တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်မှု အရှိန်မြှင့်ရန်နှင့် တိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရန် တောင်ကိုရီးယား၏ သမ္မတက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အင်္ဂါနေ့က တွေ့ဆုံပြီးနောက် ကတိပြုသည်။
တောင်ကိုရီးယား သမ္မတ၏ ခရီးစဉ်သည် စီးပွားရေးနယ်ပယ် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံ များနှင့်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်မည့် တောင်ပိုင်းမူဝါဒသစ်၏ အစိတ်အပိုင်း ဖြစ်သည်။
သမ္မတ မွန်းဂျေအင်းသည် နိုဝင်ဘာလတွင်ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံ များနှင့် အထူး အစည်းအဝေး မတိုင်မီ ထိုနိုင်ငံများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေး တည်ဆောက်ရန် ဒေသတွင်း ၆ ရက်ကြာ ခရီးစဉ်ကို တနင်္ဂနွေနေ့က စတင်ပြီးနောက် အင်္ဂါနေ့နံနက်က မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
နေပြည်တော်တွင် တောင်ကိုရီးယား သမ္မတသည် မြန်မာသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုကို အထူးပြုသော နားလည်မှုစာချွန်လွှာ ၅ ခုနှင့် မူဘောင် သဘောတူညီချက် တခုတို့ကို လက်မှတ် ရေးထိုးခဲ့သည်။
ထိုမူဝါဒ၏ အစိတ်အပိုင်းအဖြစ် မြန်မာနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၏ အဓိက အာရုံစိုက်သော နိုင်ငံများအနက် တနိုင်ငံဖြစ်သည်။ သမ္မတ မွန်းဂျေအင်းက ကိုရီးယား မြန်မာ စက်မှုဇုန်စီမံကိန်း တခုကို အလေးထားဖော်ပြပြီး ထိုစီမံကိန်း သည် မြန်မာနိုင်ငံတွင် ကိုရီးယား ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့်တင်ပေးပြီး စီးပွားရေး တိုးတက်မှုကို အထူးအကျိုးပြုမည့် နှစ်နိုင်ငံအကြား ဂန္ထဝင်မြောက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်ဟု ပြောသည်။
ထိုစက်မှုဇုန် တနေရာတည်းတွင် ရင်းနှီးမြှုပ်နှံသူများအား ဝန်ဆောင်မှုအားလုံး ပေးမည့်ဌာန တခုကိုလည်း ထူထောင်မည် ဖြစ်သည်။
“အဲဒီစက်မှုဇုန်မှာ ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်များ နောက်ထပ်ရင်းနှီးမြှုပ်နှံဖို့ ကျနော်တို့ အားပေးမယ်” ဟု သမ္မတ မွန်းဂျေအင်က နေပြည်တော်တွင် အင်္ဂါနေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
တနေရာတည်းတွင် ဝန်ဆောင်မှု အားလုံး ပေးခြင်းသည် တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာခြင်းကို အားပေးလိမ့်မည်ဟု မွန်းပြောသည်။
တောင်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ဒေါ်လာသန်း ၁၁၀ တန် ကိုရီးယားမြန်မာ စက်မှုဇုန် (KMIC) ကို ရန်ကုန် မြောက်ပိုင်း လှည်းကူးတွင် ထူထောင်ရန် သဘောတူကြခဲ့ကြသည်။
ထိုစက်ရုံများတွင် ကိုရီးယားကုမ္ပဏီ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ရပြီး ထိုလုပ်ငန်းများ သည် နှစ်စဉ်အခွန် အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ မွန်းဂျေအင်းသည် ရန်ကုန်တွင်ကျင်းပမည့် KMIC ဖွင့်ပွဲ အခမ်းအနားနှင့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစည်းအဝေးသို့ တက်ရောက်သည်။
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးကို အဓိက အာရုံစိုက်သော မွန်း၏ မြန်မာ နိုင်ငံ ခရီးစဉ်သည်အာရှ စီးပွားရေး အင်အားကြီး နိုင်ငံတနိုင်ငံမှ သမ္မတ တဦးက မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာမှ အကျိုးအမြတ် ရယူရန်ကြိုးစားသော ခရီးစဉ်ဖြစ်သည်။
တောင်ကိုရီးယား နိုင်ငံသည် ၎င်း၏ မူဝါဒကို ပိုမို တောင့်တင်းကြံ့ခိုင်အောင် ကြိုးစားနေသည့် အချိန် တွင် မြန်မာနိုင်ငံ၏ တရုတ်နှင့် အိန္ဒိယ နိုင်ငံအကြား သေနင်္ဂဗျူဟာကျစွာ တည်ရှိမှုနှင့် သယံဇာတ ပေါကြွယ်ဝ ခြင်းသည် ဆွဲဆောင်မှု ဖြစ်နေသည်။
အစည်းအဝေးအတွင်း နှစ်နိုင်ငံတို့သည် တောင်ကိုရီးယား လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် ပိုမိုအားပေးရေး အတွက် စနစ်တကျ အားပေးရေး အပါအဝင် ရေရှည် တည်တံ့ခိုင်မြဲသည့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းများ တွင် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးကြသည်။
နှစ်နိုင်ငံတို့သည် အင်္ဂါနေ့တွင် ကုန်သွယ်ရေးနှင့် စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ ၅ခုကို လက်မှတ် ရေးထိုးကြသည်။
ထိုနားလည်မှု စာချွန်လွှာများတွင် မြန်မာနိုင်ငံတွင် ကိုရီးယားရင်းနှီးမြှုပ်နှံ သူများအတွက် အုပ်ချုပ် ရေးပိုင်းဆိုင်ရာ ပြဿနာ များ၊ သင်္ဘောတင်ပို့မှု ပူးပေါင်းဆောင်ရွက်ရေး၊ သင်္ဘောကျင်းများ အဆင့် မြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်း များ တိုးတက်ရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး၊ လုပ်ငန်းသစ်များကို အားပေးရေးနှင့် တီထွင်ဆန်းသစ်မှုတို့ အတွက် တနေရာ တည်းတွင် ဝန်ဆောင်မှုပေးရေး ဌာန ထူထောင်ရေးတို့ ပါဝင်ပြီး မူဘောင် သဘောတူညီချက်သည် ကိုရီးယားက မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုအတွက် စီးပွားရေးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေး ရန်ပုံငွေမှ ၂၀၁၈ မှ ၂၀၂၂ အတွင်း ဒေါ်လာ ၁ ဘီလီယံ ထုတ်ချေးမည့် အစီအစဉ်နှင့် ပတ်သက်သည်။
“နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးတက်နေပြီး မြန်မာနိုင်ငံတွင် ကိုရီးယား ရင်းနှီးမြှုပ်နှံမှု တိုးတက် ရေးအတွက်လုပ်ဆောင်စရာများ အားလုံးကို လုပ်ဆောင်နေသည်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သမ္မတမွန်းဂျေအင်းနှင့် ဦးဝင်းမြင့်တို့သည် ထိုနေ့အစောပိုင်းက အကျိုးရှိပြီး ခင်မင်ရင်းနှီးသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ကျယ်ပြန့်သော အကြောင်းအရာများကို နှစ်ဖက် စည်းဝေးခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တောင်ကိုရီးယား ဘဏ္ဍာရေးကြီးကြပ်မှု ဌာန၏အဆိုအရ မြန်မာနိုင်ငံသည် တောင်ကိုရီးယား ဘဏ္ဍာရေးလုပ်ငန်းများအတွက် နှစ်သက်မှု အများဆုံးနေရာ ဖြစ်နေကြောင်း မွန်း၏ ခရီးစဉ်မတိုင်မီ နှစ်ရက်အလိုတွင် ကိုရီးယား မီဒီယာများက ဖော်ပြကြသည်။
ဘဏ်လုပ်ငန်း ၇ ခုမှ ကိုယ်စားလှယ်များသည် မွန်း၏ ခရီးစဉ်တွင် လိုက်ပါလာကြောင်း ကိုရီးယား မီဒီယာများက ဖော်ပြကြသည်။

ထိုကိုယ်စားလှယ်များတွင် ကိုရီးယားဘဏ်များ အသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ကင်တေး ယန်း၊ ကိုရီးယား စက်မှုဘဏ် ဥက္ကဋ္ဌ ကင်ဒိုးဂျင်၊ ကိုရီးယားထုတ်ကုန် သွင်းကုန်ဘဏ် ဒုတိယဥက္ကဋ္ဌ ကန်ဆန်းဂျုံး၊ ရှင်းနန်ဘဏ် အမှုဆောင် အရာရှိချုပ် ဂျင်အော့ဒေါင်၊ ကေဘီကွတ်ခ်မင်း ဘဏ် အမှုဆောင် အရာရှိချုပ် ဟားရင်၊ ကေအီးဘီဟာနာ ဘဏ်အမှုဆောင် အရာရှိချုပ် ဂျီဆန်းကျိုးနှင့် ဝိုရီဘဏ္ဍာရေးအုပ်စု ဥက္ကဋ္ဌ ဆွန်းတေးဆန်တို့ ပါဝင်သည်။
ပြုပြင်ပြောင်းလဲရန် သူ့လုပ်ငန်း၏ အစီအစဉ်များကို ဗဟိုဘဏ် အရာရှိများနှင့် ဆွေးနွေးမည်ဟု ကိုရီးယားစက်မှု ဘဏ်ဥက္ကဋ္ဌ ကင်ဒိုးဂျင်က ပြောသည်။
ကိုရီးယားစက်မှုဘဏ်သည် မြန်မာအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ တိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရန် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ တိုးတက်ရေးဘဏ်နှင့် ဗုဒ္ဓဟူးနေ့တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် ရှိသည်။
ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွင် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့် ကြွယ်ဝချမ်းသာရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ရန် နှစ်ဖက်သဘောတူကြောင်း မွန်းကပြောသည်။
ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ကျေးလက်လူမှု အသိုင်းအဝန်းများ တိုးတက်ရေး စီမံကိန်း များ ကို ကူညီနေသည်။
တိုးတက်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှု များသည် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု အဖြစ် အခြားနိုင်ငံများအတွက် တောက်ပသော ဥပမာများဖြစ်သည်ဟု မွန်းက ပြောသည်။
အသိပညာရှင်၊ အတတ်ပညာရှင်များ ပြုစုပျိုးထောင်ရေးနှင့် ကျောင်းဘတ်စ်ကားများ ထောက်ပံ့ရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပိုမို တောင့်တင်းကြံ့ခိုင်ရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကို နှစ်ဖက် ဆွေးနွေးကြောင်း မွန်းက ပြောသည်။
ယခုခရီးစဉ်အတွင်း တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံအတွက် ကျောင်းဘတ်စ်ကား ၆၀ ကိုလည်း လှူဒါန်းခဲ့သည်။
နှစ်နိုင်ငံအကြား စီးပွားရေးဆက်စပ်မှု စီးပွားရေး ပြုပြင်ပြောင်းလဲရေးသည် စစ်အာဏာရှင်စနစ် အထီးကျန်မှုအောက်တွင် ဆယ်စုနှစ် ၆ ခု ကြာပြီးနောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ကာလကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရ၏ အဓိကပန်းတိုင်တခု ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရပြီးနောက် အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲမှုများကို အကောင်အထည် ဖော်နေသည်။ မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ မွတ်စလင် အကျပ် အတည်းကို ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး နိုင်ငံ၏ပုံရိပ် ထိခိုက်ချိန်မှစတင်ကာ စီးပွားရေးနှေးကွေးခြင်းနှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်း တို့ကို ရင်ဆိုင်နေရသည်။ အနောက်နိုင်ငံများက ရှောင်ခွာ နေကြသော်လည်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ ကဲ့သို့သော အာရှနိုင်ငံများသည် မြန်မာနိုင်ငံတွင်စီးပွားရေး တိုးချဲ့နေကြသည်။
တောင်ကိုရီးယား နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားဖက်နိုင်ငံများ အနက် တနိုင်ငံဖြစ်ပြီး ဇူလိုင်လအထိ လုပ်ငန်းပေါင်း ၁၇၇ တွင် အမေရိကန်ဒေါ်လာ ၃.၉၇ ဘီလျံ မြှုပ်နှံကာ ဆဋ္ဌမအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန (DICA) ၏ စာရင်းများအရ သိရသည်။
ပေါ့စကိုဒေဝူး၊ ဒေဝူးမော်တာ၊ လော်တဲနှင့် ဟွန်ဒိုင်းအပါအဝင် ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး လုပ်ငန်းတချို့သည် မြန်မာနိုင်ငံတွင် ကြီးမားသော ဈေးကွက်ဝေစုများ ရရှိထားကြသည်။
အစိုးရ၏ စာရင်းများအရ ကိုရီးယား ရင်းနှီးမြှုပ်နှံမှုများသည် ကုန်ထုတ်လုပ်ရေး၊ အခြေခံ အဆောက်အအုံ စီမံကိန်းများ၊ ဆောက်လုပ်ရေး၊ ဖြန့်ချိရေးနှင့် ဟိုတယ်လုပ်ငန်းများတွင် ရှိနေကြောင်းသိရသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ယခုနှစ် ဇန်နဝါရီလအတွင်း သီဟိုစေ့၊ သရက်သီး၊ ဆန်နှင့်ပဲ အမျိုးမျိုး အပါအဝင် မြန်မာနိုင်ငံမှ တောင်ကိုရီးယား နိုင်ငံသို့ ပို့ကုန်မှာ ဒေါ်လာ ၄၃.၃ သန်းဖိုးရှိသည်။
မြန်မာနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ အလှကုန်များ၊ အစားအသောက်၊ လျှပ်စစ်ပစ္စည်း၊ အထည်အလိပ်၊ ဖုန်းနှင့်အခြား ကုန်စည်များကို တင်သွင်းနေသည်။
DICA ၏ စာရင်းများအရ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၇၉၈ သန်းနီးပါး ရှိသည်ဟု သိရသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၂၀၁၆-၁၇ ခုနှစ်က ဒေါ်လာ ၈၆၆ သန်း၊ ၂၀၁၅-၁၆ ခုနှစ်က ဒေါ်လာ ၆၅၇ သန်း၊ ၂၀၁၄-၁၅ ခုနှစ်က ဒေါ်လာ ၈၆၂ သန်း၊ ၂၀၁၃-၁၄ ခုနှစ်က ဒေါ်လာ ၁.၅၇ ဘီလျံ၊ ၂၀၁၂-၁၃ ခုနှစ်က ဒေါ်လာ ၆၂၃ သန်းနှင့် ၂၀၁၁-၂၁ ခုနှစ်က ဒေါ်လာ ၆၆၇ သန်း ရှိသည်။
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ညီလာခံ မကျင်းပမီ ဖေဖော်ဝါရီလက မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ် လီဆန်းဟွာသည် သူ၏အစိုးရ၏ ထောက်ခံမှုကို ဖော်ပြပြီး ထိုဒေသမှ ပဋိပက္ခကို ဖြေရှင်းရာတွင် စီးပွားရေး တိုးတက်မှုသည် အဓိကဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံက ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယခင်နှစ်က လီနှင့်ဒေါ်အောင်ဆန်းစုကြည် အကြား ဆွေးနွေးမှုများသည် ရခိုင်ပြည်နယ် စီးပွားရေး တိုးတက်ရေး အတွက် တောင်ကိုရီးယားနိုင်ငံက မည်သို့ ကူညီနိုင်သည်ကိုသာ အဓိကထားပြီး ဒေါ်အောင်ဆန်းစုကြည်က အဓိက ကဏ္ဍနှစ်ခု အဖြစ် စိုက်ပျိုးရေးနှင့် အထည်ချုပ်လုပ်ငန်းတို့ကို ပြောကြားခဲ့သည်။
နှစ်နိုင်ငံ၏ ထူးခြားသော ဆက်ဆံရေး မြန်မာနှင့် တောင်ကိုရီးယားအကြား နှစ်နိုင်ငံ ဆက်ဆံရေးသည် လွန်ခဲ့သောနှစ်ကသိသိသာသာ တိုးတက်ခဲ့သည်။ အောက်တိုဘာလ အတွင်း နှစ်နိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
၂၀၁၈ ခုနှစ် ဧပြီလကလည်း မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာ သန်းမြင့်ဦးဆောင်သည့်မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တောင်ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီး ကင်ဟွန်ချောင် တို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် နေပြည်တော်တွင် ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပခဲ့သည်။
နှစ်ဖက်တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် တောင်ကိုရီးယား ကုမ္ပဏီများအတွက် စက်မှုဇုန် တခု ထူထောင်ရေး၊ ကိုရီးယားနိုင်ငံဆိုင်ရာ ရုံးထူထောင်ရေး၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနနှင့် ကိုရီးယား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို လုပ်ဆောင်နေသည်။
ထိုအစည်းအဝေးအတွင်း နှစ်နိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ပတ်သက်သော သတင်းအချက်အလက် ကဏ္ဍ၊ အီးကောမာ့စ် အကောင်အထည် ဖော်ရေးအတွက် အချက်အလက်ဘဏ် ထူထောင်ရေးနှင့် သဘောတူညီထားပြီးသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူ စာချုပ် အကောင်အထည် ဖော်ရေးအတွက် လေ့ကျင့်ပေးရန် မြန်မာ ဝန်ထမ်းများကို တောင်ကိုရီးယား နိုင်ငံသို့ စေလွှတ်ရေးကိုဆုံးဖြတ်ခဲ့သည်။
နှစ်နိုင်ငံစလုံးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများကို အထောက်အကူ ပြုရေးအတွက် မြန်မာ-ကိုရီးယားကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (MKCCI) ကို ဒီဇင်ဘာလက ထူထောင်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံမှ HUBS MK Co Ltd သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ဒေါ်လာသန်း ၁၀၀ နီးပါးတန် သယ်ယူပို့ဆောင်ရေး အဆောက်အအုံကို ရန်ကုန်အနောက်ပိုင်း လှိုင်သာယာရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် တည်ဆောက်ရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ကျေးလက်ဒေသများမှ ကုန်စည်များကို ပြည်ပတင်ပို့ရန် ဗဟိုအချက်အခြာ နေရာသို့ သယ်ယူပို့ ဆောင်မှုအား အဆင်ပြေအောင် လုပ်ဆောင်ပေးမည့် ခေတ်မီ ကုန်သွယ်ရေး စနစ် ထူထောင်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပို့ကုန်များ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ကြောင်း အစိုးရ သတင်းစာ တစောင်၏ အဆိုအရ သိရသည်။
ရန်ကုန်တိုင်း အစိုးရနှင့် တောင်ကိုရီးယား အခြေစိုက် Wooree Company တို့သည်လည်း ရန်ကုန် မြစ် အနောက်ဖက် ကမ်းရှိ မဖွံ့ဖြိုးသေးသော မြို့နယ်တခုတွင် စက်မှုဇုန်တခု ထူထောင်ရေး ကိုလည်း နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။
ယခုနှစ် မေလအတွင်းကလည်း ကိုရီးယား စက်မှုဘဏ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ကော်မရှင်တို့ သည် ဆိုးလ်ရှိ ကိုရီးယား ဘဏ္ဍာရေးဝန်ဆောင်မှု နည်းပညာ ရက်သတ္တပတ် ၂၀၁၉ တွင် ကိုရီးယား အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် မြန်မာရင်းနှီးမြှုပ်နှံမှု ညီလာခံကို ပူးတွဲကျင်းပခဲ့သည်။
မြန်မာကိုယ်စားလှယ် အဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဦးဆောင်ပြီး မြန်မာနိုင်ငံမှ အခွင့်အလမ်းများ အကြောင်းကိုကိုရီးယား ရင်းနှီးမြှုပ်နှံသူ ၂၈၀ ကျော်အား ရှင်းလင်း ပြောကြားခဲ့သည်။
လွန်ခဲ့သော တပတ်က မြန်မာမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနသည် တောင်ကိုရီးယား မြေယာနှင့် အိုးအိမ် ကော်ပိုရေးရှင်းတို့သည် ရန်ကုန်မြောက်ပိုင်း လှည်းကူးတွင် ပူးတွဲ စက်မှုဇုန်ထူထောင်ရေး ဖက်စပ် သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
စက်မှုနှင့် စီးပွားရေး အဆောက်အအုံများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး အဆောက်အအုံ တခုနှင့် သင်တန်းကျောင်းတခု ပါဝင်သော ကိုရီးယား မြန်မာ စက်မှုဇုန်ကို ထိုလုပ်ငန်း နှစ်ခုက ဒေါ်လာသန်း ၁၁၀ အကုန်ခံပြီး ညောင်နှစ်ပင် ကျေးရွာတွင် အကောင်အထည် ဖော်မည် ဖြစ်သည်။
ကိုရီးယား လုပ်ငန်းနှစ်ခုတို့သည် ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ရပြီး နှစ်စဉ် အခွန်ဒေါ်လာ ၁၀ သန်း ရရှိမည်ဖြစ်သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပြင် တောင်ကိုရီးယား နိုင်ငံသည် ရန်ကုန်မြို့လယ် စီးပွားရေး အချက်အခြာမှ ရန်ကုန်မြစ်တဖက်ကမ်းကို ဆက်သွယ်ပေးမည့် မြန်မာ-တောင်ကိုရီးယား ချစ်ကြည်ရေး တံတားအမည်ရှိ တံတားတခုကို တည်ဆောက်နေသည်။ ထိုတံတား ပန္နက်ရိုက်ပွဲကို တက်ရောက်ရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလက ရန်ကုန်သို့ လာရောက်ခဲ့သည်။
ထို့အပြင် ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် ကျေးလက်ဒေသ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု၊ နည်းပညာ၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့ အတွက်လည်း အကူအညီများ ပေးနေသည်။
၂၀၁၈ ခုနှစ် မေလက ဆရာအတတ်သင် ကျောင်းတခုကို ဒေါ်လာ ၁၂ သန်း အကုန်အကျခံပြီး ရန်ကုန်တွင် ထူထောင်ခဲ့သည်။ ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် လူမှုစီးပွား တိုးတက်ရေး ဆိုင်ရာ အတိုင်ပင်ခံ လုပ်ငန်းဖြစ်သော မြန်မာ ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံသို့ ဒေါ်လာသန်း ၂၀ ဘဏ္ဍာရေး အထောက်အပံ့ ပေးခဲ့သည်။
လွန်ခဲ့သော တပတ်က ဧရာဝတီသတင်းဌာနတွင် ဖော်ပြသည့် သူ့အတွေးသူ့အမြင် ကဏ္ဍတွင် သံအမတ်လီက “သမ္မတမွန်း၏ နိုင်ငံတော် ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင် တခုဖြစ်လိမ့်မည်ဟု ယုံကြည်သည်” ဟု ရေးသားခဲ့သည်။
“ထိုခရီးစဉ်သည် တောင်ပိုင်းမူဝါဒသစ်၏ မဏ္ဍိုင် ၃ ခု အရ အတူတကွ ကြွယ်ဝချမ်းသာမှုကို ဖြစ်စေမည့် နှစ်ဖက်အကျိုးရှိမည့် ပူပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရန် ကြီးမားသော အရှိန်အဟုန် ဖြစ်စေမည်ဟု မိမိ ယုံကြည်သည်” ဟုလည်း သူက ရေးသားထားသည်။
မွန်း၏ခရီးစဉ်သည် ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတချန်ဒူးဝမ် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် လုပ်ကြံရန် ကြိုးစားခံရပြီးနောက် မြန်မာနိုင်ငံသို့ တောင်ကိုရီးယား သမ္မတ တဦး၏ ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။ သမ္မတလီမြောင်ဘတ်သည် ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
လာမည့်နှစ်သည် ကိုရီးယား မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၄၅ နှစ်မြောက်နေ့ ဖြစ်သည်။ ဆက်ဆံရေး ပိုမိုခိုင်မာစေရေး အတွက် နိုဝင်ဘာလတွင် အာဆီယံ – ကိုရီးယား သမ္မတနိုင်ငံ အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲနှင့်မဲခေါင်-ကိုရီးယား သမ္မတနိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။
ထိုထိပ်သီးဆွေးနွေးပွဲများသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု မျှော်လင့်ရသည်။
ဗုဒ္ဓဟူးနေ့တွင် မွန်းသည် ၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက်နေ့က လုပ်ကြံခံရသော နိုင်ငံတော်အတိုင်ပင်ခံ ၏ ဖခင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးမတိုင်မီ ကြားဖြတ်အစိုးရမှ အခြားခေါင်းဆောင်များ အတွက် ရည်စူး တည်ဆောက်ထားသော အာဇာနည်ဗိမ္မာန်သို့ သွားရောက် ခဲ့သည်။ ထို့အပြင်မွန်းသည် ၁၉၈၃ ခုနှစ်က ရန်ကုန်တွင် အာဇာနည်ဗိမ္မာန် ဗုံးခွဲတိုက်ခိုက်မှုတွင် သေဆုံးရသည့် ကိုရီးယား ကိုယ်စားလှယ် ၁၇ ဦးအတွက် အထိမ်းအမှတ်သို့လည်း သွားရောက် ခဲ့သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် အကြီးတန်းသတင်းထောက် နန်းလွင်၏ Myanmar, South Korea Sign Major Agreements on Trade, Investment and Finance ကို ဘာသာပြန်သည်။
You may also like these stories:
မွန်းဂျေအင်း၏ မြန်မာခရီးစဉ် တောင်ကိုရီးယား ဘဏ်လုပ်ငန်း အကြီးအကဲများ လိုက်ပါလာမည်
ကိုရီးယား-မြန်မာ ပူးပေါင်း၍ ဒလတွင် စမတ်စီးတီး တခု အကောင်အထည်ဖော်မည်
လက်ထောက်တဦး၏ အရှုပ်တော်ပုံကြောင့် တောင်ကိုရီးယားသမ္မတ သိက္ခာကျ