တပ်မတော်က အငြိမ်းစား ယူခဲ့ပြီးတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ “သမ္မတ ဖြစ်ချင်တယ်”လို့ တရားဝင် ထုတ်ဖော် ပြောဆိုဖူးသူ တဦးကို ပြပါ ဆိုလျှင် သူရ ဦးရွှေမန်း တယောက်ပဲ ရှိပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ဆောင်ရွက်နိုင်ဖို့ အတွက် သမ္မတ ဖြစ်ချင်တာ လို့ သူ့လက်သုံးစကား ရှိပါတယ်။
အခုလည်း တပ်မတော်က အငြိမ်းစားယူပြီး လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ပြီးကတည်းက သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုတွေနဲ့ဆိုရင် အေးအေးဆေးဆေး နေနိုင်တဲ့ စည်းစိမ်ချမ်းသာမျိုး ရှိပေမယ့် အသက် ၇၂ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ သူရ ဦးရွှေမန်းဟာ ဒီနေ့အချိန်ထိလည်း “နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အကျိုးအတွက် သမ္မတ လုပ်ဦးမယ်”ဆိုတဲ့ စကားမျိုးကို ပြောနေတုန်းပဲ ဖြစ်ပါတယ်။
“သမ္မတဆိုတဲ့ ကိစ္စကလည်း နိုင်ငံနဲ့ နိုင်ငံသားကို အကျိုးပြုတဲ့ ကိစ္စဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် တချိန်တုန်းကလည်း ပြောခဲ့ ပါတယ်။ သမ္မတထက် နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို ဘယ်လို ပုဂ္ဂိုလ်က ဘယ်လိုနေရာက လုပ်ပေးနိုင်သလဲ။ အဲဒီနေရာရှိရင် အဲဒီနေရာ လိုချင်တယ်”လို့ သူရ ဦးရွှေမန်းက ၎င်း၏ မျှော်လင့်ချက်ကို ထုတ်ဖော် ပြောဆိုပါတယ်။
သြဂုတ်လ ၅ ရက်နေ့က နေပြည်တော်မှာ ၆ လုံးတန်းလို့ နာမည်ကြီးတဲ့ အိမ် ၆ လုံးထဲက A-3 လို့ ခေါ်တဲ့ သူ့ခြံကြီးထဲကို သတင်း ထောက်တွေကို ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပြီး သူတည်ထောင်ထားတဲ့ ပြည်ထောင်စု အကျိုးဆောင် (UPB) ပါတီရဲ့ ရှေ့ဆက်မယ့် လုပ်ငန်းတွေကို ရှင်းပြရင်း အထက်ပါအတိုင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ပါတီအပေါ်ထားတဲ့ မျှော်လင့်ချက်၊ မြန်မာနိုင်ငံရေး အခြေအနေ၊ တပ်မတော် အပေါ် သဘောထားတွေ၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးတာကို သေသေချာချာ ဖြေကြားပေးခဲ့တာမျိုးတွေ လုပ်ခဲ့ပါတယ်။
သူရ ဦးရွှေမန်းဟာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးကတည်းက ကိုယ်ပိုင် နိုင်ငံရေး ပါတီတရပ် ထူထောင်မယ်ဆိုတဲ့ သတင်းစကားတွေ ပျံ့နှံ့နေလို့ သူ တကယ် ပါတီထောင်တဲ့အခါမှာလည်း ဘယ်သူမှ ထူးထူးခြားခြား မအံ့သြကြတော့ပါဘူး။
သူတည်ထောင်ထားတဲ့ ပါတီဟာ ၂၀၁၉ ဖေဖော်ဝါရီလရောက်မှ မှတ်ပုံတင်ခဲ့ပေမယ့် ဧပြီလကစပြီး ပါတီ တည်ထောင်ခွင့် ရရှိခဲ့လို့ လျင်လျင်မြန်မြန်ပဲ နိုင်ငံရေး အသိုင်းအဝိုင်းထဲကို ရောက်လာပြီး ၄ လ အတွင်းမှာပဲ ပါတီရဲ့ မြို့နယ် ရုံးပေါင်း ၂၀၀ လောက်အထိ ဖွင့်နိုင်ခဲ့ပါတယ်။
ဒီလို ဖွင့်လှစ်နိုင်ဖို့ဆိုရင် ကျပ်သိန်းပေါင်း ထောင်ချီ ကုန်ကျပြီး ငွေကြေးမြောက်မြားစွာ အသုံးပြုဖို့လိုမှာ ဖြစ်ပေမယ့် အခု ဖွင့်တဲ့ ပါတီရုံးတွေဟာ မြေ၊ အဆောက်အဦ သီးသန့် ဝယ်ယူတာမျိုး မဟုတ်ဘဲ ပါတီဝင်တွေရဲ့ အိမ်တွေ၊ ခြံတွေကို အသုံးပြုတာ ဖြစ်လို့ အများထင်သလောက် မကုန်ဘူးလို့ ဦးရွှေမန်း ရဲ့ အနီးကပ် လူတချို့ က ပြောပြပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ပါတီ ဌာနချုပ်မှာ ဝန်းရံပြီးတော့ ဆောင်ရွက်နေကြသူတွေကတော့ ဥပဒေပညာရှင်တွေ၊ အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ပါတီ ဖြစ်မြောက်ရေး အကြံပေးကြသလို ပါတီရဲ့ စီးပွားရေး ဆိုင်ရာ ကိစ္စတွေ၊ ပါတီ စီမံခန့်ခွဲရေး ကိစ္စတွေမှာလည်း ဦးဆောင်နေကြပါတယ်။
ပါတီရဲ့ ဒုတိယ ခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီမှာလည်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးတဲ့ ပြည်ထဲရေး ဒုတိယ ဝန်ကြီးဟောင်း ဦးဘုန်းဆွေပါ။ ပြီးတော့ သူ့နားမှာ တပ်မတော် အရာရှိဟောင်းတွေ၊ အငြိမ်းစား အစိုးရ အရာရှိကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေလည်း ရှိပါသေးတယ်။
သူရ ဦးရွှေမန်းဟာ ပါတီ မှတ်ပုံတင် မကျခင် ပါတီတည်ထောင်ဖို့ စဉ်းစားခဲ့တဲ့ အချိန်ကစပြီး ဒေသအလိုက် ကိုယ့်ဒေသ အကျိုး ဆောင်ရွက်လိုစိတ် ရှိသူတွေကို ကြိုတင် ရှာဖွေတာမျိုးတွေ ပြုလုပ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မကျခဲ့ရင်လည်း အဲဒီလူတွေနဲ့ အသင်းအဖွဲ့ တခု ပုံစံ လှုပ်ရှားဖို့ ပြင်ဆင်ထားခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ သူရ ဦးရွှေမန်းရဲ့ပါတီကို ဒုရဲမှူးဟောင်း မိုးရန်နိုင်လို လူမျိုးတွေကလည်း ထောက်ခံ အားပေးနေတယ်လို့ သိရပါတယ်။ ဦးမိုးရန်နိုင်ဟာ သူရ ဦးရွှေမန်းဆီကို လာရောက်တွေ့ဆုံခဲ့ပြီး သူ့အမှုအတွက် ကျန်နေသေးတဲ့ ကိစ္စတွေမှာ ဥပဒေရေးရာ အကြံ ဉာဏ်တချို့ ရယူခဲ့သလို သူ့ဇာတိ ခင်ဦးမြို့မှာ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီအတွက် လိုအပ်တာတွေ ဝိုင်းဝန်း လုပ်ဆောင် ပေးနေပါပြီ။
သူရ ဦးရွှေမန်းရဲ့ လုပ်ပုံကိုင်ပုံတွေကို အားပေးထောက်ခံသူတွေကတော့ ပြုပြင်ပြောင်းလဲရေး သမား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆင်ပြေသူ၊ ဒီမိုကရေစီကို ယုံကြည်သူ၊ အလုပ်လုပ်ချင်သူလို့ ပြောကြပေမယ့် မကြိုက်ကြသူတွေကတော့ သာကူး၊ ခြံခုန်သွားသူ၊ သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှုနဲ့ မိသားစု အကျိုး စီးပွားတွေကို ထောက်ပြပြောဆိုကြပါတယ်။
သူရဦးရွှေမန်းဟာ တပ်မတော် အရာရှိကြီးဘဝက ဧရာဝတီတိုင်းက လယ်သမားတွေကို လယ်မြေဧကပေါင်း ၄ သောင်းကျော် ဖော် ထုတ်ပေးခဲ့ပြီး အဲဒီလယ်မြေမှာ လုပ်ပိုင်ခွင့်ရတဲ့ လယ်သမားတွေ ရရှိတဲ့ လယ်မြေအမတော်ကြေးတွေကို ဖြတ်ယူပြီး သူ့သားတွေ ပိုင်တဲ့ ဧရာရွှေဝါ ကုမ္ပဏီကနေ သဘာဝ မြေသြဇာတွေ မယူ မနေရ ထုတ်ပေးခဲ့တဲ့ ကိစ္စမျိုးကတော့ ယခုချိန်ထိ လူပြောစရာ ဖြစ်နေ တုန်းပါပဲ။
အခုခေတ်မှာလည်း သူ့သားတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာလည်း သူနဲ့ ခေတ်ပြိုင် ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုတွေ ချမ်းသာတာ ထက် ပိုခဲ့ပါတယ်။
သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုဟာ နိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်းအစ၊ ဆက်သွယ်ရေး လုပ်ငန်းအဆုံး၊ ဆောက်လုပ်ရေး လုပ် ငန်းတွေ အပါအဝင် လုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေကြပြီး မြန်မာပြည်မှာ အချမ်းသာဆုံး လူပုဂ္ဂိုလ်စာရင်းထဲမှာ ရှိနေပါတယ်။
ဒီလို အကျိုးစီးပွားတွေနဲ့ အတူ ယှဉ်တွဲပြီး အမြင်ခံနေရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းက ၂၀၂၀ အလွန်မှာ ပါတီကြီးတခုတည်းက အောင် ပွဲခံဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း ရှိနေပါတယ်။
ဒါကြောင့် လက်ရှိ အာဏာရပါတီကို အားမရသူတွေ၊ အတိုက်အခံ ကြံ့ခိုင်ရေး ပါတီကို မကြိုက်သူတွေရဲ့ မဲကို ရမယ်လို့ မျှော်လင့် ရပေမယ့် အစိုးရ တရပ်ဖွဲ့ နိုင်ဖို့ အထိ အောင်ပွဲခံဖို့ဆိုတာ သူ့ပါတီအနေနဲ့ လုံးဝ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါ တယ်။
“၂၀၂၀ မှာ ပါတီတခုထဲက Landslide နိုင်ပြီးတော့ အစိုးရ ဖွဲ့စည်းဖို့က တော်တော်ခက်ခဲတဲ့ သဘော ရှိပါတယ်။ အဲဒီအတိုင်းပဲ တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားပါတီတွေက ဦးဆောင်ပြီးတော့ အစိုးရ ဖွဲ့နိုင်မှာတော့ မဟုတ်ဘူး”လို့ သူရ ဦးရွှေမန်းက ဆိုပါတယ်။
ဒီလို အခြေအနေမှာ သူ့ပါတီဟာ ဗမာအများစု တည်ရှိရာ ဒေသတွေကို အဓိကထား စည်းရုံးပြီး မဲ တစုံတရာ စုစည်းနိုင်ခဲ့ရင် ၂၀၂၀ အလွန်မှာ လွှတ်တော်ထဲ ရာခိုင်နှုန်း အနည်းငယ်နဲ့ ဝင်လာပြီး အခြေအနေတွေအရ ညွှန့်ပေါင်းပုံစံမျိုး အခင်းအကျင်းမှာ သူရ ဦး ရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလောက်တော့ ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။
“အခုချိန်အထိ သူသုံးနေတဲ့အားက ငွေအား ဖြစ်နေတယ်။ စည်းရုံးရေးအားက တိတိကျကျ မမြင်ရဘူး။ သူ့အပေါ်မှာ သံယောဇဉ် ရှိတဲ့သူတွေနဲ့ အရင် အရှိန်အဝါ အပေါ်မှာပဲ မီခိုနေတယ်။ ကြံ့ခိုင်ရေးပါတီတုန်းက ရထားတဲ့ နိုင်ငံရေး ထောက်ခံမှုမျိုးကို ခွဲယူရတဲ့ သဘောမျိုး ဖြစ်နေတယ်။ သူ့ရဲ့ ပါဝင်လာမှုက ကြံ့ခိုင်ရေးမဲကိုပဲ ခွဲစေမယ်။ NLD မဲကို ရဖို့တော့ မဖြစ်နိုင်ဘူး”လို့ ရန်ကုန်မြို့ က သတင်းစာ ဆရာ ဦးသီဟသွေးက ပြောပါတယ်။
လွှတ်တော်မှာ တနေရာပြန်ရဖို့ ဆိုတာလည်း NLD ပါတီနဲ့ မဟာမိတ် ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေ တယ်လို့ သူကပဲ ဆိုပါတယ်။
သူ့ပါတီဟောင်းဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဟာ တပ်မတော်နဲ့ အလွန် နီးကပ်တာ၊ အကျင့်ပျက် ခြစားတယ်လို့ နာမည် ထွက်ခဲ့သူ တချို့ ကို လက်ရှိအချိန်အထိ ပါတီထဲကနေ အကုန် မဖယ်ထုတ်နိုင်သေးတာကြောင့် လူထုက ဘဝင်မကျဘဲ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်သူ ဗိုလ်ချုပ်ဟောင်းတွေကို သူရ ဦးရွှေမန်းက ကြံ့ခိုင်ရေးပါတီထဲကနေ ခေါ်ထုတ်နိုင်စွမ်း ရှိ၊ မရှိ စောင့်ကြည့်ရဦးမှာပါ။
ဒါပေမယ့် သူ့ပါတီ မူဝါဒအရတော့ ၎င်းတို့ဘက်ကနေ စတင် စည်းရုံးတာမျိုး လုပ်ဆောင်မှာ မဟုတ်ဘဲ ကာယကံရှင်တွေဘက်က စတင် ကမ်းလှမ်းလာတာမျိုး ဆိုရင်တော့ ကြိုဆိုသွားမှာလို့ ဆိုပါတယ်။
ဦးရွှေမန်းရဲ့ စံအိမ်ကြီးနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ နားခိုရာ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ထဲမှာ ရှိတဲ့ နာမည်ကျော် ၆ လုံးတန်းလို့ ခေါ်တဲ့ အလွန်ကျယ်ဝန်းတဲ့ အကွက်ကြီး ၆ ကွက်ထဲမှာ သူရ ဦးရွှေမန်းက A 3 ခေါ်တဲ့ ၁၃ ဧကလောက် ကျယ်တဲ့ စံအိမ်ကြီးကိုပဲ သူ့ရဲ့ပါတီ ဌာနချုပ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
သူရ ဦးရွှေမန်းဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ(SPDC)ဝင် ဖြစ်ခဲ့လို့ ဒီလို အဆောင်အယောင်မျိုးတွေ ရ ရှိခဲ့တာ ဖြစ်ပါတယ်။ သူအပါအဝင် ၂၀၀၉ ခုနှစ်မှာ SPDC အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူး ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးတို့ပဲ ဖြစ်ပါတယ်။
သူတို့ ၆ ဦးနေတဲ့ နေရာဖြစ်လို့ နေပြည်တော် ၆ လုံးတန်းလို့ ခေါ်ဆိုကြပြီး မြေနေရာပေါ် မူတည်ပြီးတော့ ဥက္ကဋ္ဌ ဦးသန်းရွှေက အ ကွက်က အကျယ်ဆုံး ၁၆ ဧက၊ ဦးမောင်အေးက ၁၅ ဧက၊ ဦးရွှေမန်းက ၁၃ ဧက၊ ဦးသိန်းစိန်က ၁၁ ဧက နဲ့ ဦးတင်အေးကတော့ ၁၀ ဧက ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
ဒီလို နေရာတွေနဲ့ နေနိုင်ဖို့ အဲဒီအချိန်မှာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သိန်းညွှန့်က စီစဉ်ခဲ့တာ ဖြစ်ပြီး သူတို့တွေ အ တွက် သာမက စစ်အစိုးရလက်ထက်မှာ ဝန်ကြီး ဖြစ်ခဲ့သူတွေ အတွက် ပေ ၂၀၀ ပတ်လည် အကွက်တွေ၊ ဒုဝန်ကြီးတွေအတွက် ပေ ၁၅၀ အကွက်တွေကို သိန်းဆယ်ဂဏန်းနဲ့ ချပေးခဲ့ပါတယ်။
ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင် ညွှန်ကြားရေးမှူးတွေ အတွက်လည်း ပေ ၁၀၀ ပတ်လည် အကွက်တွေ ရိုက်ပြီး ပေးခဲ့ ပါသေးတယ်။
အကွက်တွေကို အစိုးရက ချပေးခဲ့ပြီး အိမ်ရာ ဆောက်လုပ်ရေးပိုင်းတွေကိုတော့ ကုမ္ပဏီတွေက တာဝန်ယူ ပေးခဲ့ရတာပါ။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ အပါအဝင် SPDC အဖွဲ့ဝင် ၆ ဦးအတွက်ကတော့ အဲဒီခေတ်ကာလက နာမည် အကြီးဆုံး ခရိုနီကြီး ၆ ဦးက တာဝန်ယူ ပေးခဲ့ရပြီး အဲဒီဆောက်လုပ်ပေးခဲ့တဲ့ ခရိုနီ တဦးချင်းစီအတွက် အစိုးရက ကျပ်သိန်း ၂၀၀၀ လောက်တန်တဲ့ ကားပါမစ် အစောင် ၂၀ စီ ထုတ်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီပါမစ်တွေရတဲ့ ခရိုနီတွေဟာ မြေကွက်တွေအပေါ်မှာ အိမ်တွေ ဆောက်ပေးပြီးတဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရ လွှဲပြီးတဲ့ အချိန်လည်းရောက်ရော အရင်တုန်းက ကာကွယ်ရေးဝန်ကြီးဌာနထဲမှ နေတဲ့ အဲဒီလူတွေဟာ ၂၀၁၁ မတ်လ အ ကုန်မှာ အဲဒီ စံအိမ်ကြီးတွေဆီကို ပြောင်းလာကြတယ်။
ပြီးတော့ သူတို့အတွက် လိုအပ်တဲ့ အဆောင်အယောင်၊ လုံခြုံရေး၊ စီးဖို့ မော်တော်ယာဉ် အပါအဝင် လိုအပ်တာတွေ အတွက် အစိုးရ အဖွဲ့ က အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။ သူတို့တွေဟာ နိုင်ငံရေး ပင်စင်တွေလည်း ကျပ်သိန်းပေါင်းများစွာ ရရှိခဲ့ ပြီး ယနေ့အချိန်အထိလည်း ပင်စင်လစာတွေ ခံစားနေရဆဲပဲ ဖြစ်ပါတယ်။ အခုချိန်အထိလည်း သူတို့ကို လုံခြုံရေး အပြည့်ပေးထား တုန်းပါပဲ။
အတိတ်က သင်ခန်းစာများ
သူရ ဦးရွှေမန်းရဲ့ နိုင်ငံရေးလောကမှာ အပြောင်းအလဲတွေ များခဲ့ပါတယ်။ တပ်မတော်မှာ နံပါတ် ၃ နေရာဖြစ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနားယူပြီး တပ်မတော်သား သူ့လူတွေကို ဘောင်းဘီချွတ်ခိုင်း၊ တိုက်ပုံ ဝတ်ခိုင်းတဲ့အခါ သူဟာ သမ္မတဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတ ဖြစ်သွားခဲ့ပါတယ်။
သူကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြုပြီး ဇေယျသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝကနေ သန်းခေါင်ယံ အာဏာသိမ်းပွဲလို့ နာမည်ကြီးတဲ့ ဖြစ်စဉ်နဲ့ ရာထူးက ဖြုတ်ချခံရပြီး ရွေးကောက်ပွဲကိုလည်း သာမန် ပါတီဝင်တဦး အနေနဲ့ ဖြူးမြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ပေမယ့် NLD ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ့် NLD ပါတီ ရွေးကောက်ပွဲ နိုင်လာတဲ့အခါ နေပြည်တော်မှာ အခြေတည်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်ကို အကူအညီ တွေ အများကြီး ပေးခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD နိုင်ခဲ့ပေမယ့် အာဏာမရခဲ့တာ လွှတ်တော် ခေါ်မပေးနိုင်ခဲ့လို့ပါ။ အခုတော့ လွှတ်တော်ခေါ်ပေးပြီးတော့ NLD ကို ကြိုဆိုပေးခဲ့ပါတယ်။ ရာထူးတခုခု ရလာနိုင်တဲ့ NLD ပါတီဝင်တွေကို စွမ်းရည်မြင့် သင်တန်းတွေ စီစဉ်ပေးခဲ့ပါတယ်။
ဒီလိုအကျိုးကိစ္စတွေ အပေါ်မှာ အကြောင်းပြုလို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ်မှ စတင်ပြီး တာဝန်ပေးအပ်ခဲ့လို့ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်တဦး အဖြစ် ဆက်ရှိနေခဲ့တာပါ။
နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြရင်တောင် သူပါတဲ့ အခမ်းအနားတွေဆိုရင် သူရ ဦးရွှေမန်းရဲ့ ရာထူးကို အရင်ဖော်ပြရပြီး သူ့ နောက်မှ ပြည်ထောင်စု ဝန်ကြီးတွေ လိုက်ရတာမျိုးပါ။ ပြီးတော့ သူ့အထူးကော်မရှင်ဟာ အစိုးရ ရှေ့နေချုပ်ရုံးလိုမျိုး သဘော ထား မှတ်ချက်ပြုတဲ့နေရာမှာ အရေးပါတဲ့ အနေအထားအထိ သူရဲ့ (UPB)ပါတီ မှတ်ပုံမတင်ခင် အချိန်အထိ ရှိခဲ့ပါတယ်။
သူရ ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး အဲဒီ ၂၀၁၆ ကနေ ၂၀၁၉ နှစ်ဆန်းပိုင်းအထိ ကာ လတွေမှာ အနည်းဆုံး တပတ်ကို ၂ ကြိမ်၊ ၃ ကြိမ် တွေ့ဆုံကြတာမျိုးတွေ အထိ ရှိပါတယ်။ နိုင်ငံရေးအရလည်း ခိုင်မာတဲ့ မဟာ မိတ်တွေလို့ ဆိုလို့ ရပါတယ်။
ဥပဒေပြုရေးရာနဲ့ စီမံအုပ်ချုပ်ရေးကဏ္ဍတွေမှာ ဦးရွှေမန်းရဲ့ လူတွေကို ဒေါ်အောင်ဆန်းစုကြည် အားကိုးတာကို ကြည့်ရလျှင်တော့ သာသနာရေးနဲ့ ယဉ် ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် စာရေးဆရာ မောင်စာဂတို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် သူရ ဦးရွှေမန်းပါတီ ရွေးကောက်ပွဲ ကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ပြီးတဲ့ ဖေဖော်ဝါရီလမှာပဲ သူ့ရဲ့ အထူးကော်မရှင် တနှစ် သက်တမ်းတိုးမှုကို NLD တွေ ကြီးစိုးထားတဲ့ လွှတ်တော်က ပယ်ချလိုက်တဲ့အခါ အဲဒီနေ့အထိ ကော်မရှင်ကို ရုံးတက်ဖို့ ရောက်နေတဲ့ သူရ ဦးရွှေမန်းတယောက် အငိုက်မိသွားခဲ့ရပါတယ်။
သူရ ဦးရွှေမန်း၏ အထူးကော်မရှင် သက်တမ်းတိုးမှုကို ၂၀၁၇ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နှစ်တိုင်း ကန့်ကွက်ခဲ့တဲ့ တပ်မတော်က တောင် NLD ပါတီက အခုလို လုပ်ချလိုက်တာ သူရဦးရွှေမန်းကို မလိုအပ်တော့လို့ ဆိုပြီး လွှတ်တော်ထဲကို ရောက်နေတဲ့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောဆိုခဲ့ပါသေးတယ်။
သူရ ဦးရွှေမန်းဟာ သူ့ရဲ့ အထူးကော်မရှင် ဖျက်သိမ်း ခံခဲ့ရပေမယ့် နိုင်ငံအရေး၊ ပြည်သူ့အရေး အတွက် လုပ်စရာ များစွာ ရှိသေး တယ်လို့ ကော်မရှင် ဖျက်သိမ်းခံရတဲ့နေ့မှာ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး သူနိုင်ငံရေးက ထွက်သွားဦးမှာ မဟုတ်ဘူး ဆိုတာကို ထပ်မံ အတည်ပြုခဲ့ပါတယ်။
သူ့ရဲ့ ကော်မရှင် သက်တမ်း ကာလအတွင်း လုပ်ဆောင်ခဲ့မှုတွေကို ကျေနပ်အားရမှု ရှိကြောင်း၊ လူတိုင်းတွင် အမှား ၂ ခုသာ ရှိပြီး မလုပ်သင့်တဲ့ အလုပ်ကို လုပ်မိတဲ့ အမှားနဲ့ လုပ်ရမယ့် အလုပ်ကို မလုပ်မိတဲ့ အမှားမျိုး ဖြစ်တယ်လို့ ဆိုရာ သူဘာကို ဆိုလိုချင် တာလဲ ဆိုတာတော့ မရှင်းလင်းခဲ့ပါဘူး။
သူရ ဦးရွှေမန်းဟာ ၁၉၆၅ ခုနှစ်၊ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ ကို တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး တပ်မတော်မှာ ၂၀၁၀ ပြည့်နှစ် အထိ ဗိုလ်ချုပ်ကြီး အဆင့်နဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်လို့ နံ ပတ် ၃ နေရာကို ရခဲ့တာပါ။
တိုင်းပြည်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ လွှတ်တော်မှာ ပထမဆုံး လုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ “ကျနော်က ဒီမိုကရေစီ ဘက်တော်သား” ဆိုပြီး သူရ ဦးရွှေမန်း ဟာ စတင် ကြွေးကြော်ခဲ့တော့တာပါပဲ။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀ အလွန် ပါတီတခုတည်း အစိုးရ မဖွဲ့နိုင်ဟု သူရဦးရွှေမန်း ခန့်မှန်း
တပ်နှင့်မညှိနှိုင်းဘဲ ဖွဲ့စည်းပုံပြင်ရန် ကြိုးစားမှု ခက်ခဲမည်ဟု သူရ ဦးရွှေမန်း သုံးသပ်