ လှမ်းပြီး ရေတွက်ကြည့်ရာ အုပ်စုဖွဲ့နေခြင်း မဟုတ်သော် လည်း စုစုပေါင်း ၇ ကောင်၊ ၈ ကောင်ခန့် ရှိမည် ထင်သည်။

ထိုအုပ်စုကို လှမ်းမျှော်ကြည့်နေစဉ်မှာပဲ ကြိုးကြာခေါင်းနီ ၅ ကောင် ကားလမ်းတဖက်ခြမ်းရှိ တောအုပ်သို့ ပျံသန်းသွား သည် ကိုလည်း တွေ့ရသည်။

ထို့နောက် ကုက္ကိုပင်တန်း အနီးက ကြိုးကြာခေါင်းနီများဆီ အနီးကပ် သွားရောက်လေ့လာရန် လယ်ကွင်းပြင်ကျယ် ကို စတင် ခြေချလိုက်သည်။

ရေစပ်စပ်၊ တချို့နေရာများတွင် ရေပေါင်လယ်ခန့် ရှိသည့် လယ်ကန်သင်းရိုးများနှင့် စပါးခင်းများကို ဖြတ်လျှောက်ရင်း ဧက ၂၀ ခန့် ကျော်ဖြတ်ပြီးနောက် ကားလမ်းမပေါ်မှ လှမ်းမြင်ရသည့် ကုက္ကိုပင်တန်းဆီ ရောက်သွားချိန် အစာ ရှာစား နေသည့် ကြိုးကြာခေါင်းနီ နှစ်ကောင်(စုံတွဲ)သာ ကျန်ရှိနေတော့သည်ကို တွေ့ရသည်။

ထိုကြိုးကြာစုံတွဲနှင့် နီးကပ်သမျှ နီးနိုင်အောင် တရွေ့ရွေ့တိုးသွားရာ လယ်တကွက်စာသာသာ ဝေးတော့သည့် နေရာ အရောက် ကြိုးကြာစုံတွဲက သူတို့၏ ခြေတံရှည်ကြီးများကို အသုံးပြုကာ ပြေး၍ အရှိန်ယူပြီးနောက် “ကူးလ် ကူးလ် ကူးလ်” ဟု အသံပြု ဆွဲအော်ရင်း ပျံသန်း သွားလေတော့သည်။

သို့သော် ၎င်းတို့သည် အဝေးကြီးသို့ ပျံထွက်သွားခြင်း မဟုတ်ဘဲ တခြားနီးစပ်ရာ လယ်ကွက်များသို့ ပြောင်းရွှေ့ပျံသန်း သွားခြင်းသာ ဖြစ်လေသည်။

အနီးနားက ရွာသားတယောက်ကို စပ်စုကြည့်ရာ“တခါတလေ လေးငါးရှစ်ကောင် တွေ့တယ်။ အများအားဖြင့်တော့ နှစ်ကောင်ပဲ။ အသိုက်တွေက ရေနက်ထဲ ရိုးဘက်မှာ လုပ်ကြတာ”ဟု ၎င်းက ပြောပြသည်။

ဧရာဝတီတိုင်း သင်္ကေတအဖြစ် မှတ်ယူဖွယ်ရာ ကြိုးကြာခေါင်းနီ တကောင်၏ အရပ်အမြင့်သည် ၆ ပေခန့်ရှိသည်။ / မျိုးမင်းစိုး/ဧရာဝတီ

တချို့လယ်ကွက်များတွင် ကောက်စိုက်နေသူ၊ ပေါင်းနုတ်နေသူများ ရှိနေကြပြီး ထိုသူတို့နှင့် မလှမ်းမကမ်းမှာပင် ကြိုးကြာခေါင်းနီတို့ အစာရှာစားနေကြသည်ကိုလည်း တွေ့ရသည်။

ထိုအရာကပဲ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၏ ထူးခြားချက် တခုပင်ဖြစ်သည်။ လူနှင့် ကြိုးကြာများ အလွန် ရင်းနှီးပြီး တချို့ကြိုးကြာများဆိုလျှင် လယ်တောအိမ်များ၏ အနောက်နားလေးတွင်ပင် အသိုက်လုပ်သည်များ ရှိကြောင်း သုတေသန ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

“တခါတလေ လေးငါးကောင် လာကြတယ်။ လာလည်း တို့က သူတို့ကို မကြည့်ဘူးလေ။ သူတို့ဘာသာ အစာရှာစား။ အဲဒီမှာ အမွှေးအတောင်တွေ သပြီး ကန်သင်းရိုးမှာပဲ နေတာ။ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်တာပေါ့နော်”ဟု အသက် ၅၅ နှစ်အရွယ် ထုံးဝ ကျေးရွာနေ ဒေါ်မင်းသိမ်က ပြောပြသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှ ကားဖြင့် နာရီဝက်ကျော် မောင်းနှင်ပြီးနောက် ကျိုက်လတ်မြို့နယ် အပိုင်ထဲသို့ ရောက်ရှိလာချိန်တွင် ကားလမ်းမဘေးရှိ လယ်ကွင်းများ၌ ကြိုးကြာခေါင်းနီများကို စတင် တွေ့ရှိရခြင်း ဖြစ်လေသည်။

ကမ္ဘာပေါ်တွင် ကြိုးကြာမျိုးစိတ်ပေါင်း ၁၅ ခုရှိပြီး မြန်မာနိုင်ငံတွင် မျိုးစိတ်နှစ်ခု တွေ့နိုင်ကြောင်း သိရှိရသည်။

ဌာနေငှက်ဟု ခေါ်သည့် ကြိုးကြာခေါင်းနီ (Sarus Crane) နှင့် ဆောင်းရာသီတွင်မှ မြန်မာနိုင်ငံသို့ လာရောက်တတ် သည့် ကြိုးကြာခေါင်းမည်း (ဆောင်းခိုငှက်) မျိုးစိတ်နှစ်မျိုး တွေ့နိုင်ကြောင်း ကြိုးကြာခေါင်းနီ သုတေသန ပြုနေသည့် ဒေါက်တာ မျိုးစန္ဒာဝင်းက ပြောပြသည်။

ဒေါက်တာ မျိုးစန္ဒာဝင်းသည် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန၏ ကထိကဖြစ်ပြီး Myanmar Crane Team ၏ အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။

Myanmar Crane Team ကို ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဆရာ ဆရာမများ၊ ပါရဂူ ကျောင်းသူ ကျောင်းသား များ က ဧရာဝတီတိုင်း အတွင်းရှိ ကြိုးကြာခေါင်းနီများကို လေ့လာရန် ရည်ရွယ်ပြီး ၂၀၁၅ တွင် စတင် ဖွဲ့စည်းခဲ့ကာ အမေရိကန် အခြေစိုက် International Crane Foundation (ICF) နှင့် ပူးပေါင်း၍ သုတေသန ဆောင်ရွက်လျက်ရှိ သည်။

သားပေါက် ရာသီချိန် အလွန်တွင် အုပ်စုလိုက် နေထိုင်ကျက်စားကြသည်။ / မျိုးမင်းစိုး/ဧရာဝတီ

ကြိုးကြာ ခေါင်းနီများကို မြန်မာနိုင်ငံ၏ ဧရာဝတီနှင့် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်၊ ကယားနှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့နိုင်သော်လည်း ယခုအခါ ဧရာဝတီတိုင်းတွင်သာ အများဆုံး တွေ့ရသည်ဟုလည်း ဒေါက်တာ မျိုးစန္ဒာဝင်းက ရှင်းပြ သည်။

ဧရာဝတီတိုင်းတွင်မှ မအူပင်၊ ဖျာပုံ၊ ဝါးခယ်မနှင့် ကျိုက်လတ်မြို့နယ်တို့တွင် အဓိက တွေ့ရှိရပြီး အကောင်ရေ ၄၀၀ ကျော် ရှိသည်ဟု ဆိုသည်။

အရွယ်ရောက်ပြီး ကြိုးကြာခေါင်းနီ တကောင်၏ အရပ်အမြင့်သည် ၆ ပေခန့် ရှိပြီး အလေးချိန် ၅.၉ ကီလိုဂရမ်ခန့် ရှိကြောင်း လေ့လာသိရှိရသည်။

နှစ်တနှစ်၏ ဇွန်လမှ စက်တင်ဘာလအထိ ၎င်းတို့၏ သားပေါက်ရာသီ (Breeding Season) ဖြစ်ပြီး စက်တင်ဘာလ နောက်ပိုင်းမှ မေလအထိ သားပေါက် ရာသီချိန် အလွန် (Nonbreeding Season) ဖြစ်သည်။

သားပေါက် ရာသီချိန် အလွန်တွင် အုပ်စုလိုက် နေထိုင်ကျက်စားလေ့ရှိပြီး အတောင်အလက် စုံလာပြီဖြစ်သည့် သားပေါက် လေးများကလည်း ထိုအုပ်စုတွင် ပေါင်းစည်းနေထိုင်လေ့ ရှိသည်။

သားပေါက်ရာသီ ရောက်ချိန်တွင်တော့ အုပ်စုထဲမှ အသစ်စုံတွဲ သို့မဟုတ် အဟောင်းစုံတွဲများ ကိုယ်စီကိုယ်စီ ခွဲထွက် ကာ အသိုက်ဆောက်ရမည့် နေရာကို ရွေးချယ်ကြတော့သည်။

အသိုက် တခုလျှင် အများဆုံး ၃ ဥ၊ အနည်းဆုံး ၂ ဥ တွေ့ရသော်လည်း ယခုအခါ ၃ ဥ တွေ့ရသည့် အသိုက် အတော် ရှားသွားပြီဟု သုတေသန ဆောင်ရွက်နေသူများထံမှ သိရှိရသည်။

ဥမှ အကောင်ပေါက်ရန် ၁ လနီးပါး အချိန်ယူရပြီး သားပေါက်သည့်အချိန်မှ အနည်းဆုံး ၆ လအရွယ်ထိ မိဘနှင့် အတူ နေထိုင်ကြောင်း၊ ခန္ဓာကိုယ် အရွယ်အစားသည် အဖေအမေနှင့် သိပ်မကွာတော့သော်လည်း ဦးခေါင်း မနီသေးရာ ထို အခြင်းရာကို ကြည့်၍ အကောင်ရေ တိုးပွားမှုကို တွက်ချက်ရသည်ဟု ဒေါက်တာ မျိုးစန္ဒာဝင်းက ပြောပြသည်။

ကြိုးကြာဥ အရွယ်အစားသည် ၉ – ၁၀ စင်တီမီတာထိ ရှိကြောင်း၊ အသိုက်ကြီးသည် ၁၉၀ – ၂၂၀ စင်တီမီတာထိ ရှိနိုင် ပြီး အသေးဆုံး အသိုက်သည်ပင်လျှင် ၁၃၀ – ၁၅၀ စင်တီမီတာ ထိရှိကြောင်း၊ ၎င်းတို့သည် လယ်ထဲမှ ကဏန်း၊ ပုစွန်၊ ခရုများကို စားသောက်ပြီး ဒေသအခေါ် မြက်ကလုန်းဥနှင့် စပါးစေ့များကိုလည်း စားလေ့ရှိကြသည်။

“ဥ အုတဲ့အခါ ကြားမှာ နှစ်ရက် သုံးရက် ခြားတာရှိတော့ ပထမဆုံးဥတဲ့ ဥက အရင်ပေါက်တဲ့အခါ အဲဒီကလေးက ဗိုလ် ကျတော့ နောက်က ကလေးကို ဆိတ်တာတို့ ဘာတို့ကြောင့် သေသွားတာရှိတယ်။ တခါတလေ ကြိုးကြာ အမေနဲ့ အဖေ က ပထမကလေးကိုပဲ ဂရုစိုက်မိတဲ့အခါ သေသွားတာမျိုးလည်း ရှိတယ်။ ၂ ကောင်စလုံး ရှင်သန်ဖို့ သိပ်မလွယ် ဘူး”ဟု ဒေါက်တာ မျိုးစန္ဒာဝင်းက အခြေအနေများကို ရှင်းပြသည်။

ထို့အတွက်ကြောင့်“ထိုက်သင့်သလောက် အကောင်ရေ တိုးလာတယ် ဆိုပေမယ့် လျော့တော့ လျော့နေတုန်းပဲ”ဟု လည်း ၎င်းက မှတ်ချက်ပြုသည်။

ခေါင်းနီ ကြိုးကြာများကို မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့တွင် တွေ့ရှိရသော်လည်း ယခုအခါ ထိုင်းနိုင်ငံတွင် လုံးဝ မျိုးတုန်းသွားပြီဖြစ်ကြောင်း ငှက်နှင့်ပတ်သက်၍ သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ကမ္ဘာ့သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာ အစီအစဉ်) WCS မှ ဦးသက်ဇော်နိုင်က ပြောပြသည်။

ဇွန်လမှ စက်တင်ဘာလ အထိသည် ခေါင်းနီကြိုးကြာများ သားပေါက်ရာသီ။ / မျိုးမင်းစိုး/ဧရာဝတီ

WCS အနေဖြင့်လည်း ဧရာဝတီတိုင်း အတွင်းရှိ ကြိုးကြာခေါင်းနီများနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ ဝါးခယ်မ၊ မအူပင်၊ ပန်းတနော်နှင့် အိမ်မဲမြို့နယ်တွင် သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းကို သစ်တောဦးစီးဌာန၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

WCS အနေဖြင့် ၂၀၁၆ တွင် ကြိုးကြာခေါင်းနီ အသိုက် ၃၃ သိုက်၊ ၂၀၁၇ တွင် ၁၃၈ သိုက်နှင့် ၂၀၁၈ တွင် ၁၈၄ သိုက်ကို မှတ်တမ်း တင်နိုင်ခဲ့ပြီး အကောင်ရေ အနည်းဆုံး ၆၀၀ ခန့်ရှိမည်ဟု မှတ်တမ်း ရရှိထားကြောင်းလည်း ဦးသက်ဇော်နိုင်က ရှင်းပြသည်။

တခြား တိုင်းနှင့်ပြည်နယ်များတွင် အကောင်ရေ နည်းပါးပျောက်ကွယ် သွားရခြင်းနှင့် ပတ်သက်၍ ၎င်းက“အဓိက နှစ်ချက် ရှိတယ်။ သူတို့ရဲ့ နေထိုင်ကျက်စားတဲ့ နေရာတွေ ပျက်စီး ပျောက်ဆုံးကုန်လို့။ နောက်တချက်က လူတွေက သူတို့ အသိုက်တွေကို ဖျက်ဆီး။ ဥတွေကို ယူစားလို့”ဟု မှတ်ချက်ပြုသည်။

ထို့ကြောင့် လူဦးရေ တိုးလာသည်နှင့်အညီ လယ်ယာမြေနှင့် ငါးကန်များ တိုးချဲ့ ဖော်ဆောင်ရာတွင် ရှားပါး မျိုးစိတ်များ ရှင်သန်ပေါက်ဖွားရာ၊ နေထိုင်ကျက်စားရာ တချို့နေရာများကို ချန်လှပ်ထားသင့်ကြောင်း သူက အကြံပြုသည်။

သဘာဝ သားငှက် ထိန်းသိမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သည့် IUCN (International Union of Conservation of Nature) ၏ အန္တရာယ်ရှိ အဆင့် စာရင်း (Red List) အရဆိုလျှင် မြန်မာနိုင်ငံ၏ ကြိုးကြာခေါင်း နီသည် မျိုးတုန်းရန် အန္တရာယ် ကျရောက်နေသည့် (Vulnerable) အဆင့်တွင် ရှိနေသည်။

မြန်မာနိုင်ငံ အနေဖြင့် အချိန်မီ ထိန်းသိမ်းရေးလုပ်ငန်းများ မဆောင်ရွက်ပါက နောက်လာမည့် ဆယ်နှစ်အတွင်း ထိုင်း နိုင်ငံ ကဲ့သို့ လုံးဝ ပျောက်ကွယ်သွားနိုင်ကြောင်း သုတေသန ပြုသူများက သတိပေး ပြောဆိုလျက် ရှိသည်။

သို့သော် အဆိုးထဲက အကောင်း ဆိုသလိုပင် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသခံအများစု၏ ဘာသာရေး ယုံကြည်ချက်ကြောင့် ခေါင်းနီကြိုးကြာများကို တော်ရုံ ဒုက္ခပေးလေ့မရှိကြောင်း၊ ထိုအချက်ကပင် ကြိုးကြာ ထိန်းသိမ်း ရေး အတွက် အထောက်အကူ ပြုနေကြောင်း သိရှိရသည်။

“သူတို့ကို စားရတဲ့ အကောင်မှ မဟုတ်တာကြီး။ သူက ဘုရားလောင်းလေ။ ဘယ်သူမှ မစားဘူး။ စားရင်လည်း အန္တရာယ် ရှိတယ်။ ဆင်းရဲ ဒုက္ခရောက်တယ်။ ဟိုရှေးရှေးကတည်းက ဒီငှက်ကို ဘယ်သူမှမစားဘူး။ အယူမရှိတဲ့ ဘာသာခြားတွေကပဲ စားတာ”ဟု ဒေါ်မင်းသိမ်က ပြောပြသည်။

သားပေါက် ရာသီ ရောက်ချိန်တွင် ကိုယ်စီ ခွဲထွက်ကာ အသိုက်ဆောက်ရမည့် နေရာကို ရွေးချယ်ကြ။ / မျိုးမင်းစိုး/ဧရာဝတီ

သူက သောက်လက်စ ပြောင်းဖူးဖက် ဆေးလိပ်ကို တချက်ဖွာလိုက်ပြီးနောက် သူ ငယ်စဉ်ကတည်းက ကြားသိခဲ့ရ သော ကြိုးကြာခေါင်းနီနှင့် ပတ်သက်သည့် ဖြစ်ရပ်တခုကို ပြန်ပြောင်း ပြောပြရန် အားယူလိုက်သည်။

သူနေထိုင်ရာရွာ အရှေ့ဘက်ကမ်းရှိ လူတယောက်သည် ကြိုးကြာများကို ဖမ်းစားလေ့ရှိပြီး ထိုသူ၏ မိန်းမ ကိုယ်ဝန် သည်ကလည်း စားကြောင်း၊ ထိုအမျိုးသမီး မီးဖွားသည့်အခါ ကြိုးကြာလေး မွေးလာသည်ဟု ကြားဖူးကြောင်း သူက ပြောပြသည်။

“ကလူး ကလူးနဲ့ သူတို့အသံ ဘယ်လောက် သာယာသလဲ။ လယ်ကွက်ထဲ ကြိုးကြာကျတယ် ဆိုရင် ဒီနှစ်တော့ စပါး အထွက် တိုးပြီလို့ လူကြီးတွေကတော့ ပြောကြတာပဲ”ဟုလည်း ဒေါ်မင်းသိမ်က ဆိုသည်။

သူတို့ဒေသတွင် ထိုစကားများကို ဘိုးစဉ်ဘောင်ဆက် တဆင့်စကား တဆင့် လက်ဆင့်ကမ်းလာကြခြင်း ဖြစ်လေ သည်။

“အနောက်ဘက်ရွာက အမျိုးတွေဆီ သွားလည်ရင်း လယ်ကန်သင်းရိုးပေါ်မှာ အသိုက်ပီပီလည်း မဟုတ်ဘူး။ ကန်သင်း ရိုးပေါ်မှာပဲ ဖောင်ဖွဲ့ပြီးတော့ ဥထားတာ တွေ့ဖူးတယ်။ ဥကတော့ ၃ လုံး။ သွားတဲ့လူတိုင်းက တွေ့ကြတယ်။ ဒါပေမယ့် ဘာမှ မလုပ်ကြပါဘူး။ ဘိုးဘွားတွေရဲ့ စကားအရ ဒီကြိုးကြာရဲ့ ဥတွေ အသားတွေကို ရှောင်ကြတယ်။ ဘာသာခြား တွေ ကသာ မသိတော့ လုပ်ကြတာ”ဟု အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေကလည်း သူ့အတွေ့အကြုံကို ပြောပြသည်။

ကြိုးကြာခေါင်းနီများနှင့် ပတ်သက်၍ ဘိုးဘွားတို့ ထိန်းသိမ်း ဆုံးမခဲ့သလိုပင် ၎င်းလက်ထက် မှသည် နောက်မျိုးဆက် များ တိုင် ဆက်လက် ထိန်းသိမ်းသွားမည်ဟုလည်း သူက ဆိုသည်။

ရှားပါး မျိုးစိတ် ဖြစ်ပြီး ဧရာဝတီတိုင်း၌သာ အများဆုံးတွေ့ရသည့် မျိုးစိတ် အဖြစ် သိရှိရသည့် အတွက်လည်း ဝမ်းသာ ကြောင်း၊ သတ်စားလျှင် တဖြည်းဖြည်း မျိုးတုန်းသွားနိုင်ရာ “ရှားပါးတဲ့ မျိုးစိတ်ကို မသတ်စားကြပါနဲ့” ဟုလည်း ကိုမင်းဝေ က တိုက်တွန်းသည်။

ခေါင်းနီကြိုးကြာ နှင့် ပတ်သက်၍ သုတေသနပြုမှုများ၊ ထိန်းသိမ်းရေးလုပ်ငန်းများ တနှစ်ထက် တနှစ် ပိုမို အောင်မြင် လာသည်ဟု ပြောနိုင်သော်လည်း မျိုးတုန်း မပျောက်ကွယ်ရေးအတွက် စိန်ခေါ်မှုများကတော့ ရှိနေဆဲဖြစ်ကြောင်း သုတေသန ပြုသူများက ထောက်ပြသကဲ့သို့ ဒေသခံများ ပိုမို ပူးပေါင်းပါဝင်လာရန်လည်း တိုက်တွန်း ပြောဆိုလျက် ရှိသည်။

ဒေါက်တာ မျိုးစန္ဒာဝင်းက“ဒီသတ္တဝါတွေဟာ ကိုယ့်သဘာဝ ပတ်ဝန်းကျင်ကို ညွှန်ပြနိုင်တဲ့ မျိုးစိတ်တွေဖြစ်လို့ ထိန်းသိမ်း သင့်တဲ့ မျိုးစိတ်ဖြစ်တယ်။ ဧရာဝတီတိုင်းဒေသကြီးရဲ့ သင်္ကေတ ငှက်လို့ပဲ ယူဆရမှာပေါ့နော်။ အဲဒီလိုမျိုး ဖြစ်တဲ့အတွက် ဒါဟာ ထိန်းသိမ်းသင့်တယ်”ဟု ဆိုသည်။

သစ်တောဥပဒေသည် ကြိုးကြာကို လုံးဝ အတိအကျ ကာကွယ်ထားကြောင်း၊ သူ့အမွေး အတောင်ကိုပင်လျှင် အိမ်တွင် ထား၍မရကြောင်း၊ ကြိုးကြာကို ဖမ်းဆီးသတ်ဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် ၄ နှစ်ထိ ပြစ်ဒဏ် ချမှတ် နိုင်သော်လည်း ဒေသခံပြည်သူများ မသိကြရာ အသိပညာပေးမှုများ ပြုလုပ်ရမည်ဟုလည်း ဦးသက်ဇော်နိုင်က ထောက်ပြသည်။

“မြန်မာနိုင်ငံ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် ဧရာဝတီတိုင်းမှာ ဘယ်နားသွားသွား ကြိုးကြာတွေ့တယ်။ ဘယ်သူ့ မေးမေး သိကြတယ် မတွေ့ဘူးတဲ့သူကအစ။ ကျန်တဲ့ ပြည်နယ်တိုင်းမှာ မရှိဘူး။ အဲဒါကြောင့် ဧရာဝတီတိုင်း ရဲ့ အမှတ် သင်္ကေတအဖြစ် ကြိုးကြာကို ထားစေချင်တယ်”ဟု သူ၏ ဆန္ဒကိုလည်း ထုတ်ဖော်ပြောဆိုသည်။

ကြိုးကြာခေါင်းနီကို ဧရာဝတီတိုင်း၏ သင်္ကေတအဖြစ် အသိအမှတ်ပြုကာ ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားစေချင်သည်ဟုလည်း ဦးသက်ဇော်နိုင်က ပြောသည်။

ကြိုးကြာခေါင်းနီကို အရှေ့တောင်အာရှ နိုင်ငံများအတွင်း မြန်မာနိုင်ငံ၌ ကောင်ရေ အများဆုံး တွေ့ရသည့်အနက် ဧရာဝတီ တိုင်းတွင်သာ အများဆုံး ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် ဧရာဝတီတိုင်းသည် ကြိုးကြာမျိုးသုဉ်း ပျောက်ကွယ် မသွားစေရန် တစိုက်မတ်မတ် ထိန်းသိမ်းရေး လုပ်ငန်း များ ဆောင်ရွက်သင့်သည့် နောက်ဆုံး ခံတပ်ဟုပင် ဆိုရပါတော့မည်။ ။

You May Also Like These Stories:

မျိုးသုဉ်းလုနီး ကြိုးကြာ ခေါင်းနီငှက်များ ထိန်းသိမ်းရန် WCS တိုက်တွန်း

မြန်မာ့ရေမြေထဲက ချစ်စရာ ငှက်ကလေးတွေ (၂)

Did you find apk for android? You can find new Free Android Games and apps.
Loading