အသက် ၄၀ နှစ်ကျော်အရွယ် ကိုသက်နိုင်ဦး တယောက် ယနေ့အချိန်ထိ မနက်ပိုင်းရောက်ပြီ ဆိုတာနဲ့ မြေပြိုခဲ့တဲ့ ဒီနေရာ မှာ တနေကုန်နီးပါး ရှိနေခဲ့ပါတယ်။ ဒီနေရာမှာ သူ့ရဲ့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေဆဲမို့ သြဂုတ် ၁၆ ရက်နေ့အထိ သူ့သမီးလေးရဲ့ ရုပ်အလောင်းက ရှာလို့မတွေ့သေးတာကြောင့် နေ့စဉ်လာပြီး စောင့်ဆိုင်း နေတာ ဖြစ်ပါတယ်။
ကိုသက်နိုင်ဦးနဲ့ မိသားစုဝင်တွေဟာ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာက မလတ်တောင်အရှေ့မှာ ကွမ်းသီး ညှပ်တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့သူများ ဖြစ်ပါတယ်။ သူ့နေအိမ်မှာ အိမ်နားက ကွမ်းသီးလာညှပ်သူတွေနဲ့ မိသားစုဝင် ၉ ဦးတို့ဟာ အိမ်ဘေးက ဂိုဒေါင်ကို အလုပ်ရုံအဖြစ် လုပ်ခဲ့ကြပါတယ်။
တောင်မြေပြိုကျမှု ဖြစ်မယ့် သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ မနက် ၅ နာရီကတည်းက မိုးသည်းထန်ခဲ့ရာ မုတ္တမ ကနေ မော်လမြိုင်ကိုကူးတဲ့ သံလွင်တံတား အတက်နေရာမှာတင် ရေက လူတယောက်ရဲ့ ခါးစောင်းကျော်အထိ မြင့်တက် နေတာကြောင့် သွားလာနေတဲ့ ကားတွေက မုတ္တမမြို့ အထွက်နားက စပြီး တန်းစီရပ်ထားရတယ် လို့ အဲဒီအချိန်က မြင်ကွင်းတခုကို သူက ပြောပြတယ်။
အဲဒီနေ့ မနက် ၇ နာရီကျော်လေးမှာ သူ့အတွက် ကံဆိုးတယ်ပဲ ပြောရမလား၊ ကံကောင်းတယ်ပဲ ပြောရမလား၊ မိုး အနည်းငယ်ပဲ ရွာတော့တာမို့ အိမ်နဲ့ ကိုက် ၁၀၀ လောက် ဝေးတဲ့နေရာက လက်ဖက်ရည်ဆိုင်ကို သူ ထွက်လာခဲ့တယ်။ သူ့အိမ်မျက်စောင်းထိုးမှာတော့ တောင်ကျရေတွေက ဒလဟော စီးဆင်းနေပေမယ့် သူတို့အိမ်ကို ဖြတ်ပြီး အနောက် ဘက်က လယ်ကွင်းတွေဆီကို စီးဆင်းသွားနေတာကြောင့် အိမ်ထဲအထိတော့ ရေက မဝင်သေးဘူး။
လက်ဖက်ရည်ဆိုင် ရောက်ပြီး သောက်လက်စ ခွက်မကုန်ခင် ခဏမှာ “ဝုန်း” ဆိုတဲ့ အသံနဲ့အတူ သူတို့ ပတ်ဝန်းကျင် ၁ ခုလုံးက ကမ္ဘာပျက်ခဲ့ရတယ်။ Highway King ဆိုတဲ့ အိန္ဒိယ စားသောက်ဆိုင်ဘေး ကနေ စီးလာတဲ့ တောင်ကျရေနဲ့အတူ အမြင့်ပေ ၇၀၀ ကျော်လောက်နေစပြီး ကျောက်တုံးတွေ၊ တောင်မြေတွေက စက္ကန့်ပိုင်းအတွင်း တဝုန်းဝုန်းနဲ့ ပြိုကျလာ ပါတယ်။
အဲဒီပြိုကျလာတာတွေက တောင်ခြေမှာရှိတဲ့ နေအိမ်၊ ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ ဥတ္တရာ ရာမ ဘုန်းကြီးကျောင်း တို့ကို ဖုံးအုပ် တိုက်ချသွားတဲ့အပြင် ကားလမ်းမှာ ရပ်ထားတဲ့ ကုန်ကား ၄ စီး၊ အိမ်စီးကား ၁ စီးနဲ့ ထော်လာဂျီ ၁ စီးတို့ကို တွန်းလှဲပြီး ထို့နောက်မှာတော့ ကိုသက်နိုင်ဦးတို့အိမ် အပါအဝင် အိမ် ၂၇ အိမ်လုံးကို ဝါးမြို လိုက်ပါတော့တယ်။
ဝုန်းကနဲဆိုတဲ့ အသံကြားရသူ အချို့က အိမ်အပြင်ကို အလျင်အမြန် ထွက်ကြည့်ပေမယ့် ထွက်ပြေးချိန် တောင် မရလိုက် ဘူးလို့ လွတ်မြောက်သွားတဲ့ အိမ်က ဒေသခံတချို့က ဧရာဝတီကို ပြောပြတယ်။
တောင်မြေပြိုကျမှုကြောင့် ဥတ္တရာ ရာမ ဘုန်းကြီးကျောင်းက အဆောင်တွေ အားလုံး ဝါးမြိုခံလိုက်ရ ပေမယ့် သမ္မတဟောင်း ဗိုလ်မှူးချုပ်စိန်လွင် တည်ခဲ့တဲ့ ဘုရားလေးကတော့ ကုန်းထီးထီးလေးနဲ့ ကျန်ရစ်နေခဲ့တာ တွေ့ရတယ်။
ပေါင်မြို့နယ်တလျှောက်မှာ တောင်တွေများစွာ ရှိပြီး အမည်နာမတွေ ရှိနေပေမယ့် ပြိုကျမှုဖြစ်ခဲ့တဲ့ တောင်တန်းဟာ ကုလားမတောင်တန်းရဲ့ အဆုံးပိုင်း၊ မုတ္တမ တောင်ရိုးလို့ လူသိများပါတယ်။ အဲဒီ တောင်ရိုးတလျှောက်မှာ တောင်မြေပြို ကျမှုဟာ ၈ နေရာအထိ ဖြစ်ပျက်လာခဲ့ပါတယ်။ သဲဖြူကုန်း ရွာက မလတ်တောင် ၁ ခုသာ လူသေဆုံးမှု များပြားခဲ့ပေမယ့် ကျန်တဲ့ တောင်ပြိုမှုတွေကတော့ လူသေဆုံးမှု မရှိခဲ့ပါဘူး။ နေအိမ် ၂ လုံးသာ ပြိုပျက်ခဲ့ပါတယ်။
မလတ်တောင်ပြိုကျမှုမှာ သေဆုံးသွားခဲ့သူတွေကို ကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေ လျက်ရှိရာ ယနေ့ သြဂုတ် ၁၆ အထိ ရုပ်အလောင်း ၆၅ လောင်းကို တူးဖော်ရရှိခဲ့ပါတယ်။ အဲဒီထဲမှာ ကိုသက်နိုင်ဦးရဲ့ မိသားစုဝင် ၇ ဦးထဲကနေ ၆ ဦးရဲ့ အလောင်းကို ရရှိခဲ့ပြီး သမီးတဦးရဲ့ ရုပ်အလောင်းကတော့ မတွေ့ ရသေးပါဘူး။
ကိုသက်နိုင်ဦးက “ကျနော့်အနေနဲ့ အသက်ရှင်လျက် မရနိုင်တော့တာ သိပေမယ့် အနည်းဆုံးတော့ ရုပ်အလောင်းတော့ ရချင်သေးတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားရတယ်ဆိုတာ ပြောလို့တောင် မနိုင်ဘူး။ ခံစားလို့ မနိုင်ဘူး။ ဘယ်လိုသွားပြောရမလဲ။ စက္ကန့်ပိုင်းအတွင်း ဖြစ်တာ။ ဘေးက ဆပ်ပြာစက်ရုံရှေ့ မြေနီရေ ရောက်တာတွေ့တော့ လှည့်ကြည့်လိုက်တာ ဘာမှမရှိတော့ဘူး” လို့ ဆိုတယ်။
တောင်မြေပြိုကျတာ ဘာကြောင့်လဲ
ပေါင်မြို့နယ်အတွင်း တောင်မြေတွေဟာ မြေနီတွေအပြင် မြေသားအတွင်းမှာ လူတရပ်စာမက ကြီးမား တဲ့ ကျောက်တုံး ကြီးတွေ အများအပြား ရှိနေပါတယ်။ ဒါက ဒီဒေသဟာ ကျောက်တောင် တွေလို မဟုတ်ဘဲ ရှေးယခင် နှစ်သန်းပေါင်း များစွာက ပင်လယ်ရေနက်ပိုင်းထဲမှာ ရှိနေတဲ့ နေရာတခုလို့ ဆိုလို့ ရနိုင်ပါတယ်။
မီးသင့်ကျောက်တွေဟာ တောင်အလိုက် ရှိနေတတ်ပြီး တချို့နေရာတွေမှာ မီးသင့်ကျောက်တွေ ရှိနေသလို တချို့နေရာ တွေမှာ မြေကြီးထဲ နှစ်ပေါင်းများစွာ ရာသီဥတုဒဏ် ခံစားခဲ့ရလို့ ခွဲလိုက်ရင် ကျိုးပဲ့ကျေမွသွားတဲ့ ကျောက်တွေ(Quartzite Rock) ဖြစ်နေတာကို လေ့လာ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက တွဲဘက် အတွင်းရေးမှူး ဦးဇော်နိုင်ဦးက သုံးသပ်တယ်။
ထိုရက်ပိုင်းက ၂ ရက်အတွင်း ရွာသွန်းလိုက်တဲ့ မိုးရေချိန်က မြန်မာနိုင်ငံက တချို့ဒေသတွေရဲ့ တနှစ် စာမိုးရေချိန်နဲ့ ညီမျှတာ၊ မိုးများတဲ့ ဒေသဖြစ်တဲ့အပြင် မြေဆီလွှာတွေကြားမှာ အက်ကွဲကြောင်း တွေ ယခင်အချိန်ထဲက ရှိနေတာ တွေကြောင့် မလတ်တောင် ပြိုကျမှုက ပိုမို ဖြစ်နိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။
ဦးဇော်နိုင်ဦးက “အဓိကပြိုတာကတော့ ရေဝနေတဲ့ မြေသားတွေဟာ မိုးအရမ်းများတော့ မြေသား မခံနိုင်ပဲ လျောဆင်းတဲ့ သဘောကို ပိုတွေ့ရတယ်။ နောက်ပြီး ကျောက်လုံးတွေ၊ မီးသင့်ကျောက်တွေ ရှိနေတော့ သူတို့ကို ဖုံးထားတဲ့ မြေသား တွေရဲ့ စေးကပ်မှုက အားနည်းတတ်တာနဲ့ အခုလို ဖြစ်တာ” လို့ ရှင်းပြတယ်။
ဒါပေမယ့် ပေါင်မြို့နယ်၊ မုတ္တမ တောင်ရိုးတလျှောက် မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ ၈ နေရာထဲမှာ တချို့နေရာ တွေက လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကတည်းက တောင်မြေကို အောက်ခြေက ဒေါင်လိုက် တူးပြီးတော့ ရောင်း စားခဲ့ကြတာလို့လည်း ပြောဆို ဝေဖန်မှု တွေ ရှိနေပါတယ်။
ကိုယ့်ခြံမြေ ကျယ်ပြန့်သလို ထွက်လာတဲ့မြေကနေ အကျိုးအမြတ်ရတဲ့အတွက် ရောင်းစားခဲ့ကြတာပါ။ သဲဖြူကုန်း မြေပြိုကျ တဲ့နေရာမှာလည်း ဘေးနားက “Highway King”စားသောက်ဆိုင်က အနောက် ဘက်မှာ တောင်မြေတွေဖြိုချကာ နယ်မြေ ချဲ့ထားခဲ့တာ ကိုလည်း တွေ့ရတယ်လို့ သဲဖြူကုန်းကျေးရွာ ဒေသခံတွေက ပြောကြပါတယ်။
အဲဒီအတွက် ဒီလို မြေပြိုကျမှုတွေဟာ စနစ်မကျတဲ့ မြေတူးမှုတွေရဲ့ အကျိုးဆက်လို့ ဒေသခံတွေ၊ လူမှုကူညီရေး အဖွဲ့တွေ နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ယူဆထားကြပါတယ်။
ဒီလိုမြေတူးမှုတွေဟာ ကိုယ့်ခြံထဲက မြေဖြစ်တဲ့အတွက် တူးယူရောင်းစားတာကို ကာကွယ်တားဆီး ဖို့ရာမှာ အခက်အခဲတွေ ဖြစ်ခဲ့တယ်လို့ ပေါင်မြို့ဒေသခံတွေက ပြောပါတယ်။
ယခုလို တောင်များကို ဖြိုချထားတဲ့ဟာနဲ့ ပတ်သက်ပြီး မိမိတို့ဒေသခံတွေအနေနဲ့ သင်ခန်းစာယူကာ နောက်ထပ် မဖြစ် အောင် မြေမတူးဖို့၊ သစ်မခုတ်ဖို့ တားဆီးသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း က ပြောပါတယ်။
ဒေါက်တာထိန်လင်းက “တောင်တွေကို လူတွေက ဖြိုတဲ့ အပိုင်းရှိခဲ့လို့ မြေကနူးပြီး ရုတ်တရက် ပြိုကျ သွားတာ။ ဒီဟာက လူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အများကြီးလိုတယ်။ သစ်ပင်တွေခုတ်တယ်၊ မြေတွေတူးတယ်ဆိုတာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေပြီးတော့ အခုလို မဖြစ်သင့်တာတွေ ကြုံကြရမှာပဲ။ အစိုးရအဖွဲ့အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ တော့ အစီအစဉ် ရှိပါတယ်။ သစ်မခုတ်ဖို့၊ မြေမတူးဖို့ကို တားဆီးသွားရမှာပေါ့” လို့ ဆိုတယ်။
ဒီဖြစ်စဉ်ဟာ မုတ္တမ တောင်ရိုးတလျှောက် လမ်းခင်းကျောက်တွေ ထုတ်နေတဲ့ ကျောက်မိုင်းတွေနဲ့ တိုက်ရိုက် သက်ဆိုင်မှု မရှိနိုင်ဘူးလို့ သူက သုံးသပ်ပါတယ်။ အခု သဲဖြူကုန်းရွာက မြေပြိုမှုတွေဟာ ကျောက်မိုင်းနဲ့ တော်တော်လေး ဝေးကွာနေ တာကို တွေ့ရတယ်လို့ သူက ပြောတယ်။
ဘူမိဗေဒ သဘောတရားအရလည်း ကျောက်မိုင်းတွေ ရှိတာနဲ့ အခုလို တောင်မြေသား ပြိုကျတာဟာ တိုက်ရိုက် သက် ရောက် နိုင်ခြေ နည်းကြောင်း၊ မြေတူးတာနဲ့တော့ သက်ဆိုင်မှုတွေ ရှိနိုင်ကြောင်း ဘူမိဗေဒ ပညာရှင် ဆရာဦးချိုဦး ကလည်း သုံးသပ်တယ်။
သဲဖြူကုန်းရွာက မလတ်တောင်ဆိုရင် ကျောက်မိုင်းနဲ့ ၃ မိုင်ကျော် ဝေးကွာတဲ့နေရာ ဖြစ်ပြီးတော့ ယခု တောင်မြေသား ပြိုကျမှုရှိသည့် နေရာ အများစုသည် လမ်းခင်းကျောက်ဖြစ်သည့် မီးသင့်ကျောက်ရှိရာ နေရာတွေ မဟုတ်ဘူးဆိုပြီး သူက ရှင်းပြတယ်။
ဆရာဦးချိုဦးက “ကျောက်မိုင်းတွေရဲ့ မိုင်းခွဲတဲ့ တုန်ခါမှုကြောင့် တောင်ကြောက မြေသားတွေ ကွဲအက်နိုင်သလားဆိုတာ ရှိတော့ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုမြေပြိုတာက ကျောက်မိုင်းကြောင့်လို့ ပြောဖို့ခက်တယ်။ နောက်ပြီး ကျောက်မိုင်းနဲ့ နီးတယ်ဆိုတမျိုး။ အခုက ဝေးလည်းဝေးတယ်။ တကယ် ကျောက်မိုင်း အကြီးစား လုပ်နေတာက ဇင်းကျိုက်မြို့ကနေ ဒီဘက် ကျိုက်ထိုတကြောမှာ စီးပွား ဖြစ်ထုတ်တာ။ အဲဒီ ပေါင်မြို့နယ်ဘက်က ကျောက်မိုင်းတွေက အသေးစားလေးတွေ” လို့ ဆိုတယ်။
ဒါပေမယ့်လည်း ကျောက်တောင်တွေကို မိုင်းခွဲ ဖြိုချခြင်းဟာလည်း သဘာ၀ ပတ်ဝန်းကျင် ဖျက်ဆီးမှု တခုဖြစ်ပါတယ်။
တောင်မြေသားထပ်ပြိုနိုင်ချေ အများအပြားရှိနေသေး
သြဂုတ်လ ၁၂ ရက်နေ့က နိုင်ငံတော် ဒုသမ္မတ ဟင်နရီဗန်ထီးယူ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် တွေနဲ့ ပတ်သက်ပြီး လာရောက်ခဲ့စဉ်ကလည်း ဒီမုတ္တမတောင်ရိုးတလျှောက်လုံးကို မြေသားအမြန်ဆုံး စစ်ဆေးဖို့ ဘူမိဗေဒပညာရှင်တွေကို စေလွှတ် စစ်ဆေးဖို့ စီစဉ်ခဲ့ပါတယ်။
ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ၊ မွန်စုပိုင်းမှာလည်း လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ကိုယ့်ခြံတွင်းက တောင်မြေတွေကို တူးပြီး ရောင်းချမှုကြောင့် ယခု မိုးများချိန်တွင် မြေပြိုမှု ဖြစ်ခဲ့တယ်။ မြေပြိုတဲ့ အချိန်မှာ အဝေးပြေးလမ်းမပေါ်အထိ မြေသားတွေ ပြိုကျမှုကြောင့် လမ်း အချိန်အတန်ကြာ ပိတ်ခဲ့ပါတယ်။
ထိုမြေပြိုမှုမှာ နေအိမ်ပြိုပျက်မှု၊ လူထိခိုက်မှုတွေ မဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ထပ်မံ ပြိုကျနိုင်ခြေ ရှိနေတဲ့အတွက် လူနေအိမ် ၅ လုံးကို လူတွေ ဆက်မနေထိုင်စေတော့ဘဲ ယနေ့အချိန်အထိ ရွှေ့ပြောင်း ထားရတယ်။ အဲဒီရဲ့ အပေါ်ပိုင်း မြေပြိုတဲ့ နေရာတချို့ရဲ့ အမြင့်ပိုင်းမှာ မြေသားအက်ကြောင်းတွေကို တွေ့ခဲ့ရတယ်။
ဒီမြေပြိုတဲ့ အနီးဝန်းကျင် တောင်ပေါ် ပေ ၇ဝဝ ကျော်လောက်မှာ တောင်ပေါ်ကနေ တောင်အောက် အထိ မြေလွှာ အက်ကြောင်းကြီး တခုကို တွေ့ခဲ့ရပါတယ်။ အက်ကြောင်းဟာ ယခုဆိုရင် ၆ လက်မ နီးပါး အကျယ်ရှိနေပြီး တောင်ပေါ်က စီးလာတဲ့ရေတွေ တောက်လျှောက်စီးဆင်း နေပါတယ်။ တချို့နေရာတွေမှာ တောင်ကျရေတွေဟာ မြေအောက်ထဲကို လျှိုဝင်သွားပြီး အောက်ဘက်နားကနေ ပြန်ထွက်နေတဲ့ အချက်တွေကိုလည်း ဧရာဝတီက တွေ့ခဲ့ရပါတယ်။
အဲဒီအပြင် ကျွဲခြံကျေးရွာကနေ ပေါင်မြို့အထိ အမြင့်ပေ ၇ဝဝ အထက်ပိုင်းမှာ ကန့်လန့်ဖြတ် မြေသား ကွဲအက်မှုတွေကို သစ်ပင်တွေရဲ့ အမြစ်တွေနဲ့အတူ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနေရာတလျှောက် သွားကြည့်ဖို့ကိုတော့ ဒေသခံတွေ ကိုယ်တိုင် မဝံ့ရဲတဲ့အတွက် ဘယ်လောက်အထိ ကန့်လန့်ဖြတ် အက်ကြောင်း ရှိနေတယ်ဆိုတာကို အတိအကျ မသိရှိရပါ။
အဲဒီလိုအက်ကြောင်းတွေဟာ တနေ့တချိန်မှာ အချိန်မရွေး မိုးများတဲ့အခါ ပြိုကျနိုင်ခြေရှိတယ်၊ မလတ် တောင်ပြိုကျတဲ့ ဟာမှာလည်း တချိန်က အဲဒီလို အက်ကြောင်းတွေ ရှိနိုင်ခဲ့မယ်လို့ ဘူမိဗေဒ ပညာရှင် ဆရာဦးချိုဦးက သုံးသပ်တယ်။
အဲဒီနေရာတွေ ဒီတောင်ကြောတလျှောက် ဘယ်လောက်အထိ ရှိနေသလဲဆိုတာ တိုင်းတာ စစ်ဆေး သင့်ကြောင်း၊ စစ်ပြီး တာနဲ့ ကြိုတင် ပြင်ဆင်ထားသင့်တာတွေကို ပြင်ဆင်ထားနိုင်တယ်လို့ သူက ဆိုပါတယ်။
ဆရာဦးချိုဦးက “ဒီလိုအက်ကြောင်းတွေဟာ တကယ်တော့ အန္တရာယ်ရှိပါတယ်။ ဒီနှစ် ပြိုမယ်လို့ ပြော တာ မဟုတ်ဘူး။ အချိန်မရွေး ပြိုကျနိုင်ခြေရှိတယ်။ ဒေသခံတွေအနေနဲ့လည်း အဲဒီလို အက်ကြောင်း တွေရဲ့ အခြေအနေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး သိနိုင်တဲ့အချက်က အက်ကြောင်း နံဘေး ၂ နေရာကို သံချောင်းတွေစိုက်ထား၊ ပြီးတော့ အချိန်ရတာနဲ့ အဲဒီ သံချောင်းတွေရဲ့ အကွာအဝေးကို တိုင်းတာ မှတ်တမ်းတင်ထားသင့်တယ်။ သံချောင်း ၂ ချောင်းရဲ့ အကွာအဝေးက ပိုကြီးမားလာတယ်ဆိုရင် ဒါ ပြိုနိုင်ချေ ပိုနီးလာပြီဆိုတာ ပြင်ဆင်လို့ရတယ်” လို့ ရှင်းပြပါတယ်။
အဲဒီအပြင် ပေါင်မြို့နယ်၊ ရွာသစ်ကျေးရွာတော်ပေါ်တွင် ရှိနေတဲ့ ဇာတိပ္ဖိုလ် ဘုန်းကြီးကျောင်း ပြိုကျမှု မှာလည်း ကျောင်း ဆောင် ၁ ဆောင်အပြင် အဆိုပါကျောင်း တည်ထောင်ခဲ့တဲ့ ဘုန်းတော်ကြီး သီတင်း သုံးခဲ့တဲ့ ကျောင်းဆောင်လည်း အနည်း ငယ်ပြိုပျက်ခဲ့တယ်။ အဲဒီမြေသားပြိုကျမှု အခြေအနေက လည်း နောက်ထပ် ပြိုနိုင်ခြေရှိတဲ့ အနေအထားတွေ ရှိနေတယ်လို့ ဘူမိဗေဒ ပညာရှင်တချို့က သုံးသပ်ထားပါတယ်။
မုတ္တမတောင်ရိုးတလျှောက် မြေလွှာစမ်းသပ်စစ်ဆေးမှုက မဖြစ်မနေ လုပ်ရတော့မယ့် အခြေအနေ ဖြစ်ပြီး အဲဒီလို စစ်ဆေး ချက်ကနေ ထွက်ရှိလာမယ့် အဖြေအရ တကယ်လို့များ နောက်ထပ် လူသေ ဆုံးမှုတွေ မဖြစ်အောင် ရွှေ့ပြောင်း သင့်တဲ့ နေရာတွေ ရှိခဲ့ရင် ရွှေ့ပြောင်းနိုင်တယ်လို့ ပေါင်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်။
အခုလို မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်တွေ ကျရောက်ခဲ့ရတဲ့ အကျိုးဆက်က ခေတ် အဆက်ဆက် အုပ်ချုပ် ရေးပိုင်းမှ စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူမှုအပိုင်းတွေ လျော့ရဲခဲ့တဲ့ အတွက် ဖြစ်လာရတာလို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းကလည်း သုံးသပ်တယ်။
မွန်ပြည်နယ်အတွင် မြေတူးတာ၊ ကျောက်ထုတ်တာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး တွေက တားမြစ်ဖို့၊ အရေးယူ ဆောင်ရွက်ဖို့ မလုပ်ခဲ့တာတွေကြောင့် အခုလို စံချိန်တင် မိုးရွာသွန်းတဲ့ အခါ သဘာဝဘေးတွေ ဖြစ်ပျက် လာရတာလို့လည်း သူက ပြောပါတယ်။
မိကွန်ချမ်းက “သဘာဝက သူ့ဘာသာနေရင် ဘာမှ ဖြစ်စရာ အကြောင်း မရှိဘူး။ လူ့ပယောဂတွေ ကြောင့်သာ သက်ဆိုင် လာတာ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာကို သေသေ ချာချာ ပညာရှင်တွေနဲ့ လုပ်ရမှာ။ လူလုပ်လို့ ဖြစ်ခဲ့တယ်ဆိုရင် အရေးယူဆောင်ရွက်မှုက လုပ်ရမှာ။ လူမလုပ်ဘူး၊ သဘာဝ အတိုင်း ဖြစ်တာဆိုလည်း နောက်မဖြစ် အောင် ဘယ်လိုကာကွယ် မှုတွေ လုပ်ရမလဲဆိုတာ လုပ်ရမယ်။ ဒါက သက်ဆိုင်ရာ အစိုးရမှာ တာဝန်ရှိသွားပြီ”လို့ ထောက် ပြပါတယ်။
မလတ်တောင် ပြိုကျမှု ဖြစ်စဉ်မျိုး နောက်ထပ် ဖြစ်မလာအောင်၊ သဘာဝပတ်ဝန်းကျင်ကို စောင့် ရှောက်ထိန်းသိမ်းတတ် အောင်၊ လက်ရှိ မြေသားစစ်ဆေးမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေ၊ ကာကွယ် မှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။
ဆက်စပ်ဖတ်ရှုရန်
မလတ်တောင်ပြိုကျမှုမှ သေဆုံးသူရုပ်အလောင်း ၅၀ ကျော် ရှာဖွေတွေ့ရှိထား
ပေါင်မြို့ရှိ တောင်ရိုးတလျှောက် မြေသားစမ်းသပ်မှုများ အမြန်ဆုံးလုပ်မည်ဟု ဒုသမ္မတပြော