မန်လီရွာက ဒေသခံအချို့ဟာ သူတို့ရွာထဲကို သတင်းထောက်တွေ ဝင်လာပြီး စပ်စပ်စုစု လုပ်တာကို သိပ်မကြိုက်ပါဘူး။
သတင်းထောက်တွေ ရောက်လာတာဟာ သူတို့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပဲလို့ သူတို့ ယူဆနေကြပါတယ်။
မန်လီရွာဟာ ၂၀၁၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာ တိုက်ပွဲတွေကြား ဒေသခံတွေ ထွက်ပြေးခဲ့ရသလို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊တပ်ဖွဲ့ဝင်တွေကလည်း ဒေသခံတွေကို ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ဒေသ အခြေအနေနဲ့ အရပ်သားတွေ နေထိုင်နေရမှု အခြေအနေတွေကို မေးမြန်းဖို့ ဧရာဝတီက ဇူလိုင်လအတွင်း ရောက်သွားတဲ့အခါမှာ အရပ်သား အချို့က ရွာထဲကို မဝင်ဖို့ တားဆီးတာ ကြုံရပါတယ်။
ရွာသားတဦးက “အခု ဟိုဘက်မှာရှိတဲ့ နှစ်ယောက်က ပြောက်ကျားတွေမို့ အစ်မတို့ အမြန်ဆုံး ပြန်ကြပါတော့။ အမတို့ အခုလို ဆက်လုပ်နေရင် ကျနော်တို့ အသက်အန္တရာယ် ထိခိုက်ပါလိမ့်မယ်။ သတင်းနဲ့ ကျနော်တို့အသက်ကို မလဲပါရစေနဲ့ ”လို့ ပြောပါတယ်။
သူပြောတဲ့ ပြောက်ကျား ဆိုတာကတော့ RCSS တပ်ဖွဲ့တွေကို ဒေသခံတွေ ခေါ်ကြတဲ့ အခေါ်အဝေါ် တခုပါ။ နမ္မတူမြို့နယ်တွင်းမှာ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့က ၂ ဖွဲ့ ရှိတာကြောင့် ယူနီဖောင်း အစိမ်းရောင် ဗြောင်ဝတ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) စစ်သားတွေကိုတော့ အစိမ်း၊ ပြောက်ကျားယူနီဖောင်း ဝတ်တဲ့ RCSS တပ်ဖွဲ့ဝင်တွေကိုတော့ ပြောက်ကျားလို့ ခေါ်ကြတာပါ။
အဲဒီရွာသား ပြောသလိုပါပဲ။ သတင်းထောက်တွေနဲ့ စကားပြောနေတဲ့ ရွာသားကို လမ်းမတဖက်မှာရှိတဲ့ လူငယ်အမျိုးသား ၂ ဦးကလည်း အခြေအနေကို အကဲခတ်နေတဲ့ ပုံစံ တွေ့ရပါတယ်။
အလိုမကျတဲ့ မျက်နှာထားနဲ့ စူးစိုက်ကြည့်နေသလို အမျိုးသားတဦးရဲ့ ကျောမှာလည်း ဓားရှည် လွယ်ထားတာက တကြောင်း၊ ရွာသားကလည်း မျက်စိမျက်နှာပျက်ပြီး ပြန်ဖို့ ထပ်ကာ ထပ်ကာ ပြောနေတာကြောင့် ပြန်လာခဲ့ရပါတယ်။
ပြန်ခါနီးမှာလည်း အဲဒီရွာသားဟာ “ရွာသူကြီး အိမ်လည်း မဝင်ပါနဲ့ ။ အမတို့ ပြန်တာနဲ့ ရွာသူကြီးအိမ်ကိုလည်း သူတို့ ရောက်လာလိမ့်မယ်။ ကျနော်တို့ ဒုက္ခဖြစ်လိမ့်မယ်”လို့လည်း ထပ်ပြီး သတိပေး ပြောပါတယ်။
ရွာထဲ အဝင်အထွက်လုပ်လို့ ရမယ့် အခြေအနေတွေကို စောင့်ကြည့်ပြီး ၃ ရက် အကြာမှာတော့ မန်လီ ရွာသူရွာသားတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။
ရွာသားတွေနဲ့ တွေ့ခွင့်ရတော့မှ လွန်ခဲ့တဲ့ ၃ ရက်လောက်က ရွာထဲမဝင်ဖို့ တားမြစ်ခဲ့တဲ့ ရွာသားဟာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ကနေ မတ်လထိ တလကြာ RCSS တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံထားရသူ တဦးဆိုတာကို သိရပါတယ်။
မန်လီရွာဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက သီပေါ-နမ္မတူ ကားလမ်းမ ဘေးမှာ တည်ရှိတဲ့ ရွာ ၁ ရွာပါ။
ကားလမ်းမဘေးမှာရှိတဲ့ ရွာဆိုပေမယ့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ RCSS တပ်ဖွဲ့တွေ လှုပ်ရှားဝင်ထွက်နေတာကြောင့် လုံလုံခြုံခြုံ မရှိလှပါဘူး။
ကားလမ်းမဘေးနဲ့ နီးနီးကပ်ကပ် ရှိတဲ့ မန်လီရွာထဲက အိမ် ၁ အိမ်မှာတော့ အမျိုးသမီး ၁ ဦးဟာ ၄ လသား ကလေးငယ်တဦးနဲ့ အလုပ်ရှုပ်နေပါတယ်။
အဲဒီ အမျိုးသမီး အမည်က ဒေါ်အေးနွေးပါ။ သူ့ခင်ပွန်းသည် အပါအဝင် ရွာသား ၄ ဦးဟာ မတ်လ တိုက်ပွဲတွေဖြစ်တုန်းက ရွာစောင့်အဖြစ် ရွာသူကြီးအိမ်မှာ ရှိနေတုန်း ပျောက်ဆုံးသွားခဲ့ရာကနေ ဒီနေ့ထိ ရွာကို ပြန်ရောက်မလာတော့ပါဘူး။
ဒေါ်အေးနွေး အပါအဝင် မန်လီရွာ ဒေသခံတွေဟာ ပျောက်ဆုံးနေတဲ့ သူတို့ ရွာသား ၄ ဦးကို RCSS တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ယုံကြည်နေပါတယ်။
ဒေါ်အေးနွေးက “ဘယ်အဖွဲ့အစည်းက ဖမ်းတာ ဖြစ်ဖြစ် ကျမ ယောင်္ကျား သေရင်လည်း သေတဲ့ အကြောင်း ကြားပေးပါ။ ရှင်ရင်လည်း မြန်မြန်လွှတ်ပေးပါ။ ကျမတို့ အရမ်း ဒုက္ခရောက်နေပါတယ် ။ မိသားစုကို ရှာကျွေးဖို့ မလွယ်ပါဘူး” လို့ ပြောပါတယ်။
မန်လီရွာဟာ တအန်းလူမျိုးတွေ အများစုနေထိုင်ပြီး RCSS ဟာ တအန်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တဲ့ TNLA နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် သူတို့အပေါ် လူမျိုးရေးမုန်းတီးမှုလည်း ရှိနေတယ်လို့ ထင်နေကြပါတယ်။
ပျောက်ဆုံးနေတဲ့ အရပ်သား ၄ ဦးကို RCSS က ဖမ်းထားတယ်လို့ စွပ်စွဲရတဲ့ အကြောင်းရင်းကတော့ တိုက်ပွဲတွေ ဖြစ်နေချိန်မှာ မန်လီရွာသား ၈ ဦးကိုလည်း RCSS က ဖမ်းဆီးခဲ့လို့ပါ။
စုစုပေါင်း ရွာသား ၁၂ ဦး စပျောက်ဆုံးစဉ်က RCSS ဘက်က မဖမ်းဘူးလို့ ငြင်းဆိုခဲ့ပေမယ့် တအန်းအရပ်ဘက်အဖွဲ့အစည်းတွေ လက်ထဲကို ရွာသား ၈ ဦး ချုပ်နှောင်ခံထားရတဲ့ ဓာတ်ပုံတွေ ရရှိသွားတာပါ။
ဓာတ်ပုံ သက်သေ အထောက်အထားတွေနဲ့ တကွ ပြပြီး ပြန်လွှတ်ပေးဖို့ကို တအန်းအမျိုးသားပါတီ ၊ တအန်းစာပေနဲ့ ယဉ်ကျေးမှု၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့က တောင်းဆို ညှိနှိုင်းပြီး နောက်မှ ၈ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။
ရွာသား ၈ ဦး ပြန်လွတ်လာချိန်မှာလည်း သူတို့ ဖမ်းခံထားရစဉ်က ရိုက်နှက်ခံရတဲ့ အကြောင်းတွေကို ပြန်သိရတာကြောင့် မန်လီရွာသားတွေကြား အကြောက်တရားတွေက လွှမ်းမိုးနေကြတာပါ။
RCSS တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရပြီး ပြန်လွတ်လာတဲ့ ဦးအိုက်ဆွေက “ဖမ်းတဲ့အချိန်မှာ ဘာလို့ ဖမ်းလဲဆိုတာ ကျနော်တို့ မေးခွင့်လည်း မရှိဘူး။ သေနတ်နဲ့ ချိန်ထားတာ မင်းပြေးရင် သေမယ်လို့ ပြောတော့ ကျနော်တို့ ဘာမှ မေးခွင့်မရှိဘဲ အဖမ်းခံလိုက်ရတာ”လို့ ပြောပါတယ်။
ဖမ်းပြီးနောက်မှာတော့ RCSS တပ်ဖွဲ့ဝင်တွေဟာ သူတို့ကို TNLA စစ်သားတွေလို့ ထင်ပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခံရတယ်လို့ ပြောပြပါတယ်။
“သူတို့က ပြောတာ မင်း ပလောင်စစ်သားပဲ။ မင်း ရဲလည်း လုပ်တယ်တဲ့။ ကျနော်က မဟုတ်ဘူး ပြောတာ။ သူတို့က မျက်လုံးကို ပိတ်၊ လက်ကို ကြိုးချည်ပြီး ခေါ်သွားတယ်” လို့ ဦးအိုက်ဆွေက ပြောပါတယ်။
နမ္မတူမြို့နယ်ထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် မန်လီရွာသားတွေကို သီပေါမြို့နယ်ထဲက RCSS တပ်စခန်းတခုထဲမှာ ထိန်းသိမ်းထားခဲ့တာလို့ သိရပါတယ်။
သူတို့ကို အစားအသောက် နေ့စဉ် ကျွေးပေမယ့် အဝတ်အစားတွေတော့ လဲခွင့် မပေးပါဘူး။ ဖမ်းဆီးခံရတဲ့ ရက် ၃၀ နီးပါးမှာ ၂ ကြိမ်သာ ရေချိုးခဲ့ရပြီး အဝတ်အစား အဟောင်းကိုပဲ ပြန်ဝတ်ခဲ့ကြရတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် မတ်ကနေ ဧပြီထိ တလကြာ RCSS တပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ မန်လီရွာသား ၈ ဦး ကတော့ ၎င်းတို့ကို ဖမ်းဆီးထားစဉ်မှာ RCSS က ညှင်းပန်းနှိပ်စက်တာတွေ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
ဖမ်းဆီးခံထားရချိန်မှာ ရွာသားတွေကို RCSS တပ်ဖွဲ့ဝင်တွေက ထင်းတုံးနဲ့ ခြေသလုံးရိုးပေါ် တင်ပြီး ဖိတာ၊ သေနတ်တွေနဲ့ ထုရိုက်တာတွေ ပြုလုပ်ခဲ့သလို ဖမ်းခံရတဲ့ ၈ ဦးထဲက ရွာသား ၁ ဦး ဆိုရင် ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမလျှောက်တဲ့အထိ ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

နမ္မတူမြို့နယ် အခြေစိုက် တအန်းအမျိုးသားပါတီ ဥက္ကဌ ဦးအိုက်ထိုက်ကတော့ မန်လီ ရွာသားတွေရဲ့ ပြောဆိုချက် အတိုင်းပဲ နမ္မတူမြို့နယ်ထဲက ကျေးရွာတွေမှာ တအန်း အရပ်သားတွေ ဟာ RCSS တပ်ဖွဲ့ဝင်တွေကို ကြောက်လန့်နေကြရတဲ့ အခြေအနေ ရှိနေတယ်လို့ ပြောပါတယ်။
ဦးအိုက်ထိုက်က “၂၀၁၄ မှာ SSPP နဲ့ TNLA ထိတွေ့တုန်းက ကျနော်တို့ကို SSPP က ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ လူတွေစုဆောင်းတာ ဆန်တွေစုတာ ဆက်ကြေးတွေ ထမ်းခိုင်းတုန်းက ကျနော်တို့မှာ အခက်အခဲ အကျပ်အတည်း ရှိနေပါတယ်၊ ပေးရတာ လက်နက်ကိုင် ၂ ဖွဲ့ရှိနေပါတယ်လို့ တင်ပြ မေတ္တာရပ်ခံရင် သူတို့က ကြည်ကြည်ဖြူဖြူ လက်ခံပါတယ်”လို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်၊နှစ်ကုန်ပိုင်း နမ္မတူမြို့နယ်ထဲကို RCSS စတင် အခြေချလာပြီး TNLA နဲ့ တိုက်ပွဲတွေ
ဖြစ်ပြီးနောက်မှာတော့ တအန်းလူထုက RCSS တပ်ဖွဲ့ဝင်တွေကိုပါ ကြောက်လန့်လာရတယ်လို့ ဦးအိုက်ထိုက်က ဆိုပါတယ်။
“၂၀၁၅ ၊ ၁၆ ကျော်မှ တောင်ပိုင်းအဖွဲ့တွေ ရောက်လာမှ ပြဿနာတွေက စဖြစ်တော့တာပဲ။ အခုဆိုရင် သူတို့ လှုပ်ရှားတဲ့ နယ်မြေတွေ သူတို့ရှိနေတဲ့ နေရာတွေကို ကျနော်တို့ တအန်း လူမျိုးတွေ သွားရတာ အင်မတန်မှ ကျောချမ်းပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု မရှိတော့ပါဘူး” လို့လည်း ဦးအိုက်ထိုက်က ပြောပါတယ်။
RCSS တပ်ဖွဲ့တွေက စစ်ရေး မတည်မငြိမ် ဖြစ်ချိန်ဆိုရင် လမ်းမှာ တွေ့တဲ့ တအန်းအရပ်သားတွေကို ဖမ်းဆီးပြီး TNLA နဲ့ ပတ်သက်ခြင်း ရှိ၊ မရှိ ရိုက်နှက်စစ်ဆေးတာ၊ သေနတ်ဒင်နဲ့ ထုပြီး ပြန်လွှတ်တဲ့ အရပ်သားတွေက သက်သေအဖြစ် ရှိနေသလို ပြန်မလွှတ်ပဲ ဖမ်းဆီးပြီး ဒီနေ့ထိ ပျောက်ဆုံး နေသူတွေလည်း ရှိတယ်လို့ ဦးအိုက်ထိုက်ထံက သိရပါတယ်။
ပျောက်ဆုံးနေဆဲ မန်လီရွာသား ၄ ဦး အပါအဝင် ပျောက်ဆုံးနေတဲ့ တအန်းအရပ်သား ၃၀ ကျော် ရှိတယ်လို့ ဦးအိုက်ထိုက်က ဆိုပါတယ်။
တအန်း အမျိုးသားပါတီနဲ့ တအန်း အရပ်ဘက်အဖွဲ့အစည်းတွေက စာရင်းပြုစုထားတဲ့ စာရင်းတွေမှာလည်း ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း လမ်းမှာ သွားလာရင်း ဖမ်းဆီးခံရတဲ့ ပျောက်ဆုံးသွားသူ ၃၀ ကျော်ဟာ RCSS တပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ပဲ ရေးသား မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။
တအန်းအသိုင်းအဝိုင်းဘက်ကလည်း စွပ်စွဲရတဲ့ အကြောင်းအရင်းတွေကလည်း ရှိနေပါတယ်။
၂၀၁၇ ခုနှစ်က နမ္မတူမြို့နယ် ပန်ဟိုက်ကျေးရွာမှာ အရပ်သား ၄ ဦး ပျောက်ဆုံးခဲ့ပြီး ၃ ဦးက ရွာကို ပြန်ရောက်လာခဲ့ပါတယ်။
ပြန်ရောက်လာသူ ၃ ဦးဟာ RCSS တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရတာလို့ ပြောဆိုကြပါတယ်။
၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းမှာလည်း နမ္မတူမြို့နယ်တွင်းက နောင်ငင်း ကျေးရွာမှာ မျှစ်သွားရောင်းတဲ့ တအန်းအမျိုးသား ၃ ဦးလည်း RCSS တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။
ဖမ်းဆီးခံရတဲ့ ၃ ဦးဟာ အသက် ၆၂ နှစ်အရွယ် ဦးအိုက်ကုန်၊ အသက် ၂၉ နှစ်အရွယ် ဦးအိုက်ခ နဲ့ အသက် ၂၅ နှစ်အရွယ် ဦးအိုက်ကြာတို့ ဖြစ်ပါတယ်။
ဦးအိုက်ကုန်နဲ့ ဦးအိုက်ခတို့ကို လက်ပြန်ကြိုးတုတ်၊ လည်ပင်းနဲ့ လက်တွေကို ကြိုးတဆက်တည်း ချည်နှောင်ပြီး ဝါးတုတ်တွေနဲ့ ရိုက်ရင်း TNLA စစ်သားတွေ ဟုတ်၊ မဟုတ် မေးမြန်းတာတွေ ရှိခဲ့ပါတယ်။
ဦးအိုက်ကြာကိုတော့ TNLA တပ်ဖွဲ့ သတင်းပေး ဟုတ်၊မဟုတ် သေနတ်ဒင်တွေနဲ့ ရိုက်နှက် စစ်ဆေးခဲ့တာကြောင့် ရိုက်ခံရတဲ့ ဒဏ်နဲ့ စစ်ဆေးမေးမြန်းနေတုန်း သတိလစ်သွားခဲ့တာပါ။
သတိလစ်သွားတဲ့ ဦးအိုက်ကြာကို ရေနဲ့ ပက်နှိုးပြီး သတိရလာတဲ့အခါ TNLA သတင်းပေး ဟုတ်၊ ဟုတ် ထပ်မံမေးမြန်းမှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။
သူတို့ ၃ ဦးစလုံးကတော့ ဖမ်းဆီးခံရပြီး ၂ ရက်အကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။
ဖမ်းဆီးခံရမှုတွေ ရှိနေတာကြောင့် အခြားပျောက်ဆုံးနေဆဲ ဖြစ်တဲ့ တအန်းအရပ်သား ၃၀ ကျော်ဟာလည်း RCSS တပ်ဖွဲ့တွေကပဲ ဖမ်းဆီးထားတာလို့ တအန်းအမျိုးသားပါတီ နဲ့ တအန်းလူ့အခွင့်အရေးအဖွဲ့တို့က ပြုစုထားတဲ့ စာရင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
နမ္မတူမြို့နယ်အတွင်း RCSS တပ်ဖွဲ့ဝင်တွေက တအန်းအရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ရှိတယ်လို့ တအန်းအသိုင်းအဝိုင်းက ပြောဆိုနေပါတယ်။
RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းကတော့ တအန်းအသိုင်းအဝိုင်းက ပြောဆိုချက်တွေဟာ မမှန်ကန်ဘူးလို့ ပယ်ချပါတယ်။
ဗိုလ်မှူးကြီး စိုင်းငင်းက “ကျနော်တို့က မူရှိပြီးသား။ အဲဒီဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ရှမ်းတွေနဲ့ တူတယ်။ နဂိုကတည်းကမှ အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် နေလာတဲ့ အစဉ်အလာရှိတယ်။ ကျနော်တို့ ဘာမှ ပြဿနာ မရှိပါဘူး” လို့ ပြောပါတယ်။

တအန်းအရပ်သားတွေကို ပစ်မှတ်ထားပြီး ညှင်းပန်း နိပ်စက်တာမျိုး လူ့အခွင့်အရေး ချိုးဖောက်တာမျိုး ပြုလုပ်ဖို့ RCSS မှာ မူဝါဒ မရှိသလို အောက်ခြေတပ်ရင်း တပ်ဖွဲ့တွေအထိလည်း စနစ်တကျ စည်းမျဉ်း စည်းကမ်းကို လိုက်နာဖို့ ညွှန်ကြားထားပြီး ဖြစ်တာကြောင့် အောက်ခြေတပ်ဖွဲ့ တွေကလည်း အရပ်သားတွေအပေါ် အခွင့်အရေးချိုးဖောက်တာမျိုး လုပ်တာ မရှိနိုင်ဘူးလို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။
RCSS ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကတည်းက အစိုးရ၊ တပ်မတော်တို့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားပြီး တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အဝ ရရှိရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင် ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။
NCA မှာဆိုရင် အပစ်ရပ် စာချုပ်လက်မှတ်ထိုးပြီးနောက် အရပ်သားတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အပြုအမူတွေအပြင် အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ နီးတဲ့ နေရာတွေမှာ တပ်စခန်းတွေ မချဖို့ စစ်ဆင်ရေးတွေ မလုပ်ဆောင်ဖို့ လက်နက်အားကိုးနဲ့ အနိုင်မကျင့်ဖို့ စတဲ့ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမယ်ဆိုပြီး ပြဌာန်းထားပါတယ်။
RCSS ရဲ့ပြောရေးဆိုခွင့် ရှိသူတွေက နမ္မတူမြို့နယ်တွင်း အရပ်သားတွေကို အခွင့်အရေး ချိုးဖောက်မှု လုံးဝမရှိဘူးလို့ ငြင်းဆိုနေကြပေမယ့် RCSS ဖမ်းဆီးမှုကို ခံခဲ့ကြရပြီး ပြန်လွတ်လာသူတွေနဲ့ တအန်းလူမှုအသိုင်းအဝိုင်းကတော့ RCSS တပ်ဖွဲ့ကို ဝေဖန်စွပ်စွဲမှုတွေ ရှိနေဆဲပါပဲ။
ဗိုလ်မှူးကြီးစိုင်းငင်းက မန်လီရွာသားတွေကို ဖမ်းဆီးခဲ့တာက တိုက်ပွဲကြားညပ်မှာ စိုးရိမ်တာက တကြောင်း၊ အရပ်သားတွေထဲမှာ ဟိုဘက် ဒီဘက် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဘက်လုံးနဲ့ ပူးပေါင်းတာတွေရှိတာကြောင့် ဖမ်းဆီးမှုတွေ ဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဆက်ပြီး ဗိုလ်မှူးကြီး စိုင်းငင်းက “ရွာသား ၈ဦးကို တိုက်ပွဲဖြစ်တုန်းက သူတို့ လုံခြုံရေးအတွက်ရော
အစစအရာရာ အဆင်ပြေအောင် ခေတ္တထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။ ကျနော်တို့စခန်းမှာ နေတုန်းလည်း ကောင်းမွန်စွာနဲ့ပဲ ပြုစု ဂရုပြု စောင့်ရှောက်တာ ရှိပါတယ်။ တခြား လူ့အခွင့်အရေး ချိုးဖောက်တဲ့ အပြုအမူ မလုပ်ခဲ့ပါဘူး”လို့ ပြောပါတယ်။
ပြန်လွတ်လာတဲ့ မန်လီ ရွာသား ၈ ဦးထဲမှာ နမ္မတူမြို့နယ်၊ တအန်းအမျိုးသားပါတီရဲ့ ဒုဥက္ကဌ လည်း ဖြစ်ပြီး မန်လီလူမှုအရပ်ဘက်အဖွဲ့အစည်းမှာလည်း ဦးဆောင် လုပ်ကိုင်နေတဲ့ ဦးမိုင်းငယ်လေးကတော့ ဖမ်းခံရတုန်းက ရွာသားတွေထဲမှာ ရိုက်နှက်ခံရတာတွေ ရှိပေမယ့် လက်ရှိအချိန်မှာ ဒဏ်ရာတွေလည်း ပျောက်ကင်းနေပြီမို့ ပြန်မပြောချင်တော့ဘူးလို့ဆိုပါတယ်။
သို့ပေမယ့် ဦးမိုင်းငယ်လေးက “ကျနော့်အနေနဲ့တော့ အသင်းအဖွဲ့ကိုတော့ အဲဒီလိုမျိုး မကောင်းဘူးလို့တော့ မပြောလိုတော့ပါဘူး။ ဒါပေမယ့် စစ်မြေပြင်မှာ ကျနော်တို့ကို ဖမ်းတဲ့ အဖွဲ့ကတော့ တကယ်ကြမ်းတမ်း ပါတယ်။ ဒါပေမယ့် အမြင်လွဲလို့ပဲ မတထောင်ဖွားတွေဆိုတော့ ကျနော်တို့ ခံရတယ် လို့ပဲသတ်မှတ်ပါတယ်” လို့ ပြောပါတယ်။
ဦးမိုင်းငယ်လေးတို့ဟာ တအန်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ၊ ရှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့တွေက လိုက်ညှိနှိုင်းပေးလို့ လွတ်လာတာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ရွာမှာ နေထိုင်ရတာ လုံခြုံတယ်လို့ မခံစားရဘူးလို့ ပြောကြပါတယ်။
ဒေါ်အေးနွေးကတော့ သူ့ရဲ့ ခင်ပွန်းသည်အပါအဝင် ပျောက်ဆုံးနေတဲ့ ရွာသား ၄ ဦးလုံးကို ပြန်လွှတ်ပေးဖို့ မျှော်လင့်နေပါတယ်။
သူတို့ မိသားစု စားဝတ်နေရေး ကျပ်တည်းနေသလို ခင်ပွန်းသည် သေဆုံးသွားရင်လည်း သေဆုံးသွားပြီဆိုတဲ့ အကြောင်း အကြောင်းကြားပေးစေလိုကြောင်းနဲ့ အသက်ရှင်နေရင် လည်း မြန်မြန်ပြန်လွှတ်ပေးဖို့ တောင်းပန်ပါတယ်လို့ ဆိုပါတယ်။
RCSS ဘက်ကလည်း မန်လီရွာသားတွေထဲမှာ ပြန်လွတ်ပေးတဲ့ ၈ ဦးကိုပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ပျောက်ဆုံးနေဆဲ ၄ ဦးကတော့ သူတို့နဲ့ မသက်ဆိုင်သလို သူတို့လက်ထဲမှာလည်း ခေါ်ထားတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကနဦး ပြန်လွှတ်ပေးခဲ့တဲ့ မန်လီ ရွာသား ၈ ဦးတုန်းကတော့ RCSS က ဖမ်းထားတယ်ဆိုတဲ့ ဓါတ်ပုံ သက်သေတွေ ရရှိခဲ့ပေမယ့် ပျောက်ဆုံးနေဆဲ ၄ ဦးကတော့ ရွာကနေ ဘယ်ကို ပျောက်သွားတယ် ဆိုတာ ဘယ်သူ့ဆီမှာမှ သက်သေ လက်ဆုပ်လက်ကိုင် ရှိမနေပါဘူး။
ဒေါ်အေးနွေးကတော့ “သူ့ကို ပြန်လာစေချင်ပြီ” လို့ ပြောရင်း သူ့ပါးပြင်နှစ်ဖက်မှာလည်း မျက်ရည်တွေ စီးကျလာပါတယ်။
မန်လီရွာသားတွေဟာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ လက်ရှိရွာထဲမှာ လုံခြုံမှု မရှိဘူး ဆိုတာတွေကို ပြောပြရင်း သတင်းထဲမှာ သူတို့ ပြောဆိုတာတွေပါလာတဲ့အခါ တစုံတရာ အန္တရာယ် ကျရောက်မှာကိုလည်း စိုးရိမ်တဲ့ အကြောင်း ပြောကြပါတယ်။
မေးမြန်းမှုတွေ ပြီးလို့ ဧရာဝတီက ပြန်လာတဲ့အချိန်မှာလည်း ရွာသားတွေဟာ သူတို့ မျက်နှာမှာ စိုးရိမ်မှုအပြည့်နဲ့ ကျန်နေခဲ့ကြပါတယ်။
နမ္မတူမြို့နယ်တွင်း အရပ်သားများအပေါ် RCSS တပ်ဖွဲ့တဖွဲ့တည်းကသာ အရပ်သားများအပေါ် ဖမ်းဆီးနေခြင်း မဟုတ်ဘဲ TNLA နှင့် SSPP တပ်ဖွဲ့များကလည်း အရပ်သားများကို လူသစ် စုဆောင်းခြင်း၊ ဆက်ကြေးနှင့် ရိက္ခာပေးဆောင်ခိုင်းခြင်းများ အပြင် ၎င်းတို့ ၏ သတင်းပေးများ အဖြစ် ခိုင်းစေခြင်းများလည်း ပြုလုပ်နေပါတယ်။
၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နမ္မတူမြို့နယ်အတွင်းမှာပဲ RCSS ရဲ့ သတင်းပေး၊ သူလျှို ၊ ထောက်ခံ သူများဟု စွပ်စွဲခံရကာ TNLA ဘက်မှ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ကျူးလွန်ခံထားရတဲ့ ရှမ်းအရပ်သား ၆၀ ခန့် ရှိပါတယ်။
အထက်ပါ သတင်းအချက်အလက်များမှာ ဧရာဝတီက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ နှင့် ဇူလိုင်လတို့တွင် နမ္မတူမြို့နယ်ရှိ ရွာများသို့ ကွင်းဆင်းကာ ဒေသခံများနှင့် တွေ့ဆုံပြီး ရရှိထားတဲ့ သတင်းအချက်အလက်များ ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်
အပစ်ရပ်ဆွေးနွေးနေသော်လည်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး သေဆုံး
လက်နက်ကိုင်တွေကြားမှာ ရွာသူကြီး ဖြစ်ရတဲ့ ဒုက္ခ
အဖမ်းဆီးခံ ရှမ်း ပရဟိတ ကျောင်းဆရာ၂ ဦး လွှတ်ပေးရန် ရှမ်းလူငယ် ကွန်ရက် တောင်းဆို