၂၀၁၃ ခုနှစ်က နယ်ဘက်ဒေသ တခုမှာ ဖခင်အရင်းကိုယ်တိုင်က ကိုယ့်သမီးဖြစ်သူကို မုဒိမ်းမှု ကျူးလွန်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာကို ခံရသူက မိခင်ဖြစ်သူနဲ့ တိုင်ပင်ပြီးတော့ တရားစွဲဖို့ လုပ်ခဲ့ပေမယ့် လူမှုအသိုင်းအဝိုင်းနဲ့ အာဏာပိုင်တွေ ဘက်ကတော့ ဖခင်အရင်းက ဒီလိုကျူးလွန်ပါ့မလားဆိုတဲ့ ခံယူချက်ကြောင့် တရားမစွဲဆိုနိုင်ခဲ့ပါဘူး။
အဲဒီအတွက် သမီးဖြစ်သူက အဲဒီအရပ်ကနေ ထွက်လာခဲ့တာကိုတောင် မတားရကောင်းလားဆိုပြီး ဖခင်က မိခင်ကို နှိပ်စက်ညှင်းပန်းတာကြောင့် တရားရင်ဆိုင်ရတဲ့အထိ ဖြစ်သွားပြီး မိသားစုတွေ ကွဲကွာခဲ့ကြရတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။
နောက်ထပ် ဖြစ်ရပ်တခု အနေနဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်မှာဆိုရင်လည်း ယခင်အချိန်က ကျနော်တို့ လူ့အဖွဲ့အစည်းမှာ မကြားဖူးခဲ့တဲ့ ဖခင်အရင်းဖြစ်သူကိုယ်တိုင် ကိုယ့်သမီးကို မုဒိမ်းကျင့်ခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ မိခင်ဖြစ်သူကိုယ်တိုင် သိနေပေမယ့် ဖခင်ဘက်ကနေ ကာကွယ်ခဲ့လို့ ရပ်ကွက်က ဝိုင်းပယ်ကာ လုံးဝ မလာဖို့ ပြောဆို မောင်းထုတ်ခံထားရပါတယ်။ ဖခင်ကိုတော့ ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။
အခုဆိုရင် အဲဒီမြောက်ဥက္ကလာပက မုဒိန်းကျင့်ခံလိုက်ရတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်က မိတကွဲ၊ ဖတကွဲ ဖြစ်သွားတာမို့ လူမှုဝန်ထမ်း ဦးစီးဌာနကနေ ခေါ်ယူစောင့်ရှောက် ပေးထားလိုက်ပါပြီ။ ကလေးမလေးရဲ့ အဘိုးဖြစ်သူ၊ အဒေါ်ဖြစ်သူတချို့ကတော့ ဒီကလေးမလေး ဘဝ ရှေ့လျှောက် လမ်းမှန်ပေါ် ရောက်ပြီလို့ ယူဆတာကြောင့် ကျေနပ် နေကြပါပြီ။
မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး မှုခင်းစာရင်းမှာ မူးယစ်ဆေးဝါးအမှုက ထိပ်ဆုံးမှာ ရှိနေပြီး မုဒိမ်းမှုက အဆင့် ၅ အနေအထားမှာ ရောက်ရှိနေပြီလို့ အကျဉ်းဦးစီးဌာန မှ သိရပါတယ်။
တချို့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းကောက်၊ လေ့လာချက်တွေအရ မုဒိမ်းမှု ဖြစ်ပွားရာမှာ ဖခင် အရင်း၊ ဦးလေး၊ အစ်ကို စတဲ့ ဆွေမျိုးအရင်းအချာတွေရဲ့ ကျူးလွန်မှုတွေပါ ပိုပြီး များလာတာ တွေ့ရတယ်လို့ သိရပါတယ်။
Legal Clinic Myanmar မှ ဒါရိုက်တာဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဒီလိုဖြစ်ပျက်နေတာတွေက အခုခေတ်နောက်ပိုင်းမှ တွေ့လာရတာ ဖြစ်ပြီး ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒကို အလွယ်တကူ ရနိုင်မယ့် ကိုယ့်နီးစပ်ရာ အမျိုးသမီးတွေကို ပစ်မှတ်ထား လုပ်ဆောင်လာတာ ဖြစ်တယ်လို့ သုံးသပ်တယ်။
အထူးသဖြင့် အင်တာနက်၊ လူမှုကွန်ရက်တွေမှာ ညစ်ညမ်းစာပေ၊ ဗီဒီယို၊ ဓာတ်ပုံ စတာတွေကို ဖုန်းကနေ တဆင့် အလွယ်တကူ ကြည့်ရှုလာနိုင်ပြီး မူးယစ်ထုံထိုင်းစေတဲ့ အရက်၊ ဆေးဝါးတွေရဲ့ အကျိုးဆက်တွေနဲ့ အမျိုးသမီးတွေ အပေါ်မှာ တန်ဖိုးထားတဲ့ စိတ်၊ စံနှုန်းတွေကို ဂရုမစိုက်တော့ဘဲ အလွယ်တကူ ကျူးလွန်လာကြတာလို့ သူက ရှင်းပြပါတယ်။
ဒေါ်လှလှရီက “ကိုယ့်ရဲ့ တကိုယ်ရေ စိတ်ဆန္ဒကို ဖြေဖျောက်ဖို့ရာမှာ အခုနောက်ပိုင်း လွယ်ကူတဲ့ ကိုယ့်အနီးအနားက လူတွေကို ပစ်မှတ်ထားလာတဲ့ သဘောမျိုး တွေ့လာရတယ်။ ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ ကလေးတွေဆိုရင် ခြိမ်းခြောက်တာတို့၊ ဖြားယောင်းသွေးဆောင်ဖို့ လွယ်ကူတာတို့နဲ့ သူတို့က ကျူးလွန်လာကြတာ။ အသက်ကြီး အမျိုးသမီးတွေ ဆိုလည်း အမျိုးသမီးတွေကို တန်ဖိုးမထားပဲ အားနွဲ့တယ်ဆိုပြီး မလေးစားပဲနဲ့ ကျူးလွန်လာကြတဲ့ သဘောတွေ တွေ့ရတယ်” လို့ ဆိုပါတယ်။
ကျူးလွန်ခံရသူများနဲ့ စိတ်ဒဏ်ရာ
မုဒိမ်းမှု ကျူးလွန်ခံလိုက်ရသောသူ အားလုံးမှာ အတိုင်းအတာ တခုအထိ စိတ်ဒဏ်ရာ ခံစားရမှုတွေ ဖြစ်ပေါ်လာမှာ ကတော့ အသေအချာပါပဲ။
တချို့ဖြစ်ရပ်တွေမှာ အခြေခံ လူတန်းစားများ နေထိုင်ကြတဲ့ နေရာတွေမှာ ဖြစ်ခဲ့တဲ့အတွက် ကျူးလွန်ခံရသူ ကိုယ်တိုင် ဒီပတ်ဝန်းကျင်ကနေ ရွှေ့ပြောင်းနေသွားဖို့ကလည်း အခက်အခဲ ဖြစ်မှာ ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ Triangle Women အဖွဲ့ တည်ထောင်သူ ဒေါ်ခင်လေးက သုံးသပ်ပါတယ်။
ဒေါ်ခင်လေးက “အဓိက ကတော့ ကျူးလွန်ခံလိုက်ရတဲ့သူတွေ တချို့က ကိုယ့်အကြောင်း သိနေတဲ့ ပတ်ဝန်းကျင်ကနေ ရွှေ့ပြောင်းသွားဖို့ အခြေအနေ မပေးတဲ့အခါ သူတို့ ရှင်သန်ရပ်တည်ဖို့ တော်တော့်ကို ခက်ခဲသွားပါတယ်။ အဲဒီတော့ ပတ်ဝန်းကျင်က လူတွေက သူ့အပေါ် နားလည်မှု၊ စာနာမှုနဲ့ ဆက်ဆံပေးဖို့ လိုတယ်” လို့ ဆိုပါတယ်။
မြန်မာတနိုင်ငံလုံး မုဒိမ်းမှု ဖြစ်စဉ်တိုင်းက ကျူးလွန်ခံလိုက်ရပြီးနောက်ပိုင်း Victim ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လူမှုဝန်ထမ်း ဦးစီးဌာနကို ဆက်သွယ် အကြောင်းကြားတဲ့ဓလေ့ နည်းပါးတာ၊ ဒေသခံပြည်သူများကလည်း ထိုကိစ္စမျိုးကို အကူအညီ စောင့်ရှောက်မှု လိုအပ်တယ် ဆိုရင်တောင်မှ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု အားနည်းနေသေးတာတွေကြောင့် လူမှုဝန်ထမ်း အဖွဲ့အနေနဲ့ ကျူးလွန် ခံလိုက်ရသူတွေကို ကူညီ စောင့်ရှောက်ပေးရေးမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိရောက်စွာ မလုပ်နိုင်သေးကြောင်း ရန်ကုန်တိုင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက သိရပါတယ်။
မြို့နယ်အလိုက်၊ ခရိုင်အလိုက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကို အထွေထွေ အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာတွေ စုပေါင်းပြီး ဖွဲ့စည်းထားပေမယ့် တချို့ဖြစ်ရပ်တွေမှာ လူမှုဝန်ထမ်း ဦးစီးဌာနက မသိလိုက်ရတဲ့ ကိစ္စရပ်တွေလည်း ရှိနေတယ်လို့ သိရတယ်။
အဆိုပါဌာနက အမည်မဖော်လိုသူ အရာရှိ တဦးက “တကယ်လို့ မုဒိမ်းမှုကြောင့် ကိုယ်ဝန်ရသွားတယ်ဆိုရင် အဲဒီကလေး မွေးဖွားပြီးတဲ့ အထိ ကျမတို့က ခေါ်ယူ စောင့်ရှောက်ပေးတယ်။ မွေးဖွားပြီးတဲ့အခါမှာ တချို့က ကလေးကို ကျမတို့ဆီ မှာထားပြီး သူတို့ကတော့ ကိုယ့်မိဘ အိမ်မှာ သွားပြန်နေတာမျိုး ရှိတယ်။ တချို့က နေစရာ မိသားစုတောင် မရှိတော့တဲ့ အခါ ကျမတို့ဆီမှာပဲ ဆက်ပြီး စောင့်ရှောက်ပေးတယ်။ သူ့ဘဝ ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးတယ်” လို့ ရှင်းပြတယ်။
ကျူးလွန်ခံလိုက်ရတဲ့သူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးနိုင်ရန်မှာ မိမိတို့နိုင်ငံမှာ ကြီးကျယ်တဲ့ စိန်ခေါ်မှု ဖြစ်နေပြီးတော့ မိမိအတွေ့အကြုံအရ တချို့သော စိတ်ရောဂါ ခံစားနေရတဲ့သူ တချို့ရဲ့ နောက်ကြောင်းရာဇဝင်မှာ အဲဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ရှိနေတယ်လို့လည်း နိုင်ငံတကာ အဖွဲ့အစည်းနှင့် ချိတ်ဆက်ကာ စိတ်ဝေဒနာရှင် တချို့ကို လူမှုအသိုင်းအဝိုင်းနှင့် သဟဇာတ ပြန်ဖြစ်စေရေး တနိုင်တပိုင် လုပ်နေတဲ့ “အောင်”ဆေးခန်း၊ Mental Health Initiative ကို တည်ထောင်ထားသူ စိတ်ရောဂါ အထူးကုဆရာဝန် ဒေါက်တာ စန်းစန်းဦးက ရှင်းပြပါတယ်။
ယခုနှစ်ထဲတွင် ဆေးခန်းမှာ စိတ်ရောဂါ ကုသ ခံယူနေရသူ ၆ ဦးလောက်ရဲ့ နောက်ကြောင်း ရာဇဝင်မှာ လွန်ခဲ့တဲ့ နှစ်တွေက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကနေ ရရှိလာတဲ့ စိတ်ဒဏ်ရာကနေ စိတ်ရောဂါအထိ ဖြစ်လာတာလို့ သူက ဆက်ပြောတယ်။
ဒေါက်တာ စန်းစန်းဦးက “သူတို့တွေက အချိန်ကာလ တခုရောက်မှ အဲဒီလို စိတ်ရောဂါတွေ ဖြစ်လာကြတာ။ သုတေသန သေချာလိုတယ်။ သုတေသန မရှိဘဲ ဒီကနေ ဖြစ်လာတာတွေကို သင်ယူဖို့တို့၊ နားလည်ဖို့တို့နဲ့ ကာကွယ်တားဆီးဖို့တို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီသုတေသနကနေမှ ဘယ်လို စီမံနိုင်မလဲဆိုတာ သိလာမှာပေါ့” လို့ ဆိုပါတယ်။
ကျူးလွန်သူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိသလား
မုဒိမ်းမှု ကျူးလွန်ကြသူများရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ၎င်းတို့ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေက ပြစ်မှု ဖြစ်ပေါ်စေရေး အပေါ်မှာ များစွာ သက်ဆိုင်နေတယ်လို့ စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာစန်းစန်းဦးက သုံးသပ်တယ်။
အထူးသဖြင့် ပြစ်မှုကျူးလွန်ကြသူတချို့ဟာ ငယ်စဉ်ထဲက အိမ်တွင်း အကြမ်းဖက်မှုလိုမျိုး ခံစားခဲ့ရသူ၊ လူတိုင်းအပေါ် စာနာတတ်၊ ညှာတာတတ်၊ လေးစားတတ်မှန်း မသိတဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရသူ ဖြစ်နိုင်သလို စိတ်ခံစားမှု တခုခုကို ခံစားချက် ရှိလာခဲ့သူတွေ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
နောက်တခုက သက်ငယ်မုဒိမ်းမှု ကျူးလွန်ကြသူတချို့မှာ ကလေးကိုမှ တပ်မက်တတ်တဲ့ စိတ်ရောဂါ ရှိတဲ့သူတချို့ ပါနိုင်တယ်၊ ကလေးကိုမြင်မှ သူတို့ရဲ့ လိင်စိတ်ဟာ ပေါ်ပေါက်လာတဲ့အတွက် ကလေးတွေကို ပစ်မှတ်ထား ကျူးလွန်ကြတဲ့သူတွေ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောတယ်။
ဒေါက်တာ စန်းစန်းဦးက “သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ တခုခု ရှိနေမယ်။ သူ့ဘာသာ သူလည်း မသိဘူး။ ကလေးမှ တပ်မက်တယ်လည်း ဖြစ်နိုင်တယ်။ အဲဒီမှာ သူ့မှာရှိနေတဲ့ လိင်စိတ်ကြွမှုတွေကို ဖြေဖျောက်လိုက်တာပဲ ရှိတယ်။ ဒီကလေး က သူ့နဲ့ ပြန်ပြီးတော့ လိင်တုံ့ပြန်နိုင်မှု ရှိ၊ မရှိဆိုတာ သူမစဉ်းစားဘူး။ လွယ်တော့ လွယ်တဲ့ဟာကို ကောက်ပြီး လုပ်လိုက်တာပေါ့” လို့ ဆိုပါတယ်။
အဲဒါအပြင် ကျနော်တို့ လူ့အဖွဲ့အစည်းတွေမှာ ပြောဆိုတတ်ကြတဲ့ လူမှုကွန်ရက်လို အင်တာနက်တွေမှာ၊ ဖုန်းတွေ အသုံးပြုနိုင်တာ တွေကလည်း လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဖြစ်စေတဲ့ ဟာတွေကို လူတွေ အများအပြား ထိတွေ့ နီးစပ်စေတာက တဆင့် အခုလို မုဒိမ်းမှုတွေ ဖြစ်စေတာလို့ ဆိုတဲ့အချက်ကလည်း အပြည့်အဝ မှန်ကန်တဲ့ဟာ မဟုတ်ဘူးလို့ သူက ဆက်လက် ရှင်းပြပါတယ်။
ထိုကိစ္စတွေ ပေါများ ပျံ့နှံ့လာနေခြင်းက တဖက်မှာ အခုလို ပြောစရာဖြစ်စေတဲ့ ဆိုးကျိုးတွေ ရှိနေသလို တဖက်မှာလည်း ကောင်းကျိုးတွေရှိနေတယ်လို့ သူက ဆိုပါတယ်။
အဖြေရှာရန် လိုအပ်နေ
တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းများအရ မြန်မာနိုင်ငံမှာ မုဒိမ်းမှုပေါင်း၂၀၁၇ တွင် ၁၄၀၅ မှု၊ ၂၀၁၈ တွင် ၁၅၈၃ မှု နှင့် ၂၀၁၉ ဇွန်လအထိ ၆၁၉ မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲမှာမှ သက်ငယ်မုဒိမ်းမှုက ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှု၊ ၂၀၁၈ တွင် ၁၀၂၈ မှု နှင့် ၂၀၁၉ ဇွန်လအထိ ၄၁၉ မှု ဖြစ်ပွားခဲ့ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ယခင် ၂ နှစ်ကထက် ရာခိုင်နှုန်း ပိုမိုမြင့်မားလာတာ တွေ့ရပါတယ်။
အဲ့ဒီအတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေက မုဒိမ်းမှု ကျူးလွန်ခဲ့ကြသူများကို ပြစ်မှုပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးသင့်တယ်လို့ တောင်းဆိုနေကြပေမယ့် တဖက်မှာလည်း ဒီလိုပြင်းထန်တဲ့ ပြစ်မှု ပေးရုံနဲ့တော့ ဒီကိစ္စတွေက ပပျောက်သွားနိုင်မှာ မဟုတ်ဘူးလို့ ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံက ဒေါက်တာတင်ဦးက သုံးသပ်တယ်။
ဒေါက်တာတင်ဦးက “ကောင်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ တချို့ မုဒိမ်းမှုဖြစ်စဉ်တွေမှာ ဖုန်းတောင် မသုံးနိုင်တဲ့ လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ကြတာတွေလည်း ရှိတယ်။ အဲဒီတော့ မဖြစ်သင့် မဖြစ်ထိုက်သေးတဲ့အချိန်မှာ အဲဒီ အင်တာနက် ကနေ သိလာပြီး ဖြစ်လာနိုင်တယ်ဆိုတာ ဟုတ်ပေမယ့် ဒီလိုဖြစ်စဉ်တွေက အဲဒီလိုအခြေအနေ မပေးတဲ့နေရာမှာလည်း ဖြစ်နေမှာပဲ။ အခု မုဒိမ်းမှုတွေဟာ ဆင်းရဲတဲ့ လူ့အသိုင်းအဝိုင်းမှာ အများစု ဖြစ်နေတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ချမ်းသာတဲ့အသိုင်းအဝိုင်းလည်း ဖြစ်နိုင်တာပဲလေ။ ငွေနဲ့ဖုံးလို့ မပေါ်တာမျိုးသာ ရှိကောင်းရှိမှာ” လို့ ဆိုပါတယ်။
ယခုလို မုဒိမ်းမှု ဖြစ်စဉ်တွေထဲမှာမှ သက်ငယ်မုဒိမ်းမှုတွေ များပြားလာတာက အကြောင်းအရာ တခုထဲ အပေါ် မမူတည်ပဲ သူရဲ့ ပင်ကိုဗီဇ၊ သူကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင် အခြေအနေ၊ သူ့ရဲ့တခြားသော မူးယစ်ဆေးဝါး၊ အရက်လို ဟာတွေ ကလည်း များစွာ သက်ဆိုင်မှုရှိတယ်လို့ သူက ပြောပြတယ်။
ဒေါက်တာတင်ဦးက “အဓိက က ဘာလဲဆိုတာ ပြောဖို့တော့ ခက်တယ်ဗျ။ အားလုံးက ဆက်စပ်နေတာ။ ကျနော်တို့က အဲဒီလို မုဒိမ်းမှု ကျူးလွန်ကြသူတွေကို ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ပေးလိုက်တာကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒါက အဖြေမဟုတ်သေးဘူး။ ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးလိုက်ရုံနဲ့တော့ ဒီလိုဖြစ်စဉ်တွေက ပပျောက်သွားမယ်တော့ မဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့အနေနဲ့က ဒီကိစ္စတွေအပေါ်မှာ အာရုံစိုက်ပြီး ထိရောက်တဲ့ ပညာပေးမှုတွေကို လုပ်ဖို့တော့လိုတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင် လူမှုရေး စိတ်ပညာနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုလုပ်ရန် လိုအပ်လာပြီး ကျူးလွန်သူများရော၊ ကျူးလွန်ခံလိုက်ရသူများတွင်ပါ ဖြစ်တတ်သော စိတ်သဘာဝ အခြေအနေများကို သေချာစူးစမ်း လေ့လာရန် လိုအပ်နေချိန် ဖြစ်တယ်လို့ သိရပါတယ်။
တချို့ ဖြစ်စဉ်တွေမှာ ဖခင်အရင်းကိုယ်တိုင်၊ မိသားစုဝင်တွေ ကိုယ်တိုင် ကျူးလွန်လာကြတဲ့အခါ ဘာကြောင့်ဒီလို ကျူးလွန် ရလည်း ဆိုတာကို တမှုချင်းဆီ ချဉ်းကပ်ပြီး စူးစမ်းပြီး ဘာတွေ ကွာခြားသလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းကြောင်း၊ စိတ်ပညာမှာ ကိုယ့်ဆံပင် မဆွဲရရင် မနေနိုင်တဲ့၊ ရထားမြင်ရင် ခဲနဲ့ မပေါက်ရရင် မနေနိုင်တဲ့ စိတ်ရောဂါ မျိုးလို လိင်စိတ် ကြွတဲ့ ရောဂါမျိုးလည်း ရှိနေတာကြောင့် အမှုဖြစ်စဉ်တိုင်း အပေါ် လက်လှမ်းမှီသမျှ သက်ဆိုင်ရာ အာဏာပိုင်မှ ဖြစ်စေ၊ ပညာရှင်များမှဖြစ်စေ လေ့လာသင့်တယ်လို့ ဖြစ်တယ်လို့ စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာစန်းစန်းဦးက ပြောပါတယ်။
သူက “အထူးသဖြင့် ဒီလိုမှုခင်း၊ ကလေးတွေနဲ့ ပတ်သက်ပြီး ဖြစ်တာက တကယ်ပဲ ဖြစ်နေပြီလေ။ ဒီလို ဘာလို့ဖြစ်တာလဲ၊ လူမှုရေး စိတ်ပညာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့လိုပြီ။ ထောင်ချလိုက်ရုံနဲ့ မပြီးဘူး။ နိုင်ငံတကာမှာ အဲဒီဟာက လုပ်နေတာ ကြာပြီ။ မြေအောက်ရထား ဗုံးသွားခွဲတာ ထောင်ထဲ မသတ်ခင်မှာ ဒီလိုလုပ်ခဲ့တာ ဘာကြောင့်လဲဆိုတာ သေသေချာချာ သုတေသန လုပ်တယ်။ ဘယ်တုန်းကမွေးပြီး ကလေးဘဝမှာ ဘာတွေဖြစ်လဲ၊ ဘယ်လိုကြီးပြင်းလာရလဲ၊ အဲဒီလို မလုပ်ခင်မှာ ဘာတွေဖြစ်ခဲ့သေးလဲ၊ မိဘမှာ ဘယ်လိုဖြစ်နေလဲ၊ ကျောင်းမှာ ဘာတွေ ဖြစ်ခဲ့လဲ။ အဲဒီလို သုတေသနလုပ်ပြီး ဒီကိစ္စကနေ သင်ယူမှုတွေ လုပ်တယ်။ ဒီလိုမလုပ်ရင် ဘာမှသိရမှာမဟုတ်ဘူး” လို့ ဆိုတယ်။
အိမ်ထောင်ရှင် အမျိုးသားတွေ ကိုယ်တိုင် မုဒိမ်းမှု ကျူးလွန်ကြတဲ့ ဖြစ်စဉ်တချို့မှာဆိုရင်လည်း ကိုယ့်ဇနီးမယားနဲ့ အိမ်ထောင်ရေးကိစ္စလည်း မညီညွတ်၊ လူကလည်း အရက်လို မူးယစ်ဆေး တခုခုသုံးထား၊ လိင်စိတ်ကလည်း ကြွနေ၊ အခပေး ပြည့်တန်ဆာဆီသွားဖို့ကလည်း ပိုက်ဆံက မရှိ စတဲ့ အခြေအနေ အကြောင်းအရာ များစွာ တိုက်ဆိုင်မှု ရှိတယ်လို့ သူက ဆက်လက်ပြောပြတယ်။
နေ့စဉ် ဆိုသလို မုဒိမ်းမှု နဲ့ ပတ်သက်တဲ့ မှုခင်းတွေကို ဖတ်ရှုနေရပါတယ်။ သက်ဆိုင်ရာက ကောက်ယူ ရရှိထားတဲ့ စာရင်းတွေ အရ ဆိုရင်လည်း အမှုဖြစ်နှုန်းက တနှစ်ထက် တနှစ်တိုးမြင့်နေတဲ့ သဘောမှာ ရှိနေပါတယ်။ အဲဒီ အထဲမှာ သက်ငယ်မုဒိမ်းကို သေဒဏ်ပေးဖို့ တောင်းဆို ဆော်သြနေကြတာက အဖြေတခုတော့ မဟုတ်ပါဘူး။ ဒီလို ဖြစ်စဉ်တွေ လျော့နည်းလာအောင် ပညာပေးမှုတွေ၊ သုတေသနတွေ လိုအပ်လာပြီလို့ သုံးသပ်ရမှာပါ။ ။
ဆက်စပ်ဖတ်ရှုရန်
ဖခင်ရင်း၏ ကာမရမက်အတွင်း ကြွေကျခဲ့ရသော ပန်းကလေးတပွင့်
နေပြည်တော်တွင် အသက် ၇ နှစ်အရွယ် ကလေးငယ် အဓမ္မပြုကျင့်ခံရ
ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော