မြန်မာ့ အရှေ့တံခါးကိုလည်း ဂရုစိုက်ပါ
သန်လျင်မြို့နယ် ဆေးရုံအနီးက ရိုးရာလက်ဖက်ရည်ဆိုင်ရှေ့ကို စူပါကပ်စတန် ကားတစီး ထိုးစိုက် လာခဲ့တယ်။ အဲဒီကား ဝင်လာပြီး စက္ကန့်ပိုင်းအကြာမှာပဲ အိမ်စီးကား ၂ စီးက စူပါကပ်စတန်ကားရဲ့ အရှေ့နဲ့ အနောက်မှာ ပိတ်ရပ်လိုက်တယ်။ နောက် ဆိုင်ကယ် ၂ စီးကလည်း အရှေ့တည့်တည့်မှာ ပိတ်ရပ်လိုက်တယ်။
စူပါကပ်စတန်ကား လက်ဖက်ရည်ဆိုင်မှာ ရပ်လိုက်ကတည်းက လက်ဖက်ရည်ဆိုင်ထဲက မိန်းမ ၂ ယောက်က ကားနားကို ကပ်ပြီး တစုံတခု ပြောနေရင်း ကားပေါ် တက်ထိုင်လိုက်တယ်။
အဲဒီအချိန်မှာပဲ ကားနားမှာ အရပ်ဝတ် အမျိုးသားတွေ ဝိုင်းလာကြပြီး ကားထွက်ဖို့ ပြင်နေတုန်း ကားမောင်းသမားရဲ့ တံခါးကို ဆွဲဖွင့်၊ ကားသော့ကို ဆွဲဖြုတ်ပြီးတော့ “ခဏနေဦး၊ မေးစရာရှိတယ်” ဆိုပြီး တားဆီးလိုက်ကြတယ်။
ကားမောင်းတဲ့သူက “ဘာလဲ၊ ကျနော် ဘာလုပ်လို့လဲ” ဆိုပြီး ပြန်ပြောချိန် ကားသော့ဆွဲဖြုတ်တဲ့သူက “ငါတို့က ရဲတွေပါ၊ မေးစရာရှိလို့ စခန်းခဏ လိုက်ခဲ့ပါ” လို့ ပြန်ပြောတော့ ကားမောင်းသမားက “ကျနော် အေးအေးဆေးဆေး လိုက်မယ်။ ကျနော်ခင်ဗျားတို့ ကားနောက်ကနေ လိုက်ခဲ့မယ်” ဆိုပေ မယ့်လည်း ကားပေါ်က ဆင်းခိုင်းပြီး ခုနက သော့ဖြုတ်တဲ့ ရဲက သူတို့ မောင်းလာတဲ့ ကားပေါ်ကို ခေါ်တယ်။
စူပါကပ်စတန် ကားနားမှာ ဝိုင်းထားတဲ့ အရပ်ဝတ်ရဲတွေက ၂၀ ဝန်းကျင်လောက်ရှိနေပြီ။ ဒါနဲ့ အဲဒီ စူပါကပ်စတန် ကားကို ဝိုင်းထားတဲ့ သူတွေထဲက တဦးက မောင်းပြီးတော့ ကားပေါ်တက်နေတဲ့ အမျိုးသမီး ၂ ဦးနဲ့ ကားမောင်းသမားကို ဒီလူအုပ်ကြီးကပဲ ဦးဆောင်ပြီး သန်လျင် ရဲစခန်းထဲကို ခေါ်သွားတော့တယ်။
ကားမောင်းတဲ့သူက သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်တဲ့သူပါ။ သူက အဲဒီတခွင် မှာ လူကုန်ကူးမှုကို တရုတ်ပြည်နဲ့ ချိတ်ဆက် လှုပ်ရှားနေတဲ့သူလို့ နာမည်ထွက်နေပြီး သူ လက် ထောက်ချထားတဲ့ ကျေးရွာတွေက ပွဲစား အသေးလေးတွေကနေ လူစုဆောင်းနေတဲ့သူ ဖြစ်တယ်လို့ အဆိုပါ လူကုန်ကူးမှုကို လူကုန်တား ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တဲ့ သန်လျင်မြို့နယ်ထဲက ပရဟိတအဖွဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပြတယ်။
ကိုအောင်ဒင်က “ကျနော်တို့ သန်လျင်မှာ လူကုန်ကူးမှုက ဂိုဏ်းအလိုက်ကို ရှိနေသလိုပဲ။ ဆင်းရဲ နွမ်းပါးတဲ့ သူတွေ၊ အိမ်ထောင်ကွဲတဲ့ သူတွေကို အဓိက ပစ်မှတ်ထားပြီး တရုတ်ပြည်မှာ တရုတ်မယား အဖြစ် လုပ်ရမယ်၊ ကလေး တယောက် မွေးပေးရမယ်ဆိုပြီး ပေါ်ပေါ်ထင်ထင်ကို စည်းရုံးပြီး ကုန် ကူးနေကြတာ။ နောက်ပြီးတော့ သန်လျင်မြို့နယ် ထဲက ရွာတွေမှာလည်း သူတို့ လက်ထောက် ချ ထားတဲ့ ပွဲစား၊ လူစုပေးရသူတွေလည်း အများကြီး ရှိတယ်” လို့ ဆိုတယ်။
စူပါကပ်စတန်ပေါ်မှာ ပါသွားတဲ့ မိန်းကလေး ၂ ဦးထဲက တဦးဟာ သန်လျင်မြို့နယ်၊ ထမလုံကနေ လူစုပေးတဲ့ ပွဲစား မအေးဆိုသူ ဖြစ်ပါတယ်။ အခုတော့ အောင်ချမ်းသာ ရပ်ကွက်မှာ အခြေချပြီး လူကုန်ကူးနေတဲ့ စူပါကပ်စတန် ကားမောင်းလာတဲ့ သူနဲ့ အဲဒီ လူစုပေးတဲ့ ပွဲစား အမျိုးသမီးတို့ကို လူကုန်တား ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး သန်လျင်မြို့နယ် ရဲစခန်းမှာ လူကုန်တား ဥပဒေ ပုဒ်မ ၂၄/ ၃၂ တို့နဲ့ အမှုဖွင့် ဖမ်းဆီးထား လိုက်ပါပြီ။
၂ဝ၁၈ ခုနှစ်က စတင်ပြီး သန်လျင်မြို့နယ် အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင်မှာ လူကုန်ကူးမှုတွေ ဖြစ်ပွား လာတယ်ဆိုတဲ့အကြောင်း လူကုန်တား ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရတယ်။
မြန်မာတနိုင်ငံလုံးမှာ အခုနှစ် သြဂုတ်လအထိ လူကုန်ကူးမှု ၁၇၆ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ၄၆ မှုအထိ ဖော်ထုတ် နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူကုန်တား ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဟာ လူကုန်ကူးမှု အမှု အရေအတွက် အများဆုံး နေရာမှာ ရှိနေခဲ့ပါတယ်။
ဖမ်းဆီးလိုက်နိုင်ခဲ့တဲ့ ဖြစ်စဉ်ရဲ့အစ
မအေးဆိုသူဟာ လွန်ခဲ့တဲ့ ၂ လကျော် လောက်က သူ့အိမ်မှာ အဝတ်လာလျှော်တဲ့ အသက် ၂၀ အရွယ် မသူဇာ (အမည်လွှဲ) ဆိုသူကို တရုတ်ပြည်မှာ တရုတ်မယားအဖြစ် သွားလုပ်မလား၊ ကနဦးအနေနဲ့ တရုတ်ပြည် ရောက်တာနဲ့ အိမ်ကို ၂၅ သိန်း ပေးမယ်၊ ကလေး တယောက် မွေးပေးပြီးတာနဲ့ ပြန်လာရင် သိန်း ၈၀ ပေးမယ်ဆိုပြီး စည်းရုံးခဲ့ပါတယ်။
မသူဇာကို ပြောတဲ့အထဲမှာ မိန်းကလေးတွေသာ မက၊ ယောက်ျားလးတွေပါ တရုတ်မှာ တရုတ် မိန်းမ တွေနဲ့ ယူမလား၊ အလုပ်လုပ်မလား စတဲ့ စည်းရုံးမှုတွေ ရှိခဲ့တာကြောင့် မသူဇာဟာ သူ့အမျိုးသား ဖြစ်တဲ့ ကိုစိုးအောင်ကိုတောင် ဖွင့်ပြောခဲ့ပါသေးတယ်။
မသူဇာဟာ ၄ တန်းအထိသာ ကျောင်းတက်ခဲ့ရသူ ဖြစ်ပြီး လက်ရှိအချိန်မှာ အတန်းပညာမရှိတဲ့ ကိုစိုးအောင်နဲ့ အိမ်ထောင်ကျကာ ၈ လသာ ရှိသေးတဲ့ သားတဦးကို မွေးဖွားထားသူ ဖြစ်ပါတယ်။
ကိုစိုးအောင်က မသွားဖို့ ပြောထားတဲ့ ကြားထဲက ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက် ညနေပိုင်းမှာ မအေးနဲ့အတူ သန်လျင်မြို့နယ်က ရွှေသန်လျင် ဟိုတယ်မှာ ကိုသီဟစိုးရဲ့ ခေါ်ယူမှုကြောင့် သွားရာကနေ အိမ်ကို မပြန်ရတော့ဘဲ အဲဒီ ဟိုတယ်က အခန်းတခုထဲမှာ နေနေ ရပါတော့တယ်။
မသူဇာက “ကျမကို အခန်းထဲမှာပဲ နေခိုင်းတယ်။ ထမင်းစားချိန်ဆို အဲဒီ ဝန်ထမ်းတွေက လာပို့ ပေးတယ်။ အပြင် ပေးမထွက်ဘူး။ အဲဒီ တရုတ်ပြည်ကို ပို့မယ်ဆိုတဲ့ ကိုသီဟစိုးကလည်း ဒီဟိုတယ် မှာပဲ တည်းနေတယ်။ ဟိုတယ်မှာ နေတုန်း ကျမကို ဖုန်းတလုံး ဝယ်ပေးတယ်။ တရုတ်ပြည်က အမျိုးသမီးတဦးနဲ့ ဗီဒီယိုခေါ်ဆို စကားပြောမှုလည်း လုပ်ရတယ်” လို့ သူကြုံတွေ့ခဲ့ရမှုကို ပြောပြတယ်။
အဲဒီလိုနဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်) မှာ သူ့ကိုပေးထားတဲ့ ဖုန်းနဲ့ သူ့အမျိုးသား ကိုစိုးအောင် ဆီကို ဖုန်းလှမ်း ဆက်လိုက်တယ်။ အဲဒီ အချိန်မှာ ကိုစိုးအောင်က သန်လျင်ရဲစခန်းမှာ လူပျောက် တိုင်ချက် ဖွင့်ထားပြီးပြီ ဆိုတာကို သိလိုက်ရတော့ သူက ကိုသီဟစိုးတို့ကို ပြောပြတယ်။
အဲဒါနဲ့ ကိုသီဟစိုးနဲ့ မအေးတို့က သူ့ယောက်ျားဆီကို ဖုန်းဆက်ပြီး လင်မယား စကားများလို့ အခု ဧရာဝတီ တိုင်းက ရွာကို ပြန်ရောက်နေတဲ့ ပုံစံမျိုးနဲ့ ဖုန်းပြန်ပြောခိုင်းတယ်။ အဲဒီလို လုပ်တာကိုက မသူဇာအတွက် မသင်္ကာစရာ ဖြစ်စေခဲ့တယ်။ ဒါနဲ့ ယောက်ျားဖြစ်သူထံကို သူတို့မသိအောင် ဖုန်းခိုး ဆက်ပြီးတော့ သူ နောက်တနေ့မှာ ပြန်လာတော့မယ့်အကြောင်း ပြောပြလိုက်တယ်။
တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်) မနက် ၄ နာရီလောက်မှာ သူက ဟိုတယ်အခန်းက ပြူတင်း ပေါက်ကနေ ခုန်ချပြီး သူ့အမျိုးသားအိမ်ကို ထွက်ပြေးသွား ပါတော့တယ်။ သူအိမ်ကို ရောက်တော့ မနက်အစောကြီးမှာပဲ သူ့ရွာက တာဝန်ရှိတဲ့ ရပ်ကွက်လူကြီးဆီကို အကျိုးအကြောင်း သွားပြောပြ လိုက်တော့တယ်။
ကိုစိုးအောင်က “ကျနော့်မှာ မိန်းမပျောက်သွားကတည်းက တညလုံး ဆိုင်ကယ်နဲ့ လိုက်ရှာတယ်။ ကလေး ကလည်း သူ့အမေ နို့မပြတ်သေးတော့ ငိုနေတာ တိတ်အောင်လုပ်လို့မရနဲ့ တကယ့်အရူး မီးဝိုင်း ဖြစ်နေတာ။ မိန်းမ တခါပြောဖူးတဲ့ မအေးက တရုတ်ကို သွားဖို့ ပြောဆိုထားဖူးတော့ ရွာက အုပ်ချုပ်ရေးရုံးမှာ မအေး ခေါ်ထားတာပဲ ဖြစ်မယ်ဆိုပြီး ခေါ်မေးဖို့ လုပ်တယ်။ သူမလာဘူး။ သူ့အိမ်သွားမေးတော့ မဟုတ်ဘူးပဲ ပြောနေတယ်။ အဲဒါနဲ့ သန်လျင်ရဲစခန်းမှာ လူပျောက်အမှု သွားဖွင့်တယ်။ ရဲက တိုင်ချက်ပဲ လက်ခံခဲ့တယ်” လို့ ပြောပြတယ်။
သူ့စိတ်ထဲမှာ သူ့မိန်းမ ပျောက်သွားတာ မအေးကနေ တရုတ်ပို့ဖို့ တနေရာရာမှာ ခေါ်ထားတယ်လို့ပဲ ယုံကြည် နေတယ်။ အဲဒါနဲ့ သူက အိမ်အနီးနားက လူတွေနဲ့ တိုင်ပင်စောင့်ကြည့်နေရင်း သန်လျင်မြို့နယ်ထဲ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကိုယ်ထူကိုယ်ထ လုပ်နေတဲ့အဖွဲ့နဲ့ စတင် ချိတ်ဆက်မိသွားတယ်လို့ ဆိုတယ်။
သူ့မိန်းမ အိမ်ပြန်ရောက်တာနဲ့ သူဟာ အဲဒီအဖွဲ့ကို အကြောင်းကြားလိုက်ပြီး အဲဒီအဖွဲ့ဝင်တွေ ရောက်လာ၊ သူ့မိန်းမ တွေ့ကြုံခဲ့ရသမျှကို သေချာ စေ့ငုအောင်မေးမြန်းပြီး ဒီအမှုကို စတင် ဖော်ထုတ်နိုင်ခဲ့တာလို့ သူက ဆိုတယ်။
ဒီအမှုကို ဘယ်လို ဖော်ထုတ်ခဲ့ကြလဲ
လွန်ခဲ့တဲ့ ၂ လကျော်ကတည်းက သန်လျင်မြို့နယ်၊ ထမလုံအနီးမှာ မိန်းကလေးတချို့ စတင် ပျောက်သွားတဲ့ သတင်း ကိုအောင်ဒင်ဆီ ရောက်လာတယ်။ ကိုအောင်ဒင်က အဲဒီအနီးအနားက သူ့မိတ်ဆွေတဦးကို သေချာ စုံစမ်းခိုင်းတဲ့အခါမှာ အဲဒီ အနီးက မအေးဆိုတဲ့ အမျိုးသမီးတဦး သူ့ပတ်ဝန်းကျင်က အမျိုးသမီးတွေကို တရုတ်ပြည်ပို့ဖို့ လူစုပေးနေတယ် ဆိုတဲ့ သတင်းကို ရရှိလိုက်ပါတယ်။
အဲဒါနဲ့ ထမလုံမှာနေတဲ့ သူ့မိတ်ဆွေ တဦးကို ချိတ်ဆက်ပြီး စောင့်ကြည့်စေခဲ့တယ်။ သူ့မိတ်ဆွေ ကလည်း မအေးနဲ့ ချိတ်ဆက်ဖို့ သူ့အမျိုးသမီးကို တရုတ်သွားချင်တဲ့ ပုံစံမျိုးနဲ့ ချိတ်ဆက်ခိုင်းပြီး မအေးတို့ရဲ့ လမ်းကြောင်းကို စုံစမ်းနေခဲ့တယ်။
မအေးဆိုသူဟာ ထမလုံလမ်းဆုံနားမှာ အကြော်ရောင်းနေတဲ့ အမျိုးသမီး၊ ဒါပေမယ့် သူက အောင်ချမ်း သာ ရပ်ကွက်မှာ နေထိုင်တဲ့၊ ဖမ်းမိတဲ့အထဲမှာ ပါခဲ့တဲ့ စူပါကပ်စတန်ကားကို မောင်းခဲ့သူ ကိုသီဟစိုး ဆိုသူနဲ့ ချိတ်ဆက်ကာ လူစုပေးနေတဲ့ အလုပ်ကို လုပ်ကိုင်နေခဲ့တဲ့သူပါ။
ကိုအောင်ဒင်တို့လူရဲ့ မိန်းမက အရင်ကတည်းက မအေးကို တရုတ်ပြည်သွားဖို့ စကားလမ်းကြောင်း ထားရာကနေ မသူဇာ ပျောက်သွားပြီး ပြန်ရောက်လာတာနဲ့ ချက်ချင်း မအေးနဲ့အတူ မအေးနဲ့ ချိတ်ဆက်သူတွေကို ထောင်ဖမ်းဖို့ စီစဉ်လိုက် တော့တယ်။
ကိုအောင်ဒင်က “အဲဒီနေ့ (စက်တင်ဘာ ၂ ရက်) မနက်လင်းလင်းချင်း ကျနော်တို့ မသူဇာကို တွေ့ဆုံ မေးမြန်းလိုက်တယ်။ သူ ထွက်ပြေးလာတဲ့ ဇာတ်လမ်း သေချာတာနဲ့ ကျနော့်လူရဲ့ မိန်းမကို မအေးနဲ့ ချိတ်ဆက်ပြီး တရုတ်သွားဖို့ ပြောခိုင်းလိုက် တယ်။ ပြောလိုက်တော့ ဒီညနေပဲ သွားရမယ်။ ရိုးရာ လက်ဖက်ရည်ဆိုင်ကို မှတ်ပုံတင်နဲ့ သန်းခေါင်းစာရင်း မိတ္တူပဲယူလာ၊ တရုတ်ရောက်တာနဲ့ အိမ်ကို ၂၅ သိန်း လွှဲပေးမယ်ဆိုပြီး ချိန်းတယ်။
ကျနော်တို့အဖွဲ့က ရန်ကုန်တိုင်းက လူကုန်တား ရဲတပ်ဖွဲ့ ဆီ ချက်ချင်း သတင်းပို့တော့ လူကုန်တား ရဲတပ်ဖွဲ့ဝင် ၃ ဦး ချက်ချင်း ဆင်းလာတယ်” လို့ ဆိုတယ်။
သူတို့အဖွဲ့ဟာ အဲဒီလက်ဖက်ရည်ဆိုင် အနားမှာ ကား ၂ စီး၊ ဆိုင်ကယ်တချို့နဲ့ လူခွဲ စောင့်နေကြ တယ်။ မနက် ၉ နာရီ လောက်မှာ သူတို့လူဖြစ်တဲ့ အမျိုးသမီးနဲ့ မအေးတို့ လက်ဖက်ရည်ဆိုင်ကို ရောက်လာတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ကိုသီဟစိုး မောင်းလာမယ့် စူပါကပ်စတန် ကားခေါ်တာကို စောင့်နေ ကြတယ်။
လူကုန်တား ရဲတပ်ဖွဲ့ဝင် ၃ ဦးကလည်း အရပ်ဝတ်နဲ့ အဲဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေကြ တယ်။ ကိုအောင်ဒင်တို့ အဖွဲ့ အမျိုးသမီးက ဒီကနေ သူ့ကိုခေါ်မယ်၊ ပြီးရင် ခရမ်းမြို့နယ်ဘက်က ကောင်မလေး ၂ ယောက်ကို ခေါ်ပြီး ဒီကားနဲ့ပဲ မူဆယ်ကို မောင်းသွားမယ့် သဘောမျိုး ကြားသိရ တဲ့အကြောင်း ကိုယ်အောင်ဒင်တို့ လူဖြစ်တဲ့ သူ့အမျိုးသားဆီ မအေး အလစ်မှာ ဖုန်းနဲ့ ပြန်ပြောပြ လိုက်တယ်။
အဲဒီလိုနဲ့ နေ့လည် ၁၂ နာရီကျော်လောက်မှာ ကိုသီဟစိုး မောင်းလာတဲ့ စူပါကပ်စတန်ကားလေးက ရိုးရာ လက်ဖက်ရည် ဆိုင် ဘေးကို ထိုးဆိုက်လာတာနဲ့ ကိုအောင်ဒင်တို့အဖွဲ့၊ လူကုန်တားရဲများက ဖမ်းဆီးလိုက် ပါတော့တယ်။
အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေရဲ့ အားက အရေးကြီး
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ကိစ္စတွေမှာ တာဝန်သိ ပြည်သူတွေရဲ့ မှန်ကန်တဲ့ သတင်းပေးမှု တွေက အလွန်ပဲ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်တားအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး သက်နောင်က ပြောပါတယ်။
တချို့ဖြစ်စဉ်တွေမှာ ပြည်သူတွေရဲ့ သတင်းပေးမှုတွေက မှားယွင်းတဲ့ သတင်းပေးမှုတွေ ရှိခဲ့ဖူးပေမယ့် အခု သန်လျင် မြို့နယ်ထဲက ကိုအောင်ဒင်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့ ဖမ်းဆီးလိုက်တဲ့ ဖြစ်စဉ်မှာဆိုရင် လူကုန်တား တပ်ဖွဲ့ကို သတင်းပေးပြီး ဖမ်းဆီးမိလိုက်နိုင်တဲ့ ဖြစ်ရပ်က ၃ ကြိမ်အထိ ရှိလာတဲ့အတွက် ကိုယ့်အလုပ် ကိုယ်လုပ်နေရင်း တာဝန်သိသိနဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုတယ်လို့ သူက ဆက်ပြောတယ်။
သို့ပေမယ့် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ အဓမ္မ ထိမ်းမြား လက်ထပ်တဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေ အပေါ်မှာ ရှုမြင်မှု ကွာခြားနေခြင်းကြောင့် ဖမ်းဆီးနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေမှာ ကိုယ့်နိုင်ငံအတွင်းက ကွင်းဆက်များကိုသာ ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ သူက ဆိုတယ်။
ရဲမှူးကြီး သက်နောင်က “ကျနော်တို့ဘက်က ပြောနေတဲ့ အဓမ္မ ထိမ်းမြား လက်ထပ်တဲ့ ဖြစ်စဉ်တွေ အပေါ်မှာ သူတို့ ဘက်အမြင်က ဒါဟာ မင်္ဂလာဆောင် စရိတ်တင်ပြီး လက်ထပ်တာပဲလို့ မြင်တယ်။ အခုနောက်ပိုင်း သူတို့ နိုင်ငံသားကို တောင် လိမ်လည် လက်ထပ်ပါတယ် ဆိုတဲ့ စကားကို တခါ ကြားလိုက်ရသေးတယ်” လို့ ပြောပြတယ်။
ဒါ့အပြင် သူက “တရုတ်ပြည်ကို ရောက်တဲ့အခါ မယားမှတ်မှတ်နဲ့ ကောင်းကောင်း နေရတဲ့ ရာခိုင်နှုန်း က တော်တော်ကြီးကို နည်းပြီးတော့ လူကို တိရစ္ဆာန်လို၊ ကုန်ပစ္စည်းလို တယောက်ပြီး တယောက် လာကြည့် ပြီးတော့ ဟိုလူက ကြိုက်တယ်၊ ဒီလူက မကြိုက်ဘူးဆိုတဲ့ အခြေအနေမျိုးတွေ၊ ညှဉ်းပန်း နှိပ်စက် ခံရတာတွေ၊ လက်ဆင့်ကမ်း လွှဲပြောင်း ရောင်းချ ခံရတာ တွေ ရှိနေတဲ့အတွက်ကြောင့် ဒီလိုမျိုး လက်ထပ်တာကို ကျနော်တို့က လူကုန်ကူးမှုအဖြစ် သတ်မှတ်တယ်။ အရေးယူတယ်။ တဖက်နိုင်ငံဘက်က ဒီလောက်အထိ ထဲထဲဝင်ဝင် မသတ်မှတ်ဘူး” လို့ ဆက်ပြောပြတယ်။
ကိုအောင်ဒင်အနေနဲ့ မသူဇာ ပျောက်သွားတဲ့ နေ့ကတင် မသူဇာရဲ့ အမျိုးသား ကိုစိုးအောင်နဲ့ အဆက်အသွယ်ရပြီး သူတို့ ၂ ဦးရဲ့ ၈ လသား ကျော်ကျော် ကလေးလေး မိခင်နို့ဆာနေတဲ့ မြင်ကွင်းကို မြင်ခဲ့ရတဲ့ အတွက် သူ့အနေနဲ့ ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်ဖို့ တွန်းအား ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
ကိုအောင်ဒင်က “သူတို့ကလေး အမေနို့ဆာလို့ အော်ငိုနေတဲ့ မြင်ကွင်းက ကျနော့်မျက်စိထဲမှာ ဖမ်းလိုက် ပြီးတဲ့အထိ မပျောက်သေးဘူး။ ကိုယ့်လူမျိုးတွေကို ဒီလိုမျိုး ခေါင်းပုံဖြတ်ပြီး တရုတ်တွေဆီ ရောင်းစားတာကို ကျနော်လုံးဝ လက်မခံဘူး။
အဲဒီအတွက် ကျနော့်စရိတ်နဲ့ ကျနော် သတင်းတွေ စုံစမ်းတယ်၊ သတင်းရဖု့ိ လူယုံတွေ မွေးတယ်။ ကျနော်တို့ သန်လျင်မှာ အဲဒီလုပ်ငန်း လုပ်နေတဲ့ သူတွေ အများကြီး ရှိနေသေးတယ်လို့ ကျနော် ယူဆထားတယ်။ ငွေရလွယ်လွယ်နဲ့ ကိုယ့်လူမျိုးတွေကို ရောင်းစားနေကြတဲ့သူတွေ ကျနော် တတ်နိုင်သမျှ ဖော်ထုတ်ဦးမှာ” လို့ ဆိုပါတယ်။
ဆက်စပ်ဖတ်ရှု့ရန်
လူကုန်ကူးသူများကို ရဲတပ်ဖွဲ့နှင့် ၀ ဒေသအာဏာပိုင်များ ပူးပေါင်း ဖမ်းဆီး
မြန်မာအပါအဝင် ရောင်းစားခံ အမျိုးသမီး ၁၁၀၀ကျော် တရုတ်ရဲတပ်ဖွဲ့ ကယ်တင်နိုင်ခဲ့
တရားရုံးချိန်းတွေကို စောင့်ကြည့်ပြီးတော့ တရားမျှတမှုဖြစ်ဖို့ ကူညီတယ်
အစ်မအရင်းက တရုတ်ပြည်ကို ရောင်းစားတာ ခံခဲ့ရတဲ့ အမျိုးသမီး