ဆောင်းပါး

အွန်လိုင်းပေါ်က အနိုင်ကျင့်မှုတွေကို ပြန်တုံ့ပြန်ကြရအောင်

Want create site? Find Free WordPress Themes and plugins.

“ယုတ်မာလိုက်ကြတာ၊ သူတို့မှာ ဘာနိုင်ကွက်မှ မရှိဘဲနဲ့ ကြံဖန်ပြီး အနိုင်ကျင့်နေတာ” လို့ မနန္ဒီဇော် ပြောမိလိုက်ပါတယ်။

ပြည်တွင်းက NGO တခုမှာ ကိုယ်ရေးအရာရှိ အလုပ် လုပ်ကိုင်နေတဲ့ မနန္ဒီဇော်ကို သူ အသုံးပြုနေတဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်အကောင့်ကို Hack ပြီး ညစ်ညမ်းစကားလုံးတွေ တင်ပြီး သိက္ခာချတာဖြစ်ပါတယ်။ ဘာကြောင့် လုပ်သလဲ၊ ဘယ်သူ လုပ်တာလဲဆိုတာကိုတော့ မနန္ဒီဇော် ကိုယ်တိုင် အဖြေရှာနေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘုတ် အကောင့်ကို Hack ပြီး “ဒီမိန်းမ၊ ငါနဲ့အိပ်ဖူးတယ်”၊ “ကြိုက်ဈေးပေးပြီး ခေါ်လို့ရတယ်” ဆိုတဲ့ စာသားတွေကို ပို့စ်အနေနဲ့ အတင်ခံလိုက်ရတာဖြစ်ပါတယ်။

“ကျမအကောင့်ကို နှောက်ယှက်နေတာသိလို့ မသိတာဆို လက်မခံထားဘူး။ ဒါပေမယ့် အကောင့်တုအမျိုးမျိုးနဲ့ ခဏခဏ လာအပ်တယ်။ ခုလို sex page မှာ အတင်ခံရတာတော့ ဒါက ပထမဆုံးပါ”လို့ မနန္ဒီဇော်က ဧရာဝတီကို ပြောပြပါတယ်။

မိဘအသိုင်းအဝိုင်း၊ အလုပ်အကိုင်၊ လူမှုပတ်ဝန်းကျင်မှာ နာမည်ကောင်းနဲ့ ရပ်တည်နေတဲ့ သူ့ကို အခုလို သိက္ခာချ၊ အရှက်ခွဲတဲ့ လုပ်ရပ်ကြောင့် သူ့မိဘတွေအနေနဲ့ အရှက်ရပြီး စိတ်ထိခိုက်ကြရသလို သူကိုယ်တိုင်လည်း ထိခိုက်ရတယ်လို့ ပြောပြပါတယ်။

“ကျမရဲ့ ဂုဏ်သိက္ခာ၊ ကျမရဲ့ ရပ်တည်မှု၊ ကျမရဲ့တန်ဖိုးက အဲဒီ ကလစ် တချက်မှာ မရှိဘူး။ အွန်လိုင်းပေါ်မှာ လည်း မရှိဘူး။ အဲဒါကို ကျမကို အရှက်ခွဲမယ့်သူတွေ အားလုံး သိစေချင်တယ်” လို့ မနန္ဒီဇော်က ဆိုပါတယ်။

လက်ရှိမှာတော့ ဒီလို Cyber Bullying လုပ် ခံရတဲ့အပေါ် သက်ဆိုင်ရာမြို့မ ရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အရ အမှုဖွင့် တိုင်တန်းထားပေမယ့် ဘယ်မြို့နယ်ရဲစခန်း ဖြစ်တယ်ဆိုတာရယ်၊ အမှု အခြေအနေ ဘယ်အဆင့်ထိ ရောက်ပြီလဲဆိုတာကိုတော့ သူက ပြောပြခြင်း မရှိပါဘူး။

အလားတူ အွန်လိုင်းကနေ အနိုင်ကျင့်ခံနေရတဲ့အတွက် အိပ်မပျော်တဲ့ ညတွေတောင် ရှိခဲ့သူက နိုင်ငံခြားသွင်း ကုန်ထုတ်ကုန် ကုမ္ပဏီတခုမှာ အသက်ငယ်ငယ်နဲ့ ရာထူးကြီးကြီး ယူထားသူ မမေယုပါ။

မေယုရဲ့ အကောင့်ကို Hack ပြီး လူ့အသိုင်းအဝန်းကြား ပြောဖို့ မသင့်တော်တဲ့ စကားလို့ သတ် မှတ်ထားတဲ့ ချစ်သူတွေရဲ့ နှစ်ကိုယ်ကြား ပြောစကားတွေကို Screenshot ရိုက်ကာ သူ သွားလေ့ရှိတဲ့ ဘုရားကျောင်း အပါအဝင် သူနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းကို ပေးပို့ပြီး အရှက်ခွဲ ခံလိုက်ရပါတယ်။

ဘယ်သူက ဘာရည်ရွယ်ချက်နဲ့လုပ်လည်း သေချာမသိပေမယ့် သူ့ရဲ့အထင်က အရင်ရည်းစားဟောင်းက လုပ် တာဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေးပါတယ်။

“ဘာလို့လည်းဆိုတော့ အရင်ကလည်း တခါလုပ်ဖူးတယ်။ အဲဒီတော့ ကျမရည်းစားက မယုံတော့တဲ့အတွက် ပြတ်သွားခဲ့တယ်။ အဲဒီတုန်းကလည်း သူနဲ့ ဘယ်သွားတုန်းကပုံလေ။ ဘာတွေလုပ်ခဲ့တာ။ ဘယ်လိုပေါ့။ အရမ်းကို ရိုင်းစိုင်းတဲ့ စကားတွေနဲ့ ကျမပုံကို တွဲတင်လာတာပါ” လို့ မေယုက အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

“အဲဒီအချိန်က အလုပ်က လူတွေလည်း သိကုန်တယ်။ ရည်းစားနဲ့လည်း ပြတ်သွားတယ်ဆိုတော့ အားလုံးက အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်တာလည်း မခံနိုင်ဘူး။ သူတို့ တိုးတိုးပြောရင် ကိုယ်အကြောင်းပြောတယ်ပဲ ထင်နေတော့ အဲဒီအလုပ်ကနေ ထွက်လိုက်တယ်”လို့ သူက ပြောပြတယ်။

ခေတ်ဟာ တနေ့ထက်တနေ့ နည်းပညာထွန်းကားလာတာနဲ့ အမျှ ဆက်သွယ်ရေးကွန်ရက်တွေအသုံးပြုမှု များပြားလာပါပြီ။ နည်းပညာတွေ တိုးတက်လာမှုကြောင့် ကောင်းကျိုးများစွာ ရှိသလို ဆိုးကျိုးဆိုတာကလည်း ဒွန်တွဲလျက် ရှိနေပါတယ်။

ဒီဘက်ခေတ်မှာ အွန်လိုင်းကနေ Cyber bullying လုပ်ခံရတာတွေ ပိုမို များလာပါတယ်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၃ နှစ်အတွင်းမှာ တိုင်ကြားထားတဲ့ ဆိုက်ဘာ အမှုပေါင်းက ၂ ထောင် ကျော်ရှိပါတယ်။ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၅၅၀၊ ၂၀၁၈ ခုနှစ်တွင် ၇၈၀နဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ၅၀၀ ကျော် ရှိပြီး လာရောက် တိုင်ကြားတာမရှိတဲ့ အမှုများစွာလည်း ရှိနေနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောင်က နည်းပညာမှုခင်းဌာနမှ ရဲမှူးကြီး ညွန့်ဝေက ရှင်းပြပါတယ်။

ဆိုက်ဘာမှုခင်းတွေမှာ အွန်လိုင်းမှ တဆင့် ငွေကြေးလိမ်လည်မှုတွေ၊ ငွေကြေးအရှုပ်အရှင်းကိစ္စတွေနဲ့ အွန်လိုင်း လိင်အကြမ်းဖက်မှု ကိစ္စရပ်တွေက အများဆုံး တိုင်ကြားကြလို့လည်း နည်းပညာမှုခင်းဌာနမှ သိရပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက ဖေ့စ်ဘုတ် (Facebook App) အများဆုံး အသုံးပြုတဲ့ နိုင်ငံစာရင်းမှာ အဆင့် ၂၅ နေရာက ရပ်တည်နေတယ်လို့ Social Media Development Myanmar-SMDM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (Myanmar ICT for Development Organization – MIDO) Program Director မရတနာက Cyber Bully ပြုလုပ်ခံရတဲ့အခါ ရင်ဖွင့်ပြောနိုင်မယ့်သူ၊ အကြံပေးနိုင်သူ၊ အကာအကွယ် ပေးမယ့်သူ ရှိဖို့ လိုအပ်ပြီး ဒီလိုမှမဟုတ်ရင် စိတ်ဓာတ်ကျဆင်းကာ သတ်သေနိုင်တဲ့အထိ ရှိသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

အစိုးရအနေနဲ့လည်း ပြည်သူလူထုကို ပညာပေးတာတွေ လုပ်ဖို့လိုတဲ့အပြင် အမှန်တကယ် အကာအကွယ် ပေးနိုင်တဲ့ ခိုင်မာကောင်းမွန်တဲ့ ပေါ်လစီတွေ ချမှတ်ပေးဖို့နဲ့ ချမှတ်ထားတဲ့ပေါ်လစီတွေကို သေချာနားလည်ပြီး အဲဒီပေါ်လစီတွေနဲ့အညီ အရေးယူပေးနိုင်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဘာကြောင့် Cyber Bully လုပ်တာလဲ

လူတယောက်နဲ့ တယောက် Cyber Bulling ပြုလုပ်ခံရတဲ့ ပုံစံကတော့ မတူညီပါဘူး။ အများစု ကြုံတွေ့ရတာ ကတော့ ဖေ့စ်ဘုတ်အကောင့်ကို hack ယူပြီး ပိုင်ရှင်ရဲ့ လူသိမခံသင့်တဲ့အချက်အလက်တွေကို ဖွင့်ချတာ၊ ညစ်ညမ်းပေ့ချ်တွေမှာ တင်ပြီး သိက္ခာချတာ၊ ငွေညစ်တာ၊ ပိုင်ရှင်ဟန်ဆောင်ပြီး နီးစပ်သူတွေဆီကနေ ငွေလိမ်တာတွေဖြစ်ပါတယ်။

Cyber bullying က မိန်းကလေးတွေတင် အနိုင်ကျင့်ခံရတာမဟုတ်ဘဲ ယောင်္ကျားလေးတွေလည်း အနိုင်ကျင့် ခံရနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက ပိုပြီး ခံရတာများနေပါတယ်။

ယဉ်ကျေးမှု၊ စည်းကမ်း၊ အစဉ်အလာတွေ ထိန်းသိမ်းရတာ များပြားတဲ့ မြန်မာနိုင်ငံမှာ ဝေဖန် ကဲ့ရဲ့ ခံရမှာကို ကြောက်ကြတဲ့ မိန်းကလေး အများစုက သူတို့အဖြစ်အပျက်တွေကို ပြန်မပြောလိုကြဘူး။ ပြောဖို့ မဝံ့ရဲကြဘူး။ ဒါကိုအခွင့်ကောင်းယူပြီး တချို့ ယောင်္ကျားလေးတွေက မိန်းကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတယ်။ တချို့က လက်စားချေတဲ့သဘောနဲ့ အရှက်ခွဲတာဖြစ်ပြီး တချို့က အကြောင်းအရာ တခုခု ပေါ်မှာ မနာလို ဝန်တိုတာတွေကြောင့် တိုက်ခိုက်ကြတာ ဖြစ်တယ်။ ယခင်က နာမည်ကျော်ကြားတဲ့ အနုပညာရှင်တွေ ပစ်မှတ်ထား တိုက်ခိုက်ကြပေမယ့် ယခုအခါမှာ အင်တာနက် အသုံးပြုသူအားလုံးကို တိုက်ခိုက်နေတာ ဖြစ်တယ်။

နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်စော်ကားမှု ခံရနိုင်ပေမယ့် ပုံစံတမျိုးဖြစ်တဲ့ တိုက်ခိုက်မှုအနေနဲ့ အင်တာနက်ပေါ်မှာ ကြုံတွေ့ရတဲ့အခါ အရင်နဲ့ မတူတာက ပိုပြီး ပျံ့နှံ့လွယ်တာ၊ ပိုအရှက်ကွဲတာ၊ ပိုကြီးကြီးကျယ်ကျယ် ဖြစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ထိခိုက်နစ်နာတဲ့သူတွေက offline မှာ အနိုင်ကျင့်ခံရတာ ထက်ကို ပိုပြီး ထိခိုက်နစ်နာ ခံစားရတာမျိုးတွေ ဖြစ်လာပါတယ်။

တိုက်ခိုက်သူတွေဟာ ရည်ရွယ်ချက်က ဆိုရှယ်မီဒီယာကို သုံးပြီး လူတယောက်ကို ကျရှုံးသွားအောင်၊ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ရပ်တည်လို့ မရအောင် လုပ်တာ ဖြစ်တယ်လို့ IT သင်တန်းကျောင်းတခုမှ ဆရာ ဖြစ်တဲ့ ကိုသိန်းဇော်က သုံးသပ်ပါတယ်။

လူတယောက်ရဲ့အားနည်းချက် ဒါမှမဟုတ် လျို့ဝှက်ချက်တွေကို အွန်လိုင်းမှာ ဖော်ပြပြီး အနိုင်ကျင့်ခံရပါက ပြု ကျင့်ခံရသူရဲ့ စိတ်ခံစားမှုအခြေအနေပေါ် မူတည်ပြီး သူတို့ဘဝတွေက ပြောင်းလဲသွားတယ်လို့လည်း သူက ရှင်းပြပါတယ်။

ဒီလို အွန်လိုင်းကနေ အနိုင်ကျင့်ခံရတဲ့ မိန်းကလေးတယောက်အနေနဲ့ နားလည်မပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာ နေရပါက စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ဖြစ်လာနိုင်ပြီး ထိုပတ်ဝန်းကျင်ကနေ ထွက်ပြေးသွားတာမျိုးလည်း ရှိနိုင်ပါတယ်။

စာရေးဆရာမ ချိုပိန်းနောင် ဆိုတာကတော့ သမီးတယောက်ရဲ့ မိခင်၊ စာပေနယ်ပယ်ဘက်တွင်လည်း ပရိသတ် အခိုင်အမာရှိထားသူ ဖြစ်တယ်။ စာရေးသားခြင်းကလွဲလို့ တခြားလူမှုရေးအရှုပ်အရှင်းမရှိတဲ့ မချိုပိန်းနောင် လည်း အွန်လိုင်းကနေ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒါဟာ နာမည်ပျက်စေချင်တဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ သူက သုံးသပ်ပြီး “စာတကြောင်း ဗလောင်းဗလဲနဲ့ လူတွေ သတ်သေတဲ့ထိဖြစ်ရတယ်။ လုပ်လိုက်တဲ့သူက ဘာမှ မဟုတ်ဘူး၊ မရည်ရွယ်ပါဘူး ဆိုပေမယ့်လည်း ခံရတဲ့ သူကတော့ အလူးအလဲပဲလေ” လို့ မချိုပိန်းနောင်က ထောက်ပြပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ အချို့သော Victim တွေက ရဲတိုင်တာ၊ အမှုဖွင့်တာတွေပြုလုပ်ကြပေမယ့် ဒါကလည်း အင်မတန် နည်းပါတယ်။

ဒီလို အွန်လိုင်းကနေ ခြိမ်းခြောက်ခံနေရတဲ့ကိစ္စက မိန်းကလေးတွေအတွက် ရှက်စရာမဟုတ်တဲ့အတွက် နုတ်ပိတ်နေဖို့ မလိုပါ။ ရှက်လို့ငြိမ်ခံနေရင် ပိုဆိုးလာဖို့ပဲရှိတယ်လို့ မချိုပိန်းနောင်က အကြံပြုပါတယ်။

သူ တိုက်ခိုက်ခံရစဉ်တုန်းက အမှုဖွင့်ဖို့ လုပ်တဲ့အခါ သူငယ်ချင်းဖြစ်သူက ဒီလောက်ကြီး အကျယ်မချဲ့ဖို့၊ ပို့စ်လည်းပြန်ဖျက်ပစ်ဖို့၊ ရှေ့ဆက်တိုးရင် ကိုယ်တိုင်ရဲ့ သိက္ခာပဲ ထိခိုက်မှာလို့ ပြောလာဖူးတယ်လို့ ပြန်ပြောပြတယ်။

“ကျမငြင်းလိုက်တယ်။ ဒါက ဥပေက္ခာပြုရမယ့် ကိစ္စမဟုတ်သလို ဖုံးကွယ် ၊ ရှက်ရွံ့လိုက်ရမယ့် ကိစ္စလည်း မဟုတ်ဘူး။ ငြိမ်နေမှသာ ဟုတ်လို့ငြိမ်တာ ဆိုပြီး အပြောခံလာရနိုင်တာ။ မဟုတ်ရင် မခံဖို့ပဲ တွန်းအားေ ပးချင်တယ်” လို့ မချိုပိန်းနောင်က ပြောပါတယ်။

ခံရသူ ကာယကံရှင်တွေက ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ကြတယ်။ လုပ်တဲ့ လက်သည်တရားခံကို အများစုက မသိရှိကြတာမို့ တရားခံ နေရာမှာတော့ ရှာဖွေ စုံစမ်းဆဲသာ ဖြစ်နေလေ့ရှိတယ်။ ဒီလို အွန်လိုင်းကနေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေအပေါ် တရားခံ မိခြင်း၊ မမိခြင်းနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေ ယနေ့အထိ မကြားရသေးပါဘူး။

ဖြစ်စဉ် တခုအနေနဲ့ လိင်ပြောင်းထားသူ မော်ဒယ် မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က သူ့ရဲ့ အတွင်းရေးတွေကို ဖွင့်ချ၊ ဖော်ထုတ်ပြောဆိုကာ Cyber Bully လုပ်ခဲ့တဲ့ “Cele Cele Small” ဖေ့စ်ဘုတ်ပေ့ချ် ရဲ့ ဦးဆောင်သူ ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရေရာတဲ့အဖြေ၊ သက်သေ မရှိတာကြောင့် ရဲတပ်ဖွဲ့က မျိုးကိုကိုစန်းကို ပြန်လည် လွှတ်ပေးခဲ့ရပါတယ်။

“အကောင့်တုတွေနဲ့ လုပ်ကြတော့ အကောင့်တုဆိုတာကလည်း သိတဲ့အတိုင်းပဲ ဘာမှ ခြေရာ လက်ရာ မကျန်အောင် သူတို့က ဆောင်ရွက်ထားတာလေ။ ဒါပေမယ့် သုံးတဲ့နေရာသိပြီဆိုတာနဲ့ နယ်မြေရဲနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်တယ်”လို့ ရဲမှူးကြီး ညွန့်ဝေက ပြောပါတယ်။

Cyber bullying လုပ်တယ် ဆိုတာက ယခုအခါမှာ ခေတ်စားနေတဲ့ ရာဇဝတ်မှု တခု ပြောလို့ ရပါတယ်။ ဒီလို ကြုံတွေ့ရတဲ့ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့်တိုက်ခိုက်မှုကို ငြိမ်ခံမနေဘဲ တန်ပြန်တုံ့ပြန်တတ် ရပါမယ်။ ဒါမှသာ နောက်ကွယ်ကနေ အနိုင်ကျင့် စော်ကားလိုသူတွေဟာ ရှေ့တလှမ်းထပ်တိုးလာမယ့် အခြေအနေကနေ နောက်ကို တလှမ်းပြန်ဆုတ်နိုင်မယ်လို့ ယူဆရမှာပါ။

တိုက်ခိုက်ခံရတဲ့အခါ ဘယ်လို လုပ်ဆောင်မလဲ

လက်ရှိမှာတော့ ဒီလိုဖြစ်စဉ်တွေအပေါ်မှာ ပြစ်ဒဏ်ပိုပြီး ကြီးလေးတဲ့ အီလက်ထရောနစ်ဥပဒေဖြင့် တရားစွဲဆိုမှု နည်းပြီး ဆက်သွယ်ရေးဥပဒေဖြင့်သာ တရားစွဲဆိုမှု များပြားတယ်လို့ သိရပါတယ်။ ဒါကြောင့် နည်းပညာ ကျွမ်းကျင်တဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေက ဆိုက်ဘာဥပဒေ တရပ်ပေါ်ပေါက်ဖို့ တောင်းဆို နေကြပါတယ်။ လက်ရှိမှာ ဆိုက်ဘာ ဥပဒေက ဥပဒေမူကြမ်း အဆင့်မှာသာ ရှိပါသေးတယ်။

အကယ်၍ အွန်လိုင်းမှ ခြိမ်းခြောက် အနိုင်ကျင့်ခံရလျှင် နီးစပ်ရာ မြို့နယ်ရဲစခန်းသို့ အကြောင်းကြား တိုင်ကြား နိုင်ပြီး မှုခင်းအတွက် လိုအပ်တဲ့ ဗီဒီယိုဖိုင်တွေ၊ စာတွေကို စခရင်ရှော့ရိုက်ထားကာ သက်သေအဖြစ် သိမ်း ဆည်းထားဖို့ လိုအပ်တယ်လို့ နည်းပညာမှုခင်းဌာနမှ အကြံပေးထားပါတယ်။

မြန်မာနိုင်ငံမှာ Cyber bullying လုပ်ခံရသူတွေအတွက် Cyber law ရယ်လို့ သီးသန့်မရှိသေးပေမယ့် ဥပဒေ ကြောင်းအရ ဆက်သွယ်ရေးဥပဒေတွေ ဖြစ်တဲ့ ပုဒ်မ ၃၄(ဃ)၊ ပုဒ်မ ၆၆(ဃ)နဲ့ ပုဒ်မ ၆၆(ဂ)တို့နဲ့ အမှုဖွင့်၊ အရေးယူနိုင် တယ်လို့ နည်းပညာမှုခင်းဌာနမှ ရဲမှူးကြီး ညွန့်ဝေက ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)မှာ “ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်ခြင်း၊ တောင်းယူခြင်း၊ သရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ” တို့ကို ပြုလုပ်ပါက ” နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည်”လို့ ပြဋ္ဌာန်းထားပါတယ်။

ဥပဒေ ပုဒ်မ ၆၆(ဂ)မှာ “ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း” တို့ကို ပြုလုပ်ပါက ” နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည်”လို့ ပြဋ္ဌာန်းထားပါတယ်။

အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ)မှာ “အဖွဲ့အစည်း တခု (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးကို ထိခိုက်နစ်နာ စေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်နှင့် အီလက်ထရောနစ် နည်းပညာ ဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲခြင်းပြုလုပ်ထားသည့် အချက်ကို ဖြန့်ချိခြင်း တို့ကို ပြုလုပ်ပါက “ငွေကျပ်ဆယ်သိန်းမှ ငွေကျပ် သိန်းတစ်ရာအထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး ၃ နှစ်အထိ ချမှတ်ခံရမည်” လို့ ဆိုထားပါတယ်။

ဆက်စပ်ဖတ်ရှုရန်

၃ နှစ် အတွင်း ဆိုက်ဘာမှုခင်း တိုင်ကြားမှု ၂ ထောင်ခန့် ရှိဟု ဆို

ဆိုရှယ်မီဒီယာမှာ အဖြစ်များလာတဲ့ Cyber Bullying အကြောင်း တစေ့တစောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading