ကံစမ်းမဲ တခုခု ပေါက်လျှင် လူတိုင်း ပျော်ကြတာ ဓမ္မတာပါပဲ ။ ကံစမ်းမဲ ဆိုကတည်းက လူအများအပြား စုပြီး ကံစမ်း နှိုက်ကြတဲ့ ထဲမှာမှ ကံထူးသူ ၁ ဦးသာ ပေါက်တာပါ။
ဦးစိုင်းမောင် (အမည်လွှဲ) ကတော့ သူပေါက်တဲ့ ကံစမ်းမဲ လက်မှတ်ကြောင့် မပျော်နိုင်ဘဲ ပေါက်မဲကြောင့် စိတ်ညစ်နေပါတယ်။
သူနေတဲ့ တရွာလုံးမှာမှ သူတယောက်တည်း ပေါက်တဲ့မဲ ဖြစ်သလို ကံထူးလို့ မဲပေါက်တယ်လို့ မတွေးဘဲ ကံအဆိုးဆုံး ဖြစ်ပြီလို့သာ သူ တွေးမိနေပါတယ်။
သူက “ရွာသူကြီး ဆိုတာကြီး မပြောပါနဲ့။ လူများများ သိပ်မသိစေချင်ဘူး”လို့ပြောရင်း မျက်နှာကိုလည်း တဖက်ကို လှည့်နေပါတယ်။
ဦးစိုင်းမောင် စိတ်ညစ်နေတဲ့ ပေါက်မဲ လက်မှတ်က အခြားမဲလက်မှတ်တွေလို ပစ္စည်းတွေ ဆုမဲတွေ ရတဲ့ မဲမဟုတ်ပါဘူး။ သူ့နေရပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဆိုင်းခေါင် ကျေးရွာအုပ်စု ထဲက ပန်ဝိုးရွာကို ၂ နှစ်တိတိ အုပ်ချုပ်ဖို့ ရွာသူကြီးအဖြစ် ရွေးချယ်ခံရတဲ့ မဲလက်မှတ် ဖြစ်နေလို့ပါ။
အေးအေးချမ်းချမ်းရှိတဲ့ တောရွာမှာ ဆိုရင်တော့ ရွာသူကြီး ဖြစ်ရတာ ရပ်ရွာထဲ သြဇာရှိပြီး ရပ်ရေး ရွာရေး စီမံ ခန့်ခွဲနိုင်တာဖြစ်လို့ ရွာသူကြီးအဖြစ် တာဝန်ယူချင်သူတွေ ပေါချင်ပေါပါလိမ့်မယ်။
ပန်ဝိုးရွာလိုမျိုး အနီးဝန်းကျင်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ၊ တိုက်ပွဲတွေ နဲ့ ပဋိပက္ခတွေကြား ရှိနေတဲ့ ကျေးရွာတွေ မှာတော့ ရွာသူကြီး တာဝန်ထမ်းဆောင် ရတာဟာ စိုးရိမ် ထိတ်လန့်မှုတွေ စိတ်ရှုပ်စရာတွေနဲ့ အပြည့်ပဲလို့ ဦးစိုင်းမောင်က ဆိုပါတယ်။
ဦးစိုင်းမောင်ရဲ့ တူမတော်စပ်တဲ့ နန်းဆိုင်ခမ်းက “အရပ်သားနဲ့ သူကြီး ဖြစ်ရတာမှာ သူကြီးက ပိုမလုံခြုံဘူး။ ဘယ်အဖွ့ဲက လာလာ ဘယ်လက်နက်ကိုင်က လာလာ သူကြီးကိုပဲ အရင်ရှာတာ။ သူကြီးကိုပဲ သူတို့လိုချင်တာ တောင်းတယ်။ သူကြီးက ပိုပြီး မလုံခြုံဘူး။ ဒီမှာ ဘယ်သူမှ သူကြီး မလုပ်ချင်ဘူး”လို့ ပြောပါတယ်။
မဲနှိုက်စနစ် မရှိခင်တုန်းကတော့ နန်းဆိုင်ခမ်းရဲ့ ဖခင်က ပန်ဝိုး ရွာသူကြီးပါ။ အဲဒီနောက်ပိုင်း ရွာသူကြီး လုပ်ချင်သူ မရှိပေမယ့် တယောက်ကတော့ မဖြစ်မနေ လိုအပ်တာကြောင့် ပန်ဝိုးရွာမှာတော့ မဲနှိုက်ပြီး မဲပေါက်သူ သူကြီးလုပ်ရတဲ့ စနစ်ကို ဒီ ၂၀၁၉ ခုနှစ်မှာ စတင် ကျင့်သုံးနေကြတာပါ။
ပန်ဝိုးရွာတဝိုက်မှာ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) နဲ့ တအန်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ မဟာမိတ် တပ်ဖွဲ့တွေ လှုပ်ရှားသလို အဲဒီ တပ်ဖွဲ့တွေနဲ့ စစ်ရေး မပြေလည်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တပ်ဖွဲ့တွေကလည်း လှုပ်ရှား ကြပါတယ်။
ရွာထဲကို လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခဏ ဝင်လာတတ်သလို တခါတရံ ယူနီဖောင်း၊ သေနတ်နဲ့ စစ်သား ၃ ဦး၊ ၄ ဦး ဝင်လာပြီး ဟင်းသီးဟင်းရွက်နဲ့ အသားငါး ပေးဖို့ တောင်းတတ်တာ ရှိသလို အချို့ အဖွဲ့တွေကလည်း ရွာသားတွေကို ရိက္ခာဆန် တောင်းခံလေ့ ရှိကြပါတယ်။
နန်းဆိုင်ခမ်း ပြောပြချက်အရ သူ့ဖခင်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေက ရွာထဲကို တခုခု အကြောင်းကြားစရာ ရှိလို့ ဖြစ်ဖြစ် ခိုင်းစေစရာ ရှိလို့ ဖြစ်ဖြစ် သူတို့စခန်းကို ခေါ်တဲ့အခါမျိုးမှာ အချိန်မရွေး သွားရသလို ရွာထဲမှာ ရိက္ခာ ကောက်ခိုင်းတာမျိုး ဆိုရင်လည်း သူကြီးကပဲ တာဝန်ယူ ကောက်ခံပေးရတာလို့ ဆိုပါတယ်။
“အရင်တုန်းက အဖေက သူကြီးဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်လာပြီး တည်းရင် ကျမတို့အိမ်ပဲ ။ တခါတလေ စစ်ရေးအခြေအနေက မအေးရတဲ့အထဲ တဖွဲ့ဖွဲ့က အဖေ့ကို တခုခုခိုင်းပြီဆို ကျမတို့မှာ အမြဲပူပန်နေရတာ”လို့ နန်းဆိုင်ခမ်းက ပြောပါတယ်။
ဆန်ကို ဆက်ကြေးအဖြစ် ကောက်ယူတဲ့ အခါမှာလည်း ရွာသူကြီးကပဲ တာဝန်ခံပြီး ရွာသားတွေ ဆီက ကောက်ပေး ရပါတယ်။
တချို့လက်နက်ကိုင်အဖွဲ့တွေက တနှစ်မှာ မိသားစုတစုကို ဆန်တအိတ် ပေးရမယ်လို့ သတ်မှတ်တာ ရှိသလို အချို့ကတော့ ပုံမှန်မတောင်းပဲ ရံဖန်ရံခါမှ လာတောင်း တတ်တာမျိုးလည်း ရှိပါတယ်။
“ကိုယ်တွေမှာ သူတို့လာတောင်းလို့ မရှိတဲ့ အခါမျိုးဆို သူများဆီက ပိုက်ဆံအကြွေး အတိုးနဲ့ ယူပြီး ထည့်ပေးရတယ်။ တကယ်လို့ သူတို့တောင်းတဲ့ ရက် မပေးနိုင်ဘူး ဆိုရင်လည်း တောင်းပန် ရတာပေါ့။ ဘယ်လောက်တော့ လျော့ပေးပါ ဆိုတာမျိုး တောင်းပန်ရပါတယ်”လို့ နန်းဆိုင်ခမ်းက ပြောပြပါတယ်။
ရိက္ခာကောက်ပေးတဲ့ တာဝန်ကို ရွာသူကြီးကပဲ ထမ်းဆောင်ရသလို ကောက်ပေးရမယ့် ပမာဏ မပြည့်တဲ့အခါ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ကို တောင်းပန်ရေးနဲ့ ညှိနှိုင်းရေးတာဝန်ကိုလည်း ရွာသူကြီးကပဲ ယူရပါတယ်။
ဒေသခံတွေအနေနဲ့ ပုံမှန် တောင်ယာ လုပ်ကိုင်နိုင်တယ် ဆိုရင်တော့ လက်နက်ကိုင် တပ်ဖွဲ့တွေ ကောက်ခံတဲ့ ဆန်တွေကို ပေးနိုင်ပေမယ့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေကြား မြေမြှုပ်မိုင်း အန္တရာယ်လည်း ကြောက်ရ တာကြောင့် တောင်ယာစိုက်ဧရိယာတွေကလည်း ဒေသခံတွေ အတွက် နယ်မြေကျဉ်းလာပါတယ်။
၂၀၁၆ ခုနှစ်၊ TNLA နဲ့ RCSS ကြား တိုက်ပွဲတွေ ဖြစ်တုန်းကဆိုရင် ပန်ဝိုးရွာက ဒေသခံတွေဟာ နမ္မတူမြို့ပေါ်ထိ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။
အဲဒီအချိန်မှာ TNLA တပ်ဖွဲ့တွေက ဆိုင်းခေါင်ကျေးရွာ အုပ်စုထဲက သူကြီးတဦးကို RCSS တပ်ဖွဲ့တွေ အကြောင်း ရိုက်နှက် မေးမြန်းသလို ရွာထဲက ဒေသခံ အမျိုးသမီးတွေ ကိုလည်း သေနတ်နဲ့ ချိန်ပြီး အော်ဟစ်ကြိမ်းမောင်းတာတွေ ပြုလုပ်တာကို မျက်မြင်တွေ့ဖူးတယ်လို့လည်း နန်းဆိုင်ခမ်းက ဆိုပါတယ်။
ပန်ဝိုးရွာလိုပဲ နမ္မတူမြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာအများစုက ရွာသူကြီးတွေဟာ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးနဲ့ အဆင်ပြေအောင် ပြောဆို ဆက်ဆံကြရပါတယ်။
ဧရာဝတီက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီနဲ့ ဇူလိုင်လအတွင်း နမ္မတူမြို့နယ်ထဲက ကျေးရွာ ၃၀ ခန့်က ရွာသူကြီးတွေနဲ့ တွေ့ဆုံပြီး သူတို့ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို မေးမြန်းထားချက်တွေအရ သူတို့ အားလုံးဟာ SSPP၊ TNLA နဲ့ RCSS တပ်ဖွဲ့တွေ အားလုံးရဲ့ တခုမဟုတ် တခု ခိုင်းစေခြင်းကို ကြုံတွေ့နေရသူတွေချည်း ဖြစ်ပါတယ်။
ဧရာဝတီနဲ့ အမေးအဖြေ ပြုလုပ်ကြတဲ့ ရွာသူကြီးတွေဟာ သူတို့ရဲ့ လုံခြုံရေးကို ဘယ်သူကမှ တာဝန်မယူပေးတာ ဖြစ်လို့ သူတို့ ကျေးရွာအမည်နဲ့ သူတို့အမည်နာမ တွေကို တွဲပြီး သတင်း ထဲမှာ မဖော်ပြဖို့လည်း တောင်းဆို ကြပါတယ်။
နမ္မတူမြို့နယ်၊ ကျေးရွာတခုက ရှမ်းလူမျိုး သူကြီး ၁ ဦးဆိုရင် SSPP က တောင်းလာတဲ့ ပမာဏအတိုင်း နှစ်စဉ် ဆန်ပေးနိုင်ဖို့ကို ရွာထဲ တအိမ်ကို ဆန်တအိတ် ကောက်ပေးရသလို ရွာထဲ TNLA နဲ့ RCSS တပ်ဖွဲ့တွေ အဝင်အထွက်ကိုလည်း နှစ်ဖက် တပ်ဖွဲ့တွေထံ ဖုန်းဆက် အကြောင်းကြားပြီး သတင်းပေးတဲ့ အလုပ်လည်း လုပ်ရပါတယ်။
အဆိုပါ ရှမ်းရွာသူကြီးက “တခါတလေ တဖွဲ့က ရွာထဲ ရှိနေရင် နောက်တဖွ့ဲက မေးလာတဲ့အခါ ဖြေ ပေးရတာမျိုး ရှိတယ်။ တခါတလေလည်း ကျနော်တို့ မသိပဲ တဖွဲ့ဖွဲ့ရဲ့စစ်ကြောင်းက ရောက်လာတဲ့ အခါ မင်းဘာလို့ မပြောလဲ ။ မပြောလို့ ပစ်ကြခတ်ကြ ဖြစ်တယ်ဆိုတာမျိုး အော်ငေါက် အပြစ်တင်တာ ကြုံဖူးတယ်”လို့ ပြောပါတယ်။
TNLA နဲ့ RCSS ကြားမှာ နယ်မြေလုတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၂၀၁၆ ခုနှစ် ကတည်းကပါ။
ဧရာဝတီက ပြုစုထားတဲ့ စာရင်း အချက်အလက်တွေအရ နမ္မတူမြို့နယ်ထဲမှာဆိုရင် ၂၀၁၆ ခုနှစ်ကနေ ဒီကနေ့ထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ထဲမှာ TNLA က ရှမ်းအရပ်သားတွေကို RCSS သူလျှိုလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်တာ ဦးရေ ၆၀ ထက် မနည်း ရှိသလို RCSS ဘက်ကလည်း တအန်း ပလောင် အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တာ ၃၀ ဦး ထက် မနည်း ရှိပါတယ်။
နမ္မတူမြို့နယ် အခြေစိုက် တအန်းအမျိုးသား ပါတီကတော့ သူတို့ ပြုစုထားတဲ့ စာရင်းအရ RCSS ရဲ့ ဖမ်းဆီး နှိပ်စက်မှုအပြင် သတ်ဖြတ်မှုကို ခံရတဲ့ တအန်းလူမျိုး ဦးရေ ၆၀ ခန့်ရှိတယ်လို့ ပြောပါတယ်။
နယ်မြေလုရင်း တိုက်ခိုက်နေကြတဲ့ TNLA နဲ့RCSS ကြားမှာ တဖက်ဖက်ရဲ့ သူလျှိုလို့ စွပ်စွဲမခံရအောင်လည်း ရွာသူကြီးတွေက နေထိုင်ကြရပါတယ်။
နမ္မတူမြို့နယ်၊ ကျေးရွာတခုရဲ့ ရွာသူကြီး ဦးအောင်စိုင်းက “ကျနော်တို့ရွာသူကြီးတွေက ဘယ်ဘက် ဘယ်တပ်ဖွဲ့ ဖြစ်ဖြစ် အဆင်ပြေအောင် နေထိုင်ရတယ်။ တခါတလေ ကိုယ်က ရှမ်းလူမျိုးဖြစ်တော့ ပလောင်အဖွဲ့ဘက်က သူလျှိုဆိုပြီး စွပ်စွဲတာမျိုး မခံရအောင်လည်း နေရတယ်” လို့ ပြောပါတယ်။
မတ် ၂၁ ရက်ကလည်း နမ္မတူမြို့နယ် အတွင်းက မိုင်းမုရွာမှာ ည ၁၂ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့တွေ ဝင်လာပြီး ရွာသူကြီး ဦးစိုင်းစံဖေကို ဖမ်းဆီး ခေါ်ဆောင်သွားဖူးပါတယ်။
ရွာသူကြီး ဦးစိုင်းစံဖေ အိမ်မှာ ဖွင့်ထားတဲ့ ကုန်ခြောက်ပစ္စည်းဆိုင်က ပစ္စည်းတွေကိုလည်း ယူသွားသလို သူကြီးကို လည်း လက်ပြန်ကြိုးတုတ်ပြီး ဖမ်းသွားတာ တလကျော်မှ ပြန်လွှတ်ပေးခဲ့တာပါ။
ဦးစိုင်းစံဖေကို လာဖမ်းစဉ်က သူ့အမျိုးသမီးကိုလည်း ဖမ်းခေါ်ပြီး ရွာထဲမှာ RCSS နဲ့ အဆက်အသွယ် ရှိတဲ့ အိမ်တွေကို ပြပေးဖို့ TNLA တပ်ဖွဲ့တွေက ပြောဆိုခဲ့ပါတယ်။
ရွာထဲက ငွေကြေးချမ်းသာတဲ့ အိမ်တအိမ်ကိုလည်း ဝင်ပြီး ဘီရိုထဲမှာ သိမ်းဆည်းထားတဲ့ ငွေ ၁၅ သိန်းကိုလည်း TNLA တပ်ဖွဲ့တွေက ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငွေယူသွားခံရတဲ့ မိသားစုဝင်တဦးက “ကျနော်တို့ စပါးရောင်းထားတဲ့ ပိုက်ဆံတွေကို RCSS က လာပေးထားလို့ သိမ်းထားတဲ့ ပိုက်ဆံတွေ ဆိုပြီး အတင်းယူသွားတာ။ သူတို့က ညကြီး အိမ်တံခါး ကို ကန်ပြီး သေနတ်တွေနဲ့ ဝင်လာတော့ ကြောက်ပြီး ဘာမှ မပြောနိုင်ဘူး။ အဲဒါ စပါး ရောင်းထားတဲ့ ငွေတွေပဲ။ ဘယ်RCSS နဲ့မှလည်း မပတ်သက်ဘူး”လို့ပြောပါတယ်။
မိုင်းမုရွာက ဒေသခံတွေကတော့ သူတို့ ရပ်ရွာထဲမှာ နေထိုင်ရတာ လုံခြုံမှု မရှိသလို ဘယ်တပ်ဖွဲ့က ပဲဖြစ်ဖြစ် လက်နက်ကိုင် စစ်သားတဦးတည်း ရွာထဲ ဝင်လာရင်တောင် တရွာလုံးက ကြောက်ကြတယ်လို့ ပြောပါတယ်။
ဧရာဝတီက ဦးစိုင်းစံဖေကို သူကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သတ်လို့ ပြန်ပြောပြဖို့ ခွင့်တောင်းခဲ့ပေမယ့် ဦးစိုင်းစံဖေကတော့ သူဖမ်းဆီးခံရစဉ်က အဖြစ်အပျက်တွေကို ပြန်ပြောပြဖို့ ငြင်းဆန်ပါတယ်။
“ကျနော်နေရတဲ့ နေရာက လုံခြုံမှု မရှိပါဘူး။ ကျနော့်မှာ မိသားစုလည်း ရှိပါတယ်။ ဘာမှ မပြောချင်ပါဘူး”လို့ ဦးစိုင်းစံဖေက ဆိုပါတယ်။
ဦးစိုင်းစံဖေ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတာ ၃လ ကျော် ရှိပြီဖြစ်ပေမယ့် သူ့လက်ကောက်ဝတ် နှစ်ဖက်မှာတော့ ကြိုးတုတ်ခံရတုန်းက ရထားတဲ့ ဒဏ်ရာအမာရွတ်တွေက အထင်းသား ရှိနေတုန်း ပါပဲ။
ဦးစိုင်းစံဖေတို့ မိသားစုတွေကလည်း သူတို့ရဲ့ နေရပ် ဖြစ်တဲ့ မိုင်းမုရွာမှာ နေထိုင်ရတာ မလုံခြုံတော့ တာကြောင့် လက်ရှိမှာတော့ တခြားရွာတရွာမှာ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
မိုင်းမုရွာဟာဆိုရင်လည်း TNLA နဲ့မဟာမိတ် ဖြစ်တဲ့ SSPP ကို တမိသားစုကို တနှစ်လျှင် ဆန် ၃ တင်း ( ဆန်နှစ်အိတ်)ဆီ ပေးဆောင်နေကြရတာပါ။
နမ္မတူမြို့နယ်ထဲက ပလောင်လူမျိုးတွေ အများဆုံး နေထိုင်တဲ့ ပန်ကွတ်ရွာဆိုရင်လည်း ၂၀၁၈ ခုနှစ်အတွင်း စစ်ဘေးရှောင်ရင်း ပျောက်သွားတဲ့ အရပ်သား ၁၁ ဦး ရှိပါတယ်။
အရပ်သားတွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပန်ကွတ်ရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်က TNLA နဲ့RCSS တပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာ RCSS တပ်မှူး တဦးက သူ့ကို ခြိမ်းခြောက်တယ် လို့ ပြောပါတယ်။
“မင်း ငါတို့ကို စွပ်စွဲတယ်နော်။ မင်းကြည့်ကြပ်နေ ဆိုတဲ့ ပုံစံမျိုး ကျနော့်ကို ခြိမ်းခြောက်တယ်။ ရွာမှာ နေရတာ မလုံခြုံပါဘူး”လို့လည်း ဦးသန်းအောင်က ဆိုပါတယ်။
စစ်ရေး မတည်မငြိမ်ဖြစ်လာတဲ့ အချိန်တွေဆိုရင် ပန်ကွတ်ရွာမှာ အမျိုးသားအများစုက အိမ်မှာ မနေရဲ ကြပါဘူး။
အခြားကျေးရွာတွေမှာ သွားပြီး တိမ်းရှောင်တာမျိုးနဲ့ ရွာကို ရံဖန်ရံခါ ပြန်လာတာမျိုးပဲ ပြုလုပ်ကြ ပါတယ်။
ပန်ကွတ်ရွာဟာလည်း TNLA နဲ့RCSS တပ်ဖွဲ့တွေရဲ့ပဋိပက္ခထဲမှာ ကြားညှပ်နေတဲ့ ကျေးရွာတခုပါပဲ။
ဘယ်တပ်ဖွဲ့က စစ်သားဖြစ်ဖြစ် ရွာထဲ ဝင်လာပြီး ခိုင်းစေတာ ရိက္ခာတောင်းခံတာမျိုးရှိရင် ရွာသူရွာသားတွေက ငြင်းပိုင်ခွင့် မရှိပဲ ပေးကြရပါတယ်။
နမ္မတူမြို့နယ်ထဲက ကျေးရွာအချို့ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေက ယူနီဖောင်းတွေနဲ့ရော အရပ်ဝတ် တွေနဲ့ ပါ ရှိနေကြတာကြောင့် ရွာထဲကို သူစိမ်းဝင်တာမျိုး၊ သတင်းထောက်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက လာရောက် မေးမြန်းတာမျိုးတွေဆိုရင် သဘောကျလေ့ မရှိပါဘူး။
လက်နက်ကိုင် ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက ဝင်လိုက်ထွက်လိုက် ရံဖန်ရံခါ စခန်းချလိုက်နဲ့ သွားလာ လှုပ်ရှားကြသလို တပ်မတော်၊ စစ်ကြောင်းတွေကလည်း စစ်ရေးစစ်ရာ ကိစ္စတွေ ရှိတဲ့အခါ ရွာတွေထဲ ဝင်လာပြီး စခန်းချတာတွေ လုပ်တတ်ပါတယ်။
အဲဒီ အချိန်မှာ ဗျာအများရဆုံးကလည်း ရွာသူကြီးတွေပါပဲ။
တပ်မတော်စစ်ကြောင်းတွေက ဒေသမှာ လှုပ်ရှားသွားလာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြောင်း မေးမြန်းတာအပြင် စစ်ဆင်ရေးရှိတဲ့ အခါမျိုးမှာ တိုက်ပွဲတွေ မဖြစ်ခင် ရွာတွေထဲ ဝင်လာပြီး စခန်းချ နေထိုင်တာမျိုးလည်း ရှိတတ်ပါတယ်။
အဲဒီအချိန်မှာ ရွာသူကြီးနဲ့ ရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက နေရာထိုင်ခင်း စီမံပေးရပြီး တပ်မတော်၊စစ်ကြောင်းက အရာရှိတွေက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြောင်း မေးမြန်းတာမျိုးတွေလည်း ရှိပါတယ်။
တိုက်ပွဲတွေ ပစ်ခတ်မှုတွေဖြစ်လို့ ရပ်ရွာထဲက ဒေသခံတွေ ထွက်ပြေးရင်တောင် အချို့ရွာတွေမှာ ရွာသူကြီးနဲ့ ကျေးရွာသားတချို့က မပြေးနိုင်ပဲ ရွာစောင့်အဖြစ် ကျန်ပြီး ရောက်လာတဲ့ လက်နက်ကိုင် တပ်ဖွဲ့နဲ့ ပြေလည်အောင် ပြောဆိုပြီး ရပ်ရွာထဲက အိမ်တွေကို စောင့်ရှောက်ကြရ တာလည်းရှိပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ကလည်း တပ်မတော်၊ စစ်ကြောင်းတွေ ဒါမှမဟုတ် သူတို့နဲ့ မတည့်တဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ရွာအနီးအနား လာတာမျိုးရှိရင် သတင်းပေးဖို့ ရွာသူကြီးကို ခိုင်းစေတာမျိုး တွေလည်း ရှိပါတယ်။
ရွာသူကြီးတွေလိုပဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ကြား ဗျာများရသူတွေ နောက်ထပ် ရှိပါသေးတယ်။
သူတို့ကတော့ အစိုးရ ဌာနဆိုင်ရာ လက်အောက်မှာ ရှိတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ရွေးကောက်ပွဲတွေ ကျင်းပပြီး ရွေးကောက်ခန့်အပ်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေပါ။
သူတို့ကိုလည်း လက်နက်ကိုင်တပ်ဖွဲ့တွေက ဆက်သွယ်ပြီး ငွေကြေးကောက်ခံခိုင်းတာ သတင်း အချက်အလက် ပေးခိုင်းတာမျိုးတွေ လုပ်ပါတယ်။
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရဲ့ လက်အောက်မှာ ရှိတာကြောင့်လည်း ဒေသတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး တာမျိုး၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ဒေသသတင်း ကောက်ယူတာမျိုးဆိုရင်လည်း အစိုးရနဲ့ အာဏာပိုင်တွေကို အုပ်ချုပ်ရေးမှူးတွေက အစီရင်ခံရပြန်ပါတယ်။
သူတို့တွေဟာလည်း အစိုးရ၊ အာဏာပိုင်နဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ကြားမညှပ်အောင် နေကြရသူတွေပါပဲ။
ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးစိုင်းတင့်ချိုဆိုရင် RCSS နဲ့ SSPP တို့အတွက် ရပ်ရွာထဲ ဆက်ကြေး လိုက်ကောက်ပေးနေတယ် ဆိုပြီး တပ်မတော်က ဖမ်းဆီး တရားစွဲဆိုတာ ခံထားရပါတယ်။
ဦးစိုင်းတင့်ချိုကို ဧပြီလအတွင်းမှာ တပ်မတော်က ဝင်ရောက်ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေ ၊ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်လိုက်တာကြောင့် ဒီနေ့ထိ တရားရင်ဆိုင်နေရဆဲပါ။
ဦးစိုင်းတင့်ချိုဟာ ၂၀၁၃ ခုနှစ်ကတည်းက စပြီး အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူ တဦးပါ။
၂၀၁၆ ခုနှစ်မှာ သူတာဝန်မထမ်းဆောင် ချင်တော့ကြောင်းနဲ့ သူ့ကို လက်နက်ကိုင်တပ်ဖွဲ့တွေက ဆက်သွယ် ခိုင်းစေတာတွေ လုပ်ပေးနေရတာကြောင့် တရား စွဲဆိုခံရမှာလည်း စိုးရိမ်လို့ နှုတ်ထွက် ခွင့် ပြုဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို စာတင်ဖူးသူပါ။
မြို့နယ်က နှုတ်ထွက်ခွင့်မပေးပဲ တာဝန် ဆက်လက် ထမ်းဆောင်ခိုင်းတာကြောင့် အလုပ်လုပ်ကိုင် နေရင်း ၂၀၁၉ ခုနှစ်၊ ဧပြီမှာ ဖမ်းဆီး တရားစွဲဆို ခံရတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေ ရွာသူကြီးတွေ ပြောဆိုကြတာကတော့ တပ်မတော် ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်စေ သူတို့ကို တစုံတခု ခိုင်းစေလာရင် ငြင်းဆိုရဲတဲ့ သတ္တိမရှိပါဘူးလို့ ပြောကြပါတယ်။
ကျောက်မဲမြို့ထဲမှာတောင် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားတာတွေ ဘုန်းကြီးကျောင်းထဲ ဝင်ပြီး ကျောင်းထိုင် ဆရာတော်ကို ပစ်သတ်သွားတာတွေ အပြင် အုပ်ချုပ်ရေးမှူးတဦးကို မကျေနပ်လို့ အိမ်ထဲ လက်ပစ်ဗုံး ပစ်သွင်းတဲ့ ကိစ္စတွေဟာ ဖြစ်ပျက်ထားတော့ အရပ်သားတွေအနေနဲ့ လက်နက်ရှိတဲ့ စစ်သားတိုင်းကို စိုးရိမ်မှုက ရှိနေတယ်လို့ ဆိုကြပါတယ်။
ဦးစိုင်းတင့်ချို ဖမ်းဆီး တရားစွဲဆိုခံရပြီးနောက်မှာတော့ နမ့်ဟူးတောင်း ကျေးရွာအုပ်စုက ဆယ်အိမ်မှူး၊ ရာအိမ်မှူး ၂၂ ဦးဟာလည်း တပြိုင်တည်း နှုတ်ထွက်စာ တင်ပြီး တာဝန်က အနားယူ လိုက်ကြပါတယ်။
သူတို့နှုတ်ထွက်ရတဲ့ အဓိက အကြောင်းအရင်းကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆက်သွယ် ခိုင်းစေရင် အသက်အန္တရာယ်ကို စိုးရိမ်လို့ မဖြစ်မနေ လုပ်ပေးရမှာ ဖြစ်သလို အစိုးရ၊ တပ်မတော် ဘက်က တရားစွဲဆိုရင်လည်း အချုပ်အနှောင်ကျမှာ စိုးရိမ်ထိတ်လန့်လို့ ဆိုတာပါပဲ။
ကျောက်မဲမြို့က ရပ်မိရပ်ဖ တဦးဖြစ်တဲ့ ဦးစိုင်းမြင့်ဦးက “အုပ်ချုပ်ရေးမှူးတိုင်း နီးနီး ဒီလိုပဲကြုံတွေ့နေရတယ်။ တောမှာဆို ရွာသူကြီးတွေ ကြုံရတာ ပိုဆိုးတယ်။ တဖက်က လာလည်း သေနတ်နဲ့ ခိုင်းတယ်။ တဖက်က လာလည်း သေနတ်နဲ့ တောင်းတယ်။ ပြည်သူလက်ထဲ ဘာမှ မရှိဘူး”လို့ ပြောပါတယ်။
အရပ်သားတွေ ရွာသူကြီးတွေမှ မဟုတ်ပါဘူး။ ရပ်ရွာလူထုကြားမှာ ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရက လစာပေး တရားဝင် ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတောင် အာဏာပိုင်တွေဘက်က ဒေသ အခြေအနေ အရ နားလည်မှုနဲ့ အကာအကွယ်ပေးထားတာ မရှိဘူးလို့ ဦးစိုင်းမြင့်ဦး က ဝေဖန်ပါတယ်။
ဆက်လက်ပြီး ဦးစိုင်းမြင့်ဦးက “ ကျနော့်သူငယ်ချင်း အုပ်ချုပ်ရေးမှူးဟောင်း ခုထိ သက်ရှိထင်ရှား ရှိပါတယ်။ ငြင်းဆန်တော့ ၉ ရပ်ကွက်မှာ ဗုံးနဲ့ ထုခံရတယ်။ ငြင်းဆန်ရင် သေမှာပေါ့။ ငြင်းရဲရင် ငြင်းလေ။ သေနတ်နဲ့ ခိုင်းတာ။ သေနတ်နဲ့ လာတာ။ ဒီတော့ ကျနော်တို့ကို ဘယ်သူ ကာကွယ်ပေးမှာလဲ။ ကာကွယ်နိုင်တာက ခိုင်းရင် လုပ်ပေးလိုက်။ တောင်းရင် ပေးလိုက် ဒါပဲ ရှိတယ်”လို့ ဆိုပါတယ်။
အစိုးရ၊ အာဏာပိုင်တွေနဲ့ တရားဝင် အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ အုပ်ချုပ်ရေးမှူးတွေတောင် ရှမ်းပြည်နယ် မြောက်ပိုင်းက ပဋိပက္ခဒေသတွေမှာ မလုံခြုံပါဘူး။ လက်နက်ကိုင်တပ်ဖွဲ့တွေက ခိုင်းစေ လာရင်လည်း မလွန်ဆန် ရဲကြပါဘူး။
ရွာသူကြီးတွေဆိုရင်တော့ ရွာဓလေ့ထုံးစံ အစဉ်အလာအရ ရပ်ရွာတာဝန်ကို ထမ်းဆောင်ရတာ ဖြစ်သလို လုပ်ခလစာ လည်းမရတဲ့အပြင် ရွာတာဝန်ကို ထမ်းနေကြရသူတွေပါ။
လတ်တလော မဲပေါက်ထားတဲ့ ဦးစိုင်းမောင်ကတော့ သူက ရွာသူကြီးဆိုတာကို ဒေသခံတွေက လွဲရင် သူစိမ်းတွေကို သိပ်အသိပေးချင်ပုံ မရပါဘူး ။
မဖြစ်မနေ ရပ်ရွာထဲ ကျရာတာဝန်ဖြစ်လို့လည်း သူ့မှာ မငြင်းဆန်နိုင်ပဲ ရွာသူကြီးတာဝန်ကို ခံယူ ထားရပါတယ်။
သူကြီးအသစ်စက်စက်ဖြစ်တာကြောင့်လည်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြောင်း ပြောဖို့ကိုလည်း သူက ငြင်းဆိုပါတယ်။
ဦးစိုင်းမောင်က သူ ယူထားတဲ့ တာဝန်အတိုင်း ၂ နှစ်ပြည့်အောင် ရွာသူကြီး တာဝန်ထမ်း ရတော့မှာ ဖြစ်သလို လက်နက်ကိုင်တပ်ဖွဲ့တွေက နှစ်စဉ် တောင်းခံတဲ့ ဆန်ကိုလည်း ရွာသူရွာသားတွေဆီ သူ ကောက်ခံပေးရတော့မှာပါ။
ပန်ဝိုးမှာ မွေး၊ ပန်ဝိုးမှာပဲ ကြီးပြင်းလာတဲ့အပြင် ဒီရွာလေးမှာပဲ မိသားစုတွေ လယ်တွေ ကျွဲနွားတွေ ရှိတဲ့ ဦးစိုင်းမောင်အတွက်ကတော့ ဘယ်နေရာကိုမှလည်း ပြောင်းရွှေ့နေထိုင်စရာ မရှိတာကြောင့် လာသမျှ ဒုက္ခ ပြေးတွေ့ရုံပဲရှိပါတယ်။
ဦးစိုင်းမောင်ကတော့ “ဒီဒေသမှာ နေတယ်။ ဒီမှာ ရွာသူကြီးဖြစ်တော့ ဒီလိုပဲ ခရီးဆက်ရမှာပေါ့” လို့လည်း ပြောပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ရှမ်းပြည်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဘယ်သူမှ မလုပ်ချင်ဘူး
နမ့်ဟူးတောင်းကျေးရွာ အုပ်စုရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၂၂ ဦး ထွက်စာတင်
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အတွက် ငွေကြေးကောက်ပေးသည့် အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး