မော်လမြိုင်က အရှေ့တောင်အာရှ မြို့ကြီးများထဲမှ တခုဖြစ်သည်။ အတိတ်က ကြီးကျယ်ခမ်းနားခဲ့သော်လည်း လက်ရှိတွင် တိမ်မြုပ်၍ ပျောက်ကွယ်နေသည့် အသွင်ရှိသည်။ ငွေကြေးနှင့် အလုပ်အကိုင် ရှာဖွေရန် လူများက စွန့်ခွာသွား ခံနေရသည့် နေရာ ဖြစ်ပါသည်။
လူဦးရေ ၃ သန်းရှိသည့် မွန်ပြည်နယ်၏ မြို့တော်၊ လူဦးရေ ၃၀၀၀၀၀ ပင် မရှိသော မော်လမြိုင်တွင် အနည်းငယ် အထီးကျန်၍ ဥပေက္ခာ အပြုခံ လေထုရှိနေသည်။ ပြောရလျှင် ၎င်း၏ တောက်ပခဲ့သော နှစ်များက လွန်ခဲ့သော ရာစုနှစ် တခုနှင့် တဝက်ကျော် ၁၈၂၆ နှင့် ၁၈၅၂ အတွင်းတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
ထိုကာလအတွင်းတွင် သံလွင်၊ အတ္ထရံနှင့် ဂျိုင်းမြစ်တို့ ဆုံရာရှိ ငိုက်မြည်းနေသော ဆိပ်ကမ်းမြို့တခုကို တနင်္သာရီ ကမ်းရိုးတန်းပေါ်မှ ၎င်းတို့ပိုင် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ဗြိတိသျှတို့က အသွင်ပြောင်းလဲခဲ့သည်။
လက်ရှိ အချိန်တွင် မော်လမြိုင်က ရန်ကုန်မှ ကုန်းလမ်းဖြင့် သွားလျှင် ၆ နာရီ ခရီးအကွာတွင် တည်ရှိသည်။ ယခင်က ပိုမိုခက်ခဲသည့် ခရီးလမ်းတခု ဖြစ်ခဲ့သော်လည်း ပြည်တွင်း အဝေးပြေးလမ်းများနှင့် တံတားအသစ်များ တိုးတက်လာသောကြောင့် မြို့ ၂ ခုကို ပိုမိုနီးကပ်သွားစေခဲ့သည်။
သို့သော်လည်း စက်မှုလုပ်ငန်းများ သို့မဟုတ် အလုပ်အကိုင်များတွင် သိသာထင်ရှားသော တိုးတက်မှုတခုကို ဦးမတည်စေနိုင်ခဲ့ပါ။ ပြည်သူများ အလွယ်တကူ စွန့်ခွာသွားရန်သာ လုပ်ပေးနိုင်ခဲ့သည့် အသွင်ရှိပါသည်။
ထို့ပြင် အရှေ့ဘက်ပိုင်း ၄ နာရီ ခရီးခန့်သာကွာသည့် ထိုင်းနိုင်ငံနှင့် နယ်စပ်ဝင်ပေါက် ဖြစ်သော မဲဆောက်တွင် (မကြာသေးမီက အဝေးပြေးလမ်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ခြင်းနှင့် အတူ) ပိုမိုမြင့်မားသည့် လုပ်ခလစာ (မြန်မာ နိုင်ငံတွင် ရရှိနိုင်သည့် ပမာဏ၏ ၂ ဆကျော်ဖြစ်သော တနေ့လျှင် မြန်မာ ကျပ်ငွေ ၁၂၀၀၀ မှ ၁၅၀၀၀ ကျော် အတွင်း ရရှိသည်) ဖြင့် အလုပ်လုပ်ကိုင်ရန် ပို၍ပင် လွယ်ကူသွားစေခဲ့သည်။
ထိုကဲ့သို့သော အခြေအနေများအရ Ceritalah အဖွဲ့နှင့် တွေ့ဆုံ စကားပြောခဲ့သူ အားလုံးနီးပါးက နိုင်ငံခြားမှ အခွင့် အလမ်းများနှင့် ပတ်သက်၍ မျှော်လင့်ကြောင်း ပြောခဲ့ကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အမှန်တကယ်တွင်လည်း မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းခန့် အတွင်းက နိုင်ငံခြားတွင် နေထိုင်ကြ သို့မဟုတ် အလုပ်လုပ်ကြသည်ဟု ခန့်မှန်းရသည်။ ဖိလစ်ပိုင်နိုင်ငံနှင့် နှိုင်းယှဉ်နိုင်သော ကိန်းဂဏန်း ဖြစ်သည်။
မွန်ပြည်နယ်က မြန်မာနိုင်ငံတွင် ရာဘာ အများဆုံး ထုတ်လုပ်နေပါသည်။ တောက်ပခဲ့သည့် နေ့ရက်များအတွင်းတွင် ရာဘာက အဓိက ဝင်ငွေ အရင်းအမြစ်ဖြစ်ခဲ့သည်။ သို့သော် ကမ္ဘာ့ ရာဘာဈေးနှုန်းများ ကျဆင်းခြင်းနှင့် အတူ မြောက်ပိုင်းမှ ကြီးမားကျယ်ပြန့်သော တရုတ်ဈေးကွက်သို့ တင်ပို့နေကြသည့် ကုန်သည်များအတွက် ပင်လျှင် ရာဘာက အကျိုးအမြတ် များပြားသည့် ကုန်စည် မဟုတ်တော့ပါ။
ဆွဲဆောင်မှုရှိသည့် ဆိပ်ကမ်းကလည်း အလားတူပင် အိပ်ပျော်နေသည်။ Ceritalah အဖွဲ့ ရောက်ရှိခဲ့သည့် ကာလအတွင်း ဆိပ်ကမ်း၌ သင်္ဘောတစီးသာ ရပ်နားထားသည်ကို တွေ့ရသည်။ မြို့တော်က သံလွင်မြစ် အထက်ပိုင်းမှ ကျွန်း သစ်မာများ အလျှံပယ် ရရှိခဲ့ခြင်းကြောင့် သင်္ဘောတည်ဆောက်ရေးအတွက် ပင်မနေရာတခု ဖြစ်ခဲ့ရုံမျှမက ဒေသ၏ အချက်အချာကျသော အရေးပါသည့်နေရာတခု ဖြစ်ခဲ့သည်ဆိုသည်ကို တွေးကြည့်ရန်ပင် ခက်နေပါသည်။
မြန်မာနိုင်ငံက ဗြိတိသျှ ကိုလိုနီများထဲတွင် အချမ်းသာဆုံးနှင့် အကျိုးစီးပွား အဖြစ်ထွန်းဆုံးနေရာများထဲမှ တခုဖြစ်ခဲ့သည်။ ရန်ကုန်က ဗြိတိသျှ အင်ပါယာ၏ အကြီးကျယ်ဆုံး ဆိပ်ကမ်းများ ဖြစ်သည့် ဘုံဘေ၊ စင်ကာပူနှင့် လီဗာပူး တို့နှင့် တန်းတူ ဖြစ်ခဲ့သည်။
သို့သော်လည်း ဗြိတိသျှတို့က ကြင်ကြင်နာနာ ရှိခဲ့ကြသည် မဟုတ်ပါ။
သူတို့က ညှာတာမှုမဲ့သော ကိုလိုနီ နယ်ချဲ့များဖြစ်ကြပါသည်။ ဌာနေ တိုင်းရင်းသား အသိုင်းအဝိုင်းများကို ဖျက်ဆီးခဲ့ သည်။ သဘာဝအတိုင်းရှိနေသော ဧက ထောင်နှင့် ချီသည့် သစ်တောများမှ သစ်ထုတ်ခဲ့ကြသည်။ အိန္ဒိယ နိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ (အထူးသဖြင့် ဘင်္ဂါလီနှင့် တမီလ်များ) အတွက် ကျယ်ပြန့်သော စပါးစိုက်ခင်းများကို ဖွင့်ပေးခဲ့ကြသည်။ ယနေ့ခေတ် မြန်မာနိုင်ငံ၊ တပါးသူအပေါ် သံသယ လွန်ကဲမှုနှင့် (တိုင်းပြည်၏) ရောဂါဗေဒကို မတည်ငြိမ်သော၊ သွေးစွန်းသော အတိတ်နှင့် ဆက်စပ်၍ ကြည့်ရမည် ဖြစ်သည်။
ဗြိတိသျှတို့ အပေါ် အဆိုးရွားဆုံး စွပ်စွဲမှုများထဲမှ တခုကို မော်လမြိုင်တွင် နေထိုင်သူတဦး ဖြစ်သည့် ကိုလိုနီခေတ် ပုလိပ် အရာရှိ အဲရစ်ဘလဲ Eric Blair (ဂျော့အိုဝဲလ် George Orwell ဟု ပိုသိကြသည်) ၏ “မြန်မာပြည်နေ့ရက်များ (Burmese Days)” အမည်ရှိ ဝတ္ထုတွင် ထိုခေတ်ကာလ၏ သူတော်ကောင်းယောင်ဆောင်မှု၊ လူမျိုးရေးခွဲခြားမှုနှင့် အကြမ်းဖက်မှုများကို ဖော်ပြထားသည်။
သို့တိုင်အောင်ပင် ကိုလိုနီခေတ်ကာလ၏ အကြွင်းအကျန်များက စိတ်ဝင်စားစရာ ကောင်းနေဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာ အပြည့်အဝ လွှမ်းမိုးသည့် အသိုင်းအဝိုင်းတခုတွင် အင်္ဂလီကန်၊ ကက်သလစ်နှင့် နှစ်ခြင်း ခရစ်ယန် ဘုရား ကျောင်းများ ရှိသလို အစ္စလမ်ဗလီ အနည်းငယ်နှင့်အတူ ကမ္ဘာအရပ်ရပ်နှင့် ပိုမို၍ အဆက်အစပ်ရှိခဲ့ခြင်း၏ ခြေရာများလည်း ရှိနေသည်။
၁၉ ရာစုနှစ် ခေါင်းလောင်းများ မူလအတိုင်း ရှိနေသေးသည့် စိန့်ပက်ထရစ် St. Patrick ကက်သလစ် ဘုရားကျောင်းနှင့် မီးခိုးရောင် နံရံများက ကွာကျ၍ အိုမင်းနေသော ပထမ နှစ်ခြင်း ဘုရားကျောင်းများက ဝိတိုရိယခေတ် သာသနာပြုများ ခရစ်ယန်ဘာသာအတွင်းသို့ သွတ်သွင်းပေးခဲ့သူများ၏ အဆက်အနွယ်များ စုဝေးဝတ်ပြုရန် အသုံးတော်ခံနေဆဲ ဖြစ်သည်။
“ဒီ ဘုရားကျောင်းရဲ့ သမိုင်းကြောင်းက ကျနော့်အတွက် အလွန်အရေးကြီးပါတယ်” ဟု စိန့်ပက်ထရစ် ဘုရားကျောင်းမှ အလုပ်သင် ဘုန်းတော်ကြီး ဂျိုးဇက် Joseph ကပြောသည်။
ဂျိုးဇက်၏ မိသားစုက ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင် ဧရာဝတီတိုင်း၌ ပထမဆုံး အခြေချခဲ့ကြသည်။ ထိုကာလ အတွင်းတွင် ရောက်လာခဲ့သည့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ တမီလ်လူမျိုး ကက်သလစ် ဘာသာဝင် မိသားစု အများအပြားထဲမှ တခုဖြစ်ခဲ့၏။ ထိုအသိုင်းအဝိုင်းက ယခုအခါ လူဦးရေ ၅၀၀၀၀ ခန့်ရှိပြီး ၅၃.၅ သန်း ရှိသည့် မြန်မာနိုင်ငံ လူဦးရေ၏ ကွဲပြားခြားနားသည့် အသိုင်းအဝိုင်းများထဲ ရပ်တည်နေသည်။
ဘုရားကျောင်း၏ မြောက်ဘက်တွင် Ceritalah အဖွဲ့က အသက် ၆၃ နှစ် အရွယ်ဒေသခံ တယောက်ဖြစ်သည့် ဟာဆင် Hussein နှင့် တွေ့ဆုံခဲ့ပါသည်။ သူက စူရတီ ဆွန်နီ ဂျာမေ Surtee Sunni Jamae ဗလီကို စီမံခန့်ခွဲနေသူ ဖြစ်သည်။ မူလ ဇစ်မြစ် အိန္ဒိယနိုင်ငံ အနောက်ဘက်စွန်း ဂူဂျာရတ် Gujarat မှ မွတ်ဆလင် အသိုင်းအဝိုင်းက ဗလီကို ၁၈၄၆ ခုနှစ် ကတည်းက ပိုင်ဆိုင်ခဲ့သည့် အတွက် သူက ဂုဏ်ယူသည်။ ဘင်္ဂလားပင်လယ်ကို ဖြတ်ကျော်ရောက်ရှိလာသော ၎င်း၏ မွတ်ဆလင် အမှုထမ်းများအတွက် ဗြိတိသျှတို့က ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
သူ၏ အဘိုးဖြစ်သူသည် ယခုအခါ ပါကစ္စတန် ဖြစ်လာသော နေရာမှ ရောက်လာခဲ့ခြင်းက သူ့ကို ဗလီနှင့် ညိတွယ်စေ သည့် ခံစားချက်ကို ပေးသည်။ သူက ဗလီကို သူ့မိသားစု၏ ဇာတ်ကြောင်းနှင့် ဆက်သွယ်မှုတခု အဖြစ်မြင်သည်။
မော်လမြိုင်မြို့တွင် (ရုဒ်ယာ့ကစ်ပလင် Rudyard Kipling ၏ မန္တလေး Mandalay ကဗျာတွင် ထည့်သွင်း စပ်ဆိုခဲ့သည့်) နာမည်ကျော် ကျိုက်သလ္လန် ဘုရားအပြင် အခြားသော စိတ်ဝင်စားစရာ များစွာ ရှိနေသေးသော်လည်း ၎င်း၏ ကြွယ်ဝသော သမိုင်းကြောင်းကို မြှင့်တင်မှု ထင်ထင်ရှားရှား ရှိမနေပါ။
ပထမနှစ်ခြင်း ဘုရားကျောင်းတွင် လွန်ခဲ့သော ၂ နှစ်ခန့်က လူငယ်အဖွဲ့ဝင် ၅၀ ဝန်းကျင် ရှိခဲ့သော်လည်း ထိုအချိန်မှ စ၍ လူငယ်အများစုက ပိုမိုစိမ်းလန်းသည့် စားကျက်မြေကို ရှာဖွေရန် ရန်ကုန်၊ စင်ကာပူ၊ သြစတြေးလျနှင့် ထိုင်း သို့မဟုတ် အမေရိကန်သို့ ထွက်ခွာသွားကြခြင်းနှင့် အတူ ယခုအခါ ၁၅ ဦးခန့်သာ ကျန်ခဲ့တော့သည်။
သူတို့တွင် ရွှေ့ပြောင်းဝင်ရောက်လာသည့် နောက်ခံသမိုင်းကြောင်းများ ရှိကြသည့်တိုင် ဟာဆင်နှင့် ဂျိုးဇက်တို့က မော်လမြိုင်မြို့ကို ငြိတွယ်နေကြသည်။
“ကျနော် ဒီမှာနေချင်တယ်။ ဘုရားကျောင်းကို စောင့်ရှောက်ချင်တယ်” ဟု ဂျိုးဇက်က ဖွင့်ထားသည့် အစိမ်းရောင် တံခါးများ အနီးတွင် အစောင့်တယောက်လို ရပ်ရင်းပြောသည်။
“လူတွေက ဘုရားသခင် ကို တွေ့ဖို့ အတွက် ဒီကိုလာကြတယ်။ ဒီအဆောက်အဦးဟောင်းကြီးကို ကြည့်ဖို့လာ ကြတယ်။ သူတို့ ဒီသမိုင်းကို သိသင့်ပါတယ်။ ကျနော်ဒါကို စောင့်ရှောက်မယ်။ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှု အ ကြောင်း လူတွေကို ပြောပြမယ်။”
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
ဆက်စပ်ဖတ်ရှုရန်
ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း
ဗီယက်နမ် ပြန်လည်ပေါင်းစည်းရေး အမြန်ရထား စီးခြင်း
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး