သွေးအေးအောင် အချိန်စောင့်ပြီးမှ ကောင်းမြတ်တဲ့ စိတ်ဆန္ဒ စေတနာနဲ့ ဒီစာကို ရေးတာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် အခါလောက် ရှုပ်ထွေးတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေမျိုးကို ကျနော်မကြုံဖူးသေးပါဘူး။ လွတ်လပ်ရေး မရခင်နဲ့ ရပြီးတဲ့ကာလ ပြည်တွင်းစစ်ပွဲတွေကို မမီခဲ့လို့လားတော့ မသိပါဘူး။ ကျနော့်တသက်မှာ နိုင်ငံရေးအရ အခုအချိန်က ငြိမ်သက်နေသလိုလိုနဲ့ အရှုပ်ထွေးဆုံး လို့ မှတ်ယူမိပါတယ်။
အဲ့ဒီကာလမျိုးမှာမှ ၂ဝ၂ဝ- ကြရင် အထွေထွေ ရွေးကောက်ပွဲကြီးက ကျင်းပရအုန်းမှာ ဖြစ်ပါတယ်။ ဆိုခဲ့သလိုဘဲ ပြိုင်ဆိုင်မှုတွေ ညှိ နှိုင်းမရမှုတွေ များလွန်းနေတဲ့ကာလမှာ လုပ်မဲ့ ရွေးကောက်ပွဲမို့ အနိုင်ရဖို့ ပြိုင်ဆိုင်မှုတွေက ပြင်းပြင်းထန်ထန် ဖြစ်လိမ့်မယ် ဆိုတာ နိုင်ငံရေးသမားတိုင်းက မျှော်လင့်ထားကြပြီးသား ဖြစ်ပါတယ်။ အစိုးရရော၊ အတိုက်အခံတွေကရော ရသမျှ / ရှိသမျှ ပြင်ဆင်နေကြ တာကိုလဲ ထင်ထင်ရှားရှားတွေ့နေရတယ်။ အရင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် (၃၁/၂ဝ၁၅) ကိုတောင် လက်ရှိ အစိုးရဖက်က ရယူသုံးစွဲမယ်ဆိုတဲ့ အပြောတွေတောင် တွေ့လာနေရတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ရွေး/ကော်က ထုတ်ခဲ့တဲ့ သမ္မတတွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ ရာထူးက မထွက်ဘဲ မဲဆွယ်နိုင်တယ် ဆိုတဲ့ အမိန့်ပါ။ ကိုယ့်အတွက် အသုံးဝင် မယ်ဆိုရင် အရင်က မကြိုက်ခဲ့ပေမဲ့လဲ အခုချိန်မှာတော့ မကြိုက်ခဲ့တာကို မေ့ပစ်နိုင်စွမ်းတွေ ရှိလာကြပါတော့တယ်။
ပြီးခဲ့တဲ့ ၂ဝ၁၈- နိုဝင်္ဘာလက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့ ပါတီရဲ့ ကိုယ်စားလှယ်လဲ မန္တလေးတိုင်း ဒေသကြီး ရဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ပြိုင်ခဲ့တယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်ကို ရှုံးခဲ့တယ်။ နောက် ပိုင်းမှာ လုပ်ငန်းစဉ်တွေကို ပြန်စိစစ်လိုက်တော့ အခြားကိစ္စတွေနဲ့ ငွေစာရင်းကိစ္စတွေမှာ လွဲချော်နေတာတွေ တွေ့ရလို့ ကော်မရှင်ကို ဥပဒေပါအတိုင်း ကန့်ကွက်ခဲ့တယ်။ သုံးဦးပါတဲ့ ခုံအဖွဲ့နဲ့ ကော်မရှင်က စစ်ဆေးခဲ့တယ်။ ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့တယ်။ ကျနော်တို့က ပြီးပြီးရောဆိုပြီး နေလိုက်ပေမဲ့ နားလည်သူတွေက ခုံအဖွဲ့ရဲ့ သုံးသပ်ချက်နဲ့ ဆုံး ဖြတ်ချက်တွေကို ပြန်ဖတ်ကြည့်ကြတော့ အယူခံဆက်တက်ဖို့ ဖြစ်လာရပါတယ်။
တခြားကိစ္စတွေကို ဖယ်ထားလိုက်ပြီး လာမဲ့ ၂ဝ၂ဝ- ရွေးကောက်ပွဲမှာ အခက်အခဲဖြစ်စေနိုင်မဲ့ အချက်နှစ်ချက်ကို ထောက်ပြပြီး ဥပဒေအရ အခွင့်အရေးရှိတဲ့ နောက်ထပ် အယူခံတက်ခဲ့တယ်။ မူလ ခုံရုံးရဲ့ (၃) ဦးအပါအဝင် စုံညီ (၁၅) ဦးပါတဲ့ ခုံက ဆက်စစ်ပါ တယ်။ အမိန့်ချတော့ (၃) ဦးခုံရုံးရဲ့ အမိန့်ကို ဆက်လက်အတည်ပြုတယ်လို့ အမိန့်ချတယ်။ အမိန့်ကို ဖတ်ကြားတဲ့ အချိန်က တနာ ရီလောက်လို့ ခန့်မှန်းကြတယ်။ ရှုံးဆိုလဲ ရှုံးပေါ့ ဆိုပြီး ဆုံးဖြတ်ချက် အမိန့်ကို မိတ္တူကူးဖို့ ပြောလိုက်တယ်။
အဲ့ဒီမှာ ပြဿနာက စတာပါဘဲ။ ပုဒ်မ။ ၁ဝ၃ (ခ) အရ အမိန့် မိတ္တူကို ကူးခွင့်မပြုနိုင်ဘူး။ ဥပဒေ အရ ကူးခွင့်မပြုလို့ ပြောလာပါလေရော။ ပုဒ်မ။ ၁ဝ၃ (ခ) – မှာ ဖေါ်ပြထားတာက “ ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပုဒ်မ ၇၄၊ ပုဒ်မခွဲ (ခ) အရ လည်းကောင်း၊ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ပုဒ်မ ၇၅၊ ပုဒ်မခွဲ (ခ) အရ လည်းကောင်း၊ နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန်ကြေညာပြီး ဖြစ်၍ နည်း ဥပဒေ ၉၉ နှင့် ၁ဝဝ တို့တွင် ခွင့်ပြုထားသည်မှ တပါး ယင်းသို့ ဆုံးဖြတ်ချက် ချပြီးသည့် အမှုတွဲများ၏ မိတ္တူကို ကူးယူခွင့်ပြုရန် ကော်မရှင်ရုံးတွင် တာဝန် မရှိစေရ” ဆိုတာ ဖြစ်ပါတယ်။ သဘောကတော့ ကော်မရှင်ခုံအဖွဲ့က ဆုံးဖြတ်ချက်ချခဲ့တဲ့ အမှုတွဲကို မိတ္တူကူးခွင့် မပြုဘူးဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
ကျနော်တို့ရဲ့ ညံ့ဖျင်းချက်ကလဲ ကိုယ်တိုင်ကြုံတော့မှ အခု ပြဋ္ဌာန်းချက်ကို သိရတာပါဘဲ။ ကျနော်တို့ နားလည်တာက ဥပဒေ အရ
ဖွဲ့စည်းခဲ့တဲ့ တရားရုံးတွေ၊ ခုံအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်/သုံးသပ်ချက်တွေ (မှန်သမျှ) အားလုံးဟာ ပွင့်လင်းမြင်သာမှု ရှိမယ်။ အနိမ့်ဆုံးအဖြစ် ပါဝင်ပတ်သက်သူတွေ အနေနဲ့ ဆုံးဖြတ်ချက်/သုံးသပ်ချက်တွေကို သိခွင့်ရှိရမယ်။ မိတ္တူ ကူးခွင့် ရှိရမယ် ဆိုတာဘဲ သိခဲ့တယ်။ အခုတော့ ကိုယ်သိပြီးသား ဆုံးဖြတ်ချက်ကို နိုင်ငံတော်ပြန်တမ်းမှာဘဲ ဖတ်ခွင့်ရမယ်။ ကိုယ် တလုံးတပါဒမှ မသိရသေးတဲ့ ကော်မရှင်ရဲ့ သုံးသပ်ချက်တွေက ဘာတွေလဲ၊ ဘယ်လို သုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့သလဲ ဆိုတာ သိခွင့်မရတော့ပါဘူး။ ဝမ်းနည်းစရာကောင်းတာက အရင် ရွေး/ကော် က ပြဋ္ဌာန်းချက်တွေကို အခု အစိုးရက ဖွဲ့တဲ့ ရွေး/ကော်က ဆက်လက် အကာအကွယ်ယူ ကျင့်သုံးနေတာဘဲ ဖြစ်ပါတယ်။
အယူခံ ဆက်တက်လို့ မရမှန်း သိပေမဲ့ ဘာကြောင့်၊ ဘယ်လိုကြောင့် ဆိုတာကတော့ ကာယကံရှင်တင်မက အများပြည်သူတွေလဲ သိပိုင်ခွင့် ရှိတယ်လို့ မြင်မိပါတယ်။ မင်းရှုံးပြီ – သွားတော့ကွာ ဆိုတာလောက်နဲ့ ပြီးသွားတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဘာကြောင့် ဘယ်လိုကြောင့် ဆိုတာကို အကျိုးသင့် အကြောင်းသင့် သိခွင့်ရှိရပါမယ်။ အရင် အစိုးရက အကာအကွယ်ယူခဲ့တဲ့ ပုဒ်မ ဆိုရင်လဲ အခု အစိုးရရဲ့ လူကြီးတွေက အကာအကွယ် မယူသင့်ပါဘူး။ ဒီပုဒ်မ ကလဲ မဖြစ်မနေ လိုက်နာရမဲ့ ဥပဒေ မဟုတ်ပါဘူး။ ကိုယ့်သုံး သပ်ချက်ကို မထုတ်ပြန်ရဘူးလို့ တားမြစ်ထားတာလဲ မဟုတ်ပါဘူး။
ကိုင်း ။ ကျနော်တို့ဖက်က ဘာတွေ အယူခံခဲ့သလဲ။ တခြား တကိုယ်ရေ ကိစ္စတွေကို မပြောတော့ပါဘူး။ လာမဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြဿနာ ဖြစ်နိုင်တဲ့ အချက် (၂) ချက်ကိုဘဲ ပြန်ပြောပြချင်ပါတယ်။ ၃-ဦးပါ ခုံရုံးတုန်းက ရွေးကောက် ပွဲ အနိုင်ရသူဖက်က တင်ပြလာတဲ့ ငွေစာရင်းရှင်းတမ်း- ငွေရပြေစာ (၂၁၇ ) စောင်ထဲက (၁၂၇) စောင်မှာ တံဆိပ်ခေါင်းခွန် ကပ် မထားပါဘူး။ ငွေရပြေစာ အားလုံးရဲ့ (၅၈.၅%) ကျော် ဖြစ်ပါတယ်။ တန်ဘိုးအားဖြင့် (ကျပ်ငွေ ၃၇-သိန်းကျော်) ဖြစ်ပါတယ်။
နောက် တစ်ခုက အတူတကွ မဲဆွယ်ထွက်ခဲ့ကြသူတွေရဲ့ ကုန်ကျစရိတ်ကို ကုန်ကျစရိတ်ထဲ မထည့်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲ့ဒီ နှစ်ချက်စလုံး ဖြစ်ခဲ့တယ်ဆိုတာ အငြင်းမပွါးကြပါဘူး။ ၃-ဦးပါခုံအဖွဲ့က တံဆိပ်ခေါင်းမကပ်တဲ့ကိစ္စကို သုံးသပ်ရာမှာ နယ်မြို့ တချို့မှာ တံဆိပ်ခေါင်းမကပ်တာတွေ ရှိနိုင်ပါတယ်။ ငွေစာရင်း တင်ပြလွှာတွေမှာလဲ တံဆိပ်ခေါင်း ကပ်ရမယ်လို့အတိအလင်း ဖေါ်ပြထားတာ မရှိတာကိုလဲ တွေ့ရတယ်။ တံဆိပ်ခေါင်းမကပ်လို့ လျှောက်ထားခံရသူ မဲပို ရသွားတာ မဟုတ်ဘူးလို့ သုံးသပ်ပြီး ဒါကို တရားမဲ့ ပြုကျင့်မှု မဟုတ်တဲ့သဘော ထားလိုက်တယ်။
ဒုတိယ တစ်ခုက မဲဆွယ်ပွဲအတူသွားကြသူတွေရဲ့ ကုန်ကျစရိတ်ကို ထည့်မတွက်ထားတာကို ဘယ်လိုသုံးသပ်ထားလဲ ဆိုတော့ လျှောက်ထားခံရသူရဲ့ ထွက်ဆိုချက်မှာ အဲ့လို မထည့်တွက်ထားတာဟာ မိမိတို့ ပါတီရဲ့ မူဝါဒအရ ဖြစ်တယ်။ ပါတီက ကိုယ်စား လှယ်လောင်းတွေ ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ မိမိစရိတ်နဲ့ မိမိ ဝန်းရံရမယ်လို့ ညွှန်ကြားထားပါတယ်တဲ့။
ဒါကြောင့်သူတို့ရဲ့ ကုန်ကျ စရိတ်ကို ကိုယ်စားလှယ်လောင်းက ကျခံပေးရခြင်း မရှိတဲ့အတွက် ထည့်မတွက်ထားပါ ဆိုတဲ့ ထုချေချက်ဟာ ပါတီမူဝါဒ ဖြစ်တဲ့ အတွက် ဒါက တရားမဲ့ပြုကျင့်တယ်လို့ မဆိုနိုင်ဘူးဆိုတဲ့ သဘောမျိုး သုံးသပ် ဆုံးဖြတ်ထားခဲ့တယ်။ (အတိအကျ သိချင်ရင်တော့ ၃-ဦးထိုင် ခုံရုံးရဲ့ ဆုံးဖြတ်ချက် မိတ္တူ မှာကြည့်နိုင်ပါတယ်) ဒီအချက် (၂) ချက်ကို ကျနော်တို့ကိုယ်စားလှယ်က ဆက်ပြီး အယူခံတင် ခဲ့တာပါ။ ၁၅-ဦးထိုင် ခုံရုံးဖြစ်တဲ့ ကော်မရှင်က ၃-ဦးထိုင်ခုံရုံး သုံးသပ်ချက်အပေါ် ဘယ်လို ဆက်လက်ပြီး သုံးသပ်သလဲတော့ မိတ္တူ ကူးခွင့် မရလို့ မသိနိုင်ပေမဲ့ ၃-ဦးထိုင် အမိန့်ကို ဆက်လက်ပြီး အတည်ပြုခဲ့တော့ အထက်ပါ အချက် (၂) ချက်ကို ဆက်လက်လက်ခံ လိုက်တယ်ဆိုတာကတော့ အရမ်းကို ထင်ရှားနေပါတယ်။
ကောင်းပါပြီ။ ဒီတစ်ယောက်အတွက် ဥပဒေအရ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အလားတူကိစ္စမျိုးဖြစ်တဲ့ နောက်အခြား တယောက်ကို နောက်ထပ်တမျိုး အမိန့်ချလို့ မရတော့ပါဘူး။ ၂ဝ၂ဝ- ကြရင် ငွေစာရင်း ရှင်းတမ်းတွေမှာ တံဆိပ်ခေါင်းမကပ်လဲ ကိစ္စ မရှိတော့ဘူးပေါ့။ မဲဆွယ်ပွဲကို အတူတူသွားပေမဲ့ (ပါတီမူဝါဒ အရ) ကိုယ်စားလှယ်ဖက်က ကုန်ကျစရိတ်မထုတ်ရလို့ ငွေစာရင်းထဲ မထည့်ရင်လဲ ကိစ္စမရှိတော့ဘူး ဆိုတဲ့သဘော ဖြစ်မနေပေဘူး လားဗျာ။
ဥပဒေထဲမှာ ကုန်ကျစရိတ်ကို အဓိပ္ပါယ်ဖွင့်တာက (ပါတီ+ကိုယ်ပိုင်+လှူဒါန်း) ဆိုပြီး ပြောထားပေမဲ့ “ပါတီတစ်ခုရဲ့ မူဝါဒမို့” ဆိုပြီး သုံးသပ်ခဲ့တာ အံ့အားသင့်စရာပါ။ ဥပဒေ၊ နည်းဥပဒေတွေထက် ပါတီမူဝါဒကို လက်ခံလိုက်တဲ့အတွက် နောင်တစ်ချိန် တခြားပါတီတွေကလဲ သူတို့ရဲ့ စိတ်ကြိုက်မူဝါဒတွေ ထုတ်ပြန်လာကြတော့မှာ ဖြစ်ပါတယ်။ အဲ့အခါကြရင်လဲ လက်ခံရတော့မှာ ဖြစ်ပါတယ်။ ငြင်းမယ်ဆိုရင်လဲ အခု အယူခံမှာကထဲက ငြင်းရမှာပါ။ နောင်တစ်ချိန်မှ နောက်တစ်မျိုး မရိုးအောင်လုပ်လို့ မရတော့ပါဘူး။
ဒီလိုသာဆိုရင် ပြိုင်ဆိုင်မှုပြင်းထန်မဲ့ ၂ဝ၂ဝ- မှာ ငွေများသူက မဲအသာစီး ရတော့မှာပါ။ သတ်မှတ်ချက် (ကျပ်သိန်းတစ်ရာ) ဆိုတာ ငွေကြေးအရာမှာ မျှတဖို့ ဖြစ်ပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်လဲ ပျက်စီးရတော့မှာပါ။ ရွေး / ကော် အနေနဲ့လဲ ၂ဝ၂ဝ-မှာ ခုံဖွဲ့ခဲ့ရရင် အခုလို သုံးသပ်ချက်/ဆုံးဖြတ်ချက်ကိုဘဲ ချမှတ်ရတော့မှာပါ။ ဟိုတုန်းက တမျိုး- အခု ကြတော့တမျိုး လုပ်လို့ မရတော့ပါဘူး။ ကျင့်သုံးတဲ့ ဥပဒေက (တမျိုးထဲ၊ တခုထဲ) ဖြစ်လို့ပါ။
အခက်ဆုံးက ရှိပါသေးတယ်။ ၁၅-ဦးထိုင် ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို သိခွင့်သာရပြီး အဲလိုဆုံးဖြတ်ရအောင် သူတို့တွေ ဘယ်လို သုံးသပ်ချက်တွေ ရှိခဲ့လဲ ဆိုတာ (လုံးဝ) သိခွင့်မရခြင်းဘဲ ဖြစ်ပါတယ်။ ပုဒ်မ။ ၁ဝ၃ (ခ) အရ တာဝန်မရှိဘူး။ ကူးခွင့်မရှိဘူး ဆိုတာနဲ့ ပိတ်ပင်ထားတာပါ။ အဲဒီ ပုဒ်မ။ ၁ဝ၃ (ခ) ဆိုတာ ဆုံးဖြတ်သူတွေနဲ့ အယူခံတင်ထားသူတွေကို ခြားနားထားတဲ့ အုတ်တံတိုင်း ကြီးဖြစ်နေပါတယ်။
အုတ်တံတိုင်းရဲ့ နောက်ကွယ်မှာ ဆုံးဖြတ်ချက်ချဖို့ ဘယ်လိုတွေ သုံးသပ်ခဲ့ကြလဲ။ ထင်မြင်ခဲ့ကြလဲ။ ဥပဒေ နဲ့ ဘယ်လို တိုင်းထွာခဲ့ကြလဲ။ ဘယ်သူမှ မသိရပါဘူး။ ဥပမာ ပေးရရင် ဆိတ်ကွယ်ရာ နေရာကြီးလို ဖြစ်နေပါတယ်။ ကိုယ်ဘာလုပ်လုပ် ဘယ်သူမှ မသိမမြင်ရတဲ့ နေရာလိုပါဘဲ။ ဗုဒ္ဓဘုရားကတောင် ဆိတ်ကွယ်ရာကို အမြဲသတိပေးခဲ့တာပါ။ အဲ့လို ဘယ်သူမှ သိခွင့်မရှိတဲ့ အခြေအနေကနေ သုံးသပ်တာတွေ ၊ ဆုံးဖြတ်တာတွေ လုပ်ခဲ့တာကို ကာယကံရှင်တွေက မယုံကြည်ကြဘူး ဆိုရင်လဲ ကာယကံရှင်တွေရဲ့ အလွန်မဟုတ်ပါဘူး။
အဲ့ဒီ အုတ်တံတိုင်းနောက်ကွယ်ကနေ သုံးသပ်ခွင့် / ဆုံးဖြတ်ခွင့် ပေးထားတဲ့ အခွင့်အရေးဟာ သေသေချာချာ စဉ်းစားကြည့်ရင် သုံးသပ်ခွင့်ရသူတွေကို တဖက်သတ် စော်ကားလိုက် သလိုလဲ ဖြစ်နေပြန်ပါသေးတယ်။ မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ် သူတွေအဖို့ ဒီအခွင့်အရေးကို လိုက်နာစရာ မလိုပါဘူး။ ကိုယ်ဘာကြောင့် ဒီလို သုံးသပ်ဆုံးဖြတ် ရတာလဲဆိုတာ အများပြည်သူကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြသ လိုက်တာက ပိုပြီးလိပ်ပြာလုံ စေပါလိမ့်မယ်။ ရှက်စရာ မကောင်းဘူးလားဗျာ။
ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တဲ့ ၂ဝ၂ဝ- ကြရင် အကြောင်းအမျိုးမျိုးကြောင့် ရွေး/ကော်ဆီကို တိုင်ကြားလို့ ခုံရုံးတွေ ဖွဲ့ရပြန်ပါတော့မယ်။
အဆင့်တခု ပြီးလို့ နောက်တဆင့်တက်ခဲ့ရရင် ပိုဒ်မ။ ၁ဝ၃ (ခ) အုတ်တံတိုင်းကြီးနဲ့ ( ခြားနားထားတဲ့) နေရာကို ရောက်ကြရပြန် ပါတော့မယ်။ ဆုံးဖြတ်ချက်သာသိခွင့်ရှိပြီး အဲ့လိုဆုံးဖြတ်ရတဲ့ အကြောင်းရင်း သုံးသပ်ချက်တွေကိုတော့ သိခွင့်တော့ ရှိလိမ့်မယ် မဟုတ်ပါဘူး။
သုံးသပ်/ဆုံးဖြတ်သူတွေက ကိုယ့်ရဲ့ သမာဓိ နဲ့ သိက္ခာကိုထိမ်းသိမ်းပြီး ဘယ်လိုဘဲ မှန်မှန်ကန်ကန် တည်ဆောက် ဆုံးဖြတ်ခဲ့ကြပေမဲ့လဲ လျှောက်ထားသူ ကာယကံရှင်တွေက ကိုယ်မမြင်ရ ၊ မသိရတဲ့ သုံးသပ်ချက်တွေနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ကြမလဲ၊ ယုံကြည်နိုင်ကြပါ့မလား။ တဖက်ကလဲ ပြဋ္ဌာန်းချက်ကို လက်ညှိုးထိုးမယ်။ တဖက်ကလဲ မယုံကြည်မှုနဲ့ ဒေါသဖြစ်မယ်။ ပေါက်ကွဲကြမယ်။ အော်ကြဟစ်ကြမယ်။ ရင်ကြားစေ့စပ်လို့ မရလောက်အောင် ပဋိပက္ခတွေ ဖြစ်ကြမယ်။ ပြန်လည် စည်းလုံးလို့ မရလောက်အောင် သွေးကွဲကြမယ်။
ကျနော်ကတော့ “ နောင်ရေးကို မောင်တွေး စေချင် ” ပါတယ် ဆိုပြီး စိတ်စေတနာကောင်းနဲ့ တိုက်တွန်းချင်ခဲ့တာပါ။
တကယ်တမ်းမှာတော့ ပုဒ်မ။ ၁ဝ၃ (ခ) ဆိုတဲ့ ဆိတ်ကွယ်ရာ အုတ်တံတိုင်းကြီးကို ကျော်ပြီး ယုံကြည်ဖို့ဆိုတာ နှောင်းခေတ်သီချင်း တပုဒ်ထဲက စာပိုဒ်လေးနဲ့ ပြောရရင် … ယုန်ကောင်ငုံ၍ ….. ယုန်ရုပ်ရေးပြသော်လည်း … ယုံရခက်ခက် ဆိုသလိုပါဘဲဗျာ ။
ဆောင်းပါးရှင် ဦးစိုင်းညွှန့်လွင်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သည်။