ဆောင်းပါး

ကမ္ဘာ့အမွေအနှစ် ပုဂံသို့ မျှော်ကြည့်ခြင်း

Want create site? Find Free WordPress Themes and plugins.

နံနက်ခင်း ဝေလီဝေလင်း ကတည်းက နေအိမ်များ ဖြိုဖျက်ရာမှ ထုသံရိုက်သံများ၊ ဖြိုဖျက်လိုက်သည့် ပစ္စည်းများအား တနေရာမှ တနေရာ သယ်ယူနေကြသူများထံမှ အော်ဟစ် စကားပြောဆိုသံများဖြင့် ပတ်ဝန်းကျင် တခုလုံး ပွက်ပွက် ညံနေသည်။

ထိုအထဲက အသက် ၁၄ နှစ်အရွယ် ကောင်လေးတဦးလည်း ကန်တော့ပလ္လင်ဘုရား အနောက်ဘက်က သူတို့ အိမ်ကို ရွှေ့ပြောင်းရန် ဖြိုဖျက်နေသည့် မိသားစုကို ဝိုင်းကူလိုက်၊ အပြို အပျက်ပစ္စည်းများကို အနီးနားရှိ စစ်ကားကြီးပေါ် တင် လိုက်နှင့် အလုပ်များနေသည်။

“အစ်ကိုတွေ အစ်မတွေနဲ့ ဖျက်ရတယ်။ ကိုယ့်ပစ္စည်း ကိုယ်သယ်ရတာပေါ့။ ကားပဲ ပို့ပေးတယ်။ အတင်အချ ကိုယ့် ဘာသာ လုပ်ရတာ” ဟု ယခုအခါ အသက် ၄၃ နှစ်ရှိ ပုဂံဒေသခံ ဦးနိုင်နိုင်ထွန်း တယောက် ၁၉၉၀ ခုနှစ်က သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တချို့ကို ပြန်လည် ပြောပြနေခြင်း ဖြစ်၏။

ထိုစဉ်က ဖြိုဖျက်လိုက်ရသည့် သူတို့အိမ်လေးသည် ပေ ၂၀ ခန့် ကျယ်ဝန်းသည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်းခင်းအိမ် လေး ဖြစ်သည်ဟု သူက ဆိုသည်။

၁၉၉၀ ခုနှစ်တွင် ပုဂံမြို့ဟောင်းအတွင်း ဘုရား၊ စေတီပုထိုး၊ အုတ်ကျောင်းများ သီးသန့်ရှိနေစေရန် လူနေအိမ် တိုက်တာအဆောက်အအုံ၊ စီးပွားရေး အဆောက်အအုံများအားလုံး မရှိစေရ၊ ပြောင်းရွှေ့ပေး ရမည် ဟူသော အမိန့် ကြောင့် ပြောင်းရွှေ့ချင်သည့် ဆန္ဒ(လုံးဝ) မရှိသော်လည်းပဲ လက်ရှိနေထိုင်ရာ ပုဂံမြို့သစ်သို့ ပြောင်းရွှေ့ခဲ့ကြရသည်။

ထိုအချိန်က ပုဂံမြို့သစ်နေရာတွင် တိကျခိုင်မာသည့် မြေကွက် ရိုက်ထားပေးမှု မရှိသကဲ့သို့ လမ်းပန်း ဆက်သွယ်ရေးက အစ ရေ မီးအဆုံး ဘာမှ မရှိသေးပေ။

“နေရာ အကွက်တော့ ရိုက်ပေးတာပေါ့။ ကျနော်တို့ ရွှေ့စဉ်ကာလက လမ်းတွေ မဖောက်ပေးသေးဘူး။ မီးလည်း မရှိသေးဘူး။ ရေလည်း မရှိသေးဘူး။ ကျနော်ကိုယ်တိုင် မြစ်ဆိပ်ကိုသွားပြီး ထမ်းရတယ်။ မြစ်ဆိပ်ကို လမ်းလျှောက်ရင် ၄၅ မိနစ်လောက်တော့ ကြာတယ်” ဟု ဦးနိုင်နိုင်ထွန်းက သူကြုံတွေ့ ခဲ့ရသည်များကို ပြန်လည်ပြောပြသည်။

သူ့အနေဖြင့် ထိုစဉ်က ပုဂံ၊ ညောင်ဦးအတွင်းရှိ ဘုရားများနှင့် အိမ်များ နီးကပ်နေသည်ဟုဆိုကာ ရွှေ့ရသည်ဟု သိရှိခဲ့ ပြီး သူမှတ်မိသလောက် အိမ်ခြေ ၂၀၀ ခန့် ရှိမည်ဟုလည်း သူက ခန့်မှန်းပြော ဆိုသည်။

အမျိုးသားအမွေအနှစ် ပုဂံမှ ကမ္ဘာ့အမွေအနှစ်ဆီသို့

ထိုအဖြစ်အပျက်များအပြီး နှစ်ပေါင်း ၃၀ ခန့် အကြာမှာတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်မှသည် ကမ္ဘာကပါ အသိအမှတ်ပြုရသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် အဖြစ် အသိအမှတ် ပြုခံရလေသည်။

မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ် ဒေသတခုဖြစ်သည့် ပုဂံယဉ်ကျေးမှုဇုန်ကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် (World Heritage List) အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)က ပြီးခဲ့ သည့် ဇူလိုင် ၆ ရက်တွင် ကြေညာခဲ့သည်။

အာဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တွင် ဇွန် ၃၀ မှ ဇူလိုင် ၁၀ ရက်ထိ ကျင်းပခဲ့သည့် အဖွဲ့ဝင် နိုင်ငံ ၂၁ နိုင်ငံ ပါဝင်သော ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ကော်မတီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးတွင် သတ်မှတ် ကြေညာခဲ့ခြင်း ဖြစ်သည်။

၁၉၉၆ ခုနှစ် စစ်အစိုးရ လက်ထက်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ကြိုးပမ်းခဲ့ဖူးသည်၊ ယူနက်စကိုမှ စည်းမျဉ်းစည်းကမ်းများနှင့် ညီအောင် ပြုလုပ်၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် ဆိုသော်လည်း စစ်အစိုးရမှ ကြိုးစားခြင်း မရှိတော့ပေ။

၂၀၁၄ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်မှ စ၍ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာရေး ယူနက်စကို စည်းမျဉ်း စည်းကမ်းများနှင့် အညီပြင်ဆင် ဆောင်ရွက်ခဲ့ရာမှ ၂၀၁၉ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံရခြင်းဖြစ်သည်။

၂၀၁၄ တွင် ပျူ၃ မြို့ဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း တို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်အဖြစ် အသိ အမှတ်ပြုခံရရာ ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လေသည်။

ပုဂံဒေသရှိ ရိုးရာ ယွန်းထည်လုပ်ငန်း(အောင်ကျော်ထက်/ဧရာဝတီ)

ကမ္ဘာ့တန်ဖိုးထားချက်များနှင့် ပုဂံဒေသ

မြန်မာနိုင်ငံက ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း ဆိုင်ရာ ၁၉၇၂ ခုနှစ် ပဋိညာဉ်စာချုပ်ကို ၁၉၉၄ ခု ဧပြီ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းပါက ထို ပဋိညာဉ်စာချုပ်ပါ ကမ္ဘာ့တန်ဖိုးထားချက်များ (Outstanding Universal Value) အဖြစ် သတ်မှတ်ထားသည့် စံချိန်/စံညွှန်း ၁၀ ချက် အနက် အနည်းဆုံး စံ(၂)ချက်နှင့် ကိုက်ညီ ရမည်ဖြစ်သည်။

ကမ္ဘာ့တန်ဖိုးထားချက် စံချိန်/စံညွှန်း (၃)တွင် မျက်မှောက်ကာလတိုင် တည်ရှိနေသော (သို့) ပျောက် ကွယ်သွားသော မြို့ပြယဉ်ကျေးမှုတခု (သို့) ရိုးရာယဉ်ကျေးမှု ဓလေ့တခုတို့သည် အတုမရှိ ပြိုင်ဘက်ကင်း၍ သော်လည်းကောင်း၊ ထူးခြားထင်ရှား၍ သော်လည်းကောင်း ယုတ္တိဗေဒအားဖြင့် သက်သေပြနိုင်ရမည်ဟု ဖော်ပြထားသည်။

ထိုအချက်အရ ပုဂံဒေသသည် အေဒီ ၁၁ – ၁၃ ရာစုအတွင်း ပုဂံမြို့ပြ ယဉ်ကျေးမှု၏ အထွတ်အထိပ်သို့ ရောက်ရှိ ခဲ့ ခြင်း၊ ဗုဒ္ဓဘာသာ ကုသိုလ်ကောင်းမှု ဓလေ့နှင့် ထူးခြားထင်ရှားသည့် ယဉ်ကျေးမှု တန်ဖိုး ပြယုဂ်များဖြင့် သက်သေ ပြနိုင်ခဲ့ သည်။

စံချိန်/စံညွန်း ၄ အရ လူ့ဘောင်သမိုင်းတွင် ပြောင်းလဲမှု အဆင့်ဆင့်ကို ဖော်ပြပေးသည့် ထူးခြား ထင်ရှားသော အဆောက်အဦ၊ ဗိသုကာနှင့် နည်းပညာတို့ ပေါင်းစည်းထားသည့် အဆောက်အဦတို့နှင့် မြေယာရှုခင်း ပုံဖော်ထားမှုတို့ အဖြစ် အေဒီ ၁၁ – ၁၃ ရာစုရှိ ဗုဒ္ဓဘာသာဆိုင်ရာ ဗိသုကာ လက်ရာ များဖြင့် တည်ရှိမှုများက ထင်ရှားစွာ ကိုက်ညီနေသည်။

စံချိန်/စံညွှန်း ၆ အရ တိတိကျကျ (သို့) သေချာမှုရှိသည့် အထောက်အထားများ ပြနိုင်ပြီး ထူးခြား ထင် ရှားသော ရိုးရာဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်မှုများ၊ အနုပညာလက်ရာများနှင့် စာပေ ဆိုင် ရာ လက်ရာများအဖြစ် ဗုဒ္ဓဘာသာ၏ အလေ့အထများဖြစ်သော ကုသိုလ်ပြုမှု၊ လှူဒါန်း မှု(ဒါနပြုမှု) တို့သည် ယနေ့တိုင် ရှင်သန်နေခြင်း၊ ရှိနေခြင်းတို့က သက်သေထူနေသည်။

ထို့ကြောင့် ပုဂံဒေသည် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး သတ်မှတ် စံချိန်/စံညွှန်း ၁၀ ချက် အနက် စံချိန်/စံညွှန်း ၃၊ ၄၊ ၆ တို့နှင့် သက်သေပြနိုင်ကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ထိုက်တန် စွာ အသိအမှတ်ပြုခံရခြင်း ဖြစ်သည်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိလာမလဲ

မြန်မာနိုင်ငံ၏ အမျိုးသားဆင့် ယဉ်ကျေးမှု အမွေအနှစ်မှသည် ကမ္ဘာ့အဆင့် အသိအမှတ်ပြုသည့် အမွေအနှစ် စာရင်း ဝင် ဖြစ်လာပြီဖြစ်ရာ ပုဂံဒေသရှိ ရှေးဟောင်း အဆောက်အအုံနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့ နိုင်ရေးအတွက် အမြင့်ဆုံး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်မှုကို ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမို ပူးပေါင်း ဆောင်ရွက်လာခြင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာမှုကြောင့် ပုဂံ ဒေသခံ ပြည်သူတို့အတွက် စီးပွားရေး အခွင့် အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးပညာရှင်များက ပြောသည်။

ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက “အနည်းဆုံးတော့ သူ့ရဲ့ ကာကွယ် စောင့်ရှောက်မှု ထိန်းသိမ်းမှုမှာ အမြင့်ဆုံး ကမ္ဘာ့အဆင့် ဖြစ်သွားတာပေါ့။ ပုဂံမှာ တခုခု ဖြစ်တယ်ဆို ဥပမာ ထိခိုက်တဲ့ကိစ္စတွေ ဖြစ်လာတယ်ဆိုရင် မြန်မာနိုင်ငံ တခုတည်းသာမက ကမ္ဘာကပါ စိုးရိမ်ပူပန်မှုတွေ ရှိလာမယ်။ ပိုပြီး ထိန်းသိမ်းလာနိုင် မယ်။ စောင့်ရှောက်လာနိုင်မယ်လို့ ယူဆတယ်” ဟု မှတ်ချက်ပြုသည်။

ထို့ပြင် စစ်ပွဲကြီးများ ဖြစ်လာပါက ယဉ်ကျေးမှု အမွေအနှစ်ဒေသများကို လုံးဝ မထိရောက်စေခြင်း၊ စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးခြင်းတို့ကြောင့် ကမ္ဘာ့အမွေအနှစ် ဖြစ်သွားသော ပုဂံဒေသကို စစ်မက်ဘေးမှ ကာကွယ်နိုင်မည် လည်း ဖြစ်သည်။

“ယူနက်စကို ဝင်သွားတဲ့အတွက် ကျေနပ်တယ်။ ခရီးသွားလုပ်ငန်းတွေ ပိုပြီး အောင်မြင်မယ်လို့လည်း မျှော်လင့်တယ်” ဟု အာနန္ဒာဘုရား စောင်းတန်းတွင် ယွန်းထည်ပစ္စည်းဆိုင် ဖွင့်ထားသည့် ဦးကျော်မြင့် က သူ့မျှော်လင့်ချက်ကို ပြောပြ သည်။

ဒွိဟဖြစ်နေသည့် ဒေသခံများ

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရသည့် သတင်းကို ကြားသိရချိန်တွင် ပုဂံသူ/သား များ အပါအဝင် မြန်မာနိုင်ငံသူ/သား အားလုံး ဂုဏ်ယူမဆုံး တပြုံးပြုံးဖြင့် ကြည်နူးဝမ်းသာကြရသည်။
သို့သော် ခဲမှန်ဖူးသည့် စာသူငယ်ကဲ့သို့ ပုဂံသူ/သားတို့၏ ရင်ထဲမှာတော့ အပျော်တဝက် စိုးရိမ်စိတ် တဝက်ဖြင့် ဒွိဟဖြစ်ကာ မေ့ချင်ယောင် ဆောင်ထားသော ဒဏ်ရာဟောင်းများ ပြန်လည် ထွက်ပေါ်လာ ခဲ့သည် ဆိုလျှင်လည်း မှားမည်မထင်။

“ကျနော့်အနေနဲ့ ပျော်ပါတယ်။ ဒါပေမယ့် ယူနက်စကို ဝင်တာ တချို့ကလည်း ကြိုက်သလို တချို့က လည်း ပြီးခဲ့တဲ့ ၁၉၉၀ တုန်းကလိုပဲ။ ကျနော်တို့ ရွှေ့ခဲ့ရတာကိုး။ ဇုန်မလွတ်လို့မို့ နောက်တခါ ထပ်များ ရွှေ့ခိုင်းမလားဆိုပြီးတော့ ဒွိဟဖြစ်နေကြတယ်” ဟု ပုဂံဒေသခံ ဦးနိုင်နိုင်ထွန်းက ပြောသည်။

အော်ရီယန်ပဲလေ့စ် ဟိုတယ်(ဇော်ဇော်/ဧရာဝတီ)

ထိုခေတ်က စစ်အစိုးရ အုပ်ချုပ်နေသည့် ကာလဖြစ်ရာ ကြောက်ရသည့်အတွက် အမိန့်ကို မလွန်ဆန် နိုင်ဘဲ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း Bagan Heritage Trust ၏ တွဲဖက်အတွင်းရေးမှူး (၁) ဦးညွန့်အောင်ကလည်း ပြောပြသည်။

သူက “ကျနော်ဆို နှစ်ခါ ရှိပြီ။ ရွှေ့ရတာ။ ဝက်ကြီးအင်းဘက် တခါ သွားရတယ်။ တောင်ဘက်ခြမ်း သမားတွေ အရင်ရွှေ့ ဆိုတော့ ဝက်ကြီးအင်းဘက် ရွှေ့လိုက်ရတယ်။ အဲဒီမှာနေရင်းက တမြို့လုံး ဖြစ်သွားတာ။ ဒီဘက်ကို (မြို့သစ်) တမြို့လုံး ရွှေ့လာရတာ” ဟုရှင်းပြသည်။

ထိုသို့ ကြုံတွေ့ခဲ့ရသည့် သူ့အနေဖြင့် ပုဂံဒေသ ယခုကဲ့သို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရသည့် အပေါ် အတိုင်းထက်အလွန် ဝမ်းသာပြီး ကြိုဆိုသကဲ့သို့ ဒေသခံတို့၏ စိုးရိမ်မှုကိုလည်း ကိုယ်ချင်းစာ နားလည်သည်ဟု ဆိုသည်။

“ဒီလို ခံစားချက်တွေ ရှိတဲ့အတွက် ကျနော်တို့မှာ နောက်ထပ်ပြောင်းဖို့ ဘယ်နေရာမှ မပြောင်းချင် တော့ဘူး” ဟုလည်း သူက ပြောသည်။

ထို့ပြင် ပုဂံ ဘုရားပုထိုးစေတီများ၌ ဈေးရောင်းချနေသော ဒေသခံများကလည်း ၎င်းတို့ ဆိုင်ခန်းနေရာများ ဖယ်ရှား ပေးရမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

ဓမ္မရာဇက စေတီတော် အနီး ဆိုင်ခန်းတွင် ပုဂံ အမှတ်တရ ပစ္စည်းများ ရောင်းချနေသည့် မခင်နှင်းရွှေကတော့ နှစ် ၂၀ ကျော် လုပ်ကိုင်လာသည့် စီးပွားရေးလုပ်ငန်းလေး အခြေပျက်သွားမှာကို စိုးရိမ်မိကြောင်း၊ ဖြစ်ပေါ်လာမည့် အပြောင်းအလဲကို အကောင်းဆုံး အခြေအနေ ဖြစ်လာစေချင် ကြောင်း ဖွင့်ဟပြောဆိုသည်။

မခင်နှင်းရွှေက “ကမ္ဘာ့အဆင့် ဝင်တယ်ဆိုတော့ ဝမ်းသာတယ်။ ဧည့်သည်တွေ ပိုပြီး များလာမယ်လို့ လည်း မျှော်လင့် တယ်။ ကျမတို့ စိုးရိမ်နေတာတွေကို ဟိုဘက်ဒီဘက် မျှမျှတတလေး စဉ်းစားပြီး လုပ်ပေးရင်တော့ အဆင်ပြေတာပေါ့။ ဒါကတော့ အများရဲ့ ဆန္ဒသဘောထားပါပဲ” ဟုလည်း သူက ပြောပြသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားခြင်းကြောင့် မြို့ ရွာများ ဖယ်စရာ ရွှေ့ပြောင်းစရာ မလိုပါ ဘူးဟု တာဝန်ရှိ သူများဘက်က သတင်းမီဒီယာများတွင် ပြောဆိုမှုများ ရှိနေသော်လည်း ဒေသခံများ ၏ စိတ်ထဲ၌ စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်။

ဒေသခံများ အနေဖြင့် မှန်ကန်သည့် သတင်း အချက်အလက်များကို လက်လှမ်းမမီ၍လား၊ ထိရောက် သည့် အသိပေး မှုများ မရှိ၍လား၊ မည်သို့သော အားနည်းချက် လစ်ဟချက်များကြောင့် ထိုကဲ့သို့ ဖြစ်ရသည်ကို မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံအချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စုံစမ်းမေးမြန်း ကြည့်ခဲ့ ရာ ဒေသ အာဏာပိုင်ကသော်လည်းကောင်း၊ အစိုးရပိုင်းကသော်လည်းကောင်း တစုံတရာ ချပြခြင်း မရှိသေးသည့်အတွက် စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

လူနေထိုင်ရန် သတ်မှတ်ထားသည့် မြို့ပြနှင့် ကျေးရွာများ၌ ရှိပြီးသား လူများအနေဖြင့် ဖယ်စရာ၊ ရွှေ့ပြောင်းစရာ မလိုဘဲ သတ်မှတ် စည်းမျဉ်းစည်းကမ်းများကိုသာ လိုက်နာရန် လိုအပ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ရှင်းပြသည်။

ထို့ပြင် ဈေးသည်များ၏ စိုးရိမ်မှုနှင့် ပတ်သက်၍လည်း ဘုရားရှေ့ ဈေးဆိုင်များ မရောင်းရတော့ဘူးဟု ပြောခြင်း မဟုတ်ကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်ကို ထိခိုက်ခြင်းမျိုး မဖြစ်စေရေး စည်းကမ်းတကျ ရောင်းချရန်သာ လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဦးအောင်အောင်ကျော်က “သတ်မှတ်တဲ့ စည်းကမ်းလေးအတိုင်း လိုက်နာဖို့ပဲ လိုပါတယ်။ ဒါတွေက လည်း သူတို့ မလိုက်နာနိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားတာ မရှိပါဘူး။ ယဉ်ကျေးမှု အမွေအနှစ်ကို မထိခိုက်အောင် ဆောင်ရွက်မယ်ဆိုရင် အားလုံး ဆောင်ရွက်လို့ ရပါတယ်” ဟု ပြောဆိုသည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ် မဖြစ်ခင်ကတည်းက ကြိမ်ဖန်များစွာ ရှင်းပြပြီးဖြစ်ကြောင်း နှင့် နောင်တွင်လည်း ဆက်လက်၍ အသိပညာပေးမှုများ ပြုလုပ်သွားမည်ဟု ဆိုပါသည်။

အမွေအနှစ်ဇုန်ထဲက ဟိုတယ်တို့၏ အလားအလာ

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားသည်နှင့် တပြိုင်နက် အမွေအနှစ်ဇုန် (Property Zone) အတွင်းရှိ ဟိုတယ်များ ရွှေ့ပြောင်းပေးရတော့မည်လား ဆိုသည်ကလည်း သို့လောသို့လော ဖြစ်နေကြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပုဂံဌာနခွဲ၏ စာရင်းအရ ပုဂံတွင် လိုင်စင်ရ ဟိုတယ် ၈၅ လုံး ရှိကြောင်း သိရှိရသည်။

အဆိုပါ ဟိုတယ် အားလုံးနီးပါးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်အတွင်း ရှိနေပြီး တချို့ ဟိုတယ်ဝန်းများ အတွင်း၌ ရှေးဟောင်း ဘုရားပုထိုး စေတီများပင် ရှိနေသည်။

ဟီလ်တန်ပုဂံ၊ အော်ရီယန်ပဲလေ့စ် ဟိုတယ်ဝင်းအတွင်းရှိ နန်းမြင့်မျှော်စင်၊ ပုဂံသံတဲဟိုတယ်၊ ပုဂံဟိုတယ်၊ ပုဂံသီရိပစ္စယာ ဟိုတယ်၊ ဟိုတယ်သရပါဂိတ်နှင့် ဧရာဟိုတယ်တို့သည် ထိပ်ဆုံးမှ စာရင်းဝင်နေသည်။

ပုဂံဒေသခံများ အတွက်မူ ၎င်းတို့ နေထိုင်ခဲ့ရာ နေရာများ၌ ဟိုတယ်များ အလျှိုလျှို ပေါ်ပေါက် လာသည်ကို ကြည့်ပြီး ရင်ထုမနာ ဖြစ်ရသည်။

၎င်းတို့သည် မိမိတို့၏ နေအိမ်နှင့် အဆောက်အအုံများ တည်ဆောက်ရာတွင်ဖြစ်စေ၊ စီးပွားရေး လုပ်ငန်းငယ်များ လုပ်ကိုင်ရာတွင်ဖြစ်စေ ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မည်စိုး၍ အစိုးရ၏ တင်းကျပ်သော စည်းမျဉ်းများကို လိုက်နာခဲ့ကြရသည်။

သို့သော် ကြီးမားသော ဟိုတယ်ကြီးများသည် ရာစုနှစ်များစွာ သက်တမ်းရှိသည့် ရှေးဟောင်း ဘုရားကျောင်းကန် များနှင့် ဘေးချင်းယှဉ် ပေါ်ပေါက်လာသည်မှာ ပုဂံဒေသခံတို့အတွက် မခံချိ မခံသာ ဖြစ်စေသည်။

“ကျနော်တို့ကျ လူနေအိမ်တွေနဲ့ နီးလို့ ရွှေ့တယ်။ အခု ဒီဒေသခံ မဟုတ်တဲ့ လုပ်ငန်းရှင် စီးပွားရေး သမားတွေ ကျတော့ ဘုရားတွေနားမှာ ဘတ်ဟိုးတွေနဲ့ နေရာချဲ့တယ်။ ယူတယ်။ ဆောက်တယ်။ ဒါကြောင့် ကျနော်တို့တွေက ကန့်ကွက်နေတာ။ ဒါပေမယ့် မရပ်ဘူး။ ဆက်လုပ်နေတာပဲ” ဟု ဦးနိုင်နိုင်ထွန်းက ဖွင့်ဟပြောဆိုသည်။

သရပါတံခါး (ဇော်ဇော်/ဧရာဝတီ)

ထိုဟိုတယ်များသည် ယခင် အစိုးရအဆက်ဆက်က အမှားများ၏ ဆိုးမွေဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

“အရင်တုန်းက ဆောက်လုပ်ခဲ့တဲ့ဟာတွေကို အခုအချိန်မှာ ဒီဥပဒေအရ မကိုက်ညီတော့လို့ ဒါတွေကို ဖယ်ကြပါဆိုပြီး ဘူဒိုဇာနဲ့ ထိုးပစ်လို့လည်း မရပါဘူး။ အခု စည်းမျဉ်းစည်းကမ်းအရ ဒါတွေက ခွင့်ပြု လို့မရဘူး။ သို့သော် ဒါတွေ အရင်တုန်းက တရားဝင် တည်ရှိခဲ့တဲ့ဟာ။ အဲဒီတော့ ဒါတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ဟာ ကျနော်တို့က စီမံကိန်း ပြန်ဆွဲရပါမယ်” ဟု သူက ရှင်းလင်း ပြောဆိုသည်။

သူပြောသည့် ဥပဒေမှာ ၂၀၁၉ ဖေဖော်ဝါရီတွင် ပြဋ္ဌာန်းခဲ့သော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။

ထိုဥပဒေအရ ရှေးဟောင်း အမွေအနှစ်များကို ထိခိုက်စေသည့် မည်သည့် တည်ဆောက်ရေး လုပ်ငန်း ကိုမဆို သက်ဆိုင်ရာက တားမြစ်နိုင်သည်ဟု ဆိုထားသည်။

ဟိုတယ်နှင့် ခြံဝန်းများထဲရှိ ဘုရားများကို အများပြည်သူ လွတ်လပ်စွာ သွားရောက်ဖူးမြော်နိုင်ရန်၊ ကြည်ညိုနိုင်ရန် သွားရောက် သုတေသန လုပ်နိုင်ကြောင်း၊ ထို့အတွက် စေတီ၊ ပုထိုးများရှိသည် ဟူသော ဟိုတယ်များအား အကြောင်းကြားစာ ပေးပို့ထားကြောင်း ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

အမွေအနှစ် ဇုန်အတွင်းရှိ ဟိုတယ်များနှင့် ပတ်သက်၍ Heritage Impact Assessment (HIA) ဟုခေါ်သော အမွေ အနှစ်ကို မည်မျှ အတိုင်းအတာထိ ထိခိုက်မှု ရှိမရှိကို ပြန်လည် ဆန်းစစ်လေ့လာ ရမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အဖြေများကို ပညာရှင်များနှင့်အတူ အဆင့်လိုက် စီမံခန့်ခွဲသွား ရမည်ဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ဆိုသည်။

ဟိုတယ်များကို ၂၀၂၈ တွင် နောက်ဆုံးထား ရွှေ့ပြောင်းရမည် ဟူသည့် စီမံခန့်ခွဲရေး စီမံချက်တွင် ပါဝင်သော အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ “HIA လုပ်ရမယ်။ HIA အဖြေပေါ်မှာ ယူနက်စကို က ပညာရှင်ရယ်၊ စီမံခန့်ခွဲတဲ့ ဦးစီးအဖွဲ့ရယ်၊ လုပ်ငန်းရှင်ရယ် သုံးဘက် ညှိနှိုင်းပြီး ထိခိုက်တာတွေကို ဘယ်လောက် လျှော့ချလို့ရမလဲ ဆိုတာတွေကို ညှိရမှာ။ ကျနော့် အမြင်ကတော့ ဒီအတိုင်းပဲ။ ဒီကြား ထဲတော့ ဘာမှမပြောနိုင်သေးဘူး” ဟု သူက ပြောသည်။

ထိုအစီစဉ်ကို လိုက်နာမည်လားဟု ဟီလ်တန်ပုဂံ၏ ပြည်တွင်း မိတ်ဖက် ဧဒင်အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင် ကို ဧရာဝတီက မေးမြန်းရာ ၎င်း၏ စီမံကိန်းသည် ငွေအများအပြား ရင်းနှီးထားရသောကြောင့် ဟိုတယ်ကို ဆက်လက် လုပ်ကိုင်ချင် သော်လည်း ပုဂံရှိ ဟိုတယ်တိုင်း ရွှေ့ပြောင်းပေးလျှင် သူလည်း လိုက်နာမည်ဟု ရှင်းပြသည်။

“အခုအချိန်ထိတော့ ဘာလုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရဆီက ဘာညွှန်ကြားချက်မှ မရသေးဘူး။ အခု ကျနော်တို့က အခြေအနေကို စောင့်ကြည့်နေရတာ” ဟု သူက ပြောသည်။

လက်ရှိ တည်ဆောက်နေသော စီမံကိန်းများအပါအဝင် ဟိုတယ်များသည် ပုဂံကို ထိခိုက်စေကြောင်း နိုင်ငံတကာ အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS) ၏ မြန်မာနိုင်ငံဆိုင်ရာ ဥက္ကဋ္ဌ ဦးဆန်းဦးက မှတ်ချက်ပြုသည်။

“ပုဂံရဲ့ တခြားနဲ့ မတူ ထူးခြားချက်က ဘုရားတင်မဟုတ်ဘူး။ အဲဒီ ဘုရားတွေရှိတဲ့ ဘေးပတ်ဝန်းကျင် (Archaeological Landscape) ပါ ပါတယ်။ အဲဒီတော့ ဟိုတယ်တွေ ဆောက်တာက Archaeological Landscape ကိုပါ ထိခိုက်စေတာကို ဘယ်သူမှ မငြင်းနိုင်ဘူး” ဟု သူက ဆိုသည်။

ပုဂံအတွက် စီမံခန့်ခွဲရေး စီမံချက်

မြန်မာအစိုးရသည် ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် အဆိုပြု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းအဖြစ် ပုဂံအတွက် စီမံခန့်ခွဲရေး စီမံချက် (Management Plan) ကို ယူနက်စကိုသို့ ၂၀၁၈ ဇန်နဝါရီတွင် တင်သွင်းခဲ့သည်။

ထိုစီမံချက်တွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၏ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ပြဿနာများနှင့် သဘာဝဘေးအန္တရာယ်များ စသည့် အခြား ပြဿနာများကို မည်သို့ ဖြေရှင်းမည်ကို တင်ပြထားသည်။

ဧည့်သည်များ တည်းခိုနေထိုင်ရေး ပြဿနာကို ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်ပြီး အမွေအနှစ်များကို မထိခိုက်ရေးအတွက် ဇုန်အတွင်း လက်ရှိ ဟိုတယ်များနှင့် တည်းခို ခန်းများကို ပြန်လည် စိစစ်မည်ဟု စီမံခန့်ခွဲရေး စီမံချက်တွင် အစိုးရက ကတိပြုထားသည်။

ယခု အငြင်းပွားဖွယ် ဖြစ်နေသော ဟိုတယ်များနှင့် ဟိုတယ်စီမံကိန်း အများစုကို ယခင် စစ်အစိုးရနှင့် သမ္မတ ဦးသိန်းစိန် လက်ထက်က ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်များ ပြဿနာသည် အစိုးရအတွက် ကြီးမားသော စိန်ခေါ်မှုတခု လည်း ဖြစ်နေသည်။

ပုဂံဒေသရှိ ဘုရားပုထိုးများ(ဇော်ဇော်/ဧရာဝတီ)

၂၀၁၆ မတ်လက သက်တမ်းကုန်ခါနီး ဦးသိန်းစိန် အစိုးရသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ဟိုတယ် တည်ဆောက်ရေး စီမံကိန်း ၄၂ ခုကို ခွင့်ပြုခဲ့ကြောင်း လက်ရှိ အစိုးရလက်ထက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ အဆိုအရ သိရသည်။

ထို စီမံကိန်း ၄၂ ခုအနက် ၂၅ ခုမှာ တည်ဆောက်ပြီးလုနီး ဖြစ်သောကြောင့် ယခု အစိုးရက ပြန်လည် ခွင့်ပြုခဲ့ရပြီး မစတင်ရသေးသည့် ၁၇ ခုကို ခွင့်မပြုခဲ့ကြောင်း သူရဦးအောင်ကိုက ၂၀၁၆ စက်တင်ဘာက ပြောသည်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပြီးနောက် ယဉ်ကျေးမှု အမွေအနှစ် နယ်မြေအတွင်းရှိ ဟိုတယ်များနှင့် ဆောက်လက်စ ဟိုတယ်များ ဖယ်ရှားပေးရမည် မဟုတ်ကြောင်း သူရဦးအောင်ကိုက 7Day News ဂျာနယ်အား ပြောကြားခဲ့သည်ကို တွေ့ရသည်။

“ပုဂံ ယူနက်စကို ဝင်သွားလို့ ဟိုတယ်တွေကို ဖျက်ရမှာလား။ ဒါမှမဟုတ် အမွေအနှစ်ကို ထိခိုက်မှာ စိုးလို့ ဟိုတယ်တွေ ကို ဆက်ပြီး မရှိစေသင့်တာလား ဆိုတာက ပြန်စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်” ဟု ရှေးဟောင်း အမွေ အနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက ပြောသည်။

ဆက်လက်၍ သူက အမွေအနှစ်ဇုန်ဟု သတ်မှတ်ထားသည့် နေရာတွင် ရှိသော ဟိုတယ်များ၊ အမွေအနှစ်ကို ထိခိုက်နေသည့် ဟိုတယ်များ အထူးသဖြင့် မြေအောက်တွင် အမွေအနှစ်များ ရှိသည့်အပေါ် ဟိုတယ်ကြီးများ တပ်ဆေက်ထားသည့် နေရာများသည် အနှေးနှင့် အမြန်ပင် ဖယ်ပေးရန် လိုအပ်သည် ဟု ထောက်ပြသည်။

ဒေါ်ဥမ္မာမျိုးက “ဒါတွေကိုလည်း Management Plan မှာ တင်ပြထားတာကတော့ အနှစ် ၂၀ လောက် ပေါ့။ ဟိုတယ် လုပ်ငန်းရှင်တွေ လည်း မနစ်နာအောင်ဆိုပြီး။ ကြာလို့ရှိရင်တော့ အပြင်ကို ရွှေ့ပေးဖို့ ဆိုတဲ့ အချက်ကလည်း ပါပါတယ်။ ဒါကိုလည်း ဒီ အစိုးရဘက်က သဘောတူပြီး တင်ပြထားတာ။ အဲဒီအတိုင်း ဆက်လုပ်ဖို့ လိုပါတယ်” ဟု အကြံပြုသည်။

မြို့တွင်းနေသူများ၊ ရွာတွင်းမှ ပုဂံဒေသခံများ၏ တပိုင်တနိုင် စီးပွားရေးလုပ်သည့် ဟိုတယ်၊ ဘေးပတ်ဝန်းကျင်နှင့် မြေအောက်တွင် အမွေအနှစ်များ မရှိသည့် ဟိုတယ် လုပ်ငန်း အသေးစားလေး များကို စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ဆက်လက် ဖွင့်လှစ်၍ရကြောင်း၊ ထို့အတွက်လည်း အဆောက်အအုံ တည်ဆောက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ (Building Guidelines) စီမံခန့်ခွဲမှု စီမံချက်တွင် ပါကြောင်း သူက ရှင်းပြသည်။

“Management Plan မှာပါတဲ့ အချက်တွေအတိုင်း စီမံခန့်ခွဲမှုအတိုင်း ဆောင်ရွက်စေဖို့ အကြံပြုချင်ပါ တယ်” ဟု သူက ထပ်လောင်း ပြောဆိုသည်။

စိန်ခေါ်မှုများနှင့် ကမ္ဘာ့အမွေအနှစ် ပုဂံ

ပုဂံသည် မကြာသေးမီက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာခဲ့သော်လည်း စိန်ခေါ်မှုများကတော့ ရှိနေဆဲဖြစ်သည်။

စီမံခန့်ခွဲရေး စီမံချက်ပါ ကတိကဝတ်များကို အစိုးရက ဖြည့်ဆည်းရမည်ဖြစ်ပြီး ဟိုတယ်များနှင့် ပတ်သက်သည်များ အပါအဝင် ICOMOS ၏ အခြား နောက်ထပ် အကြံပြုချက် ၂၀ ကိုလည်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ကျူးကျော်ဝင်ရောက်လာသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများကို ဖယ်ရှားရေးနှင့် ပုဂံဒေသရှိ ဟို တယ်များအတွက် အဆင့်လိုက် ချဉ်းကပ်ခြင်းနှင့် နှစ်ရှည် နည်းဗျူဟာများအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်း စားရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။

ထိုအကြံပြုချက်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ မြန်မာအစိုးရသည် ကမ္ဘာ့အမွေ အနှစ်ဌာနသို့ ၂၀၂၁ ဒီဇင်ဘာတွင် နောက်ဆုံးထားပြီး အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

ကတိကဝတ်နှင့် အကြံပြုချက်များကို တိကျစွာ လိုက်နာခြင်း မရှိပါက ကမ္ဘာ့အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ခံရခြင်း အနေအထားကို ထိခိုက်နိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက “စနစ်ကျတဲ့ စီမံခန့်ခွဲမှု တခုကို ယူနက်စကိုက ပညာရှင်တွေနဲ့ လုပ်ထားပေးပြီးသားပါ။ Management Plan က ရှိပြီးသားပါ။ အဲဒါကို လိုက်ပြီး တော့မှ အကောင်အထည်ဖော်ဖို့ ကတော့ အားလုံးဝိုင်းဝန်းပြီးတော့ ကူညီကြပါ။ အကောင်အထည် လည်း အမြန်ဆုံး ဖော်ပေးပါလို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု ဆိုသည်။

ကမ္ဘာ့အမွေအနှစ် (World Heritage) ဟူသည် ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များကို မျက်မှောက် ကာလမှ နောင် မျိုးဆက်သစ်များတို့ ထိတိုင်အောင် တည်တံ့စေရေး နိုင်ငံတကာ ပူးပေါင်းပြီး ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်သည်။

စတုရန်း ကီလိုမီတာ ၅၀ ခန့်ရှိသည့် ပုဂံသည် ၉ ရာစုမှ စတင်ကာ ၁၃ ရာစုတိုင်အောင် ပထမ မြန်မာနိုင်ငံတော်အဖြစ် တည်တံ့ခဲ့ပြီး ရာဇဝင်သည်ကား ရှည်လျားလှ၏။

လက်ရှိတွင် ရှင်သန်ဆဲ ရှေးဟောင်း အဆောက်အအုံ ၃၅၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာ ဓလေ့ ကုသိုလ်ကောင်းမှု ပြုလုပ်သော အလေ့အထများကို ဖော်ညွှန်းသည့် ပွဲတော်များ၊ အထိမ်းအမှတ် ပွဲတော်များနှင့် ပုံမှန် ကျင်းပဆင်နွှဲလေ့ရှိသော ပွဲတော်များ စသည့် ဒြပ်မဲ့ အမွေအနှစ်များလည်း ရှိနေသေးသည်။

ရှည်လျားသော သမိုင်းကြောင်း၊ အနုပညာလက်ရာများနှင့် ပြည့်နှက်နေသည့် ပုဂံကို မလိုလား အပ် သော စီမံခန့်ခွဲမှု အမှားများမှတဆင့် အန္တရာယ်ရှိသည့် အမွေအနှစ် (World Heritage in Danger) အဖြစ် မင်နီအတားမခံရဖို့ အစိုးရ အပါအဝင် မြန်မာနိုင်ငံသူ/သား အားလုံးတွင် တာဝန်ရှိပေသည်။

ယူနက်စကိုကလည်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံကို ၎င်းတို့ သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ခြင်း ရှိမရှိကို စောင့်ကြည့်နေမည် ဖြစ်သည်။

You may also like these stories:

ကမ္ဘာ့အမွေအနှစ် ဖြစ်သော်လည်း ပုဂံ အနာဂတ် မရေရာသေ

ပုဂံကို ခရီးသွားမြှင့်တင်ရေး ယဉ်ကျေးမှု နှင့် ဟန်ချက်ညီရန် လုပ်ဆောင်မည်ဟု ဆို

ယူနက်စကို စာရင်းဝင်သော်လည်း ပုဂံအတွက် စိန်ခေါ်မှုများရှိနေဆဲ

ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ

၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီး

Did you find apk for android? You can find new Free Android Games and apps.
Loading