တရိပ်ရိပ်စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရေပြင်ဘေးက သဲသောင်ကမ်းစပ်မှာ ရဲတပ်ဖွဲ့ဝင်တချို့ ထိုင်နေကြပြီး သူတို့ရဲ့ မလှမ်းမကမ်းမှာတော့ တဝက်လောက်နစ်မြုပ်နေတဲ့ စက်လှေတစီးကို ကြိုးနဲ့ ဆွဲချည်ထားပါတယ်။
အဲဒီနေရာကတော့ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကံသာကျေးရွာနဲ့ ဖရဲကျွန်းရွာသားတွေ ဇူလိုင်လ ၂၃ ရက်နေ့ညနေပိုင်းက မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားရာက လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့တဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာဖြစ်ပါတယ်။
ဖရဲကျွန်းရွာဘက်က လူ ၃၈ ဦး ဧရာဝတီမြစ်အတွင်း ပျောက်ဆုံးခဲ့ရာမှာ ဇူလိုင် ၂၈ ရက်အထိ ၂၇ လောင်း ဆယ်ယူနိုင်ခဲ့ပြီး ၁၁ ဦးပျောက်ဆုံးနေပါတယ်။ ကံသာရွာသားတဦးကတော့ အခင်းဖြစ်ပွားတဲ့နေ့က ရရှိတဲ့ ဒဏ်ရာကြောင့် နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ပြဿနာရဲ့အစ
ကံသာရွာဟာ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုထဲက ရွာတရွာဖြစ်ပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေးမှာ တည်ရှိ နေတာကြောင့် ရွာလုံးကျွတ်နီးပါး မြစ်ရေတိုက်စားခဲ့လို့ ကံသာရွာသစ်အဖြစ် ဆောက်လုပ်ဖို့ လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့တဲ့ အဲဒီမြေနုကျွန်းနေရာကို ၂၀၁၈ ခုနှစ် ဇူလိုင်လက ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့ဒီနေရာဟာ ဖရဲကျွန်းရွာကနေ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုထဲက ရွာတွေကို နှစ်စဉ် သီးစားအငှား ချပေးတဲ့ နေရာဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေ ထွက်ပေါ်မလာခင်ထိ ဖရဲကျွန်းရွာက အဲ့ဒီနေရာကို ပိုင်ဆိုင်ခဲ့တယ်လို့ ဖရဲကျွန်းရွာသားတွေက ဆိုကြပါတယ်။
“ဥပဒေအရ ပေါ်လာတဲ့မြေနုကျွန်းကို အနီးစပ်ဆုံးရွာကို ချထားပေးရမယ်ဆိုတော့ ဘာပြဿနာတွေဖြစ်လာလဲဆိုရင် အုပ်စုနယ်နမိတ်အရ လိုချင်တဲ့လူကတမျိုး၊ နီးစပ်တဲ့လူက လိုချင်တာကတမျိုး တကယ်လု့ိသာပဲ စီမံခန့်ခွဲရေးအပိုင်းကို လိုက်နာတယ်ဆိုရင် ဒီအဖြစ်မျိုးကြီးဖြစ်လာစရာ အကြောင်းမရှိဘူး” လို့ မကွေးတိုင်း မြေစာရင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
၂၀၁၂ လယ်ယာမြေဥပဒေ ပေါ်ပေါက်လာတဲ့အခါမှာ မြေနုကျွန်းပေါ်မြေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ဥပဒေတရပ်ပါ ပူးတွဲထွက်ပေါ်လာခဲ့ပါတယ်။
မြေနုကျွန်း လုပ်ပိုင်ခွင့်ချထားခြင်း အပိုဒ်(၂) မှာ “မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့သည် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များနှင့် ညှိနှိုင်း၍ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတည်ပြုချက်ဖြင့် မြေနုကျွန်းမြေနှင့် အနီးဆုံးကျေးရွာများ သတ်မှတ်ရမည်” လို့ ပါရှိလာတာပါ။
မြေပုံအနေအထားရ အဲဒီမြေနုကျွန်းဟာ မာန်မြေကျွန်းအုပ်စုထဲက ဖရဲကျွန်းအပါအဝင် ရွာ ၄ ရွာပိုင်ဆိုင်တဲ့ ကွင်းအမှတ် ၆ နယ်မြေကို ၂၀၀၃ ခုနှစ်လောက်ကစလို့ ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စုထဲက ရွာသားတချို့ကို နှစ်စဉ် သီးစားအငှားချပေးထားခဲ့ပါတယ်။ ဒီသီးစားအငှားချလို့ရတဲ့ ငွေတွေကို ဖရဲကျွန်းရွာက စာသင်ကျောင်းတွေ ဖွံ့ဖြိုးရေးအတွက် အသုံးပြုတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ် သြဂုတ်လပိုင်းလောက်မှာတော့ ကံသာရွာဟာ သူတို့ရဲ့ ဧရာဝတီမြစ်ဘေးက ရွာဟောင်းမှာ မြစ်ရေတိုက်စားလို့ လုံးဝနေထိုင်လို့မရတော့ဘဲ အိမ်တွေကို ဖျက်ပြီး အဆောက်အဦးတွေမရှိတဲ့ ဒီမြေနုကျွန်းနေရာဆီ ပြောင်းရွှေ့လာကြပါတယ်။ အစိုးရကိုယ်တိုင်ကလည်း ပြောင်းရွှေ့ရမယ့် အိမ်ထောင်စုတွေအတွက် တအိမ်ကို တသိန်းကျပ်နှုန်းနဲ့ ထောက်ပံ့ပေးခဲ့ပြီး ပြောင်းရွှေ့ရမယ့် နေရာတွေကိုတော့ စီမံခန့်ခွဲ မပေးခဲ့ဘူးလို့ ကံသာရွာသားတွေက ဆိုပါတယ်။
ဌာနဆိုင်ရာတွေ ဘယ်လိုဖြေရှင်းခဲ့လဲ
ဖရဲကျွန်းဘက်က သူတို့ကျေးရွာပိုင်တဲ့မြေပေါ်မှာ ကျူးကျော်ဆောက်လုပ်လာတဲ့ နေအိမ်တွေကို အရေးယူပေးဖို့ ၂၀၁၈ ခုနှစ် သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ နှစ်ကြိမ်တိုင်အောင် ရေနံချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ကို တိုင်ကြားစာ အသီးသီးပေးပို့ခဲ့ပါတယ်။

အဲဒီလိုတိုင်ကြားခဲ့လို့ သက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကွင်းဆင်းစစ်ဆေးခဲ့ပေမယ့် နှစ်ဘက်ရွာအကြား တင်းမာမှုတွေ ပိုမိုဖြစ်ပွားခဲ့ရပါတယ်။
မြေတိုင်းတာရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးဖို့ အကြိုညှိနှိုင်းမှုအနေနဲ့ ၂၀၁၈ စက်တင်ဘာလမှာ နှစ်ဘက် ကျေးရွာတွေကို ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ပထမဆုံး ခေါ်ယူညှိနှိုင်းပေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ တိုင်းအစိုးရကပြောပါတယ်။
၂၀၁၈ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ မြေတိုင်းတာမှုတွေမပြုလုပ်ခင် ကျူးကျော်နေအိမ်တွေ ထပ်မံ မဆောက်လုပ်ဖို့နဲ့ ပြဿနာမဖြစ်အောင် စီမံဆောင်ရွက်ပေးဖို့ မြို့နယ်အာဏာပိုင်တွေက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတယ်လို့ဆိုပါတယ်။
သုံးလအကြာမှာတော့ ခရိုင်အဆင့် ထွေအုပ်၊ လယ်/စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့ဟာ မြေတိုင်းတာမှုတွေပြုလုပ်ဖို့ နယ်နမိတ်နေရာပြသရေး လုပ်ငန်းတွေစတင်လုပ်ဆောင်ဖို့ သွားခဲ့ကြပါတယ်။
“၇ ဧကလောက်သာရှိတဲ့မြေလေးနဲ့ အခုလိုဖြစ်တာတန်ရဲ့လားဗျာ၊ ဘာလို့ ၇ ဧကလို့ ခန့်မှန်းပြောရသလဲဆို ကျနော်တို့ တိုင်းတာလို့မရခဲ့ဘူး။ ကျနော်တို့ကို တိုင်းတာခွင့်ပေးလိုက်မယ် စီမံခန့်ခွဲမှုကို လိုက်နာမယ်ဆိုရင် တမျိုး၊ တဘက်ကလည်း အုပ်ချုပ်မှု နယ်နိမိတ်အရ တို့ပိုင်တဲ့ဒီအထိကို မရရင် မတိုင်းနဲ့ တဘက်က ကံသာရွာကလည်း နီးစပ်ရာ ရွာဖြစ်တယ်။ တို့ရနေပြီပဲဆိုတဲ့ ဥပဒေအရ ပိုင်ဆိုင်တယ်။ ဖြေရှင်းရတာ အင်မတန်မှ ခက်ပါတယ်” လို့ တိုင်းမြေစာရင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။
ဒီဇင်ဘာလမှာစပြီး မြေတိုင်းဖို့ လုပ်နေတဲ့ အစိုးရတာဝန်ရှိသူတွေဟာ နှစ်ဘက်စလုံးနဲ့ ပြေလည်မှုမရှိတာကြောင့် ဧပြီလထိတိုင်အောင် မြေတိုင်းတာလို့မရသေးပါဘူး။ ဒါကြောင့် နှစ်ဘက်စလုံးက မြေယာစီမံခန်ခွဲရေးအဖွဲ့တွေက မြေတိုင်းဖို့ တင်ပြလာမှသာ တိုင်းတာပေးဖို့နဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ခေတ္တဆိုင်ငံ့ထားလိုက်ကြဖို့ ခရိုင်အဆင့် အာဏာပိုင်တွေက ဆုံးဖြတ်လိုက်ကြတယ်လို့သိရပါတယ်။
တိုးပွားလာသော မီးစများ
မြေယာတိုင်းတာမှုတွေ ဆိုင်းငံ့လိုက်တဲ့ အချိန်မှာတော့ ရွာအချင်းချင်း ထိပ်တိုက် ထိတွေ့မှုတွေ ရှိလာပါတော့တယ်။ ၂၀၁၉၊ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ ဖရဲကျွန်းရွာသား ၂၀၀ လောက်ဟာ ကံသာရွာဘက်က နေအိမ် ၂ လုံးအပြင် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပထမအကြိမ် သွားရောက်ဖျက်ဆီးခဲ့လို့ လာရောက်ဖျက်ဆီးသူတွေကို ကံသာရွာဘက်က အခင်းဖြစ်တဲ့နေ့မှာပဲ ရေနံချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားခဲ့ပါတယ်။

အခင်းဖြစ်ပြီး ၂ ရက်အကြာမှာပဲ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ စာရေးဝန်ထမ်းတွေကိုခေါ်ယူပြီး ပြဿနာဆက်လက်မဖြစ်ပွားစေရန် လူစုလူဝေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ဥပဒေကြောင်းအရ ဖြေရှင်းသွားဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက မှာကြားခဲ့တယ်လို့ တိုင်းအစိုးရက ဆိုပါတယ်။
အဲဒီအပြင် ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း နောက်တကြိမ် နှစ်ဘက်ကျေးရွာသားတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ရပ်မိရပ်ဖတွေ ညှိနှိုင်းခဲ့ကြတယ်လို့ ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ရှင်းပြပါတယ်။
ညှိနှိုင်းခဲ့ရာမှာ ကျမ်းကိုင်ကျွန်းက နယ်ခြားမြေတွေ ပြန်ဖော်ပေးဖို့နဲ့ ပထမအကြိမ် အိမ်တွေ ဖျက်စီးခံရတဲ့ကိစ္စတွေကို စုံစမ်း စစ်ဆေးရေး အဖွဲ့တွေနဲ့ စစ်ဆေးပေးပါလို့ နှစ်ဘက်ရွာတွေက တောင်းဆိုခဲ့တယ်လို့ သူကဆိုပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်ကိုတင်ပြပေးမယ်၊ ခုလောလောဆယ် ရေကတက်လာပြီဖြစ်လို့ ဒီအတွင်းမှာ ဆောက်တဲ့ လူကလည်း ထပ်မဆောက်ပါနဲ့ ဖရဲကျွန်းကလည်း သွားမဖျက်ပါနဲ့ ပြဿနာတွေမဖြစ်အောင် ရေကျသွားရင် တိုင်းပေးပါ့မယ်လို့ ဦးမန်ခိုဟော (မြို့နယ်အုပ်ချုပ်ရေးမှူး) က တားမြစ်ခဲ့တယ်”လို့ ဦးတင့်လွင်က ပြောပါတယ်။
အစုလိုက် အပြုံလိုက် သေဆုံးခဲ့ကြရတဲ့နေ့
ပထမအကြိမ်လာရောက်ဖျက်ဆီးတုန်းကတော့ မြေနုကျွန်းတို့ရဲ့သဘောအရ မြစ်ရေမတက်သေးတာကြောင့် ဖရဲကျွန်းက လူတွေဟာ ကံသာရွာဘက်ကို ကုန်းလမ်းကနေ အလွယ်တကူ သွားရောက်နိုင်ခဲ့ကြပါတယ်။ နောက် ၁၀ ရက်အကြာမှာတော့ ဒုတိယအကြိမ် သွားရောက်ဖျက်ဆီးမယ့်နေ့မှာ ဧရာဝတီမြစ်ရေဟာ မြင့်တက်နေပြီးဖြစ်လို့ ရေလမ်းခရီးနဲ့ သွားခဲ့ရပါတယ်။
အဲဒီနေ့မှာပဲ ဖရဲကျွန်းရွာကို ထင်းလာချတဲ့ လူ ၄၀ လောက်သာ တင်ဆောင်နိုင်တဲ့ ထနှောင်းကုန်း ကျေးရွာမှ ကိုမောင်မြင့်ရဲ့ စက်လှေနဲ့ ဖရဲကျွန်းရွာသား ၂၀၀ လောက်ကို ကူးချီသန်းချီနဲ့ တဘက်ကမ်းက ကံသာရွာဆီကို ပို့ပေးခဲ့ရပါတယ်။ အဲ့ဒီစက်လှေနဲ့ လူ ၂၀၀ လောက်ကို ၄ ကြိမ်လောက် ခွဲတင်ခဲ့တယ်လို့ အစိုးရဘက်က ဆိုပါတယ်။

ကံသာရွာဘက်က ဦးမောင်ဝင်း နေအိမ်နဲ့ ဦးဝင်းဦးတို့ နေအိမ်တွေကို ဖျက်ဆီးပြီးတဲ့နောက်မှာ တဘက်နဲ့တဘက် ဒုတ်၊ ဓါး၊ လောက်လေးခွတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကံသာရွာက အသက် ၂၆ နှစ်လောက်ရှိတဲ့ ရန်အောင်ထွန်း (ခေါ်) ကုလားလေးက ဦးမောင်းဝင်းရဲ့နေအိမ်က ဘုရားစင်ကိုဖျက်ဆီးနေစဉ် အဲ့ဒီလူစုထဲကို သွားရောက်တားမြစ်ခဲ့တာကြောင့် ရိုက်နှက်တာကို ခံလိုက်ရပါတယ်။
သူ့ကို သွားရောက်ကယ်တင်ဖို့ ရွာသားတွေစုဝေးပြီး လိုက်ခဲ့တာကြောင့် ဖရဲကျွန်းဘက်က အုပ်စုလိုက် ထွက်ပြေးခဲ့တာမှာ စက်လှေနစ်မြုပ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ကံသာရွာဘက်ဆိုပါတယ်။
ထို့နည်းတူပဲ ဦးမောင်ဝင်းရဲ့ နေအိမ်ကိုဖျက်ဆီးပြီးနောက် တဦးတည်းကျန်ခဲ့တဲ့ ဖရဲကျွန်းဘက်က ဝေလဦး (ခေါ်) သန်းဇော်ကို ကံသာရွာသားတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အပြင် ကျန်ရွာသားတွေကိုပါ လိုက်လံရိုက်နှက်နေလို့ စက်လှေပေါ်အစုလိုက်အပြုံလိုက်တက်ပြေးရင်း စက်လှေနှစ်မြုပ်ခဲ့ရတာလို့ ဖရဲကျွန်းရွာသားတွေကိုဆိုပါတယ်။
ကံသာရွာသား ရန်အောင်ထွန်း (ခေါ်) ကုလားလေးဟာ နေပြည်တော်ဆေးရုံကြီးမှာ ဇူလိုင်လ ၂၄ ရက်နေ့ ဦးခေါင်း ထိခိုက်ဒဏ်ရာနဲ့ သေဆုံးခဲ့ရသလို ဖရဲကျွန်းရွာသား ဝေလဦး(ခေါ်) သန်းဇော် ဆိုသူဟာလည်း ဒီနေ့အထိ ပျောက်ဆုံးနေဆဲပါ။
ဧရာဝတီသတင်းဌာအနေနဲ့ နှစ်ဘက်ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို သွားရောက်တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာ အခင်းဖြစ်ပွားခဲ့တဲ့နေ့က ဘယ်ရွာက စတင်တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ တရွာနဲ့တရွာ အပြစ်ပုံချတဲ့ ပုံစံမျိုးပြောဆိုနေတာမို့ အတည်ပြုဖို့ခက်ခဲ ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဘယ်မှာရှိနေခဲ့လဲ
မြစ်ရေပြင်ထဲမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန် ရဲတပ်ဖွဲ့က ရောက်လာပေမယ့် ဘာမှ မကူညီခဲ့ဘူးလို့ ဖရဲကျွန်းဘက်က ရွာသားတစ်ယောက်ကပြောပါတယ်။
“သူတို့က ဓါတ်ပုံရိုက်ပြီး ပြန်လှည့်သွားတယ်” လို့ ဖရဲကျွန်းရွာသား ဦးတင်ထွန်းက ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဒီလိုဖြစ်ပွားနေချိန်မှာ တဘက်နဲ့တဘက် လေးခွတွေနဲ့ အပြန်အလှန်ပစ်ခတ်နေတာကြောင့် ကမ်းဘက်ကို မကပ်နိုင်ခဲ့ကြောင်းနဲ့ လှေမှောက်ပြီး လူတွေ ကူးခတ်နေတာကို မြင်တွေ့ရပေမဲ့ ရဲဘက်က လှေဟာ သေးငယ်နေတာကြောင့် ကူညီနိုင်ဖို့ အင်အားပြန်ခေါ်ခဲ့ရတယ်လို့ဆိုပါတယ်။
ဒုတိယ ရဲမှူးကြီး စိုင်းခမ်းလူ က “ဖြစ်တဲ့နေရာကို (ရဲတပ်ဖွဲ့က)သွားဖို့ လှေကမရှိဘူး၊ ရှိတဲ့လှေကလေးက ငါးဖမ်းလှေကလေး ၄ ယောက်လောက်ပဲ ဆံ့တယ်။ ဖြစ်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ကသွားကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ နှစ်ဖက်အဖွဲ့က ခွတွေနဲ့ အပြန်အလှန်ပစ်နေတယ်၊ သွားကြည့်တဲ့လှေကိုပါ ခွနဲ့ပစ်တော့ ဘယ်လိုမှ ကမ်းကပ်လို့မရဘူး” လို့ ဖြေရှင်းထားပါတယ်။
အလောင်းတွေမှာ ဘယ်လို ဒဏ်ရာတွေ တွေ့လဲ
ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေမှာတော့ ကိုယ်လက်အင်္ဂါ အစုံအလင်ပါပြီး၊ ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာပါတဲ့လူတွေ သိပ်မတွေ့ရဘူးလို့ ရေနံချောင်းမြို့နယ် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်း အတွင်းရေးမှူးက ပြောပါတယ်။
“အားလုံးကျနော်တို့ ပို့ဆောင်ပေးတာ ၁၇ ဦး၊ ရေနံချောင်းသုဿာန်မှာတင် သြင်္ဂိုလ်ပေးတာ ၇ ဦး၊ ကျန်တဲ့ဟာတွေက ရွာကို အရောက်ပို့ပေးခဲ့တာ။ ကျနော်တို့ ပို့ပေးခဲ့တဲ့ ၁၇ ဦးမှာတော့ ကိုယ်အင်္ဂါအစုံပဲ၊ ဘာမှ ပြတ်တာ၊ တောက်တာ မရှိဘူး၊ ခေါင်းပြတ်တာလည်းမရှိဘူး၊ လက်ပြတ်တာလည်းမရှိဘူး၊ ခြေထောက်ပြတ်တာလည်းမရှိဘူး၊ ပြည့်စုံတယ်။ (ဒုတိယနေ့မှာဆယ်ခဲ့တဲ့) ခုနကျနော်ပြောတဲ့ ၃ ယောက် သူတို့ကတော့ ပါးစပ်ဒဏ်ရာ၊ ပါးစောင်ဒဏ်ရာရယ် ခေါင်းဒဏ်ရာရယ် အဲဒီသုံးခုနဲ့ သွေးထွက်တာပဲ တွေ့တယ်” လို့ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးသန်းဝင်းကပြောပါတယ်။
ထိုနည်းတူပဲ မြစ်ရေပြင်ထဲမှာ သွားရောက် ရှာဖွေကယ်ဆယ်ရေးတွေလုပ်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကလည်း သူတို့တွေ့ရှိခဲ့တဲ့ အလောင်းတွေမှာလည်း မျက်လုံးထွက်ခြင်း၊ လက်ပြတ်ခြင်း၊ ကိုယ်အင်္ဂါအစိပ်အပိုင်းများ ပြတ်တောက်ခြင်းစတာတွေကို မတွေ့ရှိခဲ့ရဘူးလို့ တိုင်းအစိုးရ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဖရဲကျွန်းရွာသားတွေကတော့ ရေကြောင့်သေတာမဟုတ်ဘဲ တဘက်ရွာက လိုက်လံ ရိုက်နှက်ခဲ့တာတွေကြောင့် သေဆုံးကြတာလို့ ပြောထားပါတယ်။
တိုင်းဒေသကြီးအစိုးရရဲ့ ကိုင်တွယ်သွားမယ့် အစီအစဉ်
လူအစုလိုက် အပြုံလိုက်သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရက ဝန်ကြီးတစ်ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ စစ်ဆေးနေမှုတွေပြုလုပ်နေပြီး ၁၀ ရက်အတွင်း ဖေါ်ထုတ်သွားမယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ တွေ့ရှိချက်၊ အကြံပြုချက်တွေကို သြဂုတ်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံးတင်ပြပေးရမှာပါ။
“လောလောဆယ်က နှစ်ဘက်စလုံးက အတိုင်း (မြေ) ကိုမခံဘူးဆိုတော့ (မြေ) တိုင်းမှဖြစ်မှာပေါ့။ သွေးအေးတဲ့ အချိန်တိုင်းမှာပေါ့ဗျာ၊ တိုင်းရင်လည်းပဲ မြို့နယ်တွေ၊ ခရိုင်တွေနဲ့တင်မပြီးတော့ဘူး တိုင်းအဆင့် ကပါ တိုင်းမှပြီးမှာ” လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
စီမံခန့်ခွဲမှုပြဿနာများ
“အားလုံးသိတဲ့ အတိုင်းပဲပေါ့ ဥပဒေကလည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြတ်သန်းတဲ့အခါနှေးတယ်။ တရားစီရင်ရေးပဲဖြစ်ဖြစ် ဌာနဆိုင်ရာအသီးသီးရဲ့ လုပ်ငန်းစဉ်တွေပေါ့ ပုံစံ(၇) လုပ်တာနှေးနေတယ်။ မြေဂရံဖေါ်တာတွေ နှေးနေတာကို ဘယ်လိုမြန်အောင် လုပ်မယ် အမျိုးမျိုးတော့ ကြိုးစားနေကြတာပဲ။ ဒီလိုလုပ်ဆောင်မှုတွေလည်း လျှင်မြန်လာဖို့လိုအပ်ပါတယ်” လို့ ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။
မြေယာအရေးနဲ့ပတ်သက်လို့ လှုပ်ရှားဆောင်ရွက်နေတဲ့ တို့မြေကွန်ရက်က အတွင်းရေးမှူး ကိုစည်သူကတော့ မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ပြဿနာဟာ တခြားမြေယာပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းရတာထက် ပိုမိုခက်ခဲသလို၊ ဥပဒေတခုတည်းဖြင့်သာ ဆုံးဖြတ်ဖြေရှင်းနေပါက အောင်မြင်မှုရရှိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“အဓိက အုပ်ချုပ်ရေးပိုင်းက လူတွေက ၂ ခုကိုစဉ်းစားရမယ်။ တခုက ဥပဒေအရစဉ်းစားရမယ်၊ ဒုတိယအချက်က ဒီဥပဒေတွေမထွက်ခင် နှစ်ပေါင်းများစွာ မြေယာစီမံခန့်ခွဲမှုတွေ ဘယ်လိုတွေကျင့်သုံးခဲ့သလဲဆိုတာ ကြည့်ပြီး အဲဒီ ၂ ခုအပေါ်မှာ ဆုံးဖြတ်ရမယ်။ ဥပဒေတခုတည်းကိုပဲစဉ်းစားရင် အဖြေကတော့ ထွက်မှာမဟုတ်ဘူး” လို့ ကိုစည်သူက မှတ်ချက်ပေးပါတယ်။
ဒီမြေနုကျွန်းပြဿနာဟာ ကံသာနဲ့ ဖရဲကျွန်း ရွားသားတွေ အကြားမှာ ဖွဲမီးလို လှိုက်လောင်နေတာ နှစ်ချီခဲ့ပြီ ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်ရုံးတွေ အထိ ရောက်ရှိသွားခဲ့ပေမယ့် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အားနည်း လို့ အခုလို လူအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်ဆိုပြီး ပြစ်တင်ပြောဆိုမှုတွေလည်း ရှိပါတယ်။
ဒီဖြစ်စဉ်မှာတော့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေကို အဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ပေးပြီး ဇူလိုင်လ ၂၆ ရက်နေ့က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့လိုက်ပါတယ်။ အဲ့ဒီအဖွဲ့မှာ အလုပ်သမား ရေးရာ ဝန်ကြီးနဲ့ အတူ တိုင်းဦးစီးမှူး ၅ ဦးပါဝင်ပြီး စစ်ဆေးချက်တွေကို ဖွဲ့စည်းတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပို့ပေးဖို့ ညွှန်ကြားထားပါတယ်။
စစ်ဆေးချက်တွေ ထွက်လာပြီးရင် လူအစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်လို ပေါ်ပေါက်မလဲ၊ ရွာ ၂ ရွာအကြား အငြင်းပွားနေတဲ့ မြေနုကျွန်းပြဿနာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို ကံသာနဲ့ ဖရဲကျွန်းရွာခံ တွေအပါအဝင် အများပြည်သူကလည်း စိတ်ဝင်စားနေကြပါတယ်။
မြေနုကျွန်း ပဋိပက္ခ အနိဌာရုံက ကျန်ရစ်သူ မိသားစုဝင်တွေ ရင်ထဲ သောကအပူမီးတွေ လောင်မြိုက်နေဆဲပါ။ သွေးပျက်စရာ ဖြစ်ရပ်ဆိုးဟာ မိသားစုဝင်တွေသာမကဘဲ ဒေသခံတွေနဲ့ ကြားသိရသူတွေ အတွက်လည်း မေ့မရတဲ့ အိမ်မက်ဆိုးကြီး စွဲထင်ကျန်ခဲ့ရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာတော့ ဖျက်စီးခံရတဲ့ အိမ်အချို့တွေ့မြင်ရသလို ဒေသခံတွေရဲ့ မျက်နှာမှာလည်း သောကရိပ်တွေ အထင်းသားပါ။ ကမ်းစပ်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေ ကတော့ ပျောက်ဆုံးနေဆဲဖြစ်တဲ့ ရုပ်အလောင်း ၁၁ လောင်း ပြန်တွေ့ရှိရေး အတွက် လုပ်ငန်းဆက်နေကြပါတယ်။
အခင်းဖြစ်ပွားရာမှာ ပျက်စီးနစ်မြုှပ်ခဲ့တဲ့ စက်လှေကြီးကတော့ မြစ်ကမ်းစပ်မှာ ကြိုးနဲ့ ချီဆွဲထားလို့ မြှုပ်တဝက် ပေါ်တဝက်နဲ့ မြင်ရသူအဖို့တော့ အခင်းဖြစ်စဉ်ကို ပြန်ပြီးတွေးခိုင်းနေသလိုပင် …။
ဆက်စပ်ဖတ်ရှုရန်
မြေနုကျွန်း ပဋိပက္ခ ၁၀ ရက်အတွင်း စစ်ဆေးရန် ဝန်ကြီးချုပ် ညွှန်ကြား