ဆောင်းပါး

သွေးစွန်းသော ပယင်း နှင့် အိမ်ပြန်ချင်သူများ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် တနိုင်းဒေသ အတွင်း ပယင်း အကျိုးစီးပွား တိုက်ပွဲများကြောင့် တိမ်းရှောင်ခဲ့ရသည့် ဒေသခံ စစ်ဘေး ဒုက္ခသည်များက အိမ်ပြန်ချင်ကြကြောင်း ပြောဆိုကြပါသည်။

ထို ဒုက္ခသည် ၄၀၀၀ ကျော်သည် သူတို့၏ မြေယာများ ဆုံးရှုံးမည်ကို စိုးရိမ်ကြသဖြင့် နေရပ်ရင်းကို ပြန်ချင်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

တနိုင်း စစ်ဘေးရှောင် ဒုက္ခသည်များထဲမှ ကိုယ်စားလှယ်၂ ဦးက သြဂုတ်၂၀ ရက်၌ ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်သည့် “သွေးစွန်းသော ပယင်း” အမည်ရှိ အစီရင်ခံစာ ထုတ်ပြန်၍ ပြောဆိုကြခြင်း ဖြစ်သည်။

စစ်ဘေးရှောင် ဒုက္ခသည်တဦး ဖြစ်သည့် ဒေါ်လုဆိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်မတော်က ပယင်းလုပ်ကွက်များ တွင် နေရာယူထားလိုက်ပြီ ဖြစ်သော်လည်း ဒေသခံများကို အိမ်ပြန်ခွင့် မပေးသေးဘဲ ပယင်း လုပ်ကွက်များကို ဆက် လက် လုပ်ကိုင်နေသည်ဟု ပြောသည်။

ဒေါ်လုဆိုင်းက“ကျမတို့ ပြန်တွေ့နေရတာ မှော်တွေကို ပိတ်သိမ်းခြင်းမရှိဘဲ ပယင်းမှော်ကို ဆက်လက်လုပ်ကိုင် စား သောက်နေတာ တွေ့နေရပါတယ်။ ဒါကအပြောနဲ့ လက်တွေ့မကျဘူး ဆိုတာကို ကျမတို့ တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ မူဝါဒနဲ့ ကွာဟနေတယ် ဆိုတာကို တွေ့ရပါတယ်”ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ဧရိယာများနှင့် နေရပ်ရင်း ရွာများသို့ စစ်ဘေးရှောင်ဒုက္ခသည်များ ဝင်ထွက် သွားလာခွင့်မရှိဘဲ တပ်မတော် စစ်ကြောင်းများက ပိတ်ဆို့ထားဆဲဖြစ်သော်လည်း ပယင်းတူးဖော်ရေး လုပ်သားများ၏ကားများ အဝင် အထွက် ပြုလုပ်နေဆဲ ဖြစ်သည်ဟု ဒေါ်လုဆိုင်းက ဆိုသည်။

တနိုင်းမှော်နယ်မြေ ဒေသပြ မြေပုံ / KNG

၎င်းက“တပ်နဲ့ အစိုးရက ပယင်းမှော်တွေကို ပူးပေါင်းပြီး လုပ်ကိုင်နေခြင်းက အကျိုးအမြတ်အနေနဲ့ တဖြည်းဖြည်း တိုးတက် ကြီးပွားလာတာကိုလည်း ကျမတို့ တွေ့နေရပါတယ်။ ဌာနေတိုင်းရင်းသား ကျမတို့ ဒီနေ့အချိန်မှာ ဖြစ်နေတဲ့ ဘဝကို အားလုံးကို သိစေချင်ပါတယ်”ဟုလည်း ပြောဆိုသည်။

တနိုင်းဒေသတွင်း ပယင်းကျောက် တူးဖော်သည့် လုပ်ငန်းကို ရှေးယခင်ကတည်းက လုပ်ကိုင်ခဲ့ ကြသော်လည်း အစိုးရ အာဏာပိုင်များ အနေနှင့် စိတ်ဝင်စားမှု ကြီးကြီးမားမား ဖော်ပြခြင်း မရှိခဲ့ပါ။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က စီးပွားဖြစ် တူးဖော်လုပ်ကိုင်နေသည့် အဆိုပါ ပယင်း လုပ်ကွက်များက ထွက်ရှိသော အရည်အသွေးမြင့် ပယင်းကျောက်များကို တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကနေ ရောင်းချပါသည်။

အရည်အသွေး အသင့်အတင့်နှင့် အရည်အသွေးညံ့ ပယင်းကျောက်များကိုမူ တနိုင်းကနေ မြစ်ကြီးနား၊ မန္တလေးနှင့် ရန်ကုန်မြို့များ အထိ သယ်ယူ ရောင်းချကြပါသည်။

တနိုင်း၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့က ပယင်းကျောက် ဈေးကွက်များတွင် အသင့်အတင့် အရည်အသွေးရှိ ပယင်း ကျောက်များ အပြင် ကချင်ရိုးရာဓလေ့ ယုံကြည်မှုအရ ပယင်းကို ဆေးဖက်ဝင် အသုံးအဆောင်အဖြစ် ရောင်းချသော ပစ္စည်းမျိုးစုံကိုလည်း တွေ့မြင်နိုင်ပါသည်။

၂၀၁၆ ခုနှစ်ရောက်မှ ဒိုင်နိုဆော အတောင်ပံပါသည့် ပယင်းကျောက် အပိုင်းအစ တခုကို သုတေသန ပညာရှင်များက ဖော်ထုတ် တွေ့ရှိပြီး နောက်ပိုင်းတွင် တနိုင်းဒေသက ပယင်းလုပ်ကွက်များကို စိတ်ဝင်စားခံလာရသည်။

သွေးစွန်းသော ပယင်း အစီရင်ခံစာ / ဧရာဝတီ

ဒိုင်နိုဆော အတောင်ပံပါသည့် ပယင်းကျောက်သည် နှစ်ပေါင်း သန်း ၉၀ ကျော် သက်တမ်းရှိပြီး တနိုင်းဒေသက ထွက်ရှိသော ပယင်း ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်အတွင်း၌ တပ်မတော်၏ ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်ခြင်းခံရပြီး ရွှေ့ပြောင်းလုပ်သား ၂ သိန်းကျော် တိမ်းရှောင်ခဲ့ရသလို ဌာနေတိုင်းရင်းသား ဒေသခံ ၄၇၀၀ ကျော်လည်း ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်မှာ ယနေ့အထိ ဖြစ်သည်။

ကချင် လူမှုဖွံ့ဖြိုးရေး အဖွဲ့ (KDNG)မှ ဦးစာဂျီးက တနိုင်းဒေသက ထွက်ရှိတဲ့ နှစ်သန်း ၁၀၀ နီးပါး ပယင်းက ဒိုင်နိုဆော ခေတ် ကိုတောင် ပြန်လည် မှတ်တမ်း တင်နိုင်သည်အထိ သက်တမ်းရင့် တန်ဖိုးရှိ၍ သမိုင်းကြောင်း တန်ဖိုးအရလည်း ကြီးမားကြောင်း ပြောဆိုသည်။

ယခုကဲ့သို့ ဌာနေ တိုင်းရင်းသားများကို ဒေသက နှင်ထုတ်ပြီး တပ်မတော်က နယ်မြေပိတ်ဆို့ စိုးမိုးထားခြင်း၊ တဖက် တွင် အစိုးရက လုပ်ကွက်များ ပြန်ချပေးနေခြင်းများသည် မဖြစ်သင့်ကြောင်းလည်း ဦးစာဂျီးက ပြောသည်။

ဒေသခံများ အနေနှင့် ဘိုးစဉ်ဘောင်ဆက် ကျောက်တူးဖော်ခြင်းကို မလုပ်ကိုင်ကြဘဲ တောင်သူလယ်သမား အဖြစ်သာ အသက် မွေးဝမ်းကျောင်း ပြုကြ၍ ပယင်းလုပ်ကွက်များ ရှိစဉ်ကလည်း ပယင်းအလုပ်ဖြင့် အသက်မွေးသူ ရှားသည်။

ပယင်းလုပ်ကွက်တွင် အလုပ်လာလုပ်ကြသူများမှာ တရုတ်၊ ဝ၊ ကချင်၊ ရှမ်း၊ ရခိုင် လုပ်ငန်းရှင်များ ဖြစ်ပြီး မိုးကုတ်က ကျောက်တူးသမားများလည်း လာရောက် လုပ်ကိုင်ကြပါသည်။

ဈေးကွက် အတွင်း တွေ့ရသော ပယင်း လက်ဝတ် လက်စား အဆောင်အယောင်များ / ဧရာဝတီ)

ကချင်ပြည်နယ် အစိုးရ သတ္တုတွင်း ဦးစီးဌာနက တရားဝင် ပယင်း လက်လုပ်လက်စား လုပ်ကွက်များ ချပေးနေ ကြောင်း ဇွန်လအတွင်း ကြေညာစဉ် ဧရာဝတီက KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို သဘောထား မေးမြန်းဖူးပါသည်။

ဗိုလ်မှူးကြီး နော်ဘူက လက်ရှိတွင် KIA အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေး အတွက် ဦးစားပေး ဆောင်ရွက်နေသောကြောင့် တနိုင်းဒေသ အခြေအနေ ငြိမ်နေသော်လည်း အစိုးရနှင့် တပ်မတော်ဘက်က စီးပွားရေး အတွက် ကြီးကြီးမားမား လုပ်ကိုင်လာမည် ဆိုလျှင် တိုက်ပွဲများ ပြန်ဖြစ်နိုင်သည့် အခြေအနေရှိသည်ဟု ပြောဆိုထား သည်။

လက်ရှိ အချိန်တွင်လည်း တပ်မတော်က စိုးမိုးထားသည့် တနိုင်း ပယင်းလုပ်ကွက်များ၌ ရှမ်းနီ ပြည်သူ့စစ်၊ လီဆူ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို ပယင်း တူးဖော်ခွင့် ပေးထားသည်ဟု သိထားကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဧရာဝတီက ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုချက်များနှင့် ပတ်သက်ပြီး မေးမြန်းရန် ရှမ်းနီ ပြည်သူ့စစ်နှင့် လီဆူ ပြည်သူ့စစ် တပ်ဖွဲ့များထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခြင်းကြောင့် သီးခြား မှတ်ချက် တစုံတရာ မရရှိထားပါ။

တိုက်ပွဲများ မဖြစ်ခင်က KIA ကို အခွန်ဆောင်ပြီး တနိုင်တပိုင် ပယင်းတူးဖော်ကြသော မိုးကုတ်က ကျောက်လုပ်သား တချို့နှင့် ကချင် လုပ်ငန်းရှင် တချို့၏ ပြောဆိုချက်အရ တနိုင်းဒေသတွင် ပယင်းအပြင် ရွှေထွက်ရှိသည့် မှော်များလည်း ရှိကြောင်း သိရသည်။

တနိုင်းနှင့် တဆက်တည်း ဖြစ်သည့် ဖားကန့်မြို့နယ် ရှဒူးဇွပ် ကျေးရွာ အနီးတဝိုက် အထိသည် ရွှေ တူးဖော်၍ ရသော ရွှေကြောများ ရှိသည်ဟု ဆိုသည်။

ပယင်း အကျိုးစီးပွား တိုက်ပွဲများကြောင့် တောတွင်း၌ ထွက်ပြေးခိုလှုံနေကြရသော ဒေသခံများ (ဓာတ်ပုံ – Hkun Awng Nlam)

၂၀၁၆ ခုနှစ် အတွင်းက ထို ရွှေမှော်များကို တပ်မတော်က ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့ဖူးသည်ဟု သိရသည်။

ထို့ပြင် တနိုင်းဒေသတွင်း ရှိသည့် လီဒိုလမ်းမကြီး အစိတ်အပိုင်းသည်လည်း တရုတ်နိုင်ငံ၏ အိန္ဒိယနှင့် ဆက်သွယ်မည့် ပိုးလမ်းမ စီမံကိန်းထဲတွင် ပါဝင်သည့် လမ်းပိုင်းတခုလည်း ဖြစ်ပါသည်။

ဒေသခံများ၏ ပြောဆိုချက်အရ KIA က ပယင်းလုပ်ကွက်များကို ၂၀၁၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ၊ တနိုင်တပိုင် တူးဖော်သည့် ကျောက်သမားများကို အခကြေးငွေ ကောက်ခံ၍ တူးဖော်ခွင့် ပေးထားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇွန်လ ပထမပတ်မှစ၍ တနိုင်းမြို့နယ်တွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားပြီး နမ်ဗျူနမ့်ခမ်း၊ နမ်ဂေါင်၊ ထန်ပရာ၊ ဝိုင်လော်နှင့် အင်ဂါးဂါ ကျေးရွာတို့မှ ဒေသခံ ၄၇၀၀ ကျော် တနိုင်းမြို့ပေါ်သို့ တိမ်းရှောင်ခဲ့ရခြင်း ဖြစ် သည်။

မြို့ဂုဏ်သိက္ခာ ကျဆင်းသည်ဟုဆိုကာ တနိုင်းမြို့ပေါ် ရောက်လာသည့် ထိုစစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရ အာဏာပိုင်များက ဒုက္ခသည်အဖြစ် စခန်းများ ဖွင့်ခွင့်မပေးသဖြင့် ခရစ်ယာန် ဘာသာရေး ကျောင်းများတွင် ခိုလှုံနေရ ပြီး စစ်ဘေးရှောင် ဒုက္ခသည် (IDPs) စာရင်းမဝင်၍ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများလည်း မရရှိပေ။

တနိုင်းမြို့ ကချင် နှစ်ခြင်းအသင်းတော် (KBC) ဘုရားကျောင်းတွင် ခိုလှုံနေသည့် ဒေါ်ဘောက်ရာက“ဒီမှာ နေရတာ အဆင်မပြေဘူး။ အခု တိုက်ပွဲတွေ ငြိမ်ပြီဆိုရင် ကျမတို့ အိမ်ပြန်ချင်တယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက လုံလုံခြုံ ခြုံနဲ့ ပြန်နိုင်ဖို့ စီမံပေးရင် အခုချက်ချင်းပဲ ပြန်မယ်”ဟု ပြောပါသည်။

သြဂုတ် ၂၀ ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်သည့် သွေးစွန်းသော ပယင်း အစီရင်ခံစာ ထုတ်ပြန်ပွဲ / ဧရာဝတီ

စစ်ဘေးရှောင်ဒုက္ခသည် တဦးဖြစ်သည့် ဘာသာရေးဆရာ ဦးဆိုင်းအောန်ကလည်း ပယင်း သယံဇာတ အကျိုးစီးပွား ကြောင့် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ပြီး မိမိတို့ ဌာနေတိုင်းရင်းသားများ နေရပ်ရင်းမှ ဖယ်ထုတ် ခံထားရသည် ဟု ပြောသည်။

ဌာနေတိုင်းရင်းသားများ နေရပ်မပြန်နိုင်သေးခင် အစိုးရက ပယင်းလုပ်ကွက်များ ချပေးနေခြင်းသည်လည်း စစ်ဘေး ရှောင် ဒုက္ခသည်များ အတွက် စိတ်မကောင်းစရာ လုပ်ရပ် ဖြစ်နေသည်ဟု ဦးဆိုင်းအောန်က ပြောဆိုသည်။

ဦးဆိုင်းအောန်က“ကျနော်တို့ နှင်ထုတ်ခံထားရတဲ့ ဒေသခံတွေက ကျနော်တို့ဒေသကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့၊ ကျနော်တို့ ပိုင်ဆိုင်ခဲ့တဲ့ ကျေးရွာ၊ ကျနော်တို့ လယ်ယာမြေများ အားလုံး မပျောက်ပျက်ဖို့၊ ဒီမှော်သတ္တု တူးတာတွေ တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတထံလည်း အသနားခံစာတွေနဲ့ တင်ပြ တောင်းပန်ထားပါတယ်။ အခုလည်း သက်ဆိုင် ရာတွေ ထပ်မံသိဖို့ ကျနော်တို့ကို ကာကွယ် စောင့်ရှောက်ပေးဖို့ ထပ်ပြောချင်ပါတယ်”ဟုလည်း ပြောသည်။

တပ်မတော်နှင့် KIA ကြား ၂၀၁၈ ခုနှစ်အထိ တနိုင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပွားပြီး ၂၀၁၉ ခုနှစ် နှစ်စပိုင်း၌ တပ်မတော် ထိန်းချုပ်ထားသည့် ပယင်းမှော်များအတွင်း တရားမဝင်တူးဖော်သူများ ဝင်ရောက် လုပ်ကိုင်နေကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောဆို ဝေဖန်မှုများ ရှိလာသည်။

၂၀၁၉ ခုနှစ်အတွင်း၌ပင် ကချင်ပြည်နယ် သတ္တုတွင်း ဦးစီးဌာနကလည်း ပယင်းတူးဖော်ရန် လက်လုပ်လက်စား တနိုင် တပိုင် လုပ်ကွက်များ တနိုင်းမြို့နယ်အတွင်း ချပေးနေပြီဖြစ်ကြောင်း လျှောက်ထားရန် ဖိတ်ခေါ် ထားသည်။

ထိုသို့ လျှောက်လွှာများ ခေါ်ယူပြီး ပယင်းလုပ်ကွက်များ ချပေးနေသည့်အပေါ်တွင်လည်း စစ်ဘေးရှောင် ဒုက္ခသည် များက လက်မခံနိုင်ကြောင်း ပြောဆိုလျက် ရှိသည်။

တနိုင်း ပယင်းဈေးက ပယင်း အရောင်းအဝယ် ပြုလုပ်နေသည့် ဆိုင်တဆိုင် / ဧရာဝတီ)

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကလည်း တနိုင်း စစ်ဘေးရှောင် ဒုက္ခသည်များက နိုင်ငံတော် သမ္မတသို့ အိတ် ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့ပြီး ဒုက္ခသည်စခန်းတွင် နေထိုင်ရသည်မှာ အဆင်မပြေသဖြင့် နေရပ်ရင်းသို့ပြန်လိုကြောင်း၊ ၎င်းတို့ ဒေသတွင် ပယင်းလုပ်ကွက်များ မချပေးရန်နှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ပေးစေလို ကြောင်း တောင်းဆိုထားသည်။

ဧရာဝတီက ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကို တနိုင်းဒုက္ခသည်များ အရေး၊ ပယင်းလုပ်ကွက်များ ချထားပေးနေသည့် အရေးကိစ္စများအပေါ် မေးမြန်းရန် ဆက်သွယ်သော်လည်း မေးမြန်းခွင့် မရပါ။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ“ကျနော်တို့ကတော့ ပယင်း လုပ်ကွက် လည်း သိမ်းစရာ အကြောင်းမရှိဘူး။ သိမ်းလည်း မသိမ်းထားဘူး”ဟု ပြောသည်။

တနိုင်းဒေသတွင်း ပယင်းလုပ်ကွက်များကို လက်ရှိအချိန်ထိ ကြီးစိုးလုပ်ကိုင်နေသည်မှာ KIA တပ်ဖွဲ့များသာ ဖြစ်ပြီး ပယင်း တူးဖော်လုပ်ကိုင်နေသူများ အနေဖြင့် အသိဆုံး ဖြစ်သည်ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆို သည်။

စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပတ်သက်၍လည်း တပ်မတော် အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်စဉ်ကတည်းက စစ်ဘေးရှောင်များ အမြန်ဆုံး ပြန်ရေး တပ်မတော်က ကူညီ မည် ဖြစ်ကြောင်း ပြောဆိုထားသလို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ကျေးရွာမှ စစ်ဘေးရှောင်များ နေရပ် ပြန်စဉ်ကလည်း မိုင်းရှင်းလင်းရေးနှင့် ထောက်ပံ့မှုများ ပြုလုပ်ပေးသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။

ဆက်လက်၍ ၎င်းက“တပ်မတော်ကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက် ဖို့ ပဲ။ လုံခြုံတဲ့ အနေအထားရှိမရှိ ဆိုတာ သူတို့ အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ခဏခဏပြောပါတယ်။ တချို့ IDPs စခန်းတွေဆိုရင် တမင်သက်သက်ကို ရှောင်ခိုင်းထားတာ ရှိပါတယ်။ ကျနော်တို့ တပ်မတော်ကတော့ ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်မှာ ထုတ်ပြန်ပြီးသားဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

တပ်မတော်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်လိုပါက အိမ်ထောင်စုစာရင်း များ တင်ပြရန်နှင့် တင်ပြလာသည့် နေရပ်ဒေသပေါ် မူတည်ပြီး မိုင်းရှင်းလင်းရေး၊ ထောက်ပံ့ရေးများ ပြုလုပ်ပေးမည်ဟု ပြောဆိုထားသည်။

တနိုင်းမြို့က ပယင်း ဈေးတန်း / ဧရာဝတီ

သို့သော် ကချင် စစ်ဘေးရှောင် ဒုက္ခသည်များ နေရပ်စွန့်ခွာနေရသည့် ၈ နှစ် ကာလအတွင်း အများဆုံး ကူညီ ထောက် ပံ့မှု ပြုလုပ်ပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ကလည်း ဒုက္ခသည်များ ဂုဏ်သိက္ခာရှိရှိဖြင့် နေရပ် ပြန်ရေး အစီအစဉ်များကို အစိုးရ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ သမ္မတ ရုံး တို့ဖြင့် ညှိနှိုင်းကာ အစီအစဉ် ရေးဆွဲလျက် ရှိသည်ဟု ဆိုသည်။

KBC က ဒုက္ခသည်များကို တပ်မတော် အဖွဲ့အစည်းတခုတည်း သဘောဖြင့် နေရပ်ပြန်ခြင်းကို လုံခြုံစိတ်ချရသည့် နေရပ် ပြန်ရေးဟု လက်မခံကြောင်း ပြောဆိုထားသည်။

ဒုက္ခသည်များ နေရပ်ပြန်မည်ဆိုပါက တပ်မတော်နှင့် KIA နှစ်ဖက်လုံးမှ စစ်ရေးအရ အာမခံချက်၊ မိုင်းရှင်းလင်းရေးများ ကို နှစ်ဖက်သဘောတူ ဆောင်ရွက်ပေးကြရမည် ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ၊ အရပ်ဘက် အဖွဲ့များက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ နေရပ် ပြန်ပို့ခြင်း၊ ထောက်ပံ့မှု ပေးခြင်းများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို စနစ်တကျ လုပ်ပေးရန် လိုကြောင်း KBC က ပြောသည်။

အဘက်ဘက်မှ အာမခံချက်များ ရရှိရန် အတွက် တပ်မတော်နှင့် KIA တို့ကြား အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးနောက်မှသာ ဒုက္ခသည်များ နေရပ်ပြန်ရေး အဆင်ပြေမည်ဟုလည်း KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီကို ပြောဆို ထားသည်။

ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တပ်မတော်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းကျော် ရှိနေသည်။

လတ်တလောတွင်မူ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ငြိမ်သက်နေပါသည်။

ထိုသို့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း တနိုင်း ဒေသခံ စစ်ဘေးရှောင်များ အနေဖြင့် မိမိတို့၏ နေရပ်ရင်း အိုးအိမ် များ ရှိရာသို့ ပြန်လည်နေထိုင်ရမည့် အရေးသည် ခန့်မှန်းရ ခက်ခဲသည့် အခြေအနေတွင်ပင် ရှိနေဆဲဟု ဆိုရမည်သာ ဖြစ်ပါသည်။ ။

You may also like these stories:

ဒိုင်နိုဆောခေတ် ငှက်ရုပ်ကြွင်း မြန်မာ့ပယင်းထဲ တွေ့ရှိ

နှစ်သန်း ၁၀၀ သက်တမ်းရှိ ပယင်းထဲ အမြှီးပါ ပင့်ကူ တွေ့ရှိ

ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၁)

ကချင် ဒေသ ပဋိပက္ခတွေကြားက ပယင်းမှော် (၂)

တနိုင်းမြို့က ပယင်းကျောက် ဈေးတန်း

Did you find apk for android? You can find new Free Android Games and apps.
Loading