ဆောင်းပါး

တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု က တရုတ် BRI စီမံကိန်းများအပေါ် အရိပ်မိုးနေ

Want create site? Find Free WordPress Themes and plugins.

မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား မကြာသေးမီက တိုက်ပွဲများကြောင့် ရပ်ဝန်းနှင့်လမ်းအစီအစဉ်(BRI) ၏ တစိတ်တပိုင်းအဖြစ် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်(CMEC) အကောင်အထည်ဖေါ်ရန် ဘေ့ဂျင်း၏လုပ်ဆောင်မှု အောင်မြင်နိုင်ခြေနှင့်ပတ်သက်ပြီး ပူပန်မှုများကို ဖြစ်စေသည်။

ဒေသတွင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးမရမီ အထက်ပါစီမံကိန်းကို ဆက်လုပ်မည့် တရုတ်နှင့် မြန်မာအစိုးရများ၏ သေနင်္ဂဗျူဟာနှင့် စဉ်းစားသုံးသပ်မှုအပေါ်တွင်လည်း ထိုတိုက်ပွဲများက မေးခွန်းထုတ်စရာများဖြစ်စေခဲ့သည်။

လွန်ခဲ့သော ရက်များအတွင်း ၃ ရက်မျှသော အချိန်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသော တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA) တို့သည် တရုတ်-မြန်မာနယ်စပ်မှ အရေးအပါဆုံးသော စီးပွားရေးအချက်အခြာနေရာ နှစ်ခုသို့ ဆက်သွယ်ရာ အဓိက လမ်းကြောင်းမှ တံတား ၄ ခုကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ်မှ အဓိက နယ်စပ်ဂိတ် ၂ ခုဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည် ရွှေလီ၏တဖက်ကမ်းရှိ မူဆယ်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်ရှိ ချင်းရွှေဟော်တို့ကို ပိတ်လိုက်ရသည်။

ထို ၂ နေရာသည် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံက တည်ဆောက်မည့် အခြေခံအဆောက်အအုံစီမံကိန်းနှင့် BRI တွင် အရေးပါသည်။ BRI သည် ကုန်သွယ်ရေးကိုမြှင့်တင်ရန် ဥရောပ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် ရုရှားတို့ကို ဖြတ်သန်းကာ အခြေခံအဆောက်အအုံကွန်ရက် တည်ဆောက်မည့်စီမံကိန်းဖြစ်သည်။ CMEC ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ကြေညာပြီးနောက် တရုတ်နိုင်ငံသည် မူဆယ်နှင့် ချင်းရွှေဟော်တို့တွင် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများ တည်ဆောက်ရေးကို ဦးစားပေးလိုကြောင်း မြန်မာအစိုးရကို တရားဝင်ထုတ်ပြောထားသည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ် စက်တင်ဘာလက အချက် ၁၅ ချက်ပါ CMEC နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပြီးနောက် BRI ၏ တရားဝင်ပူးပေါင်းဆောင်ရွက်သောနိုင်ငံဖြစ်လာသည်။ တရုတ်နှင့်မြန်မာနိုင်ငံများမှ အပြန်အလှန်ဆက်စပ်နေသော သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို အသုံးပြုသည့် ကီလိုမီတာ ၁၇၀၀ ကျော်ရှိသည့် CMEC တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမှ မူဆယ်ကိုဖြတ်ကာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး ထို့နောက် ရန်ကုန်နှင့် အနောက်ပိုင်းရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်အထိ ကျယ်ပြန့်မည်ဖြစ်သည်။

CMEC ၏ အစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံသည် ရှမ်းပြည်နယ် မူဆယ်မှ မန္တလေးအထိ ရထားလမ်းတည်ဆောက်ရန် စီစဉ်ထားသည်။ အဆိုပြုထားသော လမ်းကြောင်းမှာ ယူနန်ပြည်နယ်မှ အရှေ့ရွှေလီရထားလမ်းမှစတင်ပြီး မူဆယ်မှ မန္တလေးအထိဖြစ်သည်။ ထိုရထားလမ်းသည် လမ်းတလျှောက် ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားပြီး ယခုတိုက်ပွဲများဖြစ်ပွားနေသော ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့် လွန်ခဲ့သော ရက်များအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုခံရသော မန္တလေးတိုင်းမှ ပြင်ဦးလွင်တို့ကိုလည်း ဖြတ်သန်းမည် ဖြစ်သည်။

၄၃၁ကီလိုမီတာ( ၂၆၈မိုင်) ရှိ ထိုရထားလမ်းသည် အရှေ့တောင်အာရှသို့ ဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေမည့် အဓိက အစိတ်အပိုင်းဖြစ်မည်ဟု မျှော်မှန်းထားပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးအတွက် သေနင်္ဂဗျူဟာအရ အရေးပါသည်။

၂၀၁၉ ဩဂုတ် ၁၇ ရက်က သိန္နီ-ကွန်းလုံ-ချင်းရွှေဟော် လမ်းရှိ တံတားတစင်း ချိုးဖျက်ခံထားရစဉ်/Ministry of Construction / Facebook

ထိုရထားလမ်းသည် တရုတ်နိုင်ငံက တည်ဆောက်ရန် ရည်ရွယ်ထားသော ပိုမိုသေနင်္ဂဗျူဟာကျသည့် ကူမင်းမှ ရခိုင်ပြည်နယ်ကျောက်ဖြူအထိ ရထားလမ်း၏ အစိတ်အပိုင်းဖြစ်သည်။ ထိုရထားလမ်းနှင့်အပြိုင် အဝေးပြေးလမ်းတခုနှင့်ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစြင်္ကန်စီမံကိန်း(BCIM-EC) အရ မြန်မာနိုင်ငံမြောက်ပိုင်းသို့ ခွဲထွက်ကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဆက်သွယ်မည့် သီးခြားလမ်းတခု တည်ဆောက်ရန်လည်း တရုတ်နိုင်ငံက စီစဉ်ထားသည်။

ထိုစီမံကိန်းသည် စိန်ခေါ်မှု အများအပြား အထူးသဖြင့် စီမံကိန်းဒေသများမှ လက်နက်ကိုင်ပဋိပက္ခနှင့် ဒေသခံပြည်သူများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ယခင်က ရင်းနှီးမြှုပ်နှံမှုများအတွေ့အကြုံကို အခြေခံကာ ထိုဒေသခံပြည်သူများက တရုတ်နိုင်ငံကို ဆန့်ကျင်နေကြခြင်းဖြစ်သည်။

ကျောက်မဲခရိုင် နောင်ချိုမှ မူဆယ်ခရိုင် နမ့်ခမ်းအထိ ဒေသအတွင်း အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၆ ခု လှုပ်ရှားနေသည်။ ထိုအဖွဲ့များတွင် ကချင်လွတ်လပ်ရေးတပ်မတော်( KIA)၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(SSA-N) ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်( MNDAA) တို့ ပါဝင်သည်။ ထိုခြောက်ဖွဲ့တွင် KIA ၊ SSA-N ၊ MNDAA ၊ TNLA နှင့် AA တို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးရခြင်းမရှိသေးဘဲ တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားကြသည်။

အစိုးရသည် ထိုဒေသမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် မရှိသော်လည်း တရုတ်နှင့် မြန်မာနှစ်နိုင်ငံလုံးသည် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန် စီမံကိန်းများကို တွန်းအားပေးလုပ်ဆောင်နေသည်။ မြန်မာနိုင်ငံသည် ထိုစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် စီမံကိန်းများအတွက် မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က ဧရာဝတီသတင်းဌာနသို့ ပြောခဲ့ဖူးသည်။

ရှမ်းပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားသော ပဋိပက္ခများသည် တရုတ်နိုင်ငံ၏ စီမံကိန်းများအတွက် အဓိက ထိုးနှက်ချက်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တိုင်းရင်းသားရေးရာသုတေသီ ဦးမောင်မောင်စိုးက ဧရာဝတီသတင်းဌာနသို့ပြောသည်။

“သူတို့က ဒီလိုမျိုးဖြစ်လာမယ်လို့ မမျှော်မှန်းထားဘူး” ဟု ပြောသည်။ “တိုက်ပွဲဖြစ်နေသမျှ CMEC က အောင်မြင်မှာ မဟုတ်ဘူး” ဟုလည်း ဆိုသည်။

၂၀၁၉ ဩဂုတ် ၁၅ ရက် ဂုတ်တွင်းတံတား ဖောက်ခွဲဖျက်ဆီးခံရစဉ်/ဇော်ဇော်

“ အဓိကကျတဲ့လုံခြုံရေးပြဿနာရှိနေတော့ သူတို့စီးပွားရေးမလုပ်နိုင်ဘူး။ တရုတ်နဲ့မြန်မာဟာ တိုင်းရင်းသားအုပ်စုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့သာမက သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုနေတယ်” ဟုလည်း သူရှင်းပြသည်။

တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထူးသဖြင့် တရုတ်မြန်မာနယ်စပ်တလျှောက် ပဋိပက္ခနှင့်ပတ်သက်လျှင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်နေသည်။ တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်က KIA နှင့်မြန်မာအစိုးရကိုယ်စားလှယ်များအကြား တရုတ်နိုင်ငံဖက်ခြမ်းရွှေလီတွင် ကျင်းပသော ပထမဆုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် စတင်ပါဝင်ခဲ့သည်။

တရုတ်နိုင်ငံသည်၂၀၁၇ ခုနှစ်ကလည်း တပ်မတော်နှင့် KIA၊ AA၊ TNLA နှင့် MNDAA တို့၏ ပူးပေါင်းအဖွဲ့ဖြစ်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီအဖွဲ့ဝင်များအကြား ဆွေးနွေးပွဲများ တရားဝင်ကြားဝင်ဆောင်ရွက်ပေးသူအဖြစ် လုပ်ဆောင်ခဲ့သည်။

အစိုးရသည် ဇွန်လက မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့ဖြစ်သော KIA၊ TNLA၊ AA၊ MNDAA တို့နှင့် နှစ်ဖက်အပစ်အခပ်ရပ်စဲရေးအတွက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDA) ထိန်းချုပ်ရာ မိုင်းလားအထူးဒေသ၄တွင် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ထိုနောက် အပစ်အခတ်ရပ်ရေးသဘောတူစာချုပ် လက်မှတ်ထိုးရေးအတွက် တပ်များနေရာချထားမှုနှင့် ကျင့်ဝတ်အသေးစိတ်ညှိရန် ဆွေးနွေးပွဲများ ထပ်မံကျင်းပရန်ရှိသော်လည်း အစိုးရသည် အထက်ပါအဖွဲ့များနှင့် ထပ်မံတွေ့ဆုံခြင်း မရှိသေးပေ။

အစိုးရက အဆိုပြုဆွေးနွေးပွဲ ကျင်းပမည့်နေရာများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား သို့မဟုတ် လားရှိုးတို့ကို ထိုမဟာမိတ်အဖွဲ့ဝင်သုံးဖွဲ့ဖြစ်သော TNLA၊ AA နှင့် MNDAA တို့က လုံခြုံရေးအရ အယုံအကြည်မရှိကြောင်းပြောဆိုထားသည်။ ၎င်းတို့က မြန်မာအစိုးရ ထိန်းချုပ်မှု မရှိသောဒေသ သို့မဟုတ် တရုတ်နိုင်ငံကဲ့သို့သောကြားနေရာတွင် ဆွေးနွေးရန် အဆိုပြုသည်။

CMEC ကို အကောင်အထည်ဖေါ်ခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းကို ငြိမ်းချမ်းတည်ငြိမ်စေမည်ဟု တရုတ်နှင့်မြန်မာနှစ်နိုင်ငံလုံးက ဆိုသည်။ CMEC သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရ၏ ကတိကဝတ်များအနက် တခုဖြစ်သော မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုမည်ဟု တရုတ်ပညာရှင်များက အကြံပြုသည်။

သို့သော် ထိုသို့ပြောဆိုခြင်းကို လူတိုင်းက ယုံကြည်လက်ခံသည်တော့ မဟုတ်ပေ။

“ပုံမှန်အားဖြင့်ဆိုရင် တရုတ် စီမံကိန်းရှိတဲ့နေရာမှာ တိုက်ပွဲပိုဖြစ်တာပဲ။ မြန်မာစစ်တပ်က စီမံကိန်းဒေသမှာ တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားမယ် ဒါမှမဟုတ် နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေ လုပ်တယ်ဆိုတော့ ဒါကိုရှောင်လွှဲမရဘူး” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ခွန်ဂျာကပြောသည်။

“စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေ၊ တိုင်းရင်းသားအုပ်စုတွေနဲ့ မဆွေးနွေးရင် အဲဒီဒေသတွေမှာ တိုက်ပွဲပိုဖြစ်မှာပဲ” ဟုလည်း သူပြောသည်။

မကြာသေးမီက တိုက်ခိုက်မှုများကို ပြုလုပ်ကြောင်းနှင့် ၎င်းတို့သည် စစ်ရေးဖိအားကို လျှော့ချရန် လိုအပ်သော တပ်မတော်အပေါ် တန်ပြန်ထိုးစစ်ဖြစ်ကြောင်း TNLA၊ AA နှင့် MNDAA တို့က ကြေညာသည်။

ထို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အဓိက ရည်မှန်းချက်မှာ စစ်စခန်းများကို တိုက်ခိုက်ရန်ထက် ဆက်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ရန်ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသတင်းဌာနသို့ပြောသည်။

သို့သော် ထိုတိုက်ခိုက်မှုများသည် CMEC စီမံကိန်းများ သို့မဟုတ် တရုတ်သို့ ကုန်သွယ်ရေးလမ်းကြောင်းကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း TNLA ပြောခွင့်ရသူ မိုင်အိုက်ကျော်က ဧရာဝတီသတင်းဌာနသို့ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကြောင်းသွားနေသော TNLA တပ်ဖွဲ့ဝင်များကို ၂၀၁၄ ခုနှစ်အတွင်း မြင်ရစဉ်/ ဧရာဝတီ

“ကျနော်တို့က ကုန်သွယ်ရေးလမ်းကြောင်းနဲ့ တရုတ်စီးပွားရေးကို ဖျက်ဆီးနေတာ မဟုတ်ဘူး။ ဒီတိုက်ခိုက်မှုကို လုပ်တာဟာ ကျနော်တို့ကြေညာချက်မှာ ဖေါ်ပြထားတဲ့အတိုင်း စစ်ရေးဖိအားကို လျှော့ချဖို့ လုပ်တာ” ဟု သူပြောသည်။

တရုတ်နိုင်ငံကမူ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်က “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့ (UWSA) ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ (FPNCC) ကို သြဂုတ် ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူ၍ TNLA၊ AA နှင့် MNDAA တို့ကို သီးခြားတွေ့ဆုံကာ တိုက်ပွဲများကို လက်မခံကြောင်း ပြောဆို ဖိအားပေးခဲ့သည်။

လွန်ခဲ့သောဇွန်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ သံအမတ်သစ် ချန်ဟိုင်ကို ခန့်ခဲ့သည်။ ချန်သည် မြန်မာသို့ရောက်ရှိလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရမှပြည်ထောင်ဝန်ကြီးတဦးစီနှင့် အနည်းဆုံးနှစ်ကြိမ်တွေ့ဆုံပြီးဖြစ်သည်။ BRI အစီအစဉ်တွင် ပိုမိုနက်ရှိုင်းစွာ လက်တွေကျသော ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန် သူကမြန်မာအစိုးရအရာရှိများကို တွန်းအားပေးနေကြောင်း တရုတ်သံရုံး၏ကြေညာချက်များကပြသနေသည်။

သြဂုတ် ၁ ရက်နေ့ကလည်း တရုတ်ကိုယ်စားလှယ်များနှင့် မြန်မာစက်မှုဝန်ကြီးဌာနမှအရာရှိများသည် CMEC စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအုပ်စု ပထမဆုံးအကြိမ် စည်းဝေးပွဲ ကျင်းပခဲ့သည်။ ထိုအုပ်စုသည် ထုတ်လုပ်မှုအခြေပြုသော ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် CMEC တလျှောက်တွင် စက်မှုဇုန်များ ထူထောင်ရန် ရည်ရွယ်သည်။

“CMEC တလျှောက်က ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံရဲ့ စိတ်အားထက်သန်မှုကို မလျှော့ကျစေဘူး။ ဒီစီမံကိန်းတွေကို အရှိန်မြှင့်ဖို့ တရုတ်က မြန်မာနိုင်ငံကို တွန်းအားပေးနေတယ်” ဟု မြန်မာသေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးဌာန (ISP- Myanmar) မှ တရုတ်နိုင်ငံဆိုင်ရာဌာနခွဲအကြီးအကဲ ဒေါ်ခင်ခင်ကျော်ကြီးက ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလက ဘေ့ဂျင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် လမ်းအစီအစဉ်ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးညီလာခံသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်က မြန်မာနှင့် တရုတ်နိုင်ငံတို့သည် CMEC ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း (၂၀၁၉-၂၀၃၀) အတွက် နားလည်မှုစာချွန်လွှာအပါအဝင် သဘောတူညီချက် ၃ ခု လက်မှတ်ရေးထိုးခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပဋိပက္ခဖြစ်ပွားနေသော ထိုဒေသသို့ တည်ငြိမ် ငြိမ်းချမ်းမှုဆောင်ယူပေးမည်ဟု ထိုစဉ်က ထုတ်ပြန်သည့်ကြေညာချက်တွင် အစိုးရကဖေါ်ပြသည်။

မြန်မာ အမျိုးသားစီမံကိန်းနှင့် ဦးစားပေးများနှင့်အညီရွေးချယ်သော BRI စီမံကိန်းများသည် လွန်စွာလိုအပ်နေသော အခြေခံအဆောက်အအုံ တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင်သာမက နယ်စပ်ဖြတ်ကျော်ဆက်သွယ်မှုကိုပါ မြှင့်တင်ပေးမည်ဖြစ်ကြောင်း အထက်ပါညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

“CMEC ရဲ့ အန္တိမရည်မှန်းချက်က ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တပြိုင်ရရှိစေဖို့ဖြစ်တယ်လို့ တရုတ်၊မြန်မာအစိုးရတွေက ယုံကြည်ကြတယ်။ ဒါဟာ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို သူတို့ စဉ်းစားဖို့ လိုတယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ဝေဖန်သည်။

နိုင်ငံ၏ အရှေ့မြောက်မှ အနောက်ဖက်အထိ CMEC အဆိုပြုလမ်းကြောင်းကို လေ့လာသောအခါ ထိုစြင်္ကန်၏ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နိုင်ခြေသည် ယခုတိုက်ပွဲဖြစ်ပွားသည့် ရှမ်းပြည်နယ်တွင်သာမကပေ။ မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်တွင် AA သည် လွန်ခဲ့သောနှစ်နှောင်းပိုင်းမှ စတင်ကာ အစိုးရတပ်များကို တိုက်ခိုက်နေသည်။

AA သည် ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီက ချိန်ကိုက်တိုက်ခိုက်မှုပြုလုပ်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ်တွင် ရှိနေသည်။AA သည် ဇူလိုင်လနှောင်းပိုင်းက မြန်မာရေတပ်ရေယာဉ်ကို ဒုံးကျည်ဖြင့် ပစ်သောကြောင့် ရေတပ်အရာရှိတဦးနှင့် တပ်သား၂ ဦးသေသည်။ ထိုတိုက်ကိုက်မှုဖြစ်ပွားရာသည် အထူးစီးပွားရေးဇုန်မှ ကီလိုမီတာ၂၀ သာဝေးသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ပြုလုပ်သော ရှမ်းပြည်မြောက်ပိုင်းနှင့် ပြင်ဦးလွင် တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ထိုဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို ခြိမ်းခြောက်ပြီး ထိခိုက်သေဆုံးမှုများဖြစ်စေကြောင်း တနင်္လာနေ့တွင်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ကန်းစွမ်းက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် နယ်စပ်တည်ငြိမ်ငြိမ်းချမ်းမှုကို အလေးအနက်ထားကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်းလည်း သူပြောသည်။

သို့သော် “တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးနိုင်စွမ်း ရှိတယ်။ တိုက်ပွဲရပ်ဖို့ သူတို့ အမိန့်ပေးလို့ ရတယ်။ ဒါပေမယ့် အဲဒီလိုရပ်တာဟာ ယာယီပဲဖြစ်လိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးတာတွေကို အပေါ်ယံပဲ လုပ်ရင်ထာဝရငြိမ်းချမ်းရေး ဘယ်တော့မှ မရဘူး” ဟု ခွန်ဂျာက သုံးသပ်သည်။

လက်ရှိ ပဋိပက္ခများကို မီးထိုးပေးခြင်းနှင့် ဒေသခံများအကြား နာကျည်းမှုအသစ်ဖြစ်စေရန် ဆွပေးခြင်းတို့ကို ရှောင်ရှားရန်နှင့် CMEC တလျှောက်တွင် ပဋိပက္ခဖြစ်နိုင်ခြေကို အကဲဖြတ်ရန် တရုတ်နိုင်ငံကို ကျွမ်းကျင်သူများက အကြံပြုသည်။

“အစိုးရနှစ်ရပ်လုံးအနေနဲ့ နိုင်ငံရေးနည်းလမ်းကို သုံးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခကို အဖြေရှာဖို့ ဦးစွာလိုတယ်။ ပြဿနာကို မဖြေရှင်းဘဲ CMEC ကို တွန်းနေရင် အခြေအနေ ပိုမိုရှုပ်ထွေးမယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ပြောဆိုသည်။

( Nan Lwin ၏ Rebel Strikes Cast Shadow on China’s BRI Projects in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

တိုက်ခိုက်မှုရပ်ရန် ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ တောင်းဆို

တိုက်ပွဲရပ်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ် ဖိအားပေး

ငြိမ်းချမ်းရေး လိုချင်ကြောင်း စစ်ရှောင်ပြည်သူများ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading