ဆောင်းပါး

မလတ်တောင် ပြိုကျမှုက ပေးတဲ့ သင်ခန်းစာ

Want create site? Find Free WordPress Themes and plugins.

ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကို ကမ္ဘာတဝှမ်းလုံးမှာ တွေ့ကြုံနေကြရတာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘယ်လောက် အထိ အရေးကြီးသလဲ ဆိုတဲ့ အချက်ကို ညွှန်းဆိုနေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကျောက်ထုတ်လုပ်ရေးတွေ ရှိနေတဲ့ မွန်ပြည်နယ်မှာ တောင်ပြိုမှုတွေ ဖြစ်ပွားပြီး လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ သံဖြူဇရပ်၊ ရေးမြို့နယ်တွေမှာ မိုးဆက်တိုက်ရွာသွန်းမှုနဲ့ အတူ ရေကြီးမှု တွေ ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် ရေကြီးမှုနဲ့ အတူ တောင်ပြိုမှုတွေ၊ မြေသားပြိုကျမှု၊ မြေကျွံကျမှုတွေဟာ ကြီးကြီးမားမား ဖြစ်ခဲ့ရတာက ဘာကြောင့် ဆိုတာ မေးခွန်းထုတ်စရာပါပဲ။

အဆိုးရွားဆုံး ဖြစ်စဉ်တစ်ခုကတော့ သြဂုတ် ၉ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် ပေါင်မြို့နယ်က “မလတ်တောင်” ပြိုကျမှု ဖြစ်ခဲ့တာပါပဲ။ တောင်ရဲ့ အနီးဝန်းကျင်မှာရှိတဲ့ “သဲဖြူကုန်းရွာ” က ဥတ္တရာ ရာမကျောင်း အပါအဝင် အိမ်တွေ၊ အဆောက်အဦတွေပေါ် မြေပြိုကျခဲ့ပြီး ရုပ်အလောင်း ၆၅ လောင်း လတ်တလော ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ပျောက်ဆုံးနေသူ တွေလည်း အများအပြား ရှိနေဆဲ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။

အခုလောက်ထိ တောင်ပြိုကျပြီး လူအသေအပျောက်များရတာဟာ ကျောက်မိုင်းခွဲနေတာကြောင့် လို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။ လမ်းခင်းရာမှာ အသုံးပြုတဲ့ နှမ်းဖတ်ကျောက်တွေဟာ မွန်ပြည်နယ်က အများဆုံး ထွက်ရှိတာ ဖြစ်ပြီး တရားဝင်ရော၊ တရားမဝင်ပါ တူးဖော်ထုတ်လုပ်မှုတွေ အများကြီး ရှိနေတယ် လို့ သိရပါတယ်။

ကျောက်ထုတ်လုပ်ရာ မှာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စံချိန်စံညွှန်းတွေကို ကုမ္ပဏီတော်တော်များများက မလိုက်နာကြဘူးလို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ်တဲ့ ဒေသခံ အဖွဲ့အစည်းတွေက ပြောဆိုထားချက်တွေလည်း ရှိထားပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲမှာပဲ မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စိစစ်ရေး၊ ဘဏ္ဍာရေး စီမံကိန်း နှင့် စီးပွားရေးဆိုင်ရာ ကိစ္စများ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ကျောက်မိုင်းကုမ္ပဏီ တွေရဲ့ ကျောက်ထုတ်လုပ်ဖို့ ကျောက်ကျင်းရေ တင်ပြမှုက (၁၀) ဆ တိုးလာတယ် လို့ ပြောကြားခဲ့ပါတယ်။ ဥပမာအားဖြင့် ကျောက်ကျင်းရေ ၂၀၀၀ တင်ပြတဲ့ ကုမ္ပဏီက ကျင်းရေ ၃၀၀၀၀ အထိ တင်ပြမှု ဖြစ်ပါတယ်။ ကော်မတီဟာ ပေါင်မြို့နယ် က ကျောက်မိုင်းလုပ်ကွက်တွေကိုပါ မြေပြင်အထိ သွားရောက် စစ်ဆေးခဲ့ပါသေးတယ်။

ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စုက မလတ်တောင်ပြိုကျမှု (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ဒေသခံတွေဟာ အခုလို ကျောက်မိုင်းလုပ်ကိုင်မှုတွေကို အစဉ်တစိုက် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျောက်မိုင်း ခွဲရာကနေ ထွက်ပေါ်လာတဲ့ တုန်ခါမှုတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကြံ့ခိုင်မှုကိုပါ သက်ရောက်စေပါတယ်။ ဒါ့အပြင် လေထု မသန့်ရှင်းမှု၊ ရေအရင်းအမြစ်တွေ ဆုံးရှုံးမှုတွေပါ ဖြစ်ပေါ်လာစေတာပါ။

၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကျောက်မိုင်းတွေကို ရပ်တန့်ဖို့၊ ဟန့်တားဖို့ ပြည်သူက ရွေးချယ်တဲ့ NLD အစိုးရ လက်ထက်မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းပေမယ့် ပြည်နယ်အစိုးရက ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်ခဲ့တဲ့ အတွက် အခြေအနေတွေက ပိုဆိုးလာတယ်လို့ ဒေသခံတွေဘက်က ပြစ်တင်မှုတွေ ရှိပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဥပဒေကို မလိုက်နာတဲ့ ကျောက်မိုင်း ကုမ္ပဏီတွေကို ဘာကြောင့် အရေးမယူသလဲ ဆိုတာကလည်း မေးခွန်းထုတ်နေကြဆဲပါ။

ပေါင်မြို့နယ်ဟာ ရပ်ကွက်ကြီး ၄ ခုနဲ့ ကျေးရွာပေါင်း ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ မြို့နယ် တခု ဖြစ်ပါတယ်။ တောင်ပြိုပြီး လူတွေ အများကြီး သေဆုံးရတာဟာ မိုးရေချိန်အများကြီး ရွာသွန်းခဲ့တာကြောင့် လို့ ဆိုပေမယ့် ဒါကို ဘယ်ပညာရှင်ကမှ အတိအကျ ခိုင်ခိုင်မာမာ မပြောကြသေးပါဘူး။ ဒါကဘာကြောင့်လဲဆိုတော့ မိုးရေချိန်များမှုဆိုတဲ့ အပြင် တခြား ဖြစ်နိုင်ခြေ ရှိနေတဲ့ အကြောင်း တရားတွေလည်း ရှိနေလို့ပါ။

ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စုက မလတ်တောင်ပြိုကျမှု (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

သဘာ၀ အတိုင်း တည်ရှိနေရမယ့် တောင်တွေကနေ ကျောက်ထုတ်လုပ်တာ၊ မြေကြီးထုတ်ယူတာ မရှိဘူး ဆိုရင် တောင်တွေ ပြိုကျစရာ အကြောင်းမရှိဘူးလို့ ထောက်ပြပြောဆိုမှုတွေကိုလည်း ပြစ်ပယ်လို့ မရပါဘူး၊ ဒီလိုတွေ မဖြစ်ပေါ်ခင်ကတည်းက Network for Social Development and Peace (NSDP) လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ကွန်ရက် (ပေါင်မြို့နယ်) ကနေ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

“မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ် အတွင်း ကျောက်မိုင်း (ကျောက်ထုတ်လုပ်ရေး) စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ဒေသအတွင်း ဖြစ်ပေါ် ဖြစ်ပျက်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဖော်ပြထားပါတယ်။

အဲဒီ အစီရင်ခံစာထဲက အရေးပါတဲ့ အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြရရင် “ခေတ်အဆက်ဆက် အစိုးရများ၏ အုပ်ချုပ်ရေး ကာလများ တလျှောက် ကျောက်ထုတ်လုပ်ရေး (ကျောက်မိုင်း) လုပ်ငန်း စီမံကိန်းများ ပုံသဏ္ဍာန်ပေါင်းစုံဖြင့် ဝင်ရောက် အခြေချ လုပ်ကိုင်ဆောင်ရွက်ရာ ဒေသလည်း တဖြည်းဖြည်း ဖြစ်လာခဲ့ရသည်။ တဖက်တွင် တိုင်းပြည်အတွင်း လိုအပ်ချက် ဖြစ်နေသည့် ကျောက်အမျိုးအစား များစွာကို ထုတ်လုပ်နိုင်ရန် လုပ်ဆောင်ရင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ် လာနေသည်။

လုပ်ငန်းရှင်များကလည်း မိမိတို့ ကုမ္ပဏီများ၏ လုပ်ငန်းဆောင်တာများ ပြည့်မီအောင်မြင်ရေး အတွက် ဆောင်ရွက်ကြသည့် အခါ တည်ဆဲ ဥပေဒေများ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာလုပ်ကိုင်ကြသည်များ ရှိသလို လိုက်နာရန် ပျက်ကွက်မှုများ နှင့် လျစ်လျှူရှု လုပ်ဆောင်မှု များ ရှိနေသည်ကိုလည်း တွေ့မြင်ရသည်။

တောင်ပေါ် တောင်တန်းများတွင် အစပျိုးအခြေပြုသော ရေချို အရင်းအမြစ်များ တည်ရှိရာ နေရာဒေသ အချို့မှာ ကျောက်မိုင်း လုပ်ငန်း စီမံကိန်းဧရိယာ အတွင်း ကျရောက်နေပြီး အချိန်တခုတွင် သဘာဝတရား ပျက်စီးချိန်၌ ရေချို အရင်းအမြစ်များ ထပ်မံဆုံးရှုံးသွားမည့် အလားအလာများအား တွေ့မြင်နေရသည်။ တဆက်တစပ်တည်းအားဖြင့် မြေဆီလွှာ ပျက်စီးမှုများနှင့် သီးနှံအထွက်နှုန်း ကျဆင်းမှုများ၊ ရာသီဥတု ပြင်းထန်မှုများ၊ ရေကြီးရေလျှံမှုများကို ပေါင်မြို့နယ် ကျေးရွာ အသီးသီးမှ ဒေသတွင်းနေ ပြည်သူများ တွေ့ကြုံခံစားနေရပါသည်” လို့ ပါရှိပါတယ်။

ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စုက မလတ်တောင်ပြိုကျမှု (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

ပေါင်မြို့နယ် အတွင်းမှာ တရားဝင် ထုတ်လုပ်နေတဲ့ ကျောက်မိုင်းလုပ်ငန်း ၂၅ ခု ဝန်းကျင် ရှိတယ်လို့ “မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ် အတွင်း ကျောက်မိုင်း (ကျောက်ထုတ်လုပ်ရေး) စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ” မှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ – ကမ္ဘာမောင်၊ ရာမညယူနိုက်တက်၊ ရွှေမြင့်မိုရ်ထွန်း၊ ဂလိုဘယ်ဘားရက်၊ Long Life ၊ ဇင်းကျိုက်အကျဉ်း၊ အောင်ကောင်းပွင့်၊ လင်းရွှေစင်၊ ချိုမေတ္တာ၊ ငွေသြဇာ စတဲ့ ကုမ္ပဏီတွေ ပါဝင်တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

၂၀၁၆ ခုနှစ် တနှစ်အတွင်းမှာပဲ ပေါင်မြို့နယ် ကုလားမတောင် သစ်တောကြိုးဝိုင်း အတွင်းမှာ လမ်းခင်းရာမှာ သုံးတဲ့ ကျောက်ထုတ်လုပ်နေတဲ့ ကျောက်မိုင်းကုမ္ပဏီပေါင်း ၁၃ ခု အထိ ရှိခဲ့ပါတယ်။

လူမှုဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက် (Network for Social Development and Peace – NSDP) (ပေါင်မြို့နယ်) ကနေ ကွင်းဆင်းပြီး ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ စစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းအရ ကျောက်မိုင်း ကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေဟာ တကယ်ပဲ များပြားတာ တွေ့ရပါတယ်။

ဒေသခံတွေရဲ့ ဖြေကြားချက်များ အရ – ကျောက်မိုင်းခွဲရမှ ကျောက်တုံးကျောက်စများ လွင့်စင်မှုကြောင့် လူတို့အား ထိခိုက်ဒဏ်ရာ ရရှိစေခြင်း၊ လွင့်စင်နေသည့် ကျောက်စ ကျောက်မှုန် မြေမှုန်များကြောင့် လေထုညစ်ညမ်းခြင်း၊ ရေရှည်တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်ပွားစေခြင်း၊ အသက်ဆုံးရှုံးခြင်းများ၊ မိုင်းခွဲသံများကြောင့် လူတို့အား အထိတ်တလန့် ဖြစ်စေခြင်း၊ ရောဂါရှိသူများ ကြောက်လန့်ခြင်း၊ ကျောက်ခွဲ ကျောက်ကျိတ် ဆူညံသံများကြောင့် သက်ကြီးရွယ်များ၊ ရဟန်းသံဃာများ အပါအဝင် ရွာခံလူထု စိတ်အနှောက်အယှက် များစွာ ဖြစ်ရခြင်း၊ မူလ လုပ်ကိုင် စိုက်ပျိုးနေသော ကျွန်းနုများ ပျောက်ဆုံးသွားခြင်း၊ ဘာသာ သာသနာ အဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ သဘာ၀ တောတောင်များ တဖြည်းဖြည်း ပျောက်ဆုံးလာသဖြင့် ရာသီဥတု ပြောင်းလဲမှု ပြင်းထန်မှု (ရေကြီခြင်း၊ တောင်ပြိုခြင်း၊ ကမ်းပါးပြိုခြင်း) များ ထိခိုက်ခံစားရခြင်း စတဲ့ အချက်များ အပါဝင် အချက်ပေါင်း ၂၃ ချက်ကို ဖော်ပြထားပါတယ်။

အခုလို ဝမ်းနည်းစရာ အဖြစ်အပျက်တွေ မဖြစ်ပွားမီ ကတည်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ကြိုတင်သတိပေး တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရဘက်က အလေးအနက်ထား ထည့်သွင်းစဉ်းစားမှု၊ တစုံတရာ ဖြစ်ပေါ်လာပါက ဖြေရှင်းပေးမှု အစီအစဉ် ထားရှိမှုများ အားနည်းလွန်းလှတယ် လို့ ဒေသခံတွေရဲ့ ဝေဖန်သံတွေလည်း ပြန်ပေါ်လာ ပါတယ်။

ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာအုပ်စုက မလတ်တောင်ပြိုကျမှု (ဓာတ်ပုံ – မျိုးမင်းစိုး၊ ဧရာဝတီ)

၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ အခန်း (၁၀)၊ ပုဒ်မ ၂၅ ကြိုတင်ခွင့်ပြုချက်ကဏ္ဍမှာ – “ဝန်ကြီးဌာနသည် ကြိုတင်ခွင့်ပြုချက်ပါ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ စည်းကမ်းချက် တရပ်ရပ်ကို လိုက်နာခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် ကြိုတင်ခွင့်ပြုချက် ရရှိသူအား အောက်ပါစီမံခန့်ခွဲရေး ဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ် နိုင်သည် – (က) သတိပေးပြီး စည်းကမ်းချက်နှင့် အညီ လိုက်နာဆောင်ရွက်စေခြင်း၊ ခံဝန်ချက်ထိုးစေခြင်း၊ (ခ) ဒဏ်ကြေးငွေ ပေးဆောင်စေပြီး စည်းကမ်းချက်နှင့် အညီ လိုက်နာဆောင်ရွက်စေခြင်း” လို့ ဖော်ပြထားပါတယ်။

လူပေါင်း အမြောက်အများသေကြေပြီးမှ မွန်ပြည်နယ် တလျှောက်ရှိ တောင်များမှာ ရှိတဲ့ မြေကြီးတွေကို မတူးဖော်ဖို့၊ တူးဖော်ရင် အရေးယူမယ် လို့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။ မိုးရေချိန် လက်မ အရမ်းများနေတာနဲ့ အတူ သစ်တော ပြုန်းတီးမှုတွေပါ ဖြစ်နေလို့ မြေသားတွေ မကြံ့ခိုင်ဘဲ ပြိုကျခဲ့ရတဲ့ အပေါ် နောက်ထပ်မဖြစ်အောင် ပြည်နယ် အစိုးရ အနေနဲ့ အဖြေရှာ ဆောင်ရွက်ပေးသွားရမှာပဲ ဖြစ်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေတဲ့ စီမံကိန်းတွေကို ဒေသခံတွေက ဘယ်လိုပဲ ကန့်ကွက် ကန့်ကွက် အစိုးရဘက်က ထိထိရောက်ရောက် (အသိအမှတ်ပြုမှုနဲ့) အရေးယူဆောင်ရွက်ပေးမှု အားနည်းနေဆဲ ဖြစ်ပါတယ်။

အခုလို ဖြစ်လာမှ ကူညီကယ်ဆယ်တာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့ အစီအမံတွေ ချမှတ် လုပ်ဆောင်တာ အကောင်းဆုံးပဲ လို့ သဘာ၀ ပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူတွေကလည်း ထောက်ပြ ပြောဆိုကြပါတယ်။ ဒီနေရာမှာ တရားဝင် တူးဖော်နေသူတွေကို စနစ်တကျ ဖြစ်စေဖို့ အစိုးရက ကြပ်မတ်ရမှာ ဖြစ်သလို၊ တရားမဝင် ကျောက်မိုင်းတူးဖော်မှုတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပေါင်မြို့နယ်က တောင်ပြိုပြီး လူများစွာ သေဆုံးသွားခဲ့ရမှု ဖြစ်စဉ်ကို သင်ခန်းစာယူ လေ့လာပြီး  ကျောက်မိုင်း လုပ်ငန်းတွေ စနစ်တကျဖြစ်ဖို့၊ တောင်မြေသားတွေ တူးဖော်မှု ရပ်တန့်ဖို့ို မွန်ပြည်နယ် အစိုးရအနေနဲ့ အမြော်အမြင်ကြီးကြီး လုပ်ဆောင်ပေးသင့်ပြီး ဖြစ်ပါကြောင်း။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading