ပြည်မြို့ ပထမမြန်မာ နှစ်ခြင်းအသင်းတော်က သိက္ခာတော်ရ ဆရာဘကျင်လှဟာ သူ့အသင်းတော်မှာ ရှိတဲ့ အိုဟောင်းနေပြီး ခရီးသည်နဲ့ ကုန်ပစ္စည်းတွေ ၂ မျိုးစလုံးတင်နိုင်အောင်လုပ်ထားတဲ့ ဒိုင်နာကားနဲ့ အစည်းအဝေးတခုကို သွားဖို့ ပြင်ဆင်နေပါတယ်။
အခုလို မိုးတွင်းရောက်ပြီဆိုတာနဲ့ ဆရာဘကျင်လှ တယောက် အင်မတန် အလုပ်များလေ့ရှိပါတယ်။ နှစ်စဉ်မိုးတွင်းမှာ ပဲခူးတိုင်း အနောက်ခြမ်းမှာ ရေကြီးရေလျှံတဲ့ ဒေသတွေကို လိုအပ်တဲ့အကူအညီတွေ သွားပေးလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။
ဒီနှစ်မှာလည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီ တိုင်းဒေသကြီး အတွင်းမှာ ရေကြီးရေလျှံ မြေပြိုပြီး လူပေါင်းများစွာ သေဆုံးမှုတွေ ဖြစ်တဲ့သတင်းကြောင့် ပြည်မြို့ပေါ်ရှိ ခရစ်ယာန် အသင်းတော်ပေါင်းစုံ စုပေါင်းပြီး အလှူခံထွက်ကြဖို့ အစည်းအဝေးကို သွားဖို့ သူဟန်ပြင်နေတာပါ။
“အခုလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အချိန်မျိုးဆို ကျနော်တို့ကား ရှိတယ်ဆိုရင် ကူညီရတာ ပိုလွယ်တာပေါ့။ အဲဒီအပြင် သာသနာရေးကိစ္စတွေ လုပ်တဲ့အခါ မမျှော်လင့်ပဲ ရုတ်တရက် ချက်ခြင်းသွားရတဲ့ ကိစ္စမျိုးတွေလည်း ရှိတယ်။ အစိုးရကသာ ထုတ်ပေးရင် ပိုအဆင်ပြေတာပေါ့” လို့ ဆရာဘကျင်လှက ပြောပါတယ်။
ယာဉ်အိုယာဉ်ဟောင်းနဲ့သာ သွားလာနေရတာမို့ ဝန်ကြီးဌာနက တရားဝင်ချထားပေးတဲ့ သာသနာရေးလိုင်စင်တပ်ယာဉ် တစီးတော့ ဆရာ ဘကျင်လှလည်း မျှော်လင့်ပါတယ်။
ဒီလိုင်စင်ရဖို့ သူ ကြိုးစားခဲ့ဖူးပေမယ့် ထင်သလို မလွယ်ကူပါဘူး။
တကယ်တမ်း ဒီလိုလျှောက်ထားလို့ရတယ်ဆိုတာကို နယ်မြို့တွေမှာရှိတဲ့ ခရစ်ယာန်သင်းအုပ်ဆရာတွေ မသိကြသလို ကားလိုအပ်လို့ တိုင်းသာသနာရေးမှူးဆီမှာ သွားရောက်စုံစမ်းခဲ့ဖူးတယ်လို့ ဆရာဘကျင်လှ ရှင်းပြပါတယ်။
“ကျနော်တို့ ပဲခူးတိုင်းအနောက်ခြမ်း တိုင်းသာသနာရေး ဦးစီးမှူးကို မေးတော့ နယ်မှာရှိတဲ့ အမှုတော်ဆောင်တွေကို မပေးဘူးတဲ့။ သူတို့ခွင့်ပြုပေးနိုင်တာ အသင်းချုပ်၊ အဖွဲ့ချုပ် ခရစ်ယာန် အသင်းတော်များကောင်စီတွေရဲ့ အတွင်းရေးမှူးချုပ်တွေ အဲဒီလိုမျိုး ဆရာတော်တွေအတွက်ပဲ ပေးထားတဲ့။ တခါမှ ဒီမှာမရပါဘူး။ ခရစ်ယာန်သင်းအုပ်ဆရာတွေ ကားရတယ် ဆိုတာတောင် ခုမှသိရတာပါ” လို့ ပြည်ခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က နာယက သိက္ခာတော်ရ ဆရာဦးဘကျင်လှက ပြောပါတယ်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ သာယာဉ်လို့ခေါ်တဲ့ RLG လိုင်စင်နံပတ်နဲ့ကားတွေကို မည်သည့်ဘာသာရေးခေါင်းဆောင်မဆို သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းများ၏ ထောက်ခံချက်တွေနဲ့ လာရောက်လျှောက်ထားနိုင်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောထားပါတယ်။
မြန်မာ တနိုင်ငံလုံးမှာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ စလို့ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၉ ဧပြီလ အထိ ၈ နှစ်တာ ကာလအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင် RLG ကားအစီးရေပေါင်း ၂၂၀၀ ကျော် သာ ထုတ်ပေးထားတယ်လို့ သိရပါတယ်။
ဒီလို ကားလိုင်စင်တွေ ထုတ်ပေးရာမှာ နိုင်ငံတော် ဘွဲ့တံဆိပ်တော်ရ ပဓာန နာယက ဆရာတော်ကြီးတွေကို ဦးစားပေး ဆပ်ကပ်လှူဒါန်းမှုတွေပြုလုပ်သလို၊ လစဉ် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် သံဃာ့နာယကအဖွဲ့ အသီးသီးရဲ့ ထောက်ခံချက်တွေနဲ့ လျှောက်ထားတာတွေကို စိစစ်ရွေးချယ်ပြီး ဝန်ကြီးဌာနကနေ ချပေးနေရတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဧရာဝတီကိုပြောပါတယ်။
သူက “အဓိက ဦးစားပေးရတာကတော့ ပဓာန နာယက ဆရာတော်ကြီးတွေကို ဦးစားပေး ဆပ်ကပ်လှူဒါန်းရပါတယ်။ ကျန်တာကတော့ လစဉ်အစီး ၅၀ လျှောက်ရင် ၁၀ စီးလောက် ချပေးပါတယ်။” လို့ ရှင်းပြတယ်။
သာယာဉ် အစီးပေါင်း ၂၂၀၀ ကျော်မှာ ခရစ်ယာန်ဘုန်းကြီးနဲ့ သင်းအုပ်ဆရာတွေကိုလည်း အစီး ၅၀ နီးပါးထုတ်ပေးထားပြီး ဟိန္ဒူနှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကတော့ လာရောက် လျှောက်ထားမှု မရှိဘူးလို့ သိရပါတယ်။
“ကာဒီနယ်ချားဘိုလ်ဆိုရင် RLG နဲ့ပေးထားတယ် အဝါကြီးပဲ။ Bishop တွေ ဘုန်းတော်ကြီးတွေဆိုရင် ကျနော်တို့က RLG အဝါရောင် နဲ့ပဲပေးပါတယ်။ တခြား ပါစတာတွေဆိုရင်တော့ အမည်း(လိုင်စင်) နဲ့ပေးတယ် အခွန်ကင်းလွတ်ခွင့်ပေးတယ်” လို့ သူက ရှင်းပြပါတယ်။
ဦးသိန်းစိန်အစိုးရ လက်ထက်ကတော့ တိုင်းပြည် သယံဇာတတွေကို ရောင်းချပြီး တိုင်းပြည်ဘဏ္ဍာ ရှာဖွေခဲ့တာကြောင့် ကားလိုင်စင်တွေကို များများစားစား ချထား ပေးနိုင်ခဲ့ပေမယ့် NLD အစိုးရလက်ထက်မှာတော့ ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာငွေကို အားထားနေရတာကြောင့် RLG ကား လိုင်စင်ချထားပေးမှုအား သေချာစိစစ်ရွေးချယ် ပေးနေရတာပါ။
“သိတဲ့အတိုင်းပဲ အရင်ကတော့ သစ်တို့၊ ကျောက်မျက်တို့၊ ရေနံတို့ရောင်းပြီး ဘဏ္ဍာငွေရှာတာဆိုတော့ ဒီလောက် မခက်ခဲဘူး၊ အခုက ပြည်သူ့အခွန်နဲ့ ဘဏ္ဍာငွေ ရှာဖွေနေရတဲ့အချိန် ကားလိုင်စင်တွေကို သာသနာရေးက အများကြီးချပေးရင် တိုင်းပြည် ဘဏ္ဍာငွေ ထိခိုက်နိုင်လို့ သေချာစိစစ်ပေးနေရတယ်” လို့ ဦးဇာနည်ဝင်းက ရှင်းပြပါတယ်။
သာယာဉ်တွေကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ လျှောက်ထားမယ်ရင် သာသနာဝင်မှတ်တမ်းကဒ်ပြား (ဘုန်ကြီးမှတ်ပုံတင်)၊ မိမိသီတင်းသုံး နေထိုင်တဲ့ ကျောင်းတိုက်၊ စာသင်တိုက် အမည်၊လိပ်စာ၊ ရပ်ကွက်၊ ကျေးရွာနဲ့ မြို့နယ်သံဃာ့နာယကအဖွဲ့တွေရဲ့ ထောက်ခံချက်၊ ကားအလှူရှင်ကနေ လှူဒါန်းထားတဲ့ စာချုပ်အပြင် ဝယ်ယူမည့် ကားကုမ္ပဏီက ကားတန်ဖိုး Invoice နဲ့ ကားရဲ့ အရှေ့၊ အနောက်၊ ဘေးဘယ်၊ ညာ ဓာတ်ပုံတွေနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံကို လိပ်မှုပြီး လျှောက်ထားရတာ ဖြစ်ပါတယ်။
ခရစ်ယာန် အမှုတော်ဆောင်တွေ လျှောက်ထားရမယ်ဆိုရင် အစိုးရအသိအမှတ်ပြု အဖွဲ့အစည်း မှတ်ပုံတင်ထားတဲ့ ခရစ်ယာန်အဖွဲ့စည်းတွေကနေ ထုတ်ပေးထားတဲ့ အမှုတော်ဆောင်ကဒ်၊ အသင်းတော်လိပ်စာ၊ သက်ဆိုင်ရာ ခရစ်ယာန်အဖွဲ့အစည်းရဲ့ ထောက်ခံချက်၊ ကားအလှူရှင်က လှူဒါန်းကြောင်း စာချုပ်စာတမ်း၊ ကားကုမ္ပဏီက သတ်မှတ်ထားတဲ့ ကားတန်ဖိုး Invoice နဲ့ ကားရဲ့ အရှေ့၊ အနောက်၊ ဘေးဘယ်၊ ညာ ဓာတ်ပုံတွေနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံကို လိပ်မှုပြီး လျှောက်ထားရတာဖြစ်ပါတယ်။
အဲဒီလို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုလိပ်မူပြီး လျှောက်ထားလာတဲ့ လျှောက်လွှာတွေကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ လျှောက်လွှာထဲက ၅ ပုံ ၁ ပုံကို ရွေးချယ်ပြီး ခွင့်ပြုပေးရတာဖြစ်ပြီး၊ ခရစ်ယာန်သင်းအုပ်ဆရာတွေရဲ့ လျှောက်လွှာထဲက ၃ ပုံ ၁ ပုံကို ရွေးချယ်စိစစ်ပြီး သာသနာရေး ယာဉ်လိုင်စင် ထုတ်ပေးတာဖြစ်ပါတယ်။
ထူးခြားချက်တခုတော့ ခရစ်ယာန် ဘာသာရေးဆရာတွေရဲ့ ကားလိုင်စင် လျှောက်ထားမှုကိုတော့ လာရောက်လျှောက်ထားတဲ့ အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရွေးချယ်တာမဟုတ်ဘဲ သက်ဆိုင်ရာ အသင်းတော်တွေရဲ့ အကြီးအကဲတွေကို ရွေးချယ်ခိုင်းပြီး သူတို့ရွေးချယ်ပေးလိုက်တဲ့ ၃ ပုံ ၁ ပုံထဲက အမှုတော်ဆောင်တွေကို ကားလိုင်စင်ချပေးတာလို့ သိရပါတယ်။
“ခရစ်ယာန်ဆိုလည်း သက်ဆိုင်ရာအသင်းတော်တွေကို မေးရတာပေါ့ဗျာ၊ ၁၅ ဦး လာလျှောက်တယ်ဆိုပါစို့။ ကျနော်တို့က ဒီလမှာ ၅ ဦးပဲပေးနိုင်တယ်။ အဲဒီတော့ ဆရာတို့ပဲ ရွေးပေးပါဆိုပြီး သက်ဆိုင်ရာ အသင်းတော်က ဘုန်းတော်ကြီးတွေ ကို ရွေးခိုင်းတယ်။ သူတို့တင်ပြလာတာကို ကျနော်တို့က အစည်းအဝေးမှာ တင်ကြတယ်။ အဲဒီအစည်းအဝေးမှာ အတည်ပြုပြီးမှ ကျနော်တို့က ထုတ်ပေးတာပါ” လို့ ဦးဇာနည်ဝင်းက ရှင်းပြပါတယ်။
တလကို ပျမ်းမျှအားဖြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက အစောင် ၅၀ ခန့် လျှောက်ထားပြီး ခရစ်ယာန် အသင်းတော်တွေက ၁၅ စောင်ခန့် လျှောက်ထားကြပါတယ်။
ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတွေနဲ့ ခရစ်ယာန် အသင်းတော်ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်ဘုန်းကြီးများအား နိုင်ငံတော်မှ ဆပ်ကပ်လှူဒါန်းပေးခြင်းဖြစ်ပြီး တခြားဘာသာရေး ခေါင်းဆောင်တွေကတော့ ကိုယ်တိုင်လျှောက်ထားရတာလို့ သာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဆိုပါတယ်။
“ဟိုအရင် စစ်အစိုးရခေတ်( နဝတ၊ နအဖ) တုန်းကတော့ နာမည်ကြီးတဲ့ ဆရာတော်ကြီးတွေကို ဆပ်ကပ်လှူဒါန်းတာ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်း (ဦးသိန်းစိန်အစိုးရလက်ထက်) မှာတော့ ကားလိုင်စင် လှူဒါန်းတယ်လို့ မကြားမိတော့ဘူး။ ဘယ်သူမဆို လျှောက်မှရတဲ့ခေတ်ဖြစ်သွားပြီ” လို့ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ကြီးရဲ့ လက်ထောက်ဆရာတော် အရှင်ကုမာရ မိန့်ပါတယ်။
ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာရေး ဆရာတွေ အနေနဲ့လည်း ခရစ်ယာန်အမှုတော်ဆောင်တွေ လျှောက်သလို လျှောက်ထားနိုင်ပါတယ်။ သို့သော် ယနေ့အချိန် အထိတော့ တဦးတယောက်မှ လျှောက်ထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
“ဘယ်လိုလျှောက်ရမယ်ဆိုတာ မသိတာရယ်၊ ဘာသာပေါင်းစုံက ဆရာတွေကို ပေးမယ်ဆိုတာတော့ ကြားတယ် သို့သော် တိတိကျကျကြီး တရားဝင် ကြားတာတော့ မရှိဘူး။ လျှောက်ကြည့်မလားဆိုတော့ ကျနော်တို့က ကားဝယ်ဖို့တောင် ပိုက်ဆံက မရှိဘူး။ ကျနော်တို့ဘာသာဝင်တွေက ဒီကိစ္စမှာ စိတ်ဝင်စားမှုအားနည်းတယ်။ ကျနော်တို့ရှေ့အဆက်ဆက်မှာလည်း ဒီလိုပုံစံမျိုး မရှိခဲ့ဘူးလေ။ လျှောက်ရင်လည်း ရမှာမဟုတ်ပါဘူးဆိုတဲ့ စိတ်က ဖြစ်နေလို့ မလျှောက်ဖြစ်တာလည်းပါတယ်” လို့ ပဲခူးတိုင်းအနောက်ခြမ်း အိုလမာအဖွဲ့ ဥက္ကဌ ဆရာဦးမင်းလွင်ကပြောပါတယ်။
လျှောက်ထားတဲ့ လျှောက်လွှာတွေကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန အနေနဲ့ ထောက်ခံပေးလိုက်ပြီ ဆိုရင် တခြားဝန်ကြီးဌာန ၃ ခုနဲ့ ဆက်လက် လုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ရပါသေးတယ်။
“ကျနော်တို့ ထောက်ခံပေးလိုက်ရင် စီးပွားကူးသန်းကိုသွားရတယ်။ အဲဒီမှာ သွင်းကုန်လိုင်စင်ဖိုးသွင်းပြီးရင် စီးပွားကူးသန်းက ဘဏ္ဍာခွန်ကို ထောက်ခံပေးတယ်။ ဘဏ္ဍာခွန်ရဲ့စာရွက်ပြီးသွားရင်တော့ သက်ဆိုင်တဲ့ ကုမ္ပဏီမှာ အခွန်ကင်းလွတ်ခွင့်ရရင် အဲဒီကားဝယ်လို့ရပြီ၊ အဲဒီကား ရပြီဆိုရင် ကညနလိုင်စင်ဝင်ရင် လိုင်စင်ဖိုးတွေ ဘာတွေကတော့ ကညနရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ” လို့ ဦးဇာနည်ဝင်းက ရှင်းပြပါတယ်။
ဒီအဆင့်တွေကို အဆင့်ဆင့် လုပ်ဆောင်ပြီးပြီဆိုရင် သာယာဉ်လို့ခေါ်တဲ့ RLG ကား အသုံးပြုနိုင်ပါပြီ။
ဝန်ကြီးဌာနအနေနဲ့ ဗုဒ္ဓဘာသာ ဆရာတော်တွေနဲ့ ခရစ်ယာန် အမှုတော်ဆောင်ဆရာတွေကို လစဉ် သာယာဉ် RLG ထုတ်ပေးနေပေမယ့် နယ်မြို့တွေက ဆရာတော်တွေ ရရှိမှု နည်းပါးနေပြီး ခရစ်ယာန် သင်းအုပ်ဆရာတွေကတော့ တစီးမှ မရကြဘူးလို့ သိရပါတယ်။
သာသနာရေး ဝန်ကြီးဌာန အနေနဲ့ တိုင်းပြည်ဘဏ္ဍာငွေ ထိခိုက်နိုင်လို့ တရားဝင် သာယာဉ်လိုင်စင်တွေ ထုတ်ပေးဖို့ အဆင်မပြေသော်လည်း နယ်ဘက်မှာတော့ သာယာဉ်လိုင်စင်တွေကို ပွားထားတဲ့ without ကားတွေနဲ့ စီးနေရတယ်လို့ ဗုဒ္ဓဘာသာ ဆရာတော် တပါးက မိန့်ပါတယ်။
“တို့အတွက်က ကားမလိုဘူး။ လိုလည်း မလျှောက်ဘူး။ တင်လိုက်ရတဲ့ ထောက်ခံစာ အဆင့်ဆင့်၊ သံဃာ့နာယကအဖွဲ့မှာ သွားကြည့်အုံး အထပ်လိုက်ပဲ။ ကားလျှောက်တဲ့ လျှောက်လွှာတွေနဲ့ ဘယ်သူမှအလုပ်ရှုပ်ခံ လျှောက်မနေတော့ဘူး။ တောဘက်ရော မြို့ဘက်က ဘုန်းကြီးကျောင်းတွေမှာ ရှိတဲ့ ကားအစီး ၁၀၀ မှာ ၈၀ လောက်က လိုင်စင်မဲ့တွေ နံပါတ်ပြားအဝါတွေကို ပွားပြီး စီးနေကြတာ” ဟု အထက်ပါ ဆရာတော်က မိန့်ပါတယ်။
သာသနာရေး လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ရပါက ပြင်ပက ကားလိုင်စင် အနက်ပေါက်ဈေးထက် ထက်ဝက်ကျော် ဈေးသက်သာပါတယ်။
လိုင်စင်မဲ့ ကားကို ဒီအတိုင်း ဝယ်စီးမယ်ဆိုရင်တော့ အပြင်ကားပေါက်ဈေးထက် ဈေးက ၈ ဆ ကနေ ၁၀ ဆ လောက်အထိ သက်သာနေတာပါ။
ဒီလို တရားမဝင် လိုင်စင်မဲ့ RLG လိုင်စင်အတုအသုံးပြုနေတဲ့တာကို ဘယ်လိုထိန်းချုပ်မလဲ ဘယ်လို ဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာကအနေနဲ့ ဖြေဆိုနိုင်ခြင်း မရှိခဲ့ပါဘူး။
အဲဒါကြောင့်လည်း အစိုးရက တရားဝင် RLG ကားလိုင်စင်ပေါင်း ၂၂၀၀ ကျော်သာ ထုတ်ပေးထားတာ ဖြစ်ပေမယ့် တကယ်တမ်း အပြင်မှာ RLG ကားလိုင်စင်နဲ့ အသုံးပြုနေတဲ့ ကားအစီးပေါင်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။
ဆက်စပ်ဖတ်ရှုရန် –
အိဒ်ပွဲတော် ကျင်းပရခြင်း ဖြစ်သင့်သည့် အကြောင်းအကျိုး
ဗုဒ္ဓရုပ်ပုံပါ ပန်းချီကားကြောင့် အမေရိကန် သံအမတ် အပါအဝင် ၃ ဦးကို တရားစွဲမှု ပလပ်ခံရ
မဘသ အမည်ပြောင်း အဖွဲ့ကို ငွေလှူရခြင်းမှာ အားပေးရမည့် အဖွဲ့ ဖြစ်၍ဟု တပ်မတော် ပြော