မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကြောင့် အစိုးရနှင့် ထိုအဖွဲ့များအကြား ဆွေးနွေးရန် ပြင်နေကြသည့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေမှုမှာ ပျက်သွားတော့မလားဆိုသည့် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။
စစ်ဆင်ရေး ပြုလုပ်ခဲ့သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့ အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရတို့အကြား Bilateral ဆွေးနွေးနိုင်ရေး အတွက်နေရာ ညှိနှိုင်းနေဆဲ ကာလဖြစ်သည်။
ထိုကာလ အတွင်းမှာပင် TNLA၊ MNDAA နှင့် AA တို့ သုံးဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင် မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တခုတို့ကို ယခုလ ၁၅ ရက်နေ့က အလစ်အငိုက် ဝင်တိုက်ခဲ့ကြသည်။
ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အရပ်သားနှင့် တရုတ်–မြန်မာ နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းသွားခဲ့ရသည်။
ထိုဖြစ်စဉ်ကြောင့် Bilateral ဆွေးနွေးရေး အခြေအနေသည် ပိုမို ဝေးကွာသွားပြီးလားဟု သုံးသပ်လာကြသလို တချို့က အဆင်ပြေသည့် အဖွဲ့နှင့် အရင်ဆုံး ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း အစိုးရနှင့် NCA စာချုပ်ချုပ်ဆိုထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က အကြံပြုသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “မြောက်ပိုင်း ၄ ဖွဲ့ကို အုပ်စုခွဲလိုက်ပေါ့၊ လက်နက်ကိုင်ပြီးတော့ စစ်ရေးအရ ဖော်ဆောင်နေတဲ့ အဖွဲ့ကို သီးသန့် စဉ်းစားပြီးတော့ KIO/KIA လို စစ်ရေးအရ မပါဘူး၊ Bilateral ထိုးဖို့ ပရိုပိုဇယ် တွေ ဘာတွေ ညှိနေတယ် ကြားလို့ အဲ ၄ ထဲက ၁ ကို နည်းနည်းရှေ့တန်း တင်လို့ရရင်တော့ KIO က သူ့အလုပ်သူလုပ်ဖို့ ပါလာမယ်ဆိုရင်တော့ ဟိုဘက် ၃ ဖွဲ့ကို ပြန်ညှိလို့လွယ်တာပေါ့” ဟု ပြောသည်။
သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေး တံခါး ဖွင့်ထားပေးကြောင်း နေပြည်တော် သမ္မတ အိမ်တော်တွင် ပုံမှန် ပြုလုပ်သည့် သြဂုတ်လ ၁၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်ကိုတွေ့ရသည်။
ဦးဇော်ဌေး က “တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ငြိမ်းချမ်းရေး တံခါးကတော့ ဆက်ပြီး ဖွင့်ထားပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေနဲ့နိုင်ငံရေး အဖြေမရနိုင်ပါဘူး။ ဆွေးနွေးပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နိုင်ငံရေး အဖြေရဖို့လိုပါတယ်” ဟု ပြောသည်။
သို့သော်လည်း တပ်မတော်က အပစ်ရပ်ပေးထားသည့် ကာလအတွင်း အလစ်အငိုက်ဝင်တိုက်ခဲ့သော မြောက်ပိုင်း မဟာမိတ် အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေးကို မလိုလားသည့် သဘောဖြစ်နေပြီး ၎င်းတို့၏ တိုက်ခိုက်မှုကြောင့် တူညီသည့် တုန့်ပြန်မှုကိုသာ ပြန်ရလိမ့်မည်ဟု ဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ငြိမ်းချမ်းရေးကို မလိုချင်လို့ အခုလို လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်။ အဲဒါကြောင့် ဒါနဲ့ပတ်သက်တဲ့ တူညီတဲ့ တုံ့ပြန်မှုမျိုးကိုတော့ ခံရလိမ့်မယ်“ဟု ဧရာဝတီကို ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ သြဂုတ်လ ၁၅ ရက်တွင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ က စစ်ဆင်ရေး တခုလုပ်လိုက်ခြင်းကြောင့် Bilateral ဆွေးနွေးပွဲ ဝေးသွားခြင်းမဟုတ်ပဲ အစကတည်းက Bilateral စာချုပ် ချုပ်နိုင်ရေး နှစ်ဖက် အဆိုပြုချက်များ အရမ်းကွာဟလွန် နေသည်ဟုဆိုသည်။
Bilateral စာချုပ် ချုပ်နိုင်ရေးအတွက် အစိုးရ–တပ်မတော်ဘက်က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ AA တပ်ဖွဲ့ဝင်များ မူလ လိုင်ဇာမှာသာ အခြေစိုက်ရန်၊ MNDAA တပ်ဖွဲ့ဝင်များ ကိုးကန့်ဒေသ ဟုန်အိုင်မှာသာ အခြေစိုက်ရန်နှင့် TNLA တပ်ဖွဲ့ ဝင်များ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံနှင့် နမ့်ဆန်မြို့နယ် အတွင်းမှာသာ အခြေစိုက်ရန် အဆိုပြုထားသည်။
သို့သော် မြောက်ပိုင်းမဟာမိတ်အဖွဲ့များကတော့ ရောက်သည့် နေရာများတွင် တပ်များကို အခြေစိုက်ခွင့်ပြု ရမည်ဟု အဆို ပြုထားသည်။
ဦးမောင်မောင်စိုး က “နှစ်ဖက် အဆိုပြုချက်တွေက အရမ်းကွာဟလွန်းတယ်။ ကွာဟလွန်ကြီးတော့ Bilateral ထိုးဖို့၊ ညှိဖို့ဆိုတာ ဖြစ်နိုင်ချေ အလား အလာနည်းတယ်။ အဲတော့ Bilateral မှာ အပြန်အလှန် အဆိုပြု ထားချက်တွေ ညှိနှိုင်း ခက်ခဲနေတဲ့ အတွက်ကြောင့် ဒီတိုက်ပွဲတွေ ပေါ်လာတယ်လို့ ပြောရပါမယ်” ဟု ပြောသည်။
ထို့နောက် KIA အနေဖြင့် တဖွဲ့တည်း သီးသန့် သွားရန် အခြေအနေကို မိမိအနေဖြင့် မှတ်ချက်မပေးလိုကြောင်း၊ KIA အနေ ဖြင့် ကချင်မှာ သီးခြား ရပ်တည်နိုင်သော်လည်း ရှမ်းမြောက်ရှိ KIA ၏ တပ်မဟာ ၃ ခုသည် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် (AA-TNLA-MNDAA) တို့ဖြင့် ရောယှက်နေခြင်းကြောင့် ထည့်စဉ်းစားရမည့် အခြေအနေ ရှိနေကြောင်း ၎င်းက ဆိုသည်။
မြောက်ပိုင်းမဟာမိတ်နှင့် အစိုးရတို့အကြား ယခုနှစ် ဧပြီ ၃၀ ရက်နေ့က တရုတ်–မြန်မာ နယ်စပ် မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် မိုင်းလားမြို့ပေါ်တွင် နောက်ဆုံး အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။ သို့သော်လည်း သိသာထင်ရှားသည့် သဘောတူညီမှု မရရှိခဲ့ပေ။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ–တပ်မတော်ကြား Bilateral စာချုပ်အပေါ် တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် ငြိမ်းချမ်း ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က ကြားဝင် စေ့စပ်ညှိနှိုင်း ပေးလျက်ရှိသော်လည်း ယနေ့ချိန်ထိ တွေ့ဆုံမည့် နေရာ (ဒေသ) ညှိနှိုင်းမရခြင်းကြောင့် အထမမြောက်ဘဲ ဖြစ်နေသည်။
PCG မှ ဦးလမိုင်ဂွန်ဂျာက “အခုလောလောဆယ်တော့ ပြဿနာတွေဖြစ်နေတော့ နည်းနည်း စောင့်ကြည့်ရမယ်၊ ဘာပဲ ဖြစ်ဖြစ် တွေ့ဆုံ ညှိနှိုင်း အဖြေရှာခြင်းက အကောင်းဆုံးပဲလို့ ကျနော်က မြင်တယ်။ အခုချိန်မှာ အဲလို ဖြစ်သွားတော့ နဂိုတုန်း က မဖြစ်ခင်မှာတောင်မှ တွေ့ဆုံဖို့ နေရာရွေးမှုက အခက်အခဲတွေဖြစ်နေတာ အခုလိုဖြစ်လိုက်တော့ ပိုပြီးတော့ ရှုပ်ထွေး သွားတာပေါ့။ ပိုပြီးတော့ ခက်ခဲသွားတယ်” ဟုဆိုသည်။
၎င်းကဆက်၍ “အခြေအနေတွေ ပြန်ကောင်းလာအောင် နှစ်ဖက်စလုံးက စဉ်းစား လုပ်ဆောင် သင့်တယ်။ နှစ်ဖက်စလုံးက သဘောထား ကြီးကြီးနဲ့ တွေ့ဆုံ ညှိနှိုင်း အဖြေရှာမယ့် လမ်းကြောင်းကိုပဲ ရွေးပြီးတော့ လုပ်စေ ချင်တယ်” ဟု ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ KIA သည် TNLA နှင့် AA ကို မွေးထုတ်ပေးထားသူ ဖြစ်သည့် အတွက် အစိုးရ–တပ်မတော်ကို အောက်ကြေးပေးရမည့် နှုန်းဖြင့် တောင်းဆိုနေခြင်းဖြစ်သည့်အတွက် သီးသန့်လာရောက် ဆွေးနွေးနိုင်ခြေ မရှိကြောင်း ဆိုသည်။
“KIA က နောက်ကွယ်က ဆရာကြီးပဲ၊ KIA လုပ်သွားတာက သူ့အတွက် ဘယ်လောက် လှလည်းဆိုတာ ကျနော်တို့ အားလုံး တွေ့နေတာပဲလေ။ သူ့ကို ဖိအားများလာတဲ့အခါ သူက AA ကို မွေးထုတ်ပေးတယ်။ TNLA ကိုလည်း သူပဲ ထောင်ပေးလိုက်တယ်။ သူက သူ့ဘက်ကို ဖိအားမလာအောင် ဒီလူတွေကို မြောက်ပေးနေတာ ဖြစ်တဲ့အတွက် သူကိုယ်တိုင်က ဒီအတွက်ကို ဘယ်လိုလို့ ဆန္ဒရှိမလဲဗျာ။ သူနဲ့ကလည်း အောင်မြင်စရာ အကြောင်းမရှိဘူး။ သူက ဟန်ဆောင် ပန်ဆောင်ပဲ။ အခုဆို သူ တော်တော် သက်သာသွားတယ်ဗျာ၊ ဖိအား မဖြစ်ဘူး သူကဒီလိုပဲ သွားမှာပေါ့။ မြွေမသေ တုတ်မကျိုးနဲ့ ဖြစ်နေမှာပဲ ဆိုတာ တွေးလို့ရတာပေါ့”ဟု ဒေါက်တာ အောင်မျိုးက ပြောသည်။
လက်ရှိမှာတော့ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြား တိုက်ပွဲများသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကျောက်မဲ စသည့် မြို့နယ်များ အတွင်းမှာပါ ဖြစ်ပွားနေပြီး ဒေသခံများလည်း တိုက်ပွဲရှောင် နေကြရသည်။
ထို့နောက် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၃ ဖွဲ့က ခရီးသွား ပြည်သူများ သွားလာရေး သတိထားကြရန် လက်ကမ်းစာများ ဖြန့်ဝေလျက် ရှိသည့်အတွက် ပိုမို ပြင်းထန်သော စစ်ဆင်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်လာနိုင်သဖြင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း၊ တိုက်ပွဲများ ပြင်းထန်လာသည့်နှင့် အတူ ဆွေးနွေးပွဲမှာလည်း ပိုမို အလှမ်းကွာဝေး သွားနိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တပ်ကလည်း ဘာမှပြန်မလုပ်ရင် သိက္ခာကျနိုင်တယ်လို့ သူ့ဘက်က ကြည့်နိုင်တာပေါ့။ သူက သိက္ခာကျတယ်လို့ ယူဆရင်တော့ သိက္ခာဆယ်ဖို့ လုပ်ရ မှာကိုး။ ဒါက ဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့ ကိစ္စတွေဖြစ်လာတာ။ ဒီလိုပဲ အပေါ်ယံတွေ ကြည့်လို့မရဘူး။ တပ်ကလည်းပဲ လိုအပ် သလို တုန့်ပြန်နိုင်တယ်။ အဲဒီတုန့်ပြန်မှုက အပြန်အလှန် ဖြစ်နေကြရင် အချိန်တခုတော့ စောင့်ရမယ်၊ အဲဒီလို အချိန်တခုကို စောင့်ပြီးမှ ဒီဆွေးနွေးပွဲက ဖြစ်လာမယ်လို့ ကျနော်ယူဆတယ်”ဟု ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ လက်နက်ကိုင် တိုက်ပွဲများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံသား များကြား အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားများအနေဖြင့် လူမျိုးရေးပုံစံမျိုးကို သိပ်မသွားသင့် သလို အစိုးရ–တပ်မတော် ဘက်ကလည်း မိမိတိုင်းရင်းသားများ၏ ဆန္ဒကို လိုက်ရောသင့်ပြီး ကိုယ်ထင်ရာ လုပ်တတ်သော အကျင့်များကို ပြောင်းလဲရန် လိုအပ်ကြောင်း ထောက်ပြသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “Bilateral လုပ်ဖို့ဆိုရင် နှစ်ဖက်အဆိုပြုထားမှု ကွာဟမှုကို ညှိယူမှပဲ ရနိုင်မယ်။ ညှိယူမှ ရမယ်ဆိုတဲ့အခါကျတော့ တဖက်ဖက်က အလျှော့အတင်း လုပ်ပေး မလား ဒါမှမဟုတ် လက် တွေ့ကျကျ မြေပြင်အခြေအနေကိုကြည့်ပြီး တော့ သုံးသပ်ကြမလား။ အဲဒီ နှစ်ချက်ကို လက်တွေ့ကျကျ မြေပြင် အခြေအနေကို ကြည့်ပြီးတော့ ဖြေရှင်းတာ မျိုးပဲ ဖြစ်ဖြစ် တဖက်ဖက်က လိုက်လျောမှု ရှိတာပဲဖြစ်ဖြစ် အဲအခြေအနေ အောက်မှာမှ ဖြေရှင်း နိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ဖြေရှင်းဖို့ ခက်ပါလိမ့်မယ်” ဟု ပြောသည်။
You may also like these stories:
ရှမ်းမြောက် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၄၀၀ ကျော် ရှိလာ
တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြန်လုပ်
တိုက်ပွဲများကြောင့် မူဆယ် နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်း
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ
မိုင်းလားတွင် တွေ့ဆုံရန် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို အစိုးရ ကမ်းလှမ်း