၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို ဖြိုခွင်းနှိမ်နင်းမှုကို စီစဉ်သည့်အခန်းမှ ပါဝင်သောကြောင့် မြန်မာထိပ်တန်း ဗိုလ်ချုပ်ကြီးများကို လွန်ခဲ့သော ရက်များအတွင်း ထရမ့်အစိုးရက အရေးယူသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်သည်။
ထိုသို့ ပိတ်ပင်ခြင်းသည် မြန်မာထိပ်တန်း တပ်မတော်ခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူ၏လက်ထောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အခြားအဆင့်မြင့် ဗိုလ်ချုပ်နှစ်ဦးနှင့် ၎င်းတို့၏ မိသားစုများအပေါ် သက်ရောက်မည်ဖြစ်သည်။ “ထရမ့်အစိုးရသည် မြန်မာ့တပ်မတော်၏ အဆင့်အမြင့်ဆုံးခေါင်းဆောင်များနှင့်ပတ်သက်ပြီး ပထမဆုံး လူသိရှင်ကြား အရေးယူသည့် အစိုးရဖြစ်သည်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပီယိုက ပြောသည်။
ပြည်ဝင်ခွင့်ပိတ်ပင်မှု စာရင်းဝင် ဗိုလ်ချုပ်ကြီးများသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ဖူးသည်ဟု မကြားဖူးသလို ၎င်းတို့သည် နီးကပ်သောအနာဂတ်တွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန်လည်း ကြံရွယ်ပုံ မရှိပေ။ ဒီမိုကရေစီလိုလားသော အရေးတော်ပုံကို တပ်မတော်က ရက်စက်စွာ နှိမ်နင်းပြီးနောက် ၁၉၈၈ ခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းစစ်အရာရှိများ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားဖူးသည်။
သို့သော် ၎င်းတို့သည် ဒေသတွင်းနှင့်ပြင်ပတွင် မြန်မာ့တပ်မတော်၏ သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးတွင် အရေးပါသော တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားအရှေ့ဥပရောပနိုင်ငံ အများအပြားသို့ သွားရောက်ခဲ့ကြသည်။
အချို့လူ့အခွင့်အရေးအုပ်စုများနှင့် တပ်မတော်ကို ဝေဖန်သူများက ထရမ့်အစိုးရကချမှတ်လိုက်သော ဆုံးဖြတ်ချက်သည် မြေပြင်တွင်ဖြစ်ပေါ်နေသော ဖြစ်ပေါ်တိုးတက်မှုများကို တုံ့ပြန်အရေးယူရန် အစိုးရ၏ စိတ်ထက်သန်မှုကို ပြသသည့်နည်းလမ်းဖြစ်သည်ဟု ဆိုကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ချီးကျူးကြသည်။
အမေရိကန်ပြည်ထောင်စုသည် ရခိုင်ပြည်နယ်မှ ပဋိပက္ခ သို့မဟုတ် ၂၀၁၇ ခုနှစ်က ပြည်နယ်မြောက်ပိုင်းတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) ကို တပ်မတော်က လက်စားချေခြင်း သို့မဟုတ် မွတ်ဆလင် အရပ်သားများကို အပေါ် အရေးယူဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဖေါ်ပြရတွင် “လူမျိုးတုန်းသတ်ဖြတ်မှု” ဟူသော စကားလုံးကို သုံးစွဲခြင်း မရှိပေ။ ထိုသို့ သုံးစွဲမည့်အစား ထိုကြေညာချက်တွင် “အစီအစဉ်ကျကျ အကွက်ချ လုပ်ကိုင်သော” အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများဟုသာ သုံးစွဲသည်။ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်သည့် ပွမ်ပီယို၏ ကြေညာချက်တွင် “ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်းအပါအဝင် ဗြောင်ကျသော လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်များ” ဟုသာ ဖေါ်ပြသည်။
အမေရိကန်နိုင်ငံ၏ မူဝါဒများသည် မြန်မာတပ်မတော်၏ အပြုအမူပြောင်းလဲရေးနှင့် တာဝန်ခံမှုမြှင့်တင်ရေးကို အလေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။
ထို့ကြောင့် ထိုသို့လုပ်ဆောင်ခြင်းသည် လက်တွေတွင် တပ်မတော်၏ အပြုအမူ အမှန်တကယ် ပြောင်း မပြောင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ၂၀၁၂ ခုနှစ်ကမှ ပုံမှန်ပြည်လည်ထားရှိခဲ့သော ဝါရှင်တန်နှင့် နေပြည်တော်ဆက်ဆံရေးအပေါ် မည်သို့ရိုက်ခတ်သည်ကို မေးခွန်းထုတ်ရန် လိုသည်။
သင်္ကေတသဘောဆောင်သည့် အရေးယူမှု
ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် လက်တွေ့တွင် သက်ရောက်မှုအနည်းငယ်သာရှိမည်ဟု သုတေသီနှင့် ဝါရင့်မြန်မာ့အရေးစောင့်ကြည်သူ အများအပြား၏ အဆိုအရ သိရသည်။
ပိတ်ပင်မှုနှင့် ပတ်သက်ပြီးမေးသောအခါ မြန်မာ့တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ အဖြေမှာ မျှော်လင့်ထားသောအဖြေဖြစ်သည်။ “ ဒီခေါင်းဆောင်တွေက အမေရိကန်ကို မသွားဘူး။ သွားစရာလည်း မလိုဘူး။ ဒါကြောင့် ပိတ်ပင်မှုရဲ့ သက်ရောက်မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မေးရမယ့်မေးခွန်းတွေ ရှိနေတယ်။ ဒါပေမယ့်ဒ ါဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်” ဟု သူပြောသည်။
အစိုးရကလည်း ကြေညာချက်တို တစောင်ထုတ်ပြန်ပြီး စွပ်စွဲထားသော ရခိုင်မြောက်ပိုင်းမှ လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဖြေရှင်းရန် တပ်မတော်က ဖွဲ့စည်းထားသော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) မှတဆင့်တာဝန်ခံမှုပြဿနာကို ဖြေရှင်းနေကြောင်းပြောသည်။
“ICOE က ယုံကြည်လက်ခံနိုင်တဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ကျနော်တို့ကို အချိန်နဲ့နေရာပေးသင့်တယ်။ အခုလို လုပ်ရပ်တွေဟာ ရခိုင်ပြဿနာဖြေရှင်းရေးကို အကျိုးပြုမှာ မဟုတ်ဘဲ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ပိုမိုဆိုးရွားစေမှာသာဖြစ်ပါတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အစိုးရ၏ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ခန့်အပ်ခြင်းဖြစ်သောကြောင့် ၎င်းတို့ကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်းသည် မြန်မာ့ပြည်တွင်းရေးတွင် အမေရိကန်ပြည်ထောင်စုက ဝင်ရောက်စွက်ဖက်ခြင်းနှင့် တပ်မတော်၊ အစိုးရနှင့် မြန်မာပြည်သူများကို အနိုင်ကျင့်ခြင်းသာဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုအတွင်းတွင် တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ထွန်းထွန်းညီက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်မှုက အဓိကအားဖြင့်တော့ သင်္ကေတ အထိမ်းအမှတ်သဘောပဲ။ ဘာ ဘာဏ္ဍာရေးပိတ်စို့မှုမှ မပါဘူး၊ ဒါပေမယ့် ထိပ်ဆုံးတပ်မှူးနှစ်ဦးကို နာမည်တပ်ပြီး လူပုဂ္ဂိုလ်အရ ပစ်မှတ်ထားအရေးယူတာ ဒါပထမဆုံး အကြိမ်ပဲ။ ဒီလုပ်ရပ်ဟာ တခြားနိုင်ငံတွေလည်း အလားတူလုပ်ဖို့ စံနမူနာဖြစ်သွားနိုင်တယ်” ဟု ရန်ကုန် အခြေစိုက် သုတေသီ ရစ်ချတ် ဟိုဆေးပြောသည်။
အကြမ်းဖက်မှုများဖြစ်ပွားပြီး ရခိုင်မြောက်ပိုင်း အကျပ်အတည်းပြီးနောက် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ထားခြင်းနှင့် အကျပ်အတည်းတွင် ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် အဆင့်မြင့်စစ်အရာရှိများအား အရေးယူခြင်းကို သက်တမ်းတိုးခဲ့သည်။
သတ်ဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် စွပ်စွဲထားသော လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် စစ်တပ်နှင့် နယ်ခြားစောင့်တပ်မှ ထိပ်တန်းအရာရှိ ၁၄ ဦးခန့်တို့ကို ဥရောပသမဂ္ဂက လူပုဂ္ဂိုလ်အရ အရေးယူခဲ့ပြီး ၎င်းတို့ ဥရောပအုပ်စု နိုင်ငံများသို့ သွားလာခြင်း၊ ဖြတ်သန်းခြင်းကို ပိတ်ပင်ခဲ့ကာ ဥရောပတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများရှိပါက ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုက အရေးယူမှုများ လုပ်ဆောင်ပြီးပါက ထိုအရေးယူမှုများကို ထုံးစံအားဖြင့် အုပ်ချုပ်ရေးပိုင်း သို့မဟုတ် လွှတ်တော် သို့မဟုတ် ၎င်းတို့ နှစ်ခုလုံးက ချမှတ်ခြင်းဖြစ်သောကြောင့် ပြန်ရုတ်သိမ်းပေးရန် ခက်ခဲကြောင်း မြန်မာနိုင်ငံအကြောင်း စာအုပ်များစွာ ရေးသားခဲ့သူ မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိန်းဗက် ကပြောသည်။ “မြန်မာနိုင်ငံကိစ္စမှာ အရင်ကလည်း ဒါမျိုးတွေတွေ့ခဲ့ပြီးသားပါ။ ရုရှားက ခရိုင်းမီးယားကို ယူကရိန်းကို ပြန်ပေးမလား။ အီရန်ဆိုရင်ကော ဘယ်လိုလဲ” ဟု သူပြောသည်။
“ဒါတွေအားလုံးက အနောက်တိုင်းရင်းနှီးမြှုပ်နှံမှုကို ပိုမိုခက်ခဲစေမယ်။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်လာရင် ဘာဖြစ်မလဲ” ဟု သူပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သမ္မတဖြစ်ရန် ရည်မှန်းထားသည်ဟု လူသိများပြီး ထိုရည်မှန်းချက်အပေါ် အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းက မည်သို့ သက်ရောက်မည်ကို ဝေဖန်သူများ ခန့်မှန်းနေကြသည်။
မြန်မာဗိုလ်ချုပ်ကြီးများသည် အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်သောကြောင့် စိတ်အနှောက်အယှက်ဖြစ်နေကြကြောင်း အမည်မဖေါ်လိုသော မြန်မာ့တပ်မတော်ကို လေ့လာသူတဦးက ပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမ္မတရည်မှန်းချက်များအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းက သက်ရောက်မှု ရှိ မရှိနှင့်ပတ်သက်ပြီး သူက သတိထားပြောဆို မှတ်ချက်ပေးသည်။ “ဒီအချက်က ပြည်တွင်းဥပဒေတွေအပေါ်မှာပဲ မူတည်တယ်” ဟု သူပြောသည်။
ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် အနည်းငယ်သာ သက်ရောက်မှုရှိလိမ့်မည်ဟူသည့် မြန်မာနိုင်ငံမှ လူအများအပြားက မြင်သောအမြင်ကို “The River of Lost Footsteps” အပါအဝင် မြန်မာနိုင်ငံအကြောင်း စာအုပ်အများအပြားကို ရေးသားခဲ့သူ သမိုင်းပညာရှင် ဦး သန့်မြင့်ဦးကလည်း လက်ခံသည်။
“ပြည်ဝင်ခွင့်ပိတ်ပင်တာဟာ ဝါရှင်တန်မှာတော့ ဘာမှအရေးပါတဲ့ သင်္ကေတဆိုင်ရာ အရေးပါမှုရှိပေမယ့် ရခိုင်ပြည်သူတွေရဲ့ ဘဝတွေကိုတော့ သက်ရောက်မှု ရှိမှာမဟုတ်ဘူး” ဟု သူပြောသည်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ကံကြမ္မာကို တိုးတက်အောင် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ အထောက်အကူပြုအောင်လုပ်ဖို့ ဘယ်သူ့မှာမှ အစီအစဉ် အကြံအစည်ကောင်းကောင်း ရှိပုံ မရပါဘူး။ ကမ္ဘာရဲ့အခြားဖက်တခြမ်းက အပြောင်းအလဲကို အမေရိကန်အနေနဲ့ အသေးစိတ်ဝင် စီမံတဲ့ ခေတ်က ကုန်သွားပြီ” ဟုလည်း သူပြောသည်။
“ဘင်္ဂလီတိုက်ခိုက်မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေလုပ်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြောသည်။ ဘင်္ဂါလီဆိုသည်မှာ ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်ဆိုနေသူများကို မြန်မာနိုင်ငံသား အများအပြားက ကျယ်ကျယ်ပြန့်ပြန့်ခေါ်ဝေါ်သော အမည်ဖြစ်သည်။
“ဒါဟာ ပြည်တွင်းရေးပဲဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အကြမ်းဖက်သမားတွေအပေါ် တပ်မတော်ရဲ့ လုပ်ရပ်တွေကို ကျနော်တို့ မဆန့်ကျင်ပေမယ့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိရင်တော့ အပြစ်ပေးနိုင်တယ်လို့ လူတိုင်းမြင်ကြတယ်” ဟု သူပြောသည်။
အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် မည်သည့်သက်ရောက်မှုမျှ မရှိသော်လည်း နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးမှုဖြစ်ပြီး နိုင်ငံကို တမင်ဖိအားပေးခြင်း သက်သက်သာဖြစ်ကြောင်း သူပြောသည်။
စံနှုန်းနှစ်ခု ကျင့်သုံးခြင်းလား
မြန်မာဗိုလ်ချုပ်ကြီးများကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းသည် ဝါရှင်တန်အတွက် ပေးဆပ်ရမှု အနည်းငယ်သာဖြစ်စေပြီး ထိရောက်မည်ကို သံသယရှိကြောင်း စင်္ကာပူရှီ ISEAS-Yusof Ishak Institute (ယခင်အရှေ့တောင်အာရှလေ့လာရေးသိပ္ပံ) မှ တွဲဖက်သုတေသီ ဒေါက်တာ တင်မောင်မောင်သန်းက ပြောသည်။ မြန်မာ တပ်မတော်ခေါင်းဆောာင်များသည် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး သိပ်ဂရုစိုက်မည် မထင်ကြောင်း သူပြောသည်။
“ဖိလစ်ပိုင် သမ္မတ ဒူတာတေကိုဆိုရင် ဘယ်လိုလုပ်မလဲ” ဟူသောမေးခွန်းကို သူကမေးသည်။
ဖိလစ်ပိုင်သမ္မတက ဆင်နွှဲခဲ့သော ပြည်တွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လှုပ်ရှားမှုသည် လူထောင်ချီသေဆုံးသောကြောင့် အပြစ်တင်ခံနေခဲ့ရသည်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ၎င်းတို့သည် စွပ်စွဲထားသော ရာဇဝတ်မှုများအတွက် ပဏာမ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖေဖေါ်ဝါရီလက ကြေညာခဲ့သည်။
ဒူတာတေက တရုတ်ဘက်ကို ယိမ်းသလိုလို ဖြစ်နေသော်လည်း အမေရိကန်နှင့် ဖိလစ်ပိုင်တို့တွင်လည်း သမိုင်းဝင်ရှည်ကြာသော ဆက်ဆံရေးရှိကြသည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်၏အင်အားပြ ချုပ်ကိုင်မှုကြီးထွားလာခြင်းနှင့် ဒူတာတေ၏ တရုတ်ဖက်သို့ယိမ်းသည့် သစ္စာခံမှုပြောင်းလဲလာခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် သူ၏လက်အောက်တွင် ကျူးလွန်သည့် တရားစီရင်မှုမဲ့ တိုက်ခိုက်မှုများကို ဆက်လက်နှုတ်ဆိတ်နေသည်။
ပွမ်ပီယိုသည် မနီလာသို့ မတ်လတွင် သွားရောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်သင်္ဘောများ သို့မဟုတ် တပ်ဖွဲ့များကို တိုက်ခိုက်လာခဲ့ပါက အမေရိကန်ပြည်ထောင်စုသည် ဖိလစ်ပိုင်ကို ကူညီမည်ဖြစ်ကြောင်း ထပ်မံ ကတိပြုပြောကြားသည်။
သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ တံခါးဖွင့်ချိန် ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် လည်ပတ်ခဲ့သော်လည်း ထိုင်း၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့နှင့် မတူဘဲ မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ထူးခြားသည့် ဆက်ဆံရေး မရှိပေ။ ထိုစဉ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်ပြီးနောက် အိုဘားမားအစိုးရလက်အောက်တွင် မြန်မာနိုင်ငံနှင့် အမေရိကန်အကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သည်။
ဒီမိုကရေစီ ဖူးပွင့်ခြင်း မရှိ
အခြားသောပြဿနာတခုတွင်မူ မြန်မာနိုင်ငံ၏ ရင်သပ်ရှုမောဖွယ် အပြောင်းအလဲဟု အနောက်က ချီးမွမ်းပြောဆိုသော မြန်မာပြည် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး လူတိုင်းက အမှတ်ယူလိုသော်လည်း အိုဘားမားက အရေးယူပိတ်စို့မှုများ ရုတ်သိမ်းပြီးနောက် နိုင်ငံ၏ ပြဿနာအများအပြားသည် ပိုမိုနက်ရှိုင်းရှုပ်ထွေးလာသည် ဆိုသည့် အချက်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် အိုအားမားအစိုးရ၏ ပေါ်လစီသည် ထွေးပွေ့လက်ကမ်းခဲ့သည့် မြန်မာနိုင်ငံအပေါ် အခြေခံအားနည်းကြောင်း ပြသသည့်ဖြစ်ရပ်ဟု ဆိုကြသည်။
“ ကလင်တန်-ဘုရှ် အစိုးရတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာပြဿနာက အစိုးရဖြုတ်ချရေး ပြောင်းလဲရေးလို့ သူတို့ခေါ်တဲ့ကိစ္စပဲ” ဟု ပြောရင်း စတိန်းဗက်က အိုဘားမားမူဝါဒကို ဝေဖန်သည်။ အိုဘားမားသည် အစိုးရစနစ် ပြုပြင်မွမ်းမံ ဖန်တီးခြင်းဟု စတိန်းဗက်ခေါ်သည့် မူဝါဒအတွက် ပြဿနာ ရင်ဆိုင်ခဲ့ရကြောင်း ဆိုသည်။
“ဒီတော့ သူတို့အပေါ် အရေးယူပိတ်ဆို့ပြီး ပူပန်တာ၊ မနှစ်မြို့တာ၊ သဘောထားကွဲလွဲတာတွေကို ပြသရတာ လွယ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရိုဟင်ဂျာကိစ္စမှာ တပ်မတော်က ဘယ်လောက်ပဲ ဆိုးရွားဆိုးရွား၊ ဘယ်လောက်ပဲ ကျက်သရေမဲ့မဲ့၊ ဘယ်လောက်ပဲ အသိဉာဏ် ကင်းမဲ့ ကင်းမဲ့၊ အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်၊ တန်းတူညီမျှမှုတွေ ပေးမှာလား။ ကွန်ဂရက်က တောင်းဆိုမှာကရော ဒါတွေလား” ဟု သူပြောသည်။
အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒနှင့်ပတ်သက်သောပြဿနာမှာ မြန်မာနိုင်ငံ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော တိုင်းရင်းသားပဋိပက္ခကို နားလည်မှုနှင့် သိမြင်မှု အားနည်းခြင်းဟု ဝေဖန်သူများက ယခုဆိုကြသည်။ ထိုပြဿနာသည် အမြင်ကျဉ်းမြောင်းခြင်း သို့မဟုတ် ရေရှည်ရည်မှန်းချက် ကင်းမဲ့ခြင်းဟု ဆိုကောင်းဆိုနိုင်သည်။
အိုဘားမားမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းနောက်တွင် နိုင်ငံတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖေါက်သည်ဟု စွပ်စွဲခံရသော ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူပိတ်ဆို့မှုများ အားလုံးကို သိသိသာသာလျှော့ချခြင်းနှင့် နောက်ဆုံးတွင် ရုပ်သိမ်းခြင်းသို့ အလျှင်အမြန် ဦးတည်စေခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ နိုင်ငံရေးအရ တံခါးဖွင့်လာသည်ကို သဘောကျနေကြသော အိုဘားမား အစိုးရနှင့် အနောက်နိုင်ငံအစိုးရများသည် တပ်မတော်နှင့် စစ်ဖက်ဆက်ဆံရေးကို အငြင်းပွားဖွယ်ရာဖြစ်သော စစ်တပ်အချင်းချင်း ဆက်ဆံရေးကို စတင်ခဲ့ကြသည်။
မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းသည် မြန်မာပြည်သူများ စီးပွားရေးလုပ်ငန်းသစ်နှင့် အစိုးရသစ် ရရှိရေးဆုကို မြင်နိုင်ရေးအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်ဟု အိုဘားမားက ၂၀၁၆ ခုနှစ်တွင်ပြောသည်။ ဆိုးသွမ်းသော အစိုးရများ၏ အပြုအမူများပြောင်းရန် မျှော်လင့်ချက်ဖြင့် အမေရိကန်ပြည်ထောင်စုသည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသင့်သည်ဟု ယူဆသော နိုင်ငံရေးအတိုင်ပင်ခံများဘက်မှ အိုဘားမား ရပ်တည်ခဲ့သည်မှာ ထင်ရှားကြောင်း Politico မှ ၂၀၁၈ ခုနှစ် ဆောင်းပါးတစောင်က ရေးသားသည်။
အထက်မှလာသော အိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော အခြေအနေကို နားမလည်သလောက်ပင်ဖြစ်ကြောင်း ပြသနေသည်။ ထို့အပြင် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းခြင်းကို ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် အပြည့်အဝ သဘောတူ မတူ ဆိုသည်ကိုလည်း မေးခွန်းထုတ်ရန် ရှိနေသည်။
ဗိုလ်ချုပ်ကြီးများနှင့်အပေါင်းပါများ ပိတ်ဆို့ဒဏ်ခတ်မှုမှ လွတ်မြောက်သွားချိန်တွင် မြန်မာနိုင်ငံသည် ပိုမိုနက်ရှိုင်းသော ငရဲသို့ ကျဆင်းသွားသည်။
နိုင်ငံသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အောင်မြင်ဖူးပွင့်ခြင်းကို မကြုံတွေ့ရဘဲ ဖရိုဖရဲဖြစ်ကာ အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းအသစ်အဟောင်းများပါဝင်သည့် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ကြီးထွားခြင်း၊ စစ်ရေး၊ လူမျိုးစုရေးနှင့် ဘာသာရေး ပဋိပက္ခများ ပိုမိုပွားများလာခြင်းနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှု အကြီးအကျယ်ဖြစ်ပွားခြင်းတို့ကို တွေ့ကြုံခဲ့ရတော့သည်။
အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီး သုံးနှစ်အကြာတွင် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်သည့် အမေရိကန်အရာရှိနှင့် သံတမန်အများအပြားသည် အပြစ်မကင်းကြောင်း ခံစားခဲ့ကြရမည်ဖြစ်သည်။ ယခုအခါ ထရမ့်အစိုးရသည် တပ်မတော်ကို အပြစ်ပေးရန် ခြေလှမ်းငယ်များ စတင်လှမ်းလာပြီ ဖြစ်သော်လည်း ထိုခြေလှမ်းများသည် မပြောပလောက်သောကြောင့် တပ်မတော်ကို သတိပေးရာရောက်မည် မဟုတ်ပေ။
အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းသည် ၂၀၂၀ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရပ်သားအစိုးရနှင့် တပ်မတော်အကြား ထိပ်တိုက်တွေ့မှု မြင့်မားလာချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုလုပ်ရပ်ကြောင့် နှစ်ဖက်အကြားနားလည်မှု လွဲမှားခြင်းကိုသာ ဖြစ်စေမည်ဟု သုတေသီအချို့က သတိပေးသည်။
၂၀၂၀ ရွေးကောက်ပွဲကို မျှော်မှန်းထားသည်ထက် များစွာစောပြီး ကျင်းပရန် အလားအလာရှိသည်။ ( မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပပြီး ၁၉၉၀ ရွေးကောက်ပွဲကို မေလတွင် ကျင်းပသည်။) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို လာမည့်နှစ်အစောပိုင်းတွင် ကျင်းပပြီး မကြာမီ ရွေးကောက်ပွဲ ကျင်းပမည်ကို တပ်မတော် ခေါင်းဆောင်များ စိုးရိမ်နေသည်။
သို့သော် တပ်မတော်ကို ပစ်မှတ်ထားသော အရေးယူပိတ်စို့မှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မယုံကြည်မှုကို နက်ရှိုင်းတိုးပွားစေသည်။
“အရင်က ဒေါ်အောင်ဆန်းစုကြည်ပြောရင် ဝါရှင်တန်က နားထောင်တယ်ဆိုတဲ့ သံသယက တပ်မတော်ထဲမှာ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စကိုလည်း သူ သဘောတူတယ်၊ အားပေးတယ်ဆိုတဲ့ သံသယရှိနိုင်ပါတယ်။ ဒီလိုသံသယ အကြွင်းအကျန်တွေ ရှိနေနိုင်တယ်။ ဒါပေမယ့် တကယ့်အဖြစ်မှန်ကတော့ ဝါရှင်တန်က သူ့နိုင်ငံရေးတွက်ကိန်းနဲ့သူ လုပ်တဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်။ ရှေ့နှစ်မြန်မာနိုင်ငံရွေးကောက်ပွဲ နီးလာတဲ့အခါ အရပ်သားအစိုးရနဲ့ တပ်မတော်အကြား တင်းမာစရာအချက်တွေ ပိုများလာမှာပဲ။ အခု ဒါကလည်း အချက်တချက်ဖြစ်နိုင်တယ်။ ကြီးမားတဲ့အချက် မဖြစ်လောက်ဘူးလို့ ကျနော်ထင်တယ်” ဟု ဟိုဆေးက ပြောခဲ့သည်။
ရဲဘော်ရဲဖက် အိမ်နီးချင်းများ
ပြည်ဝင်ခွင့်ပိတ်ဆို့မှုအပြီးတွင် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံမှ ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေကြသည်။ အဓိက ရင်းနှီးမြှုပ်နှံသူနှင့် အလှူရှင် နိုင်ငံများအဖြစ် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့သည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုနက်ရှိုင်းစေပြီး ပြည်ဝင်မှုပိတ်ပင်ခြင်း သို့မဟုတ် ထပ်မံအရေးယူပိတ်စို့ခြင်းကို သဘောတူပုံ မရပေ။
အနောက်တိုင်းအရေးယူပိတ်ဆို့မှုများသည် လုံးဝ အဓိပ္ပါယ်ကင်းမဲ့ကြောင်းနှင့် ဂျပန်နိုင်ငံသည် မြန်မာအပေါ် အရေးယူမှု သို့မဟုတ် ကုန်သွယ်ရေးပိတ်ဆို့မှုများကို သဘောမတူကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချီရို မာရူရာမက ဧရာဝတီ သတင်းဌာနသို့ ၂၀၁၈ ခုနှစ်ကပြောသည်။
သို့သော် ဥရောပ သမဂ္ဂက မည်သို့သဘောထားသနည်း။ ဘရပ်ဆဲလ်က အမေရိကန်ခြေရာ နင်း၊ မနင်းကို မိမိတို့ မကြာမီ သိကြရမည်ဖြစ်သည်။ တပ်မတော်အပေါ် စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားသော ကနေဒါနှင့် သြစတြေးလျကဲ့သို့ အခြားနိုင်ငံများလည်း ရှိသေးသည်။ သူ့ခြေရာနင်းရန် သူ့မိတ်ဆွေနိုင်ငံများကို အမေရိကန်ကပြောပါက ထိုနိုင်ငံများသည် မလွှဲရှောင်သာ လုပ်ဆောင်ကြမည်ဖြစ်သည်။
သို့သော် ယခုပြည်ဝင်ခွင့်ပိတ်ခြင်းနှင့် နောက်ထပ်အရေးယူမှုများသည် မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်ပါမည်လော။
“ အရင်က အရေးယူပိတ်ဆို့မှုတွေကြောင့် ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးတံခါးပွင့်လာတယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင် ယုံတမ်းစကားကတော့ ရှိတယ်။ ကျနော့် ပုဂ္ဂလိကအမြင်ပြောရရင် တပ်မတော်က အများအပြားနဲ့ စီးပွားရေးလောကက သူတို့မိတ်ဆွေတွေဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းထက် အရင်အရေးယူပိတ်ဆို့မှုအောက်မှာ ပိုပြီး အခြေအနေကောင်းခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီးတွေအမြင်မှာ ကျန်ကမ္ဘာနဲ့ ပိုမိုပေါင်းစည်းတဲ့ မြန်မာနိုင်ငံဆိုတာ အန္တရာယ်များတဲ့ သဘောဖြစ်ပြီး ပိုမိုအထီးကျန်ခြင်းဟာ ပြဿနာမရှိဘူး” ဟု ဦးသန့်မြင့်ဦးက ထောက်ပြသည်။ ထိုအချက်သည် မှန်ကန်သည်။ တပ်မတော်ခေါင်းဆောင်များနှင့် လုပ်ငန်းရှင်သူဌေးကြီးများသည် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို သိမ်းကြုံးအရေးယူ ပိတ်ဆို့ထားချိန်တွင် ရွှေခေတ်တခေတ်ကို ဖြတ်သန်းခဲ့ကြသည်။
အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ ပတ်လမ်းအတွင်း တွန်းပို့သလို ဖြစ်လိမ့်မည်ဟူသည့် စိုးရိမ်မှုများလည်း ရှိနေသည်။
“ ဒီပိတ်ပင်မှုဟာ မြန်မာနိုင်ငံကို တရုတ်လက်ထဲ တွန်းပို့တာကလွဲလို့ ဘာသက်ရောက်မှုမှ မရှိဘူး။ နိုင်ငံကို ပိုပြီး ဒီမိုကရေစီနည်းလမ်းကျအောင် အစိုးရက ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားနေချိန်မှာ အစိုးရနဲ့ တပ်မတော်ကြားက ထိခိုက်လွယ်တဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေတယ်” ဟု ဝါရင့်သတင်းစာဆရာနှင့် မြန်မာ့အရေးလေ့လာသူ ဘာတေးလ်လစ်တနာ ပြောသည်။ တရုတ်ကိစ္စကို ထည့်မတွက်လျှင်ပင် အရပ်သားအစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေးမှာ ပိုမို၍သာ ထိခိုက်လွယ်လာသည်မှာ အမှန်ပင်ဖြစ်သည်။
အမေရိကန်ကို ကိုင်တွယ်ပုံ ဘာတွေလိုခဲ့သလဲ
ထိုင်းနိုင်ငံသည် မြန်မာအရပ်သား အစိုးရနှင့် တပ်မတော်နှစ်ခုလုံးနှင့် ဆက်လက် ထိတွေ့ဆက်ဆံနေမည်ဖြစ်ကြောင်းနှင့် ထိုဆက်ဆံရေးများ ပိုမိုခိုင်မာလာနေကြောင်း မြန်မာသတင်းထောက် အများအပြားကို လေ့ကျင့်ပေးခဲ့သော ဝါရင့်ထိုင်းသတင်းစာဆရာကြီး ကဗွီ ချောင်ကစ်တာဘွန် ကပြောသည်။
“ မြန်မာနိုင်ငံကိစ္စက ခက်ခဲတယ်။ ဒါပေမယ့် ကျနော်တို့မှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ နယ်ပယ်များစွ ာရှိတယ်” ဟု သူပြောသည်။
သို့သော် မြန်မာ စစ်ဖက်အရပ်ဖက်ခေါင်းဆောင်များသည် မကြာသေးမီနှစ်များအတွင်း အမေရိကန်နိုင်ငံကို သေသေချာချာ ကိုင်တွယ်ဆက်ဆံဖို့ စီမံရန် ပျက်ကွက်ခဲ့ကြောင်းကိုမူ သူသဘောတူသည်။
ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းသောကြောင့် ကနဦးက ပျက်စီးသွားသည့် ဘန်ကောက်-ဝါရှင်တန် ဆက်ဆံရေးသည် အမေရိကန်နှင့် ထိတွေ့ဆက်ဆံရန် ဝါရင့်ထိုင်းသံတမန်များ၏ ပြင်းထန်သော အားထုတ်မှုကြောင့် ပြန်လည်နွေးထွေးစပြုလာခဲ့သည်။
အာဏာသိမ်းပြီးစကာလတွင် အမေရိကန်နိုင်ငံသည် ထိုင်းနှင့်နှစ်စဉ်ကျင်းပသည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အဆင့်လျှော့ချလိုက်ပြီး ထိုင်းနိုင်ငံသို့ လုံခြုံရေးနှင့်ပတ်သက်သည့် အကူအညီများကို ပိတ်ဆို့လိုက်သည်။ သို့သော် ထုံးတမ်းစဉ်လာမဟာမိတ်အဖြစ် သတ်မှတ်ခံရသော အမေရိကန်နှင့် ထိုင်းနှစ်နိုင်ငံတို့အကြား နွေးထွေးသော ဆက်ဆံရေးများ မကြာမီသေးမီက တည်ဆောက်လာကြသည်။
ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်တွင် ၂၀၁၇ ခုနှစ်ကသွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြားဆက်ဆံရေး အဆင့်မြင့်လာကြောင်းပြသလိုက်သည်။ ပွမ်ပီယိုသည် ယခုလကုန်တွင် ထိုင်းနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားသည်။
“ အမေရိကန်နဲ့ အနောက်တိုင်းအစိုးရတွေက ထိုင်းနိုင်ငံကို လျစ်လျူရှုလို့ မရဘူးဆိုတာ သဘောပေါက်ကြတယ်” ဟု ကဗွီ ပြောသည်။ သို့သော် မြန်မာနိုင်ငံအတွက် အရေးပါသောအမေရိကန်နှင့် အခြားအနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် မြန်မာက အရေးပါမှုက မည်မျှရှိသနည်း။
မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံမှ သင်ခန်းစာတခု ယူခဲ့ကြောင်း မြန်မာစစ်ရေးလေ့လာသူတဦးကပြောသည်။ ထိုင်းနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ဝါရှင်တန်နှင့် ဆက်ဆံရေး အဆင်မပြေဖြစ်လာသောအခါ ဒေသတွင်းနိုင်ငံများနှင့်ဆက်ဆံရေး ထူထောင်ပြုလုပ်ထားရန် ကြိုးစားအားထုတ်ရသည်။
“ ကျနော်တို့က အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဆွေဖွဲ့ထားတယ်။ ကျနော်တို့နဲ့ သူတို့ဆက်ဆံရေးက အရင်ခေတ်အဆက်ဆက်ထက် ပိုကောင်းတယ်” ဟု ထိုစစ်ရေးလေ့လာသူကပြောပြီး မြန်မာနိုင်ငံသည် အားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး ရှိလိုသည်ဟု ဆိုသည်။ ဤနေရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းပါများသည် အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်မှုဒဏ်ကို ခိုးလုခုလု ခံနေရသည်ဟု သူပြောသည်။
မြန်မာအစိုးရနှင့် တပ်မတော်ခေါင်းဆောင်များသည် အသိတရားအရ၊ လူပုဂ္ဂိုလ်အရနှင့် ရေရှည်ရည်မှန်းချက်အရ အမေရိကန်နှင့် အနောက်ကို မည်သို့ ထိတွေ့ဆက်ဆံမည်၊ ရိုဟင်ဂျာအကျပ်အတည်းနှင့်ပတ်သက်ပြီး သြဇာလွှမ်းမိုးရန် မည်သို့ ကြိုးစားမည်ကို ခန့်မှန်းရန် ခက်ခဲနေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်က ပဋိပက္ခ အကျပ်အတည်းပေါ်ပေါက်ချိန်မှ စတင်ပြီး မြန်မာနိုင်ငံသည် မြေပြင်တွင်ဖြစ်ပေါ်နေသည့် ရှည်ကြာသော ပဋိပက္ခ အပေါ် မမြင်သာသော ကွဲလွဲနားလည်မှုများကို ရှင်းပြရန် အနောက်တိုင်းမြို့တော်များသို့ အထူးသံတမန်များ၊ ကိုယ်စားလှယ်အဖွဲ့များစေလွှတ်ရန် အားထုတ်မှု မရှိသလောက်ပင်ဖြစ်သည်။ နောက်ဆုံးသုံးသပ်ချက်မှာ အမေရိကန်ပြည်ဝင်ခွင့်ပိတ်သောကြောင့် မြန်မာနိုင်ငံသည် အချို့သုတေသီများ ခန့်မှန်းသကဲ့သို့ တရုတ်နိုင်ငံ၏ လက်ဝေခံ ဖြစ်လာမလားဟူသောအချက်ဖြစ်သည်။ ထိုအချက်မှာ မသေချာလှပေ။
“ အနောက်နိုင်ငံတွေနဲ့ ပိုမိုအေးစက်လာတဲ့ဆက်ဆံရေးဟာ တရုတ်နိုင်ငံအတွက် အကျိုးရှိစေပုံ ရတယ်။ ဒါပေမယ့် ဒီကိစ္စက အရှုံးအနိုင် အပြတ်ပြောလို့ရတဲ့ကစားပွဲ မဟုတ်ဘူး။ ဒီကြားထဲမှာ ရှိနေတာက ပြင်းထန်တဲ့ မြန်မာအမျိုးသားရေးစိတ်ဓါတ်နဲ့ ခေါင်းမာတာကို တန်ဖိုးထားတဲ့ ပြည်တွင်းနိုင်ငံရေးပဲ။ အနောက်တိုင်းအရေးယူမှုကြောင့် တရုတ်နိုင်ငံကို ပိုမိုမှီခိုရမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် နေပြည်တော်ရဲ့ တွေးခေါ်မှုအပေါ် အခြားအစိုးရတခုခုက သြဇာကြီးကြီးမားမားလွှမ်းမိုးတယ်လို့ ယူဆဖို့ အရမ်းဝေးပါသေးတယ်” ဟု ဦးသန့်မြင့်ဦးက ဝေဖန်ထောက်ပြခဲ့သည်။
( Aung Zaw ၏ US Visa Ban Unlikely to See Military Change Course ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
ဝက်ဝံနဲ့ နဂါးကြား ဘေးကင်းအောင် သတိထားနေ
တပ်တွင်းရာထူး အပြောင်းအလဲ၏ နောက်ကွယ်